မြန်မာရေဘေးသင့်သူတွေကို စေတနာ့ဝန်ထမ်းတွေ အရေးပေါ်ကူညီ

ရာဂီမုန်တိုင်းကြောင့် ရေကြီးရေလျှံ ဖြစ်နေတဲ့ ပဲခူးတိုင်းအတွင်းရှိ တောင်ငူမြို့

မြန်မာနိုင်ငံမှာ Yagi တိုင်ဖွန်းမုန်တိုင်းကြောင့် နောက်ဆက်တွဲ ရေကြီး၊ မြေပြိုမှုတွေကြောင့် သေဆုံး၊ ပျောက်ဆုံးသူတွေ တိုးလာနေချိန်မှာပဲ စေတနာ့ဝန်ထမ်းတွေ အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လုပ်နေကြရပါတယ်။ အာဏာပိုင်တွေရဲ့ ထုတ်ပြန်ချက်အရ သောကြာနေ့အထိ ရေဘေးကြောင့် သေဆုံးသူ ၇၄ ယောက်၊ ပျောက်ဆုံးနေသူ ၈၉ ယောက်နဲ့ လူပေါင်း ၂၃၅,၀၀၀ နေရပ်စွန့်ခွာနေရတာပါ။

သေကျေထိခိုက်မှု ကိန်းဂဏန်းတွေ တိုးလာနိုင်တယ်လို့လည်း ကူညီကယ်ဆယ်နေသူတွေက ခန့်မှန်းနေကြပါတယ်။ လမ်းတံတားတွေပျက်စီး၊ တယ်လီဖုန်းနဲ့ အင်တာနက် ဆက်သွယ်ရေးတွေ ပြတ်တောက်နေတာကြောင့် သတင်းတွေလည်း အပြည့်အ၀ မရနိုင်ပဲ ဖြစ်နေရတာပါ။ ရေဘေးသင့်ဒေသတွေမှာ ကယ်ဆယ်ရေးတွေ ရောက်မလာနိုင်တာကြောင့် ဘေးလွတ်ရာ သစ်ပင်တွေ၊ အိမ်အမြင့်နေရာတွေမှာ ရက်နဲ့ချီ နေထိုင်ကြရသူတွေလည်း ရှိတယ်လို့ ကူညီကယ်ဆယ်သူတွေက ပြောပါတယ်။ နိုင်ငံအနှံ့က မြစ်တွေမှာလည်း စိုးရိမ်ရေမှတ်အထိ ရောက်နေတာကြောင့် သတိပေးထားပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်က အရပ်သား အစိုးရကို ဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းလိုက်တာကြောင့် နောက်ဆက်တွဲ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် နိုင်ငံအနှံ့ လူပေါင်းသိန်းနဲ့ချီ နေရပ်စွန့်ခွာနေရချိန်မှာ ကပ်ဘေးဒဏ်နဲ့ ထပ်မံရင်ဆိုင်နေကြရတာပါ။

ပြီးခဲ့တဲ့ သီတင်းပတ်ကစ ဒေသတွင်းကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ Yagi တိုင်ဖွန်းမုန်တိုင်းကြောင့် မြန်မာ၊ ဗီယက်နမ်၊ လာအိုနဲ့ ထိုင်းနိုင်ငံတွေမှာ သေဆုံးသူ စုစုပေါင်း ၃၅၀ လောက် ရှိတယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။