အခြေခံဥပဒေ ပြင်ဆင်ရေး အလျှော့ပေး ဈေးဆစ်

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာအစီအစဉ်မှာ ဒီရက်ပိုင်းအတွင်း ပြန်လည်စတင်လာတဲ့ လွှတ်တော်အစည်းအဝေးတွေဟာ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးကို ဦးစားပေး ဆွေးနွေးမယ်လို့ သိရပါတယ်။ ဘာတွေကို ဘယ်လောက် ပြင်နိုင်ကြမလဲ။ ပြည်သူလူထု မျှော်လင့်တောင့်တနေတဲ့ ဒီမိုကရေစီ ထွန်းကားရေး၊ တိုင်းရင်းသားတွေ မျှော်မှန်းနေတဲ့ စစ်မှန်သော ဖယ်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးတို့အတွက် ဘယ်လောက် အလားအလာကောင်းနိုင်သလဲ ဆိုတာကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်း၊ ဝါရင့်သတင်းစာဆရာကြီး ဦးကျော်ရင်မြင့် တို့နဲ့ ဦးကျော်ဇံသာ က ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ လွှတ်တော်တွေ ပြန်စတော့ အဓိက ပြန်ဆွေးနွေးမယ့်ကိစ္စက ဖွဲ့စည်းပုံ ပြင်ဆင်ရေးဆိုတာ ဟုတ်ပါသလား။

ဦးဖေသန်း ။ ။ ဒီ (၁၂) ကြိမ် ရောက်သွားတဲ့ အစည်းအဝေးတွေမှာ အဓိက အကြောင်းအရာက ဖွဲ့စည်းပုံပြင်ဆင်ရေးပဲ ဖြစ်ပါလိမ့်မယ်။ ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေ မျှော်လင့်နေကြပါတယ်။ ပြည်သူတွေလည်း မျှော်လင့်နေကြပါတယ်။ ဒီကိစ္စကို လွှတ်တော်ကို မြန်မြန်ပြန် တင်ပြဖို့ကတော့ (၆) ပွင့်ဆိုင် ဆွေးနွေးပွဲရဲ့ ရလဒ်ကောင်းတွေပေါ် မူတည်ပြီးတော့ ဖြစ်လာလိမ့်မယ်လို့ ယူဆပါတယ်။

ဦးကျော်ဇံသာ ။ ။ လွှတ်တော်ကိုယ်စားလှယ်တွေ မျှော်လင့်နေတယ်ဆိုတဲ့ နေရာမှာ ကျနော်က လွှတ်တော်ကိုယ်စားလှယ်တွေ အမျိုးအစားခွဲချင်ပါတယ်။ ဦးဖေသန်းတို့ရဲ့ တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်တွေ၊ ဒီမိုကရေစီ လိုလားတဲ့ အရပ်သားအင်အားစုတွေ ဖွဲ့စည်းထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ လက်ရှိ အာဏာရပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ စစ်တပ်ကိုယ်စားလှယ်ဆိုပြီး ရှိပါတယ်။ ဆိုတော့ လွှတ်တော်ကိုယ်စားလှယ်အားလုံးက လိုလားနေကြတယ်လို့ပြောရင် မှန်ပါရဲ့လား။ လက်ရှိ အာဏာရ ပုဂ္ဂိုလ်တွေ၊ စစ်တပ်ကိုယ်စားလှယ်တွေရဲ့ သဘောထား ဘယ်လို ရှိမယ်လို့ ထင်ပါလဲ။

