ဧပြီလ ၁ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ကြားဖြတ် ရွေးကောက်ပွဲရဲ့ ရလဒ်ဟာ လူထုရဲ့ အဆုံးအဖြတ်မို့ ကြံခိုင်ဖွံဖြိုးရေး ပါတီက လက်ခံသလို အနိုင်ရ ကိုယ်စားလှယ်လောင်း တွေကိုလည်း ကြိုဆိုတယ်လို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံဖြိုးရေးပါတီရဲ့ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးက ပြောပါတယ်။ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲအတွက် သူတို့ပါတီရဲ့ အားနည်းချက်ရှိရင် ပြင်ဆင်ဖို့ လိုမယ်လို့လည်း ပြောသွား ပါတယ်။
လက်ရှိအာဏာရ ကြံခိုင်ဖွံဖြိူးရေးပါတီဟာ ၂၀၁၀ ရွေးကောက်ပွဲမှာ မဲအပြတ်အသတ်နဲ့ အနိုင်ရ ခဲ့တဲ့ ပါတီကြီး ဖြစ်ပေမဲ့ ပြီးခဲ့တဲ့ ဧပြီလ ၁ ရက်နေ့ က ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲရဲ့ လစ်လပ် နေရာ ၄၅ နေရာမှာတော့ တစ်နေရာဘဲ အနိုင်ရခဲ့ပါတယ်။ ဒါဟာ လူထုရဲ့ ရွေးချယ်မှု ဖြစ်ပြီးတော့ ဒီရလဒ် အပေါ်မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီက လက်ခံတယ် လို့ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးက ဗွီအိုအေ ကို ပြောပါတယ်။
“လူထုရဲ့ အဆုံးအဖြတ်ပါပဲ။ လူထုရဲ့ အဆုံးအဖြတ်ကို ကျနော်တို့က လိုက်နာရမှာပေ့ါ။ နောက်တခါ ကျနော်တို့ ဒီဥစ္စာ နဲ့ ပတ်သက်လို့ ကြားဖြတ်ရွေးကောက်ပွဲ အပါအဝင် ရွေးကောက်ပွဲ အားလုံးက ကျနော်တို့ ပါတီ က လိုလားတဲ့ လမ်းစဉ်တွေပဲလေ။ ဒါကြောင့် ကျနော်တို့ ဒီလမ်းစဉ် မှာ ပါဝင်တဲ့ လူမှန်သမျှ ကြိုဆိုရမှာပေ့ါ။ အဲဒီအချိန်မှာ လူထု အဆုံးအဖြတ်ပေးတဲ့ အပေါ် ကျနော် တို့ လိုက်နာရမှာပေ့ါ။ ဒါ အားလုံး ဒီအတိုင်းပဲ ခံယူပါတယ်။”
ဒီ ရလဒ် အပေါ် လက်ခံတယ် ဆိုတဲ့ အခုလို ပြောဆိုချက်ဟာ ဒီ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကြီး တစ်ခုလုံး ရဲ့ သဘောထားနဲ့ တစ်ထပ်တည်း ကျပါ့မလား လို့ ဦးဌေးဦးကို မေးကြည့်တော့
“အားလုံးက ကြိုဆိုမှာပါ။ ကျနော်တို့ ယုံတဲ့ လမ်းစဉ်ပဲလ။ ကျနော်တို့ ယုံတဲ့ လမ်းစဉ်အတိုင်း ဆောင်ရွက်ကြတာပဲလေ။ တည်ငြိမ် အေးချမ်းမှု ရှိဖို့ လိုတယ်။ ဖွံ့ဖြိုး တိုးတက်မှု ရှိဖို့ လိုတယ်။ ဒါ ကျနော်တို့ ပါတီက ပြည်သူတွေ အတွက် ကျနော်တို့ ချမှတ်ထားတဲ့ လုပ်ငန်းစဉ်တွေ ဖြစ်ပါတယ်။ လက်တွေ့ အကျိုးရှိတဲ့ လုပ်ငန်းတွေ ကျနော်တို့ လုပ်နေပါတယ်။ အရင်တုန်းကလည်း လုပ်ပါတယ်။ အခုလည်း လုပ်ပါတယ်။ လုပ်နေတဲ့ လုပ်လက်စ မပြီးပြတ်သေးတဲ့ လုပ်ငန်းတွေလည်း ပြီးပြတ်အောင် ကျနော်တို့ လုပ်ပါ့မယ်။ နိုင်တယ်၊ ရှုံးတယ် ဆိုတဲ့ နေရာတွေလည်း ကျနော်တို့ မကြည့်ပါဘူး။ ကျနော်တို့ ရွေးချယ် မခံရဘူးဆိုလည်း ပြည်သူအတွက် အကျိုးရှိတဲ့ လုပ်ငန်းတွေ ရှိရင် ကျနော်တို့ ပြီးပြတ်အောင် လုပ်မှာပါ။”
အထူးသဖြင့်ကတော့ လာမယ့် ၂၀၁၅ မှာ ကျင်းပမယ့် အထွေထွေ ရွေးကောက်ပွဲကြီးအတွက် အခုကတည်းက စ လို့ သူတို့ ပါတီ ရဲ့ အားနည်းချက်တွေကို ပြင်ဆင်ဖို့ လိုမယ် လို့လည်း ဦးဌေးဦးက ပြောပါတယ်။
