ပန်ဆန်းညီလာခံ ငြိမ်းချမ်းရေးစာတမ်းတွေ တင်ဆွေးနွေး

UWSP ဌာနချုပ် ပန်ဆန်းမှာ ခြောက်ရက်ကြာ ကျင်းပမယ့် တိုင်းရင်းသားထိပ်သီးခေါင်းဆောင်တွေရဲ့ မျက်နှာစုံညီ တိုင်းရင်းသားညီလာခံ( ဓာတ်ပုံ-www.kokang123.com)

ဝပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP ဌာနချုပ်မှာ ကျင်းပနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ထိပ်သီးခေါင်းဆောင်တွေရဲ့ တိုင်းရင်းသား ညီလာခံ-ဒုတိယနေ့မှာတော့ တက်ရောက်လာတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အသီးသီးရဲ့ တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး ဆိုင်ရာ အကြံပြုချက်စာတမ်းတွေကို အဓိက တင်သွင်းကြတယ်လို့ သိရပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ ထိပ်သီးညီလာခံ ဆွေးနွေးမှုတွေ ကနေ ငြိမ်းချမ်းရေးရလဒ်တွေ ပေါ်ထွက်လာမယ်လို့လည်း ယုံကြည် မျှော်လင့်နေကြပါတယ်။ အခုလို ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားညီလာခံ ကျင်းပနေချိန်နဲ့ တပြိုင်နက်တည်း တိုင်းရင်းဒေသတချို့မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေဆဲပါ။ အခြေအနေ အသေးစိတ် မဆုမွန်က စုံစမ်းတင်ပြထားပါတယ်။

၂၀၁၅ ခုနှစ်၊ မေလ(၁)ရက်နေ့ မနက်ပိုင်းက စတင်ခဲ့တဲ့ ဝပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP ဌာနချုပ် ပန်ဆန်းမှာ ခြောက်ရက်ကြာ ကျင်းပမယ့် တိုင်းရင်းသားထိပ်သီးခေါင်းဆောင်တွေရဲ့ မျက်နှာစုံညီ တိုင်းရင်းသားညီလာခံ ဒုတိယမြောက်နေ့ မေလ (၂) ရက်နေ့မှာတော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့(၁၂) ဖွဲ့ရဲ့ တနိုင်ငံလုံးအပစ်ရပ်ရေးနဲ့ငြိမ်းချမ်းရေးဆိုင်ရာ အကြံပြုချက်စာတမ်းတွေကို အသီးသီး တင်သွင်းခဲ့ကြပါတယ်။

ဒီကနေ့ကျင်းပတဲ့ တိုင်းရင်းသားညီလာခံမှာ တင်ပြဆွေးနွေးခဲ့ကြတဲ့အခြေအနေနဲ့ ကိုးကန့် လက်နက်ကိုင်တပ်ဖွဲ့အနေနဲ့ တင်သွင်းအကြံပြုခဲ့တဲ့ အစီရင်ခံစာနဲ့ပတ်သက်ပြီး MNDAA ပြောခွင့်ရဦးထွန်းမြတ်လင်းက ဗွီအိုအေမြန်မာပိုင်းကို အခုလိုပြောပါတယ်။

“မနေ့တုန်းကနဲ့ ဒီနေ့က အဓိက-က ဒီအဖွဲ့တိုင်းရဲ့ အကြံပြုချက်၊ စာတမ်းတွေကိုပဲ အမြင်ပေ့ါနော၊ အဲလို တင်ကြပါတယ်။ အခုအခြေအနေနဲ့ ပတ်သက်ပြီးတော့ ၁၂ စောင်ပါ။ ကျနော် မှတ်မိသလောက်ကတော့ အားလုံး-ဒီ…တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး-ဖို့ရယ်၊ ပြီးတော့ ငြိမ်းချမ်းရေး အတွက်ရယ် အဲလို အဓိက အဲဒါတွေ ထားပြီးတော့ ဆွေးနွေး- အကြံပြုကြတာပေါ့ဗျာ။”

တိုင်းရင်းသားထိပ်သီးညီလာခံကနေ ငြိမ်းချမ်းရေးအကျိုးရလဒ်တွေ ပေါ်ထွန်းလာနိုင်မယ်လို့လည်း တိုင်းရင်းသားခေါင်းဆောင်တွေဘက်က ယုံကြည် မျှော်လင့်ပါတယ်လို့ ကိုးကန့်တပ်က ပြောပါတယ်။

