USAID အကြီးအကဲနဲ့ ဗွီအိုအေ မြန်မာပိုင်း သီးသန့်တွေ့ဆုံမေးမြန်းခြင်း

USAID အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးမှုအေဂျင်စီ အုပ်ချုပ်ရေးမှူး Dr. Rajiv Shah၊ ရန်ကုန် အမေရိကန်စင်တာ၊ ရန်ကုန်မြို့၊ မြန်မာနိုင်ငံ။ ( Credit to -Credit: Richard Nyberg/USAID)

မြန်မာနိုင်ငံကို ၂၀၁၆ ခုနှစ်မှာ ပွင့်လင်းတဲ့ အစိုးရများ မိတ်ဖက်အဖွဲ့ဝင်ဖြစ်ရေး တွန်းအားပေးတဲ့ အနေနဲ့ ပွင့်လင်းမြင်သာမှု ကို အားပေးတဲ့ သတင်းအချက်အလက်နည်းပညာတွေနဲ့ ပံ့ပိုးသွား မှာဖြစ်တယ်လို့ USAID အကြီးအကဲ ကပြောဆိုလိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စု အစိုးရအသုံးစရိတ်ရဲ့ ၁ ရာခိုင်နှုံးမပြည့်တဲ့ ရန်ပုံငွေနဲ့ နိုင်ငံတကာဖွံ့ဖြိုးမှုအတွက် အသုံးပြုတာဖြစ်ပေမဲ့လို့ ကမ္ဘာတဝှမ်းမှာ လူသန်းပေါင်းများစွာရဲ့ အသက်ကို ကယ်ဆယ်နိုင်တဲ့ အကြောင်းလည်း ရန်ကုန်မြို့ကိုရောက်ရှိနေတဲ့ အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးမှုအေဂျင်စီ အုပ်ချုပ်ရေးမှူး Dr. Rajiv Shahက ပြောပါတယ်။ Dr. Rajiv Shah ကို ဒေါ်ခင်စိုးဝင်းက သီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။

ဖွံ့ဖြိုးမှုအထောက်အကူပေးမယ့်အထဲမှာ ဘယ်ကဏ္ဍတွေကို ဦးစားပေးမယ်ဆိုတာ သိပါရစေရှင်။

“ကျွန်တော်တို့ရဲ့ ဦးစားပေးလုပ်ငန်းကတော့ မိတ်ဖက်အဖြစ်ပုံစံသစ်နဲ့လက်တွဲဖို့ပဲဖြစ်ပါတယ်။ သမ္မတ အိုဘားမား နိုဝင်ဘာမှာ လာခဲ့တုန်းက ပုံစံအသစ်နဲ့ မိတ်ဖက်အဖြစ် လက်တွဲဖို့ ကြေငြာခဲ့တဲ့ အတွက် ကျွန်တော်ဒီကိုလာခဲ့တာပါ။ သိပ်ကိုအရေးကြီးတဲ့ ကြေညာ ချက်ဖြစ် ပါတယ်။ မြန်မာလူထု အတွက် ခိုင်မာ ထူးကဲတဲ့ မိတ်ဖက်ဖြစ်တယ် လို့လည်း ပြောခဲ့ ပါတယ်။ ဒါကြောင့် မြန်မာပြည်ရဲ့အသွင်ကူးပြောင်းရေးအတွက် အကောင်းဆုံး အစီအစဉ်နဲ့ ပံ့ပိုးပေးဖို့ ဖြစ်ပါတယ်။ တစ်ချိန်တည်း မှာပဲ ပြုပြင်ပြောင်းလဲရေး ဆက်ပြီးဖော်ဆောင် ဖို့ တောင်းဆိုမှာဖြစ်ပါတယ်။ တကယ်သိသာထူးခြားတဲ့ သေချာတဲ့ တိုးတက်မှု လက္ခဏာတွေ တွေ့ရမှသာ ဖွံ့ဖြိုးမှုအတွက် ကျွန်တော်တို့ရဲ့ရင်းနှီးမြှပ်နှံမှုတွေကို တိုးချဲ့နိုင်မှာပါ။ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ စားနပ်ရိက္ခာဖူလုံရေး၊ နည်းပညာနဲ့ အစိုးရ ပွင့်လင်းမှုရှိအောင် နောက်ပြီး လူငယ်တွေကို လုပ်ငန်းကျွမ်းကျင်မှုသင်တန်းတွေပေးဖို့ စတာတွေကို အကောင်အထည်ဖော်ဖို့ ကျနော်လာခဲ့တာပါ။”

