ရွေးကောက်ပွဲ နဲ့ တိုင်းရင်းသားဒေသ အုပ်ချုပ်ပိုင်ခွင့်

Prof. Christina Fink on Election

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးသုံးသပ်ချက် အစီအစဉ်မှာ မြန်မာနိုင်ငံမှာ တိုင်းရင်းသား ပြဿနာ ပြေလည်ရေးအတွက် တိုင်းရင်းသားဒေသတွေက သယံဇာတဆိုင်ရာ ဝင်ငွေတချို့ကို ပြန်လည် ခွဲဝေပေးတဲ့အပြင် ပြည်နယ်ဝန်ကြီးချုပ်ကိုလည်း ပြည်နယ်လူထုဆန္ဒနဲ့အညီ ရွေးချယ်စေသင့်တယ်လို့ အမေရိကန်ပြည်ထောင်စု George Washington တက္ကသိုလ်ပါမောက္ခ Dr. Christina Fink က ဆိုပါတယ်။ အင်ဒိုနီးရှား၊ အိန္ဒိယ၊ ထိုင်း စတဲ့ ဒေသတွင်း နိုင်ငံတွေနဲ့ ယှဉ်ထိုးပြီးတော့လည်း မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားရေး၊ အုပ်ချုပ်ရေးအခြေအနေတွေကို ပါမောက္ခ Dr. Fink က သုံးသပ်ထားပါတယ်။ မြန်မာ့ရွေးကောက်ပွဲအကြို အထူးအစီအစဉ် အနေနဲ့ Dr. Christina Fink ကို ဦးကျော်ဇံသာ က တွေ့ဆုံမေးမြန်း ဆွေးနွေးသုံးသပ်တင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ခရစ်စတီးနား … ဒီအပိုင်းမှာတော့ ကျနော်က တိုင်းရင်းသား လူမျိုးစုပြဿနာကို အဓိကထားပြီးတော့ မေးချင်ပါတယ်။ တိုင်းရင်းသားတွေနဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးဆိုတာ အဝေးကြီး လိုပါသေးတယ်။ အပစ်အခတ် ရပ်စဲရေးလဲ မလွယ်သေးပါဘူး။ ဆိုတော့ ဒီ တိုင်းရင်းသားပြဿနာ မပြေလည်ရင် မြန်မာနိုင်ငံမှာ ကျင်းပလာမယ့် အထွေထွေ ရွေးကောက်ပွဲ လွတ်လပ်ပြီး တရားမျှတနိုင်မယ့် အခြေအနေကို ဘယ်လောက်အထိ ရှိနိုင်မယ် ထင်ပါသလဲ။

Dr. Christina ။ ။ ဒီတိုင်းရင်းသား ပြဿနာက စစ်အုပ်ချုပ်ရေး မတိုင်ခင် လွတ်လပ်ရေး ရတဲ့အချိန်ကတည်းက စပြီးတော့ ရှိလာခဲ့တာပါ။ နှစ်ပေါင်း (၆၀) ကျော် ရှိလာတဲ့ ပဋိပက္ခ ဖြစ်ပါတယ်။ ဒီ ပြဿနာ ပြေလည်ရေးဟာ သိပ်ကိုအရေးကြီးပါတယ်။ တိုင်းရင်းသားဒေသတွေသာမက တနိုင်ငံလုံး ငြိမ်းချမ်းရေး၊ သာယာဝပြောရေးအတွက် အရေးကြီးတာပါ။ တိုင်းရင်းသားပါတီတွေအနေနဲ့ သူတို့ဒေသအတွင်းမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၊ NLD ပါတီတို့ လာပြီးတော့ ယှဉ်ပြိုင်မှာ မလိုလားကြပါဘူး။ ဒါဟာ သူတို့နယ်မြေ၊ သူတို့ပါတီတွေပဲ ပြိုင်မယ်ဆိုတဲ့ သဘောထား ရှိကြပါတယ်။ ဒါပေမဲ့လဲ ကြံ့ခိုင်ဖွံ့ဖြိုး၊ NLD၊ တစည နဲ့ တခြားပြည်လုံးကျွတ်ပါတီတွေကတော့ အဲဒီလိုမျိုး မယူဆကြပါဘူး။ သူတို့ပါတီတွေဟာ တပြည်လုံးနဲ့ဆိုင်တယ်။ ဒါကြောင့်မို့ တိုင်းရင်းသားဒေသတွေမှာလည်း ပြိုင်မယ်လို့ ဆိုပါတယ်။ ဆိုတော့ မဲဆန္ဒရှင်တွေက ဘယ်လို ယူဆကြမလဲဆိုတာ သိပ်ပြီးတော့ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ တိုင်းရင်းသားပါတီတွေကိုပဲ မဲပေးကြမလား။ ၁၉၉၀ တုန်းကလို တချို့က ပြည်လုံးကျွတ်ပါတီတွေကို ပေးကြလေမလား။ ပြည်လုံးကျွတ်ပါတီတွေကို မဲပေးခြင်းအားဖြင့် ဒီပါတီကြီးတွေက တိုင်းရင်းသားရေးရာတွေကို ပိုပြီးတော့ ထည့်သွင်းချမှတ်တာဟာ ပိုပြီးတော့ ထိရောက်မှုရှိမလားဆိုတာကိုလည်း ကြည့်ရမှာပါ။

