တရုတ် ဒု-သမ္မတ လူထုရှေ့မှောက် က ပျောက်နေ

တရုတ် ဒု- သမ္မတ Xi Jinping

တရုတ်ဒုတိယသမ္မတ Xi Jinping ရဲ့အခြေအနေနဲ့ပတ်သက်ပြီး ဘယ်လို သတင်းအချက်အလက်မျိုးမှ မရပါဘူးလို့ တရုတ် နိုင်ငံ ခြားရေးဌာနက ပြောလိုက်ပါတယ်။ နိုင်ငံခြားဧည့်သည်တွေနဲ့ တွေ့ဆုံပွဲတွေမှာ ဒုတိယသမ္မတ မပါတဲ့အတွက် သူ့ရဲ့ကျန်းမာရေးနဲ့ ပတ်သက်ပြီး ခန့်မှန်းပြောဆိုတာတွေ ထွက်နေခဲ့တာပါ။

အများပြည်သူမြင်ကွင်းရှေ့မှာ ဒုတိယသမ္မတ Xi ကို မမြင်ရတာ ၁၀ ရက်ကျော် ကြာလာပြီးတဲ့နောက် တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် Hong Lei က အင်္ဂါနေ့မှာ အဲဒီလိုပြောခဲ့တာဖြစ်ပါတယ်။ ဒီနှစ်နှောင်းပိုင်းကျရင်လုပ်ဖို့ရှိတဲ့ ဆယ်နှစ်တကြိမ် ခေါင်းဆောင်ပိုင်းအပြောင်းအလဲမှာ Xi ဟာ တရုတ်နိုင်ငံရဲ့သမ္မတအသစ် ဖြစ်လာလိမ့်မယ်လို့ ခန့်မှန်းထားကြတာပါ။

တနင်္လာနေ့က ဘေဂျင်းမြို့တော်မှာ ဒိန်းမတ်ဝန်ကြီးချုပ် Helle Thorning-Schmidt နဲ့ တွေ့ဆုံဖို့ စီစဉ်ထားတဲ့ပွဲကို Xi မတက် ရောက်ခဲ့ပါဘူး။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်၊ စင်္ကာပူဝန်ကြီးချုပ် လီ ဆယန် လွန်း (Lee Hsien Loong) တို့ ပြီးခဲ့တဲ့သီတင်းပတ်က တွေ့ဆုံဖို့ စီစဉ်ထားတာတွေကို ပယ်ဖျက်ခဲ့ပါတယ်။

တရုတ်ခေါင်းဆောင်တွေရဲ့ အဲဒီလို အစီအစဉ် အပြောင်းအလဲတွေဟာ ဖြစ်လေ့ဖြစ်ထမရှိပါဘူး။ တရုတ်ခေါင်းဆောင်တွေနဲ့ ပြည်ပတာဝန်ရှိသူတွေ တွေ့ဆုံ ဆွေးနွေးတဲ့အစီအစဉ်တွေကို ပုံမှန်အားဖြင့် ကြိုတင်ပြီးတော့ စနစ်တကျ စီစဉ်ထားလေ့ရှိပါတယ်။