အခုလိုဖွံ့ဖြိုးမှုအကူအညီတွေပေးဖို့အတွက်ကို အမေရိကန်အစိုးရက ဘက်ဂျက်ရန်ပုံငွေတွေရော ချထားပြီးပြီလားရှင်။

“ရန်ပုံငွေတွေ ချထားပြီးပါပြီ။ နောက်ထပ်အရင်းအမြစ်တွေလည်း တိုးပြီးချထားပေးပါတယ်။ ဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေးကတဆင့် မြန်မာပြည်သူတွေအတွက် ဒီကနေ့ ပဲ ကူညီပေးဖို့ သဘောတူခဲ့ပါတယ်။ အသက်ငါးနှစ်အောက်ကလေး သေပျောက်မှုနှုန်း လျှော့ချနိုင်ဖို့ ပြောရရင် နမိုးနီးယား၊ ဝမ်းပျက်ဝမ်းဖောရောဂါ၊ ငှက်ဖျား စတဲ့ ကာကွယ်နိုင် တဲ့ရောဂါတွေကြောင့် သေဆုံး ရတဲ့ ကလေးဦးရေ (၂၀၀၀၀) အထိလျှော့ ချနိုင်ဖို့ အတွက်ဖြစ်ပါတယ်။ ဒါဟာ ဥပမာတစ်ခုတည်း ရှိပါသေးတယ်။ လက်တွေ့အကျိုးရှိတဲ့ စီမံကိန်းတွေကို အကွက်ချပြီးတော့ ကူညီ သွားမှာပါ။ ပြုပြင်ပြောင်းလဲရေး လက်တွေ့မြင်ရတဲ့အခါ ဒီထက်မကတိုးပြီး အကူအညီတွေပေး သွားမှာပါ။”

အခုလောလောဆယ် အမေရိကန်အစိုးရအနေနဲ့ ဒေါ်လာ ဘီလျံပေါင်းများစွာ အသုံးစားရိတ်လျော့ ချရမယ့် အကျပ်အတည်းတွေ ရင်ဆိုင်နေရတဲ့အချိန်မှာ အခုလိုဖွံ့ဖြိုးမှု အကူအညီတွေပေး ဖို့အတွက် အဟန့်အတားတွေ မဖြစ်ဘူးလားရှင်။

“အသုံးစရိတ်လျှော့ချရေးပြဿနာဟာ USAID အပါအဝင် အမေရိကန်အစိုးရဌာနအားလုံးအတွက် စိန်ခေါ်အကဲစမ်းမှုကြီးဖြစ်ပါတယ်။ ဒါပေမယ့် အမေရိကန်ပြည်ထောင်စုကနေ ကမ္ဘာတဝှမ်းလုံး ကိုပေးနေတဲ့ ဖွံ့ဖြိုးမှုအသုံးစရိတ်ဟာ အမေရိကန်အစိုးရအသုံးစရိတ်ရဲ့ တစ်ရာခိုင်နှုန်းအောက်မှာပဲ ရှိပါတယ်။ အဲဒီရန်ပုံငွေနဲ့ ကမ္ဘာတဝှမ်းက လူသန်းပေါင်းများစွာရဲ့အသက်တွေကို ကယ်နေတာပါ။ ကလေးသေပျောက်မှုနှုန်းလျှော့ချတာ၊ အာဟာရအတွက် စိုက်ပျိုးရေးကဏ္ဍကို ပံ့ပိုးပေး တာ၊ နောက် အာဖဂန်နစ္စတန်က အမေရိကန်တပ်ဖွဲ့တွေလည်း အိမ်ပြန်လာနိုင်ကြအောင် လုပ်ဆောင်နိုင်ခဲ့ ပါတယ်။ ကာကွယ်ရေးဝန်ကြီးဟောင်း ဘော့ဂိတ်စ် ပြောသလိုပါပဲ။ ဖွံ့ဖြိုးမှုကို ပံ့ပိုးတာက စစ်သားတွေစေလွှတ်တာထက် စရိတ်စကသက်သာပါတယ်။ ဒါကြောင့် congress အနေနဲ့ ကျွန်တော်တို့ရဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် ဆက်ပြီး ပံ့ပိုးသွားလိမ့်မယ်လို့ ယူဆပါတယ်။”

