ဒီကနေ့ဟာ မြန်မာ့ရိုးရာ နှစ်သစ်ကူး သင်္ကြန်ပွဲတော် အကြိုနေ့ဖြစ်ပေမဲ့ ရန်ကုန်၊ မန္တလေးလို မြို့တွေမှာ အတော်ကို ခြောက်ကပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ပုံမှန်အားဖြင့် ရေကစားမဏ္ဍပ်မျိုးစုံနဲ့ စည်ကားလေ့ရှိတဲ့ ရန်ကုန်မြို့မှာဆိုရင် အခါတိုင်းလို ရေကစားမဏ္ဍပ်ကြီးတွေ မရှိသလို ရေပက်ခံထွက်တဲ့ ကားတွေလည်း မရှိဘဲ ခြောက်ကပ်နေတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပြပါတယ်။
မြို့တော်မဏ္ဍပ်ရှိတဲ့ ဆူးလေဘုရားတဝိုက်၊ အင်းလျားလမ်းနဲ့ ပြည်လမ်းတွေမှာလည်း ရေကစားသူ မရှိဘဲ ခြောက်ကပ်နေပါတယ်။ မိသားစုတွေ တပိုင်တနိုင် လုပ်ကြလေ့ရှိတဲ့ မဏ္ဍပ်ငယ်လေးတွေလည်း ဒီနှစ်မှာ မတွေ့ရသလောက်ပဲလို့ ရန်ကုန်မြို့ခံတယောက်က VOA မြန်မာပိုင်းကို ပြောပါတယ်။
သင်္ကြန်ပွဲတော်နဲ့ ခွဲလို့မရနိုင်ခဲ့တဲ့ မန္တလေးမြို့မှာလည်း မြို့ခံတွေကြား လုံခြုံရေးစိုးရိမ်ပြီး အပြင်မထွက်ရဲသူတွေ များနေတာကြောင့် အတော်လေး ခြောက်ကပ်နေပါတယ်။ သင်္ကြန်အချိန် အစည်ကားဆုံးလို့ ဆိုနိုင်တဲ့ မန္တလေး ကျုံးပတ်လည်မှာလည်း သင်္ကြန်အငွေ့အသက်တွေ ပျောက်ဆုံးနေပြီး လမ်းသွား လမ်းလာ အနည်းငယ်သာ ရှိတယ်လို့ မြို့ခံတွေက ပြောပြကြပါတယ်။ မန္တလေးဈေးချိုနေရာမှာလည်း ခြောက်ကပ်နေပါတယ်။
နေပြည်တော်အပါအဝင် မြို့တချို့မှာတော့ စစ်ကောင်စီ စီစဉ်တဲ့ သင်္ကြန်ပွဲတွေ ရှိပါတယ်။ ၂၀၂၁ ခုနှစ် စစ်တပ် အာဏာမသိမ်းခင်တုန်းကဆိုရင် သင်္ကြန်အကြိုနေ့ မတိုင်ခင်ထဲက ရေကစားပွဲတွေအတွက် ပြင်ဆင်မှုတွေနဲ့ စည်ကားနေခဲ့တာဖြစ်ပါတယ်။
မြန်မာ့ရိုးရာ နှစ်သစ်ကူးပွဲတော်အချိန်မှာ မြန်မာပြည်သူတွေအတွက် နိုင်ငံခြားသံရုံးတွေက ဆုမွန်ကောင်းတွေ တောင်းပေးနေကြပါတယ်။ နှစ်သစ်မှာ ပြည်သူတွေ ငြိမ်းချမ်းခြင်း၊ မျှော်လင့်ခြင်း၊ ကျန်းမာခြင်းနဲ့အတူ ကောင်းမွန်တဲ့ အနာဂတ်ဖြစ်စေဖို့ ဗြိတိန်သံရုံးက ဆုတောင်းပေးထားပါတယ်။
ပိုမိုတောက်ပတဲ့ အနာဂတ်အတွက် မျှော်လင့်နေကြတဲ့ ပြည်သူတွေအတွက် ဆုမွန်ကောင်းတွေ တောင်းပေးပါတယ်လို့ မြန်မာပြည်မှာရှိတဲ့ ဥရောပသမဂ္ဂ သံကိုယ်စားလှယ်အဖွဲ့ကလည်း ထုတ်ပြန်ပါတယ်။
အမေရိကန်ပြည်ထောင်စုကလည်း မြန်မာပြည်သူတွေအတွက် အကောင်းဆုံး ဆုတောင်းတွေနဲ့အတူ မြန်မာပြည်သူတွေနဲ့ တသားတည်း ရပ်တည်နေပါတယ်လို့ နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ထုတ်ပြန်ခဲ့သလို၊ မြန်မာနိုင်ငံဆိုင်ရာ သံရုံးယာယီတာဝန်ခံ Susan Stevenson ကလည်း မြန်မာပြည်သူတွေအတွက် မျှော်လင့်ချက်သစ်တွေ ဆောင်ကြဉ်းပေးဖို့ ဗွီဒီယိုကတဆင့် သင်္ကြန်ဆုတောင်း ပေးပို့ခဲ့ပါတယ်။