ဦးဖေသန်း ။ ။ ဒါက ကျနော်တို့ တဖွဲ့တစုရဲ့ ဆန္ဒပေါ် မူတည်ပြီးတော့ ပြင်မယ်ဆိုရင်တော့ ကိုယ်လိုရာ ပြင်ချင်တယ်လူလဲ ရှိမယ်။ မပြင်ချင်တဲ့လူလဲ ရှိမယ်။ နည်းနည်းပါးပါး ပြင်ချင်တဲ့ ဟန်ပြပြင်ချင်တဲ့ အစုအဖွဲ့တွေလဲ ရှိမှာပေါ့။ ဒါပေမဲ့ ဒီဖွဲ့စည်းပုံကြီးကို မပြင်ဆင်ချင်ရင် ကျနော်တို့နိုင်ငံရဲ့ ရှေ့တိုးတက်ရေးကအစ ငြိမ်းချမ်းရေးအဆုံး ဘယ်လိုမှ မသွားနိုင်ဘူးဆိုတာ တပ်မတော်၊ လက်ရှိ အာဏာရအစိုးရ၊ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဒီမိုကရက်တစ်အမတ်တွေ အကုန်လုံး သိပါတယ်။ ဒါကြောင့် ကျနော်တို့ အမှန်တရားတခုကို ဥပက္ခာထားပြီးတော့ ကိုယ်လိုရာ သွားချင်တယ်၊ မသွားချင်ဘူးလို့ ဆွေးနွေးဖို့ စိတ်ခံစားမှုအပိုင်းကို ဖော်ပြဖို့အတွက် ကျနော်တို့ ဒါကိုပြင်မယ်ဆိုတဲ့ ရဲရဲတင်းတင်း သတ္တိတွေရှိဖို့ လိုပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ သူတို့ရဲ့ စိတ်ဆန္ဒတခုတည်းက ဒီဖွဲ့စည်းပုံကို ပြင်ဆင်ခြင်း၊ မပြင်ဆင်ခြင်းဟာ သူတို့ရဲ့ အကျိုးစီးပွား၊ သူတို့အာဏာ တည်မြဲရေး စသဖြင့် အဲဒါဖြင့် ဆက်နွယ်တဲ့အတွက်ကော သူတို့အနေနဲ့ ပြင်ဆင်ဖို့ကို လက်တုံ့နေကြတာ မဖြစ်နိုင်ကြဘူးလား ဆရာဦးကျော်ရင်မြင့် ဘယ်လို သဘောရပါလဲ။

ဦးကျော်ရင်မြင့် ။ ။ ဦးကျော်ဇံသာနဲ့ သဘောတူပါတယ်။ သူတို့ရဲ့ အကျိုးစီးပွားနဲ့ တိုက်ရိုက်သက်ဆိုင်နေတယ်။ နောက်တခုက ဖွဲ့စည်းပုံကို ပြင်လိုက်လို့ တကယ် ဒီမိုကရေစီနိုင်ငံတခု ဖြစ်သွားလို့ရှိရင် သူတို့ရဲ့ အကျိုးစီးပွားနဲ့ တိုက်ရိုက်သက်ဆိုင်နေတယ်။ နောက်တခုကတော့ ဖွဲ့စည်းပုံကို ပြင်လိုက်လို့ ဒီမိုကရေစီနိုင်ငံ ဖြစ်သွားလို့ရှိရင် သူတို့ သမိုင်းမှာ စွန်းထင်ခဲ့တဲ့ အစွန်းအထင်တွေကို ပြန်ပြီးဖော်ထုတ်တာမျိုးကို စိုးရိမ်နေကြတဲ့အတွက်ကြောင့် နည်းမျိုးစုံနဲ့ ကာနေတာလို့ အဲဒီလို မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ လက်ရှိ အာဏာပိုင်းက စဉ်းစားမှာပေါ့ သူတို့ ယခင် အစိုးရလက်ထက်မှာ ဖြစ်ခဲ့တဲ့ ကိစ္စတွေ ပြန်ပေါ်လာမလား ဘာညာပေါ့။ ဒီကိစ္စကို ပြည်သူ့လူထု အရပ်ဖက် လွှတ်တော်ကိုယ်စားလှယ်တွေ တက်လာတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့ ဘာများလုပ်ပေးနိုင်မယ် ထင်ပါလဲ။ ဒီ သံသယတွေ၊ စိုးရိမ်ချက်တွေ ပျောက်အောင်။

