Virgin အာကာသခရီးသွားယာဉ်ပျက်ကျမှု စတင်စုံစမ်း

အာကာသာ အပျော်လေ့လာရေးခရီးထွက်ဖို့ အစမ်းလေ့ကျင့်စဉ် ပျက်ကျသွားတဲ့ Virgin Galactic ဒုံးပျံယာဉ် အစိတ်အပိုင်းတွေ။ (အောက်တိုဘာ ၃၁၊ ၂၀၁၄)

အာကာသ အပျော်လေ့လာရေးခရီးထွက်မယ့် ဒုံးပျံယာဉ်တစ်စင်း အမေရိကန်ပြည်ထောင်စု California ပြည်နယ်ထဲမှာ အစမ်းပျံသန်းစဉ် ပေါက်ကွဲသွားခဲ့ပြီးနောက် ဘာကြောင့် ပေါက်ကွဲသွားခဲ့သလဲဆိုတာကို အမေရိကန်စုံစမ်းစစ်ဆေးသူတွေ စတင် စုံစမ်းနေကြပါတယ်။

သောကြာနေ့က ဒုံးပျံယာဉ်ပေါက်ကွဲမှုကြောင့် လေယာဉ်မှူးတယောက် သေဆုံးသွားခဲ့ပြီး နောက်တယောက်လည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရ သွားခဲ့ပါတယ်။ အာကာသထဲ အပျော်လေ့လာရေးခရီး ထွက်နိုင်ကြဖို့ စမ်းသပ်ပြင်ဆင်နေတဲ့ Virgin Galactic ကုမ္ပဏီရဲ့ ဒုံးပျံယာဉ် အစမ်းခရီးစဉ်အတွက် ပျံတက်ပြီးမကြာခင်မှာပဲ မိုဟာဗိ (Mojave) သဲကန္တရထဲမှာ ပေါက်ကွဲသွားခဲ့တာဖြစ်ပါတယ်။

အသက်ရှင်တဲ့လေယဉ်မှူးက မပေါက်ကွဲခင်မှာ ယာဉ်ထဲကနေ ဘေးလွတ်အောင်ထွက်ပြီး လေထီးနဲ့ဆင်းနိုင်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အဲဒီပေါက်ကွဲ ပျက်စီးသွားတဲ့ SpaceShip Two ဒုံးပျံငယ်နဲ့ အာကာသထဲ စူးစမ်းချင်သူတွေကို ကမ္ဘာမြေရဲ့အထက် မိုင် ၆၀ လောက်အကွာ အာကာသထဲကို ခေါ်သွားပေးဖို့ Virgin Galactic ကစီစဉ်နေတာပါ။

Hollywood ကအကျော်အမော်တွေ အပါအဝင် လူပေါင်း ၅၀၀ ကျော်က အာကာသခရီးစဉ်အတွက်ကို စပေါ်ငွေပေးထားကြပြီးဖြစ်ပါတယ်။
အာကာသထဲခရီးသွားနိုင်ဖို့ စမ်းသပ်မှုတွေမှာ အခက်အခဲတွေ ထပ်တွေ့နိုင်ပေမယ့် ဒီအခက်အခဲတွေကို ကျော်လွှားနိုင်မှာဖြစ်တယ်လို့ မျှော်လင့်တဲ့အကြောင်း Virgin Galactic က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

Virgin Galactic ကိုတည်ထောင်သူ ဗြိတိန်ဘီလျံနာသူဌေးကြီး Richard Branson ကလည်း ဒီပေါက်ကွဲမှုနဲ့ပတ်သက်လို့ သက်ဆိုင်တဲ့ တာဝန်ရှိသူတွေနဲ့ အတူ စုံစမ်းသွားမယ်လို့ ပြောပါတယ်။ Mr. Branson ဟာ ဒီကနေ့မှာ သူ့ရဲ့ အာကာသခရီးစဉ်လေ့လာရေးအဖွဲ့နဲ့အတူ Mojave သဲကန္တရထဲက ဒုံးပျံယာဉ် ပျက်ကျခဲ့တဲ့ နေရာဆီသွားကြည့်မှာဖြစ်ပါတယ်။