“အားလုံး မျက်နှာစုံညီဆိုတော့ မျှော်လင့်ထားပါတယ်။ ကျနော်ထင်တယ်။ လမ်းစတခုတော့ရမှာပါ။ ဒီညီလာခံကနေပြီးတော့မှ ဒီ News Press တခု လုပ်ဖို့ ရှိမယ်ထင်တယ်၊ အဲဒီကျရင် သိမှာပါ။ အဓိက-ကတော့ ကျနော်တို့ ဒီဒေသထဲဖြစ်နေတဲ့ ဖြစ်စဉ်လေးတွေရယ်၊ အခြေအနေရယ်၊ ပြီးတော့ ငြိမ်းချမ်းဖို့ အတွက်ကော၊ ကျနော်တို့ရဲ့ နဂိုရ်ကတည်းက စွဲကိုင်ထားတဲ့ ..တနိုင်ငံလုံးအနေနဲ့ တိုင်းရင်းသား ညီအကို အဖွဲ့အစည်းတွေလိုလားတဲ့ အချက်အလက်တွေ ပေါ့နော်၊ အားလုံး တူညီနေတာ တွေ့ရပါတယ်။ အဲဒါတွေ ဘယ်လို လက်တွဲပြီးတော့ ပြုလုပ်ကြရင် ကောင်းမလဲဆိုတာလေးပါ။ အဲဒါလေးပါတာတော့ ကျနော် မှတ်မိပါတယ်။ တော်တော်များများကတော့ အဲဒီ ပဋိပက္ခတွေကို ရပ်တန့်ချင်တယ်လို့ အားလုံး အကြံပြုထားတာ တွေ့ရပါတယ်။”

အခုလက်ရှိ ဝပြည်- ပန်ဆန်းမှာကျင်းပနေတဲ့ တိုင်းရင်းသားညီလာခံမှာ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ MNDAA က စစ်ဦးစီးချုပ် ၊ ဒုတိယစစ်ဦးစီးချုပ်နဲ့ ပြောခွင့်ရဦးထွန်းမြတ်လင်းတို့ တက်ရောက်နေခကြချိန်မှာပဲ အခုလက်ရှိ ဝပြည်မှာ တိုင်းရင်းသားညီလာခံကျင်းပနေချိန်မှာပဲ ကိုးကန့်ဘက်မှာ မြန်မာအစိုးရတပ်နဲ့ကိုးကန့်တပ်တို့ကြားတိုက်ပွဲတွေ ဆက်ဖြစ်ပွားနေပြီး စစ်ရေးတင်းမာနေဆဲဖြစ်တယ်လို့ ကိုးကန့်တပ်ဘက်က ပြောပါတယ်။

“ဦးစီးချုပ်တက်ပါတယ်၊ ဒုတိယ ဦးစီးချုပ်တက်ပါတယ်။ ကျနော် တက်ပါတယ်။ သူတို့ လက်နက်ကြီးနဲ့တော့ နေ့တိုင်းလိုလို ပစ်နေပါတယ်။ ဒီနေ့ နည်းနည်းလေး တခု ထူးဆန်းလာတာကတော့ ကျနော် ကြားသိသလောက်တော့ သူတို့ ကြည်းတပ်လည်း ရှေ့တန်းစခန်းဘက်နဲ့ …ကို ကပ်လာတာ တွေ့ရပါတယ်။ ပြီးတော့ သံချပ်ကာကားလည်း - တင့်ကားပြောတာ၊ တင့်ကား ၅ စီးလည်း ဆိုင်ထားတယ် ပြောပါတယ်။ အဲလို ကြားရပါတယ်။”

မေလ (၁)ရက်နေ့က စတင်ပြီး ခြောက်ရက်ကြာကျင်းပမယ့် ဝပြည် ပန်ဆမ်းမြို့ တိုင်းရင်းသားထိပ်သီးညီလာခံကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၁၂) ဖွဲ့က ခေါင်းဆောင် (၆၃) ဦး တက်ရောက်နေတာဖြစ်ပါတယ်။ ရခိုင်တပ်မတော် (AA)၊ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA) မိုင်းလားတပ်ဖွဲ့ (NDAA) မွန်ပြည်သစ်ပါတီ (NMSP)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ၊ ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO)၊ ပလောင်လွတ်မြောက်ရေး တပ်ဦး(PSLF/TNLA) နဲ့ ဝပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSA)တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၂) က စစ်ဦးစီးချုပ်-ဒုစစ်ဦးစီးချုပ်၊ ဗိုလ်ချုပ်၊ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူး စတဲ့ ထိပ်သီးခေါင်းဆောင်တွေ ကိုယ်တိုင် တက်ရောက်ပြီးတော့ တနိုင်ငံလုံးအပစ်ရပ်ရေးနဲ့ ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စတွေကို ဆွေးနွေးနေကြတာဖြစ်ပါတယ်။