ဦးဖေသန်း ။ ။ ကျနော်တို့က အချိန်ကာလ အတိုင်းအတာတခုတော့ ကျနော်တို့က နှစ်ဘက်ညှိနှိုင်းမယ်ဆိုတဲ့ နေရာမှာ ဒါတွေကို နားလည်ဖို့ လိုပါတယ်။ ကျနော်တို့က အခုပဲ အာဏာစွန့်ရမယ်။ အခုပဲ အရေးယူခံရမယ်ဆိုတာမျိုး တောင်းဆိုတာ မရှိပါဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ နောက်ဆုံးကျ အာဏာမ … ရဘူးနဲ့ ပိတ်ထားတယ်။ အဲဒီပုဒ်မတွေကို ကျနော်တို့က ပြင်ဖို့ကြိုးစားနေတာ မဟုတ်ပါဘူး။ အနည်းဆုံး တပ်မတော် (၂၅) ရာခိုင်နှုန်းကို ပြင်ဆင်ဖို့ မကြိုးစားပါဘူး။ ဥပဒေပုဒ်မ (၄၃၆) ကို နည်းနည်းပါးပါး ရာခိုင်နှုန်း လျှော့ပေးဖို့ရယ်။ နောက်ပြီးတော့ ၅၉ (စ) အပါအဝင်၊ ဖယ်ဒရယ်စနစ်ကို ချီတက်မယ့်လမ်းကြောင်းပေါ်မှာရှိတဲ့ အတားအဆီး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်တွေကို ကျနော်တို့ နည်းလမ်းများ အကောင်အထည်ဖော်နိုင်ဖို့ အခွင့်အရေးတွေကို ကျနော်တို့ လောလောဆယ် ညှိနှိုင်းတိုင်ပင်ပြီးတော့ ဆွေးနွေးနေတာ ဖြစ်ပါတယ်။ သိထားဖို့လိုတာက ဒီတချိန်ပြင်ရင် နောင်ပြင်လို့ မရတော့ဘူးဆိုတာ ဒီလိုပဲ စစ်အုပ်စုနဲ့ စစ်အစိုးရနဲ့ အစိုးရဘက်က ပေါင်းပြီးတော့ မပြင်ချင်တဲ့ဘက်က ဒီလိုပဲ အင်အားကောင်းနေတော့မှာလား။ အဲဒီလို မဟုတ်ဘူးလေ တချိန်ချိန်မှာ ဒီမိုကရက်တစ်အင်အားစုတွေ အများကြီး ကောင်းလာမှာပေါ့။ အဲဒီအချိန်မှာပြင်ရင် အဲဒါမျိုးကို မစိုးရိမ်ရဘူးလား။ အဲဒီလို မဟုတ်ဘဲနဲ့ ဖြစ်သင့်ဖြစ်ထိုက်တာတွေကို ပြတ်ပြတ်သားသား၊ ရဲရဲတင်းတင်း ပြင်ခြင်းအားဖြင့် အခုန စိုးရိမ်သောကတွေလည်း တဖြည်းဖြည်းပျောက်ပြီးတော့ အတူယှဉ်တွဲနေထိုင်ရေး ပေါ်လစီကြီးကို ချမှတ်သွားမယ်ဆိုရင် ဒါက မဖြစ်နိုင်စရာ အကြောင်းမရှိပါဘူး။

ဦးကျော်ဇံသာ ။ ။ ဦးဖေသန်း ပြောတဲ့အထဲမှာ အချက်အလက်ပိုင်း ပြောမယ်ဆိုရင် နောက်ကြောင်းပြန် အကျိုးသက်ရောက်မှု မရှိစေရဆိုတာကိုလည်း မပြင်ပါဘူး။ စစ်တပ်က (၂၅) ရာခိုင်နှုန်း ယူထားတာကိုတောင် မထိဘူးလို့ စဉ်းစားထားပြီးသာ ဖြစ်တယ်။ ဒါပေမဲ့ အဓိက ပြင်ချင်တာက (၄၃၆)၊ ၅၉ (စ) နဲ့ တိုင်းရင်းသားတွေအတွက် ဖယ်ဒရယ်အခွင့်အရေး ပိုရဖို့ဆိုတဲ့ အချက် (၃) ချက်ကို အဓိကထား ပြောပါတယ်။ ဒီအထဲမှာ စပြောရမယ်ဆိုရင် (၂၅) ရာခိုင်နှုန်းကို မစဉ်းစားဘူးဆိုပြီး (၄၃၆) ကို ပြင်ချင်တယ်ဆိုတာ ဝိရောဓိ ဖြစ်နေတယ်လို့ မထင်ဘူးလား။ ဆရာဦးကျော်ရင်မြင့် ဘယ်လို သဘောရပါလဲ။

