မြန်မာ့ပို့ကုန်ပိတ်ပင်မှု အမေရိကန်လျှော့ပေါ့မည်

ကုလသမဂ္ဂ အထွေထွေညီလာခံ ပြင်ပမှာ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် တို့ သီးသန့် တွေ့ဆုံခဲ့ကြပါတယ်။

မြန်မာနိုင်ငံအပေါ် အမေရိကန် ပြည်ထောင်စုက ချမှတ်ထားတဲ့ စီးပွားရေးအရ အရေးယူ ပိတ်ဆို့မှုတွေ နောက်တဆင့် ထပ်မံ လျှော့ပေါ့ပေးမယ့် အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် ပြောလိုက်ပါတယ်။ မနေ့က နယူးယောက်မြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ ပြင်ပ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် တို့ သီးသန့် တွေ့ဆုံခဲ့ကြစဉ်အတွင်း ခုလို ပြောသွားတာပါ။ ဒီအကြောင်း အပြည့်အစုံကို မခင်ဖြူထွေးက ပြောပြထားပါတယ်။

ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မိန့်ခွန်းပြောကြားဖို့အတွက် အမေရိကန်ပြည်ထောင်စု နယူးယောက်ကို ရောက်နေတဲ့ မြန်မာသမ္မတ ဦးသိန်းစိန်ဟာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နဲ့ မနေ့က ညနေပိုင်းက သီးသန့် တွေ့ဆုံခဲ့တာပါ။

“ ကျနော်တို့ တတိယအကြိမ်တွေ့ဆုံတာပါ။ အခုလိုလာရောက်ပြီး တွေ့ဆုံနုတ်ဆက်တဲ့အတွက် ဝမ်းသာနေကြပါတယ်လို့။ ဒီ့အတွက်လည်း အဆွေတော်ကို ကျေးဇူးတင်ပါတယ်လို့။”

မနေ့က တွေ့ဆုံမှုအတွင်း သမ္မတ ဦးသိန်းစိန် ကျေးဇူးတင်စကား ဆိုခဲ့ပါတယ်။ လက်ရှိ မြန်မာအစိုးရရဲ့ ပြုပြင် ပြောင်းလဲရေး ဆောင်ရွက်ချက်တွေကို အသိအမှတ်ပြု တဲ့ အနေနဲ့ မြန်မာနိုင်ငံက ကုန်ပစ္စည်းတွေ အမေရိကန် နိုင်ငံထဲ တင်သွင်းခွင့် ပိတ်ပင်ထားတာကို အမေရိကန် ဘက်က လျှော့ပေါ့မှုတွေ စလုပ်သွားမယ့် အကြောင်း နိုင်ငံခြားရေး ဝန်ကြီး ကလင်တန်က ပြောသွားပါတယ်။

“ပြုပြင် ပြောင်းလဲရေးလုပ်ငန်းတွေ ဆက်လက် လုပ်ဆောင်နေတဲ့အပေါ်မှာ အသိအမှတ် ပြုတဲ့ အနေနဲ့၊ နောက် မြန်မာအစိုးရနဲ့ အတိုက်အခံ နှစ်ဘက်စလုံးက တောင်းဆိုလာတဲ့အပေါ်မှာ လိုက်လျောတုံ့ပြန်တဲ့ အနေနဲ့ပါ မြန်မာနဲ့ အမေရိကန် နှစ်နိုင်ငံ ကူးသန်းရောင်းဝယ်မှုတွေ ပုံမှန် ဆောင်ရွက်သွားနိုင်အောင် နောက်တဆင့် ဆောင်ရွက်ဖို့ အမေရိကန်ပြည်ထောင်စု က ဆောင်ရွက်နေပါတယ်။ မြန်မာနိုင်ငံသားတွေ အနေနဲ့ သူတို့ရဲ့ ကုန်ပစ္စည်းတွေကို အမေရိကန် ဈေးကွက်ထဲမှာ ရောင်းချနိုင်မယ့် အခွင့်အလမ်းတွေ ဖြစ်လာဖို့ ကျမတို့ မျှော်လင့်ပါတယ်။”

မြန်မာအစိုးရအနေနဲ့ လက်ရှိ ဆောင်ရွက်နေတဲ့ ပြုပြင် ပြောင်းလဲမှုတွေ ဆက်လက် ဆောင်ရွက် သွားဖို့ကိုလည်း နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က တိုက်တွန်းခဲ့ပါတယ်။