မြန်မာနိုင်ငံရဲ့ဖွံ့ဖြိုးမှုအတွက် အကူအညီပေးတဲ့နေရာမှာ ဘယ်လိုစိန်ခေါ် အကဲစမ်းမှုတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ များ ခန့်မှန်းထားပါသလဲရှင်။ ဥပမာ အစိုးရရဲ့ ဗျူရိုကရေစီယန္တယားတို့၊ အဂတိလိုက်စားမှုတို့ပေါ့ရှင်။

“ဒါတွေအားလုံးကတော့ စိန်ခေါ်မှုတွေပါပဲ။ နမူနာတစ်ခုပြောပါရစေ။ ပြီးခဲ့တဲ့တစ်ပတ်က အမေရိကန်နည်းပညာ ကုမ္ပဏီကြီးတွေဖြစ်တဲ့ Cisco၊ Google၊ Intel၊ Microsoft နဲ့ HP တို့ ဒီကိုလာပြီး သူတို့ ဘာတွေ အကူအညီပေးနိုင်မလဲဆိုတာ စူးစမ်းခဲ့ကြပါတယ်။ ဒီနေ့မှာပဲ Cisco ကုမ္ပဏီနဲ့ သဘောတူညီချက်ရပါတယ်။ လူငယ်တွေအတွက် ဒီကတက္ကသိုလ်တွေမှာ နည်းပညာသင်တန်းတွေပေးဖို့ ဖြစ်ပါတယ်။ လူငယ်တွေ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်အောင် နောက်ဆုံး စီးပွားရေးကို ဦးဆောင်နိုင်အောင် နည်းပညာတွေ သင်ကြားပေမှာဖြစ်ပါတယ်။ အဲဒါတွေက အချိန်ယူရမှာ ဖြစ်ပေမယ့် အကျိုးရှိမှာဖြစ်ပါတယ်။ အဲ့တာတွေက အချိန်ယူရမှာဖြစ်ပေမယ့် တကယ်အကျိုးရှိမှာဖြစ်ပါတယ်။”

ကျေးလက်ဒေသ ဒါမှမဟုတ် မြို့ပြဒေသတွေမှာ အရပ်ဖက် လူထုအဖွဲ့အစည်းတွေ တိုးတက်ရာ တိုးတက်ကြောင်း ဘယ်လိုများ အကူအညီပေးမယ်လို့ စိတ်ကူးထားပါသလဲရှင်။