ဦးကျော်ဇံသာ ။ ။ ဒီနေရာမှာ တိုင်းရင်းသားဒေသတွေမှာ တိုင်းရင်းသားပါတီတွေကြီးပဲ သိပ်အင်အားကြီးလာတယ်။ အင်အားကောင်းလာတယ်ဆိုတဲ့ ကိစ္စ။ အဲဒီလို ဖြစ်လာချင်းဟာ မြန်မာနိုင်ငံ တပြည်လုံး ဒီမိုကရေစီ အပြည့်အဝ ဖော်ဆောင်နိုင်ရေးအတွက် အလားအလာ ကောင်းပါရဲ့လား ခင်များ။

Dr. Christina ။ ။ ၂၀၁၀ ရွေးကောက်ပွဲတုန်းက ပြဿနာတွေ အများကြီး ရှိခဲ့ပါတယ်။ မဲတွေကို ကပြောင်းကပြန် လုပ်တဲ့ကိစ္စ ရှိခဲ့ပါတယ်။ ဆိုတော့ လူထုရဲ့ သဘောထားအမှန်ကို ကျမတို့ မသိခဲ့ရပါဘူး။ အဲဒီတုန်းက NLD လည်း ရွေးကောက်ပွဲ မဝင်ခဲ့ဘူး။ တိုင်းရင်းသားဒေသတွေမှာလည်း NLD မဲဆွယ်တာ မရှိခဲ့ပါဘူး။ အခုလာမယ့် ရွေးကောက်ပွဲမှာတော့ အရင်နဲ့မတူတဲ့ ရလဒ်တွေကို တွေ့ကြရမှာပါ။ လွှတ်တော်မှာ အထူးသဖြင့် အထက်လွှတ်တော်နဲ့ ပြည်နယ်လွှတ်တော်တွေမှာ တိုင်းရင်းသားအမတ်တွေ ပိုပြီးပါဝင်လာတာကို တွေ့ရမယ် ထင်ပါတယ်။ ဒါပေမဲ့လဲ ပြဿနာက တိုင်းရင်းသားနယ်တနယ်ထဲမှာ သူတို့ပါတီ တခုမက ရှိနေတာပါ။ အထူးသဖြင့် ၁၉၉၀ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ခဲ့ပြီးတော့ ၂၀၁၀ မှာ သပိတ်မှောက်ခဲ့တဲ့ ပါတီနဲ့ ၂၀၁၀ ရွေးကောက်ပွဲအတွက် ဖွဲ့စည်းပြီးတော့ အမတ်နေရာတွေ ရရှိခဲ့တဲ့ ပါတီဆိုပြီး နှစ်ခုစီ ကွဲနေကြတာပါ။ ရခိုင်ပြည်နယ်တခုတည်းမှာသာ အဲဒီလိုပါတီ တပေါင်းတည်းဖြစ်သွားတာ ရှိပါတယ်။ တခြားပြည်နယ်တွေမှာ ပြန်ပြီးတော့ မပေါင်းနိုင်ကြပါဘူး။ မဲဆန္ဒနယ် တခုတည်းမှာ အပြိုင်အဆိုင် ဖြစ်နေကြပါတယ်။


ဦးကျော်ဇံသာ ။ ။ အဲဒီလို တိုင်းရင်းသားပါတီတွေဟာ သူတို့ မဲဆန္ဒနယ်အတွင်းမှာ အပြိုင်အဆိုင် ဖြစ်နေကြတယ်ဆိုတော့ ဒီအချက်ဟာ ပြည်လုံးကျွတ်ပါတီကြီးတွေအတွက် အလားအလာကောင်းတယ်ဆိုတဲ့ သဘောလို့ ယူဆနိုင်မလား။