“သမ္မတ ဦးသိန်းစိန်နဲ့ မြန်မာအစိုးရတို့ အနေနဲ့ ပြုပြင် ပြောင်းလဲမှု လုပ်ငန်းတွေကို တည်တည်ငြိမ်ငြိမ်နဲ့ ဆက်ပြီး ဆောင်ရွက်နေတာကို ကျမတို့ အလေးထား စောင့်ကြည့်ခဲ့ပါတယ်။ အစိုးရရဲ့ ပြုပြင် ပြောင်းလဲရေး ကြိုးပမ်းအားထုတ်မှုတွေကို အသိအမှတ် ပြုတဲ့အနေနဲ့ ဒီပြုပြင် ပြောင်းလဲမှုတွေနဲ့အညီ အမေရိကန်အစိုးရ ဘက်ကလည်း တုံ့ပြန် ဆောင်ရွက်နေသလို ဒီအတွက် ကျေနပ်အားရမှုလည်း ရှိပါတယ်။ ရှေ့ဆက် ပြုပြင် ပြောင်းလဲမှုတွေ ဆက်လုပ်သွားဖို့လည်း တိုက်တွန်းပါတယ်။”

လက်ရှိ ပြုပြင် ပြောင်းလဲမှုတွေမပြောင်းမလဲ ရှေ့ဆက် ဖြစ်သွားဖို့ မျှော်လင့်တဲ့အကြောင်း လည်း နိုင်ငံခြားရေးဝန်ကြီး ကလင်တန် က ပြောခဲ့ပါတယ်။

“မြန်မာနိုင်ငံက တိုးတက်ပြောင်းလဲမှုတွေ အမြဲတမ်း ဆက်ဖြစ်သွားဖို့ မျှော်လင့် ကြိုပမ်းနေကြသူတွေကို အမေရိကန်အစိုးရက အားပေးထောက်ခံပြီး မြန်မာအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ တချိန်တည်းမှာလည်း နောက်ထပ် လျှော့ပေါ့မှုတွေ ဆက်လက် လုပ်သွားနိုင်ဖို့အတွက် အမေရိကန် ကွန်ဂရက်စ်နဲ တခြား သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့အတူ ကျမတို့ ညှိနိုှုင်း ဆောင်ရွက်မှုတွေ ဆက်ပြီး လုပ်သွားမှာဖြစ်ပါတယ်။”

အမေရိကန် နဲ့ မြန်မာအကြား နှစ်နိုင်ငံစလုံးအတွက် အကျိုးအမြတ် ဖြစ်ပေမဲ့ စီးပွားရေးနဲ့ မဟာဗျူဟာကျတဲ့ ဆက်ဆံရေး ပြန်လည် တည်ဆောက်ဖို့ ကြိုးပမ်းနေချိန်မှာ ခုလို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေ ထပ်မံ လျှော့ပေါ့မယ့်အကြောင်း ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကလည်း မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ အစိုးရ တာဝန်ရှိသူတချို့ကို အမေရိကန် ပြည်ထောင်စုက ကန့်သတ်ပိတ်ပင်တဲ့ အထူးပုဂ္ဂိုလ်တွေ စာရင်းကနေ အမေရိကန်အစိုးရက ပယ်ဖျက်ပေးခဲ့တာပါ။ အခု နောက်တဆင့် မြန်မာအပေါ် စီးပွားရေးအရ အရေးယူ ဒဏ်ခတ်မှုတွေကို ထပ်မံလျှော့ပေါ့ပေးလိုက်တာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်ကစလို့ မြန်မာနိုင်ငံက ပြုပြင် ပြောင်းလဲမှုတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင် မြန်မာနိုင်ငံကို သွားရောက်ခဲ့တာ အပါအဝင်၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် ခန့်အပ်ပြီး သံအမတ်ကြီး ဆက်ဆံရေး ပြန်လည် ထားရှိတာတွေနဲ့ နှစ်နိုင်ငံဆက်ဆံရေး ကဏ္ဍသစ် ပြန်လည် ဖွင့်လှစ်ခဲ့တာလည်း ဖြစ်ပါတယ်။

အခု နယူးယောက်မြို့က (၆၇) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက်နေတဲ့ သမ္မတ ဦးသိန်းစိန်ဟာ မနေ့က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်နဲ့ တွေ့ဆုံခဲ့သလို ကမ္ဘာတဝှမ်း ပရဟိတ လုပ်ငန်းတွေလုပ်နေတဲ့ Clinton Global Initaitive အဖွဲ့ဥက္ကဋ္ဌ အမေရိကန် သမ္မတဟောင်း ဘီလ် ကလင်တန်၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟင်နရီ ကစ်ဆင်ဂျာ တို့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

အထွေထွေ ညီလာခံတက်ဖို့ပဲ နယူးယောက်မှာ ရောက်နေတဲ့ ထိုင်းဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ်နဲ့လည်း သမ္မတ ဦးသိန်းစိန် မနေ့က တွေ့ဆုံခဲ့ပါတယ်။ ဒီနေ့ ဒေသစံတော်ချိန် မနက်ပိုင်းမှာ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ သမ္မတ ဦးသိန်းစိန် မိန့်ခွန်း ပြောကြားခဲ့သလို ညနေပိုင်းမှာတော့ Asia Society က ပြုလုပ်တဲ့ ဟောပြောပွဲတခုမှာ သမ္မတ ဦးသိန်းစိန် စကားပြောဖို့ရှိပါတယ်။