ဦးကျော်ရင်မြင့် ။ ။ ဖြစ်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကြီး တခုလုံးရဲ့ သော့ချက်က ဒီတပ်ကိုပဲ ဒီသော့ကိုပဲ ကိုင်ထားတာလေ။ (၇၅) ရာခိုင်နှုန်းသော လွှတ်တော်ကိုယ်စားလှယ်တွေ အားလုံးက တစုံတရာ ဆုံးဖြတ်ရင်တောင်မှ တပ်ကတယောက်ယေက်က ဆုံးဖြတ်မပေးဘူးဆိုရင် ဘာမှလုပ်လို့မရတဲ့ အနေအထားမျိုး။ တနည်းပြောရင် ဖွဲ့စည်းပုံအခြေခံဥပဒေတွေရဲ့ ပိုင်ခွင့်တွေအားလုံးက ပြည်သူကို အခြေမခံဘဲနဲ့ တပ်ကိုပဲ အခြေခံနေတော့ အဲဒါပြင်မှသာ ဒီမိုကရေစီနည်းလမ်းကျမယ်လို့ ကျနော်က အဲဒီလို မြင်တယ်။


ဦးကျော်ဇံသာ ။ ။ တခြားအချက်တွေကို ဘယ်လို ပြောချင်ပါလဲ။ (၅၉)၊ ဖယ်ဒရယ်ကိစ္စတို့။ (၅၉) ကိစ္စကို အရင်ပြောပါ။ (၅၉) ကိစ္စကို သူတို့အကျိုးစီးပွားကိစ္စအတွက် ဆန့်ကျင်တာလား။

ဦးကျော်ရင်မြင့် ။ ။ ၅၉(စ) ကတော့ သူတို့အကျိုးစီးပွားအတွက်ထက် တဦးတယောက် ဒေါ်အောင်ဆန်းစုကြည်ကို မပြိုင်ရဲ၊ ကြောက်နေလို့ တုပ်နှောင်ထားတာလို့ ထင်တယ်။ တကယ် ယောကျ်ားပီသပြီးတော့ Fairground မှာ ပြိုင်ရဲတယ်ဆိုရင် ၅၉(စ) ကို မပြင်ရဲစရာအကြောင်း မရှိပါဘူး။ နောက်တခုက မူလမဟုတ်ဘဲနဲ့ မူတွေ လျှောက်ပြင်ထားပြီးတော့ မူလတုန်းကပါသလိုလို လျှောက်ပြောနေတာ ရှက်စရာကောင်းပါတယ်။ အဲဒီတော့ ကျနော်ကတော့ တကယ်ယောကျ်ား ပီသပြီးတော့ Fairground မှာ ပြိုင်ရဲတဲ့သတ္တိကို သူတို့ မွေးစေချင်ပါတယ်။ တကယ်လဲ အဲဒီအတိုင်း ပြိုင်မယ်ဆိုရင် ၅၉(စ) ကို မပြင်ရဲစရာ မရှိပါဘူး။

ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့ ဆရာဦးဖေသန်း …

ဦးဖေသန်း ။ ။ ကျနော် မြင်တာကတော့ ကျနော်ပြောတဲ့ တပ်မတော်ရဲ့ (၂၅) ရာခိုင်နှုန်းအပိုင်း၊ ၅၉(စ) အပိုင်း။ ဒါတွေက ပုဒ်မ ၄၃၆(က) နဲ့ ပတ်သက်နေတယ်။ ကျနော်တို့ ဒီ (က) ကျတော့ (၇၅) ရာခိုင်နှုန်း လွှတ်တော်ကိုယ်စားလှယ် ထောက်ခံရမယ့်အပြင် Referendum လုပ်ရအုံးမယ်ဆိုတော့ ဒီပုဒ်မတွေကို တပ်က ကုန်ခဲ့တဲ့အပတ်တွေက ဆွေးနွေးပြီးပါပြီ။ သူတို့က ဘယ်လိုမှ ပြင်ဆင်ဖို့ ခွင့်မပြုဘူး။ မူလအတိုင်းထားရန်ဆိုတာပဲ ဆွေးနွေးပါတယ်။ အဲဒါကြောင့် ကျနော်တို့ဘက်က အတင်းအကြပ်တောင်းဆိုဖို့ ဆိုတာထက် ၄၃၆ အပိုင်း (ခ) ကို အများကြီး ဇယား (၁) နဲ့ ဇယား (၅) … တို့ကို သွားမယ်ဆိုရင် အဲဒီကိစ္စတွေကို တဘက်ကတင်းလျှော့ပြီး၊ တဘက်ကို ပြန်တိုးပြီးတော့ ပေးဖို့လိုပါတယ်။ အဲဒါမျိုးတွေ လွယ်လွယ်ကူကူနဲ့ မလုပ်ဘဲနဲ့ လွယ်လွယ်ကူကူနဲ့ (၆) ပွင့်ဆိုင် ဆွေးနွေးပွဲကနေ ရလာတဲ့ရလဒ်တွေကို လွှတ်တော်မှာ တင်ပြီးတော့ တူထုလိုက်ရုံနဲ့ ပြီးနိုင်တဲ့ ပုဒ်မမျိုးတွေ (၄၃၆(ခ)) ကို ဦးစားပေးပြီးတော့ ကျနော်တို့ သွားချင်ပါတယ်။ ၅၉ (စ)၊ တပ်မတော် (၂၅) ရာခိုင်နှုန်းဆိုတာ (က) အပိုင်းမှာပါတော့ Referendum လုပ်ရအုံးမယ်ဆိုတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ တပ်ကလည်း (၂၅) ရာခိုင်နှုန်းက တဖြည်းဖြည်းလျှော့ချသွားမယ်ဆိုတဲ့ စကားမျိုးတော့ ပြောထားတာပေါ့။ ဒါပေမဲ့ ဒီအချိန်မှာ အဲဒါတွေကို အတင်းအကြပ် တောင်းနေမယ့်အတူတူ၊ တောင်းလို့လဲ အချိန်ကာလ အကန့်အသတ် ရှိနေတဲ့ နောင်တချိန်မှာ ပြင်နိုင်အောင် ကြိုးစားမှာပေါ့။

ဦးကျော်ဇံသာ ။ ။ နောက်တခုက ၅၉(စ) က ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့် ပေးလိုက်လို့ ဖြစ်သွားရင်ကော အာဏာရအင်အားစုဘက်က ဘာများ နစ်နာစရာ ရှိတယ်လို့ တွေးမိမယ် ထင်ပါလဲ။

ဦးဖေသန်း ။ ။ ဒါကတော့ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာလို့ သူတို့ကို ပြန်ပြီးတော့ လုပ်လိမ့်မယ်ဆိုတာမျိုးထက် လောလောဆယ် သူတို့အနေနဲ့ သမ္မတရာထူး သူတို့ဘက်က မစွန့်လွှတ်ချင်တာထက် ပိုပြီးတော့ ဆိုင်လိမ့်မယ်လို့ ထင်ပါတယ်။ သားသမီးတွေ နိုင်ငံခြားသား ဖြစ်နေတယ်ဆိုတဲ့ပုံစံလေးနဲ့ ပိတ်ထားတာက တဘက်က ဥပဒေအရ ဖြစ်သလို၊ တဘက်ကလည်း တချို့ ပုဂ္ဂိုလ်တွေက ဒါတွေကို တွေးတတ်ပါတယ်။ ပြည်သူတွေက အဲဒါကို မှန်တယ်လို့ ထောက်ခံတယ်။ တဘက်က အခုနပြောသလို သူကို အန္တရာယ်ပြုဖို့ထက် သူတို့အနေနဲ့ တပ်မတော် (၂၅) ရာခိုင်နှုန်း လွှတ်တော်မှာရှိမယ်။ အပြင်မှာလည်း တပ်အင်အား ခိုင်ခိုင်မာမာ ရှိနေတယ်ဆိုတာ ဘယ်လိုမှ စိုးရိမ်စရာအကြောင်း မရှိပါဘူး။

