ယူဂန်ဒါမှာ အကြမ်းဖက် တိုက်ခိုက်မယ့် အန္တရာယ် အမေရိကန် သတိပေး

Entebbe လေယာဉ်ကွင်းမြေပုံ။

ယူဂန်ဒါက Entebbe နိုင်ငံတကာလေဆိပ်ကို အကြမ်းဖက် တိုက်ခိုက် မှုတွေ ဖြစ်လာနိုင်တယ် လို့ ယူဂန်ဒါ နိုင်ငံမှာ ရှိတဲ့ အမေရိကန် သံရုံးက သတိပေးပါတယ်။ ဒီကနေ့ ဇူလိုင် လ ၃ ရက် ည ၉ နာရီ က နေ ၁၁ အတွင်း အမည်မသိ အကြမ်းဖက် သမားအဖွဲ့ က လေဆိပ်ကို တိုက်ခိုက်မယ် ဆိုပြီး ခြိမ်းခြောက်ထားတာရှိတယ်လို့ ထောက်လှမ်းသတင်းရပ်ကွက်ကို ကိုးကားပြီး သံရုံးက ဝက်ဆိုက်မှာ ထုတ်ပြန်ထားပါတယ်။ သူတို့ရဲ့ သတင်းကို ယူဂန်ဒါ ရဲ တပ်ဖွဲ့က ရတယ်လို့ သံရုံးက ပြောပါတယ်။ အဲဒီ လေဆိပ်ကနေ ခရီးသွားမယ်သူတွေ ကို သူတို့ရဲ့ ခရီးစဉ်တွေ ပြန်စဉ်စားဖို့ သံရုံးက သတိပေးထားပါတယ်။

အစောပိုင်း သတင်းတွေမှာ အယ်လ်ကိုင်းဒါးအဖွဲ့ဟာ လေယာဉ်ပေါ်ခိုးတင်နိုင်မယ့် ဗုံးအသစ်တွေကို ထုတ်လုပ်နေဖွယ်ရှိတယ်ဆိုတဲ့ စိုးရိမ်ချက်တွေ ထွက်နေ တာနဲ့အမျှ ပြည်ပလေဆိပ်တချို့မှာ လုံခြုံရေး တိုးမြှင့်ဆောင်ရွက်ဖို့ အမေရိကန်ပြည်ထောင်စုက စီစဉ်နေတယ်လို့ သမ္မတ အိုဘားမားအစိုးရ တာဝန်ရှိသူတွေကပြောလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စုဆီ တိုက်ရိုက် ပျံသန်းတဲ့ ပြည်ပနိုင်ငံတွေက လေဆိပ် တချို့မှာ လုံခြုံရေး တိုးမြှင့်ဆောင်ရွက်နေတဲ့ အကြောင်း အမေရိကန် အမိမြေလုံခြံရေးဌာန အကြီးအကဲ Jeh Johnson ကပြောပါတယ်။ ဘယ်လိုအချက်ကြောင့် အခုလိုလုပ် တာလည်းဆိုတာနဲ့ ဘယ်လေဆိပ်တွေမှာ လုပ်နေတာလည်း ဆိုတာကိုတော့ သူကမပြောခဲ့ပါဘူး။