“စိုးရိမ် ပူပန်မှု ဆိုတာ ထက် စာလို့ရှိရင်တော့ ကျနော် တို့ အားနည်းချက်တွေ ရှိရင် ကျနော်တို့ ပြင်ရမှာပေ့ါ။ နောက်တစ်ခါ လူထု အနေနဲ့ ကျနော်တို့ လုပ်ဆောင်တဲ့ အပေါ်မှာ သိအောင်လည်း ကျနော်တို့ လုပ်ရမှာပေ့ါ။ တကယ်တော့ ရွေးကောက်ပွဲ ရလဒ် ဆိုတဲ့ ဥစ္စာ အနိုင် အရှုံးက လေးချက် အပေါ် မူတည်ပါတယ်။ ပထမ တစ်ခု က ပါတီက ချမှတ်ထားတဲ့ မူဝါဒ လမ်းစဉ်တွေ၊ အဲဒီ လမ်းစဉ်တွေကို လက်တွေ့ အကောင်အထည် ဖော်မှုတွေ၊ ဒါပါတီ နဲ့ ဆိုင်ပါတယ်။ ဒုတိယကတော့ ကျနော်တို့ ရွေးချယ်ခံတဲ့ ကိုယ်စားလှယ်တွေ အားလုံး သူတို့ကနေ ပြီးတော့ ပါတီက ချမှတ် ထားတဲ့ ပြည်သူအတွက် ချမှတ်ထားတဲ့ ကျနော်တို့ လမ်းစဉ်တွေကို အောင်မြင်အောင် အကောင်အထည် ဖော်နိုင်မယ့် လူလား ဆိုတာလည်း ကြည့်ပါတယ်။ တတိယ တစ်ခုကတော့ လှုံ့ဆော်မှုပါ။ မဲ ဆွယ် စည်းရုံးမှုတွေ အပါအဝင် ကြော်ငြာတာတွေ မီဒီယာတွေ နဲ့ လှုံ့ဆော်မှုတွေ ကိစ္စလည်း ရှိပါတယ်။ ဒီအချက်အလက်တွေ အပေါ်မူတည် ပြီး သုံးသပ်ပြီးတော့မှ ကျနော်တို့ အကောင်းဆုံး ဖြစ်အောင်တော့ လုပ်ပါ့မယ်။ သို့သော်လည်းပဲ အဓိက ကျတာကတော့ မဲ ဆွယ် စည်းရုံးမှု ထက်စာလို့ ရှိရင် အကျိုးပြု လုပ်ငန်းတွေ ကျနော်တို့ လုပ်ဖို့ပဲ မှန်းထားပါတယ်။”
ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲရဲ့ ရလဒ်အပေါ် မကျေနပ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ကို တိုင်ကြားဖို့ အစီအစဉ်များ ရှိပါသလား လို့လည်း ဦးဌေးဦးကို မေးကြည့်ပါတယ်။
“ကျနော်တို့ လောလောဆယ်တော့ တိုင်ဖို့ ဆိုတဲ့ ဥစ္စာတွေက သက်ဆိုင်ရာ မဲ ဆန္ဒနယ်တွေ က ကျနော်တို့ဆီ တင်တာတွေ တော့ မရှိသေးပါဘူး။ သို့သော်လည်းပဲ အသေးအဖွဲ့တွေတော့ ရှိကောင်း ရှိနိုင်လိမ့်မယ် ထင်ပါတယ်။ ကျနော်တို့ ရွေးကောက်ပွဲ နဲ့ ပတ်သက်လို့ကတော့ ကျနော်တို့ မြင်နိုင်တာလည်း ရှိမယ်။ မမြင်နိုင်တာတွေ လည်း ရှိပါမယ်။ ကျနော်တို့ မြင်နိုင်တဲ့ ဥစ္စာတွေကတော့ မဲ ရုံအတွင်း ကိုက် ၅၀၀ အတွင်းမှာ မဲ မဆွယ်ရဘူး ဆိုရင် ဆွယ်တဲ့ ကိစ္စတွေကို တော့ မြင်နိုင်တာပေ့ါ။ ဒါကြောင့် အဲဒီ ဥစ္စာလေး တွေကတော့ တိုင်တာထက် စာလို့ရှိရင် ဒါလေးတော့ ဒီလို ဖြစ်နေပါတယ် ဆိုပြီး ကော်မရှင် ကို အသိပေးတာတွေ ရှိနေပါလိမ့်မယ်။”
ဒါကတော့ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ ရဲ့ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးကို ဆက်သွယ် မေးမြန်းထား တာပါရှင်။ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲ တုန်းကလည်း ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဟာ အများစု အနိုင်ရတယ် ဆိုပေမဲ့ လွှတ်တော်ထဲမှာ တခြားနိုင်ငံရေး ပါတီတွေနဲ့ အားလုံး ပူးပေါင်းပြီးတော့ ပြည်သူ့အကျိုး အတွက် ပူးပေါင်း ဆောင်ရွက်တာတွေ ရှိသလို၊ အခုကြားဖြတ်ရွေးကောက်ပွဲ မှာ အနိုင်ရတဲ့ ကိုယ်စားလှယ်လောင်းတွေ အားလုံး နဲ့လည်း ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီက အတူလက်တွဲ ပြီးတော့ လူထု အကျိုးအတွက် ဆောင်ရွက်သွားမယ် လို့ ဦးဌေးဦးက ပြောပါတယ်။