ဦးကျော်ဇံသာ ။ ။ နောက်တခု မေးချင်တာက ဖယ်ဒရယ်ကိစ္စ။ အရင်တုန်းက ဗိုလ်ချုပ်နေဝင်း တချိန်လုံး သူတို့ကို ခေါင်းရိုက်သွင်းခဲ့တာက ဖယ်ဒရယ်ဆိုတာ ပြည်ထောင်စု ပြိုကွဲမယ်။ ဗိုလ်ချုပ်နေဝင်းလည်း ဒီကိစ္စနဲ့ အကြောင်းပြပြီးတော့ အာဏာသိမ်းခဲ့တော့ သူ့တသက်လုံး ဒါကို လုပ်သွားတော့ အခု လက်ရှိ စစ်တပ်က ပုဂ္ဂိုလ်တွေ၊ စစ်တပ်က Generation အကြီးအကဲတွေက ဒီ Brainwash လုပ်ထားခဲ့တဲ့ အထဲမှာ ရှိနေတုန်းပဲလား။ ဒီကိစ္စကို စိုးရိမ်နေကြလား။ ဘာဖြစ်လို့ စိုးရိမ်စရာ ဖြစ်နေလဲ။ ဆရာဦးကျော်ရင်မြင့် ဘယ်လို ဒီကိစ္စကို ပြောလိုပါလဲ။

ဦးကျော်ရင်မြင့် ။ ။ ကျနော်ကတော့ သူတို့ ဖယ်ဒရယ်ကို သိပ်နားသိပ်မလည်ဘူးလို့ ထင်တယ်။ နားမလည်လို့ ဆရာဦးကျော်ဇံသာ ပြောသလိုပဲ ဦးနေဝင်းလက်ထက်ကတည်းက ခေါင်းထဲရိုက်သွင်းထားတဲ့အတိုင်းပဲ ဒီအတိုင်း မျက်စိစုံမိတ်ပြီး ဖယ်ဒရယ်မကောင်းဘူးလို့ အဲဒီလိုပဲ ပြောနေကြတယ်လို့ ထင်ပါတယ်။ ဖယ်ဒရယ်ကို နားလည်အောင် ရေးလာလိမ့်မယ်ဆိုရင် လက်မခံနိုင်စရာလည်း မရှိဘူး။ လက်ခံလိုက်တယ်ဆိုရင် ဒီနေ့တိုက်ခိုက်နေတဲ့ စစ်ပွဲတွေလည်း အများကြီး လျော့ကျသွားမှာ။ ကျနော်ကတော့ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့ ဖယ်ဒရယ်ကို နားလည်အောင် လေ့လာပြီးမှ ဖယ်ဒရယ်အနစ်သာရကို နားလည်ပြီးတော့ တကယ်လဲ အကောင်အထည်ဖော်ဖို့ စဉ်းစားစေချင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဦးဖေသန်း ဘယ်လို ယူဆပါလဲ။