“အရပ်ဖက်လူထုအခြေပြုအဖွဲ့အစည်းတွေကို အားပေးဖို့စိတ်အားထက်သန်ပါတယ်။ ဒါဟာ သမ္မတ အိုဘားမား ကြေငြာခဲ့တဲ့အထဲက အဓိကကျတဲ့ အချက်ပါ။ အစိုးရအနေနဲ့ civil society တွေကို နေရာပေးရမယ်။ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ စုရုံးခွင့် စတဲ့ အခွင့်အရေးတွေပေးရမယ်။ civil society တွေကိုလည်း လောလောဆယ် အသွင်ကူးပြောင်းရေးဦးဆောင်ဦးရွက်ပြုမှုအစီအစဉ်နဲ့ တိုက်ရိုက်ကူညီပေးနေပါတယ်။ ဆက်သွယ်ရေး၊ လယ်ယာမြေအရေးစတဲ့ ဥပဒေတွေပြုစုမယ်ဆိုရင်လည်း civil society ရဲ့ အသံကို ကနဦးကတည်းက ထည့်ပြီးစဉ်းစားရမှာဖြစ်ပါတယ်။ မြန်မာပြည်အနာဂတ်အတွက် တိုင်းရင်းသားတွေ အပါအဝင် အားလုံးပါဝင်ပြီး စိန်ခေါ်မှုတွေနဲ့အတူ အခွင့်အလမ်းတွေလည်း ပေါ်ထွက်လာမှာ ဖြစ်ပါတယ်။”

ခုနက ပြောသွားတဲ့ မိန့်ခွန်းထဲမှာ ကြားလိုက်ပါတယ်။ သမ္မတအိုဘားမား ဒီကိုလာတုန်းက မြန်မာနိုင်ငံအနေနဲ့ OGP လို့ခေါ်တဲ့ ပွင့်လင်းအစိုးရ မိတ်ဖက်အဖွဲ့ထဲမှာ အဖွဲ့ဝင်အဖြစ် ပါဝင်ချင်တယ်လို့ ပြောခဲ့တယ်လို့ဆိုပါတယ်။ ပြီးခဲ့တဲ့ လတုန်းကလည်း ဗြိတိန်အစိုးရဝန်ကြီး ဖရင့်စစ်မော့ခ် လာတုန်းကလည်း လာမယ့်ဆောင်းဦးပေါက်မှာ ကျင်းပမယ့် OGP ရဲ့ နှစ်ပတ်လည်အစည်းအဝေးကို မြန်မာနိုင်ငံကို ဖိတ်ကြားမယ်လို့ပြောပါတယ်။ မြန်မာပြည်ကို ဖိတ်ခေါ်ဖို့ သင့်တော်တဲ့အချိန် ရောက်ပြီလို့ ထင်ပါသလားရှင်။

“မြန်မာနိုင်ငံဟာ ၂၀၁၆ ခုနှစ်မှာ ပွင့်လင်းတဲ့ အစိုးရဖြစ်စေရပါမယ်လို့ ကတိပေးထားပါတယ်။ ဒီနိုင်ငံက လူတွေတင်မက တကမ္ဘာလုံးကပါ မြန်မာအစိုးရဘာတွေလုပ်နေလဲဆိုတာကို သိရှိနိုင်အောင် လုပ်ပြရပါတယ်။ ဘဏ္ဍာငွေတွေ ဘယ်ကရတယ် ဘယ်လိုသုံးတယ်၊ ဝန်ဆောင်မှုတွေ ဘယ်လိုပေးတယ်။ အကျိုးရှိသလား မရှိဘူးလား ဆိုတာ လူထုက မှတ်ချက်ပေးနိုင်ရမယ်။ ဥပဒေ လုပ်ထုံးလုပ်နည်းတွေက အစ စာသင်ကျောင်းတွေမှာ ဆရာဆရာမ ရှိမရှိ ဘာသင်ခန်းစာတွေသင်မလဲဆိုတာ အဆုံး အားလုံးသိရှိနိုင်အောင် ပွင့်လင်းတဲ့ အစိုးရမျိုးဖြစ်ဖို့ တိုက်တွန်းနေတာပါ။ သမ္မတ အိုဘားမား မြန်မာပြည်လာတုန်းက ပွင့်လင်းတဲ့ အစိုးရအဖွဲ့ထဲ ပါဝင်လိုတယ်လို့ ပြောခဲ့တဲ့အတိုင်းဖြစ်မြောက်အောင် တွန်းအားပေးဖို့ ဖြစ်ပါတယ်။”

ကျေးဇူးအများကြီးတင်ပါတယ်ရှင်။
“ကျေးဇူးတင်ပါတယ်ခင်ဗျာ။”