ဖေဖေါ်ဝါရီလဆန်းကနေ တိုက်ပွဲတွေအဆက်မပြတ်ဖြစ်ပွါးနေတဲ့ မြန်မာ့တပ်မတော်နဲ့ တအာင်းပလောင်TNLAတပ်ဖွဲ့တို့ တိုက်ပွဲအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်က ငေါ်ငါးရွာသား(၆၀၀)ကျော်ဟာ စစ်ဘေးတိမ်းရှောင်နေရ ပါတယ်။ မိုင်ယူလေးရွာရောက် စစ်ရှောင်ရွာသားတွေအနေနဲ့ ရွာခံတအာင်းစာပေ ယဉ်ကျေးမှုအဖွဲ့ကနေ ထောက်ပံ့ပေး နေတာဖြစ်ပြီး ရွာကိုပြန်ဖို့လုံခြုံမှုမရှိသေးဘူးလို့ စခမ်းတာဝန်ခံတွေကပြောပါတယ်။ လက်ရှိဒေသအတွင်းမှာ တိုက်ပွဲ တွေ ဆက်လက်ဖြစ်ပွါးနေဆဲလို့လဲ ဒေသအတွင်းလှုပ်ရှားနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန် ကပြောပြပေးမှာပါ။
ရှမ်းပြည်နယ်မြောက်ပိုင်းကွတ်ခိုင်မြို့နယ်ဘက်မှာ မြန်မာ့တပ်မတော်နဲ့ တအာင်းပလောင်TNLAတပ်ဖွဲ့တို့အကြား ဖြစ်ပွါးတဲ့တိုက်ပွဲကြောင့် ကွတ်ခိုင်မြို့နယ်ကငေါ်ငါးရွာသား(၆၀၀)ကျော် မိုင်ယူလေးရွာဘက်ကို စစ်ရှောင်ရောက်ရှိနေ တယ်လို့ စခမ်းတာဝန်ခံတဦးဖြစ်တဲ့ မအာ့မွန်ကပြောပါတယ်။
"လူဦးရေက(၆၂၆)။ သူတို့(၆)ရက်နေ့လဲရောက်တယ်။ မနေ့လဲရောက်တယ်။ တချို့လဲ ဒီနေ့လဲရောက်တယ်။ အခုလော လောလောဆယ်ကျတော့ ယဉ်ကျေးမှု(အဖွဲ့)တွေ ဆန်တွေပေါ့ပေးစားတယ်သူတို့ကို။ ဆန်ဘဲပေးတယ်။ တခြားတော့ မပေးနိုင်ဘူး။ လူကများနေတော့ ဒါကြောင့်ဖြစ်သလိုစားတယ်။ တချို့သူ့အမျိုးရှိတယ်။ သူ့အမျိုးနဲ့နေတယ်။ သူများအိမ် တွေစုပြီးမှ သုံး လေးစုပေါင်းပြီးတော့မှ ချက်စားကြတယ်။"
ကွတ်ခိုင်မြို့နယ်က ငေါ်ငါးကျေးရွာဘက်မှာ ဒီလ(၅)ရက်နေ့ကစပြီးတပ်မတော်နဲ့ တအာင်းပလောင်တပ်ဖွဲ့တို့ တိုက် ပွဲဖြစ်ပွါးခဲ့သလို တိုက်ပွဲအတွင်းလေကြောင်းပစ်ခတ်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ကျေးရွာသားတွေ အနေနဲ့ မိုင်ယူလေးရွာဘက် ကိုစစ်ဘေးတိမ်းရှောင်နေကြရတာပါ။
ဒီအခြေအနေကို စစ်ရှောင် ငေါ့ငါးကျေးရွာသူတဦးကအခုလိုပြောပါတယ်
"(၅)ရက်နေ့တုန်းကတိုက်ပွဲဖြစ်တယ်လေ။ လာတိုက်ကတယ်ဆိုတော့ ရွာနဲ့လဲနီးလို့အဲတာကြောင့်ပြေးရတာ။"
တိုက်ပွဲအပြီးငေါ့ငါးကျေးရွာအတွင်း တပ်မတော်ကနေနေရာယူထားတာကြောင့် ရွာသားတွေနေရပ်မပြန်ရဲကြဘူးလို့ မိုင်ယူလေး စခမ်းတာဝန်ခံတဦးဖြစ်တဲ့ မအာ့မွန်ကပြောပါတယ်။
"လေယာဉ်ပျံလာပစ်တဲ့နောက် ရွာသားတယောက်ကရွာဝင်လာတယ်။ အစိုးရတပ် နဲ့ပြန်သွားတွေ့တော့ ထွက်သွား ထွက်သွားတဲ့။ ဘယ်သူမှမလာရဘူးတဲ့။ မိန်ကလေးရောယောကျ်ားလေးရော ဘယ်သူမှမလာရဘူးတဲ့။ လာကြတယ်ဆိုရင် ပစ်လိုက် မယ်ပေါ့။ ဒါကြောင့်မို့သူများကထွက်ပြေးကုန်တာ။"