ဦးဖေသန်း ။ ။ ဖယ်ဒရယ်ဆိုတာ အမှန်မှာ အာဏာကို ခွဲဝေပြီးတော့ ပြည်နယ်နဲ့ ပြည်မ ကျင့်သုံးမယ်ပေါ့။ ဒါပေမဲ့ ကျနော်တို့နိုင်ငံရဲ့ သမိုင်းစဉ်က ပြည်နယ်တွေဆိုတာက တချိန်က ဗမာဘုရင်တွေရဲ့ သိမ်းပိုက်ခံ နယ်မြေတွေ ဖြစ်နေတယ်။ အဲဒီမှာ လူမျိုးရေးအသွင်ဆောင်တယ်။ ဒါကြောင့် ကျနော်ထင်တယ် တချို့ သိပ်ပြီးတော့ ဒီမိုကရေစီ ရှင်သန်မှုမရှိတဲ့ ဗမာတွေတောင်မှ ဒီ ဖယ်ဒရယ်ကို ကြိုက်ပါ့မလား။ ငါတို့ဆီက ဖဲ့ပြီးတော့ ပေးလိုက်ရမလား။ ငါတို့ တိုးတက်မှုတွေ နှောင့်နှေးသွားမလား။ အဲဒီလို စိတ်မျိုး ရှိကောင်းရှိနိုင်တယ်။ ဒါပေမဲ့ သူတို့ကတော့ ဖယ်ဒရယ်စနစ်ကို အခုအချိန်မှာ နားလည်ပြီလို့ သဘောပေါက်ပါတယ်။ လွှတ်တော်မှာ၊ အစိုးရအဖွဲ့မှာ ဖယ်ဒရယ်ဆိုတာ တွင်တွင်ကြီး သုံးနေပါပြီ။ ဒါကြောင့် သူတို့ ဖယ်ဒရယ်ကို ကြောက်တာမဟုတ်ဘူး။ သူတို့ ရရှိထားတဲ့ အခွင့်အရေးတွေကို ပေးလိုက်ရမှာကို ကြောက်တယ်။ နောက် ကိုယ့်ဘက်က တိုးတက်မှုတွေ နှောင့်နှေးသွားမှာကို ကြောက်တယ်။ ပြီးတော့ ပြန်ပြီးတော့ ဖယ်ဒရယ်စနစ် အားကောင်းလာတဲ့အခါမှာ ပြည်နယ်တွေက သူတို့ကို ပြန်ပြီးတော့ တော်လှန်မလားဆိုတဲ့ စိတ်ဓါတ်မျိုး သူတို့ ကြောက်နေတယ်လို့ ကျနော့်အနေနဲ့ ယူဆပါတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော် နောက်ဆုံး မေးချင်တာက အခုလွှတ်တော် သက်တမ်းအတွင်းမှာ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို ရွေးကောက်ပွဲ မတိုင်ခင်အထိ ဘယ်လောက် အများဆုံး ပြင်နိုင်လိမ့်မယ်လို့ ထင်ပါလဲ။ မျှော်လင့်ပါသလဲ။ ဦးဖေသန်း အရင် ခပ်တိုတို ပြောပါခင်များ။

ဦးဖေသန်း ။ ။ ကျနော်အနေနဲ့တော့ ၄၃၆(ခ) အပိုင်းကို မြန်မြန်ညှိနှိုင်းပြီးတော့ အကောင်ဆုံးဖြစ်နိုင်အောင်လို့ ကျနော်တို့ ၅၀ ရာခိုင်နှုန်း ရချင်ရပေါ့။ အဲဒါမျိုး စိတ်ဓါတ်မျိုးနဲ့ မြန်မြန်ထက်ထက် အဖက်ဖက်က (၆) ပွင့်ဆိုင် သဘောတူပြီးတော့ လုပ်လိုက်မယ်ဆိုရင်တော့ မြန်ပါတယ်။ ဒီလွှတ်တော်မှာ ပြီမှာပါ။

ဦးကျော်ဇံသာ ။ ။ ဆရာဦးကျော်ရင်မြင့် ဘယ်လို မြင်ပါလဲ။

ဦးကျော်ရင်မြင့် ။ ။ ကျနော်ကတော့ သိပ်မမျှော်လင့်ပါဘူးဗျ။ အခုန ဆရာဦးဖေသန်း ပြောသွားသလို ကိုယ့်ဖက်က ၄၃၆(က) ကို မပြင်တော့ဘူး၊ လျှော့ပေးလိုက်မယ်။ အဲဒီလို လျှော့ပေးလိုက်ရတာတွေလည်း အများကြီးရှိနေတယ်။ အဲဒီတော့ ဆရာဦးဖေသန်းနဲ့ သဘောတူတာကတော့ (၆) ပွင့်ဆိုင်ကပဲ မြန်မြန်စည်းဝေး၊ မြန်မြန်ဖြစ်သင့်ဖြစ်ထိုက်တာတွေကို ဆုံးဖြတ်ပြီး၊ မြန်မြန်တွန်းလုပ်ဖို့တော့ လိုနေပါပြီ။ အဲဒါမှ မလုပ်နိုင်ဘူးဆိုရင်တော့ ရေဆုန်မျောရပါလိမ့်မယ်။