ယုံကြည်ချက်အပြည့်နဲ့ အရဲစွန့်လုပ်ဖို့ မြန်မာကို ကုလတိုက်တွန်း

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ပုဂ္ဂိုလ် Vijay Nambiar

မြန်မာနိုင်ငံကို သီတင်းတစ်ပတ်ကြာ ရောက်နေတဲ့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဘီဂျေး နမ်ဘီယားဟာ သြဂုတ်လ ၂၅ ရက်နေ့က သူ့ရဲ့ ခရီးစဉ်ကို အဆုံးသတ်လိုက်ပါတယ်။ မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အုပ်စုတွေကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို လေ့လာခဲ့သူ မစ္စတာ နမ်ဘီယားက အုပ်စုတွေ အားလုံးအနေနဲ့ ယုံကြည်ချက် ပြည့်ပြည့်ဝဝနဲ့ သတ္တိရှိရှိ လက်တွေ့လုပ်ဆောင်ကြဖို့ တိုက်တွန်း ပြောဆိုသွားပါတယ်။ အကြောင်းစုံကို ဒေါ်လှလှသန်းက တင်ပြပေးထားပါတယ်။

သြဂုတ်လ ၁၈ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ မြန်မာနိုင်ငံကို ရောက်ရှိခဲ့တဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဘီဂျေးနမ်ဘီယားဟာ လက်ရှိခရီးစဉ်အတွင်း သမ္မတဦးသိန်းစိန်အပြင် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ တခြား သက်ဆိုင်ရာဝန်ကြီးတွေကို တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် လွှတ်တော်ဥက္ကဋ္ဌ ဦးသူရရွှေမန်း၊ စစ်တပ်အကြီးအကဲတွေနဲ့ နိုင်ငံရေးပါတီဝင်တွေနဲ့ တိုင်းရင်းလက်နက်ကိုင် အုပ်စုတွေအပြင် အရပ်ဘက်လူ့အဖွဲ့အစည်း၊ ကယ်ဆယ်ရေးအဖွဲ့အစည်းနဲ့ အမျိုးသမီးနဲ့ လူငယ်အဖွဲ့အစည်းတွေအပြင် သံတမန်ရေး ကိုယ်စားလှယ်တို့နဲ့ပါ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့တော့ မတွေ့ဆုံခဲ့ဘဲ စောစောပိုင်း ဇူလိုင်လခရီးစဉ်အတွင်းက တွေ့ဆုံခဲ့တယ်လို့ ကုလသမဂ္ဂရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

NCCT ခေါ် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့နဲ့ UPWC ခေါ် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီအပြင် နိုင်ငံရေးပါတီတွေနဲ့ သုံးပွင့်ဆိုင် ဆွေးနွေးပွဲကိုလည်း မစ္စတာ နမ်ဘီယားဟာ လေ့လာသူအဖြစ် တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ မြန်မာနိုင်ငံတဝှမ်း အပစ်အခတ်ရပ်ရေးနဲ့ နိုင်ငံရေးအရ အခြေအတင် ဆွေးနွေးနိုင်မယ့် ဘောင်တရပ် ချမှတ်နိုင်ရေးကို ဆွေးနွေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

သြဂုတ်လ ၁၈ ရက်နေ့က ရန်ကုန်မှာကျင်းပခဲ့တဲ့ အဲဒီ ဆွေးနွေးပွဲနဲ့ပတ်သက်လို့ မစ္စတာ နမ်ဘီယားက အခုလို တိုက်တွန်းခဲ့တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် စတီဖဲန် ဒူဂျားရစ်ခ် က ပုံမှန်သတင်းစာ ရှင်းလင်းပွဲမှာ အခုလို ပြောကြားသွားပါတယ်။