Dr. Christina ။ ။ အတိအကျတော့ မပြောနိုင်ဘူးရှင့်။ တိုင်းရင်းသားမဲတွေ ကွဲသွားတယ်ဆိုတဲ့ အနေအထားတော့ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဒါမှမဟုတ် NLD အလားအလာ ကောင်းနိုင်ပါတယ်။ တပါတီတည်း ရှိတယ်ဆိုရင်တော့ အဲဒီပါတီကပဲ အနိုင်ရမှာပါ။

ဦးကျော်ဇံသာ ။ ။ ဆိုရင် ဘယ်လို ပုံစံမျိုးပဲဖြစ်ဖြစ် ပြည်လုံးကျွတ်ပါတီကြီးတွေက နိုင်သွားပြီးတော့ သူတို့ပါတီရဲ့ မူဝါဒတွေ၊ လုပ်ငန်းစဉ်တွေမှာ တိုင်းရင်းသားရေးရာတွေကို ပိုပြီးဖြည့်တင်းလာတာပဲဖြစ်ဖြစ်၊ တိုင်းရင်းသားပါတီတွေက အင်အားကောင်းကောင်းနဲ့ နိုင်၊ ဘယ်လိုပဲဖြစ်ဖြစ် တတိုင်းပြည်လုံးကို လွှမ်းခြုံကြည့်မယ်ဆိုရင် လွှတ်တော်မှာ တိုင်းရင်းသားပါတီတွေ၊ တိုင်းရင်းသားတွေရဲ့ အင်အားကော ဘယ်လို ရှိလာနိုင်ပါလဲ။ ပိုကောင်းလာနိုင်သလား။

Dr. Christina ။ ။ အဲဒီလို ဖြစ်လာနိုင်တယ်လို့ ကျမ ထင်တယ်။ ရွေးကောက်ပွဲရလဒ်ကိုတော့ စောင့်ကြည့်ရအုံးမှာပေါ့။ ဒါပေမဲ့ နောင်တက်လာမယ့် အစိုးရအပေါ်မှာ တိုင်းရင်းသား ပဋိပက္ခ ပြေလည်ရေး၊ ဖိအားတွေ အများအပြား ကျရောက်လာနိုင်ပါတယ်။ ဦးသိန်းစိန် အစိုးရက (၅) နှစ်လုံးလုံး ဒီပြဿနာ ပြေလည်ရေးအတွက် အပြင်းအထန် ကြိုးစားခဲ့ပေမယ့် မပြေလည်သေးပါဘူး။ ဒါကြောင့်မို့ နောက်တက်လာမယ့် အစိုးရလက်ထက်မှာ ဖိအားတွေ ပိုပြီးတော့ ပြင်းထန်လာနိုင်ပါလိမ့်မယ်။ အပစ်အခတ် ရပ်စဲရေးဟာ ပြဿနာ ပြေလည်ရေး၊ ငြိမ်းချမ်းရေးအတွက်ပါ လုပ်ဆောင်ဖို့ လိုအပ်လာပါလိမ့်မယ်။ တိုင်းရင်းသားပါတီတွေ ရွေးကောက်ပွဲမှာ အခြေအနေ သိပ်မကောင်းလှရင်တောင်မှ ဒီအတွက် နိုင်ငံတကာ ဖိအားတွေ၊ ပြည်တွင်းဖိအားတွေ လာပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ဒီပြဿနာက တနိုင်ငံလုံး ကြီးပွားဖွံ့ဖြိုးရေးအတွက် အထူးပဲ ထိခိုက်နစ်နာစေလို့ပါ။

ဦးကျော်ဇံသာ ။ ။ တိုင်းရင်းသားပြဿနာ ပြေလည်ဖို့အတွက်ဆိုရင် နိုင်ငံရေးအရ တိုင်းရင်းသားဒေသတွေကို လုပ်ပိုင်ခွင့် ပိုမိုပေးအပ်ဖို့နဲ့ တိုင်းရင်းသားဒေသကထွက်တဲ့ သယံဇာတပေါ်ကရတဲ့ အခွန်တွေကို ပြန်လည်ခွဲဝေပေးရေး ဒီကိစ္စ နှစ်ခုမှာ ဘယ်အချက်က ပိုပြီးအရေးကြီးတယ်လို့ ထင်ပါလဲ။ ဘယ်ဟာကို အရင် ကိုင်တွယ်သင့်သလဲ။