လက်ရှိအဲဒီဒေသမှာ နှစ်ဖက်တပ်တွေတိုက်ပွဲဖြစ်ပွါးနေဆဲအခြေအနေကြောင့် စစ်ရှောင်ကျေးရွာသားတွေအနေနဲ့ နေရပ်ရင်း ကိုပြန်ဖို့ခက်ခဲနေမဲ့ အခြေအနေမှာရှိနေပါတယ်။
မနေ့တုန်းကလဲမြန်မာ့တပ်မတော်နဲ့ တအာင်းပလောင်TNLAတပ်ဖွဲ့တို့ ကွတ်ခိုင်မြို့နယ် တာခိုင်ချောင်းအနီးနဲ့ ကိမ်နမ္မတူမြို့နယ်၊ နားပိန်ကျေးရွာအနီးမှာ တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွါးခဲ့ တယ်လို့TNLAပြန်ကြားရေးအရာရှိဗိုလ်မှူးတာ့အိုက်ကျော် က ပြောပါတယ်။
"မနေ့ကကွတ်ခိုင်နဲ့နမ္မတူဘက်ခြမ်းကတော့ ကျွန်တော်တို့တပ်ရင်း(၁၀၁)နဲ့ မြန်မာ့တပ်မတော်တပ်မ(၇၇)တို့ တ်ုက်ပွဲပြန် လည် ဖြစ်ပွါးတယ်။ အဖွဲ့ကတော့တဖွဲ့ထဲဘဲ။ နယ်စပ်ဖြစ်နေတဲ့အတွက် ကျွန်တော်တို့ရှောင်တဲ့ဘက်လမ်းကို မြန်မာ့ တပ်မတော် ကပြန်လိုက်လာတယ်။ ကျွန်တော်တို့တပ်ဖွဲ့နဲ့နောက်ထပ် တခေါက်တကြိမ်တိုက်ပွဲပြန်ဖြစ်တယ်။ ထိခိုက်မှု တော့ကျွန်တော်တို့ ဘက်မရှိဘူး။ တပ်မတော်ဘက်(၄)ဦးထိတယ်။ ဒေသခံတွေကနေတဆင့်ပြန်ကြားရတာပေါ့။"
ဖေဖေါ်ဝါရီလဆန်းကစပြီး မြန်မာ့တပ်မတော်နဲ့ TNLAတအာင်းပလောင်တပ်ဖွဲ့တို့ အကြား တိုက်ပွဲဖြစ်ပွါးနေခဲ့ပေမဲ့တပ်မတော် ဘက်ကသတင်းထုတ်ပြန်တာမျိုး မတွေ့ရသေးပါဘူး။
ဖေဖေါ်ဝါရီ(၅)ရက်နေ့မှာလဲ နှစ်ဖက်တပ်ဖွဲ့တို့တိုက်ပွဲကြောင့် ကွတ်ခိုင်မြို့နယ်က ဆိုင်းခေါင်ကျေးရွာသား(၁၅၀)ကျော် ဟာလဲ နေရပ်ကိုစွန့်ခွါထွက်ပြေးခဲ့ရပြီး သိန္နီမြို့နယ်က ကောင်းအိုင်ရွာဘုန်းကြီးကျောင်းမှာ စစ်ပြေးဒုက္ခသည်အဖြစ်နဲ့ ခိုလှုံနေရဆဲဖြစ်ပါတယ်။
လက်ရှိရှမ်းပြည်နယ်နဲ့ကချင်ပြည်နယ်အတွင်းမှာ မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် KIAကချင်လွတ် လပ်ရေးတပ်မတော် TNLAတအာင်း ပလောင်တပ်ဖွဲ့တို့နဲ့တိုက်ပွဲဖြစ်ပွါးနေဆဲဖြစ်ပြီး တိုက်ပွဲရဲ့အကျိုးဆက်အဖြစ် စစ် ပြေးဒုက္ခသည်အရေးကိစ္စတွေ လူ့အခွင့်အရေးချိုးဖေါက်မှု ခံနေရတဲ့ဖြစ်စဉ်တွေ ဟာဖြေရှင်းဖို့ခက်ခဲနေဆဲအနေအထားမှာ ရှိနေပါတယ်။
KIOနဲ့TNLAတို့ဟာ UWSAဦးဆောင်တဲ့ မြောက်ပိုင်း လက်နက်ကိုင် အဖွဲ့ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးညှိနှိုင်းရေး ကော်မတီ FPNCC အဖွဲ့ဝင် လဲဖြစ်သလို NCAလမ်းကြောင်းကို လက်မခံနိုင်သေးတဲ့ အခြေအနေမှာရှိနေပါတယ်။
Your browser doesn’t support HTML5