မစ္စတာနမ်ဘီယားဟာ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အုပ်စုတွေကြား နှစ်ဘက် ပထမဆုံးအကြိမ် ကျင်းပတဲ့ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး ညီလာခံကို လေ့လာသူတစ်ဦးအဖြစ် တက်ရောက်ခဲ့ပါတယ်။ အတွင်းရေးမှူးချုပ်ရဲ့ကိုယ်စား မစ္စတာ နမ်ဘီယားက သွေးစည်းညီညွတ်တဲ့ မြန်မာနိုင်ငံဖြစ်လာရေးနဲ့ ငြိမ်းချမ်းရေးကို ရှေ့ရှုတဲ့ တပြေးညီတဲ့ အကျိုးစီးပွားအတွက် အမြင်ကွဲပြားမှုတွေကို ဘေးဖယ်ထားပြီး ယုံကြည်ချက်အပြည့်အဝနဲ့ သတ္တိရှိရှိ လက်တွေ့လုပ်ဆောင်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။”

ဒါ့အပြင် မစ္စတာ နမ်ဘီယားအနေနဲ့ ၂၀၁၂ ဇွန်လပိုင်းက စပြီး ဘာသာရေးပဋိပက္ခဖြစ်ပွားခဲ့လို့ ဒုက္ခသည် သိန်းနဲ့ချီရှိတဲ့ ရခိုင်ပြည်နယ်ကိုလည်း ၂၃ ရက်ကနေ ၂၅ ရက်နေ့အထိ သွားရောက်ခဲ့ပြီး ဖြစ်ပွားခဲ့တဲ့ ဘာသာရေး အကြမ်းဖက်မှုတွေရဲ့ အကြောင်းရင်းခံတွေကို ဘယ်လို လက်တွေ့ ဖြေရှင်းနေကြသလဲ၊ ဒေသခံလူ့အဖွဲ့အစည်းတွေကို အထောက်အကူ ပေးရာမှာ ဘယ်လို တိုးတက်မှုတွေ ရရှိနေသလဲဆိုတာကို သူကိုယ်တိုင်သိရှိနိုင်ဖို့ သွားရောက် လေ့လာခဲ့တယ်လို့ ဆိုပါတယ်။ မစ္စတာ နမ်ဘီယားဟာ စစ်တွေမြို့ရှိ ရခိုင်ဒုက္ခသည်စခန်းနဲ့ မွတ်ဆလင် ဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့သလို မြေပုံမြို့ကိုလည်း သွားရောက်ခဲ့ပြီး အာဏာပိုင်တွေနဲ့ တွေ့ဆုံခဲ့တဲ့အပြင် ဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့ပြီး ဒေသခံတွေနဲ့လည်း တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

အခုလို တွေ့ဆုံမှုတွေအတွင်း မစ္စတာ နမ်ဘီယားက နှစ်ဘက်တို့ နားလည်မှုယူရာမှာ အားဖြည့်ကြဖို့ တိုက်တွန်းပြောကြားခဲ့တယ်လို့ ပြောခွင့်ရပုဂ္ဂိုလ် စတီဖင် ဒူဂျားရစ်ခ်က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

“တွေ့ဆုံမှုတွေအတွင်း မစ္စတာ နမ်ဘီယားက ပြုပြင်ပြောင်းလဲရေးနဲ့ ဒီမိုကရေစီဖော်ဆောင်ရေး ဖွံ့ဖြိုးတိုးတက်ရေးအပြင် လူ့အဖွဲ့အစည်းတွေနဲ့ တိုင်းရင်းသားအုပ်စုတွေကြား ပူးပေါင်းဆောင်ရွက်မှု အားဖြည့်ပေးရေး စတာတွေနဲ့ ပတ်သက်လို့ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အရေးကြီးတဲ့ ပြုပြင်ပြောင်းလဲရေး ကာလအတွင်းမှာ မြန်မာနိုင်ငံကို ကုလသမဂ္ဂအနေနဲ့ ထောက်ခံအားပေးသွားမယ်ဆိုတာကို ပြောကြားခဲ့ပါတယ်။”

မစ္စတာနမ်ဘီယားရဲ့ အခုနှစ်အတွင်း (၈) ကြိမ်မြောက် မြန်မာနိုင်ငံကို လာရောက်တဲ့ခရီးစဉ်ဟာ နယူးယောက်ခ်ရှိ ကုလသမဂ္ဂ ဌာနချုပ်မှာ စက်တင်ဘာလမှာ ကျင်းပမယ့် (၆၉) ကြိမ်မြောက် အထွေထွေ ညီလာခံကြီး မတိုင်မီလည်း ဖြစ်ပါတယ်ရှင်။