Dr. Christina ။ ။ ဒီနှစ်ချက်က အတူယှဉ်တွဲနေတယ်လို့ ထင်ပါတယ်။ ဥပမာဆိုရင် တိုင်းရင်းသားတွေအနေနဲ့ သူတို့ဒေသ သယံဇာတတွေက ရရှိတဲ့ ဘဏ္ဍာငွေ တချို့တဝက်ကို ရရှိထားတယ် ဆိုပါစို့။ ဒါပေမဲ့လဲ အခုလက်ရှိ အခြေအနေမှာလို ပြည်နယ်ဝန်ကြီးချုပ်က ဗဟိုကနေ ခန့်အပ်တဲ့ ဝန်ကြီးချုပ် ဖြစ်နေရင် ပြဿနာက ပြေလည်မှာ မဟုတ်ပါဘူး။ အခုလက်ရှိမှာဆိုရင် သမ္မတအနေနဲ့ ပြည်နယ်လွှတ်တော်ကဖြစ်စေ၊ စစ်တပ်ကလူကိုဖြစ်စေ ဘယ်သူကိုမဆို တိုင်းရင်းသားဒေသတွေမှာ ဝန်ကြီးချုပ် ခန့်ထားနိုင်ပါတယ်။ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်တွေမှာ စစ်ဗိုလ်တွေကို ခန့်အပ်ခဲ့ပါတယ်။ ဒေသခံ တိုင်းရင်းသားတွေ၊ အများစုသော တိုင်းရင်းသားတွေက ဒီဝန်ကြီးချုပ်ဟာ သူတို့ အကျိုးစီးပွားကို ကိုယ်စားမပြုနိုင်ဘူးလို့ ယူဆစရာ ဖြစ်နေပါတယ်။ ရရှိတဲ့ အခွန်ငွေတချို့ကို မကိုင်တွယ်ဘဲ ရှိသည့်တိုင်အောင် ဒီတိုင်းရင်းသားတွေရဲ့ ဆန္ဒနဲ့အညီ သုံးစွဲပါမယ့်ဆိုတာမျိုး ရှိနေပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒီနေရာမှာ တိုင်းရင်းသားလွှတ်တော်တွေ ရှိနေရဲ့သားနဲ့ သူတို့ဒေသက ဝန်ကြီးချုပ်ကို သူတို့ကိုယ်တိုင် လွှတ်တော်ကိုယ်စားလှယ်အမတ်တွေ ရွေးချယ်ခွင့် မပေးတာ ဘာသဘောလဲ။ ဗဟိုအစိုးရက ဒါကို ဘာကြောင့် ထိန်းချုပ်ထားသလဲ ထင်ပါလဲ။

Dr. Christina ။ ။ ဗမာပြည်မှာက တင်းမာမှုတွေ ရှိပြီးတော့ ပြိုကွဲမလားဆိုတဲ့ စိုးရိမ်မှုတွေက ကာလတာရှည် ဖြစ်လာတဲ့ကိစ္စပါ။ အထူးသဖြင့် စစ်တပ်မှာ စိုးရိမ်မှုတွေ ရှိနေပါတယ်။


ဦးကျော်ဇံသာ ။ ။ ဒါက အခြေအမြစ် မရှိတဲ့ စိုးရိမ်မှုပေါ့။

Dr. Christina ။ ။ ဟုတ်ပါတယ်။ အခြေအမြစ် မရှိတဲ့ စိုးရိမ်စိတ်ပါ။ ပြည်နယ်ဝန်ကြီးချုပ်ကို သူတို့ ရွေးကောက်တင်မြှောက်ရုံနဲ့ ဒီပြည်နယ်ဟာ လွတ်လပ်တဲ့ နိုင်ငံ ဖြစ်မသွားနိုင်ပါဘူး။ ဒီနေ့ခေတ်မှာ ဒီလို စိုးရိမ်စိတ်မှုက အခြေအမြစ် မရှိပါဘူး။ တချိန်တည်းမှာ တိုင်းရင်းသားပြည်နယ်တွေနဲ့ တိုင်းရင်းသားဒေသ အစိုးရတွေက လူများစု ဗမာတွေနဲ့ ဗဟိုအစိုးရထက် အဆင့်နိမ့်တယ်ဆိုတာမျိုး မလုပ်ဖို့လဲ အရေးကြီးပါတယ်။ ပူးတွဲလုပ်ဆောင်နေသူအချင်းချင်းဆိုတဲ့ သဘောမျိုး ဖြစ်သင့်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အထူးသဖြင့် အစိုးရစစ်တပ်ဟာ တိုင်းရင်းသားဒေသတွေကို သူတို့ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေတွေလို့ သဘောထားတယ်လို့ ပညာရှင်တချို့က သုံးသပ်ကြပါတယ်။ ပြီးတော့ ဗမာလူမျိုးတွေ၊ ဗမာလူမျိုးတချို့ပေါ့ chauvinist ခေါ်တဲ့ လူမျိုးကြီးဝါဒ အမြင်နဲ့ တိုင်းရင်းသားတွေကို နှိမ့်ချခွဲခြား ဆက်ဆံတယ်ဆိုတဲ့အမြင် တိုင်းရင်းသားတချို့မှာ ရှိကြပါတယ်။ ပညာရှင်တယောက်အနေနဲ့ ဒီကိစ္စကို ဘယ်လို သဘောရပါလဲ။

Dr. Christina ။ ။ ဒီလိုအဖြစ်မျိုးကို လူအများစု လူမျိုးကြီးနဲ့ လူနည်းစု တိုင်းရင်းသားတွေရှိတဲ့ နိုင်ငံတိုင်းလိုလိုမှာ တွေ့ရပါတယ်။ ကိစ္စတော်တော်များများမှာ ဒါဟာ လူမျိုးကြီးတွေက ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ဆောင်ထားတာ မဟုတ်ပါဘူး။ ငါတို့ လုပ်နေတဲ့ လုပ်ရပ်က ဟုတ်တန်ကောင်းတဲ့ဆိုတာနဲ့ လုပ်နေတာပါ။ ဒါပေမဲ့လဲ တိုင်းရင်းသားတွေဘက်ကတော့ ဒါက ခွဲခြားဆက်ဆံတယ်။ နှိမ်တယ်ဆိုတဲ့ ခံစားချက် ဖြစ်နေပါတယ်။ မင်းတို့အတွက် ကောင်းအောင်ပဲ လုပ်နေတာ၊ ငါတို့အတွက် မကောင်းဘူးဆိုတဲ့သဘောပါ။ ဒါကြောင့်မို့ ဒီကိစ္စမျိုးတွေ လူမျိုးကြီး လူအများစုတိုင်း သတိပြုရမယ့်ကိစ္စပါ။

ဦးကျော်ဇံသာ ။ ။ ဒီနေရာမှာ မြန်မာနိုင်ငံကို အိန္ဒိယနဲ့ နှိုင်းယှဉ်ကြည့်ပါတယ်။ အိန္ဒိယနဲ့ မြန်မာဟာ ဗြိတိသျှ ကိုလိုနီအုပ်ချုပ်ရေးအောက်မှာ အတူတကွ နေခဲ့ကြတယ်။ ဒီမိုကရေစီစနစ် အပါအဝင် နိုင်ငံရေး အသိပညာတွေလည်း အဲဒီကပဲ ရခဲ့ကြတယ်။ ဒါပေမဲ့ ဒီကနေ့ အိန္ဒိယကို ကြည့်လိုက်ရင် အိန္ဒိယဟာ ပိုပြီးတော့ ငြိမ်းချမ်းသာယာတယ်။ ဒီမိုကရေစီဆန်တယ်။ ထွန်းကားတယ်။ နောက်ပြီးတော့ ပြည်ထောင်စုစနစ်လည်း တည်ဆောက်နိုင်တယ်လို့ ထင်ပါတယ်။ တကယ်တော့ မြန်မာနိုင်ငံထက် အိန္ဒိယမှာက လူမျိုးစု ကွဲလွဲမှုတွေက ပိုတောင်များသေးတယ်။ အဲဒါ ဘယ်လိုကြောင့် ကွာဟနေတယ်လို့ ထင်ပါလဲ။

Dr. Christina ။ ။ ဟုတ်ပါတယ်။ အိန္ဒိယမှာ ယေဘုယျအားဖြင့် ဖယ်ဒရယ်စနစ်ကို ကျင့်သုံးနေပါတယ်။ ဒါပေမဲ့ အိန္ဒိယနိုင်ငံရဲ့ ဗဟိုအစိုးရက အမေရိကန်နိုင်ငံ ဗဟိုအစိုးရထက် အာဏာတွေ ပိုယူထားပါတယ်။ မြန်မာနိုင်ငံထက် ယှဉ်ရင်တော့ အိန္ဒိယက ပြည်နယ်တွေက မြန်မာနိုင်ငံက ပြည်နယ်တွေထက် အာဏာတွေ၊ အခွင့်အရေးတွေ အများကြီး ရရှိထားတာ ဖြစ်ပါတယ်။ နောက်ပြီးတော့ မြို့နယ်အဆင့်ကနေ ပြည်နယ်အဆင့်အထိ အုပ်ချုပ်ရေးအရာရှိတွေကို ဒေသခံလူထုက ရွေးကောက်တင်မြှောက်ခွင့် ရကြပါတယ်။ ပြည်နယ်အစိုးရကပဲ ပြည်နယ်ရဲတပ်ဖွဲ့ကို ချုပ်ကိုင်ပါတယ်။ တရားရုံးတွေကို ပြည်နယ်က ချုပ်ကိုင်တယ်။ ငါးလုပ်ငန်းတွေ၊ စက်မှုလုပ်ငန်းတွေကို ပြည်နယ်အစိုးရက ချုပ်ကိုင်ပါတယ်။ တိုင်းရင်းသားပြည်နယ်က မူလတန်းကျောင်းတွေမှာ သက်ဆိုင်ရာ ဘာသာစကားကို ဟိဒီ၊ အင်္ဂလိပ်စာတွေနဲ့အတူ သင်ရပါတယ်။

ဦးကျော်ဇံသာ ။ ။ တချို့ကလဲ မြန်မာနိုင်ငံကို အိန္ဒိယထက် အင်ဒိုနီးရှားနဲ့ ပိုပြီးတော့ နှိုင်းယှဉ်ချင်ကြပါတယ်။ အင်ဒိုနီးရှားမှာ ဖယ်ဒရယ်စနစ်က ဘယ်ပုံဘယ်နည်း ဘယ်လောက်အထိ အလုပ်ဖြစ်နေလဲဆိုတာကို သုံးသပ်ပြပါ။

Dr. Christina ။ ။ အင်ဒိုနီးရှား ပုံစံကတော့ တိုင်းရင်းသားပြည်နယ်တွေကို သိပ်ပြီးတော့ မစွဲဆောင်နိုင်ပါဘူး။ အင်ဒိုနီးရှားမှာ နိုင်ငံရေးပါတီတွေအားလုံးက ပြည်လုံးကျွတ်ပါတီတွေ ဖြစ်ဖို့ လိုအပ်ပါတယ်။ ဒေသတွင်းပါတီ မဖြစ်ပါဘူး။ အားချေးပြည်နယ်တခုပဲ ချွင်းချက် ဖြစ်ပါတယ်။ အားချေးနဲ့ ငြိမ်းချမ်းရေး သဘောတူညီမှု လုပ်တုန်းက တိုင်းရင်းသားပါတီ ဖွဲ့ပြီးတော့ ဒေသတွင်းနဲ့ ပြည်နယ်တွင်း ရွေးကောက်ပွဲဝင်ခွင့် ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာပြည်မှာလိုပဲ။ ဒါပေမဲ့ ပြည်ထောင်စုအဆင့်မှာတော့ ဝင်ပြိုင်ခွင့် မရှိပါဘူး။ အဲဒီစနစ်ကတော့ မြန်မာပြည်က တိုင်းရင်းသားတွေ လက်ခံနိုင်မယ့် စနစ်တော့ မဟုတ်ပါဘူး။


ဦးကျော်ဇံသာ ။ ။ ဆိုတော့ မြန်မာနိုင်ငံမှာ တိုင်းရင်းသား ပြဿနာကို မဖြေရှင်းနိုင်ဘဲနဲ့ ဒီမိုကရေစီ အပြည့်အဝ ထွန်းကားလိမ့်မယ်လို့ မျှော်လင့်နိုင်ပါလား။

Dr. Christina ။ ။ မြန်မာနိုင်ငံမှာတော့ စစ်တပ်က နိုင်ငံရေးမှာ ဒီလောက်ထိ ကြီးကြီးမားမား နေရာယူနေသရွေ့ ဒီမိုကရေစီ အပြည့်အဝ မထွန်းကားနိုင်ပါဘူး။ ဒီမိုကရေစီဆိုတာ ပုံစံအမျိုးမျိုးနဲ့ ရှိပါတယ်။ နိုင်ငံတိုင်းမှာ ကိုယ့်ပုံစံကိုယ်ရွေး ကိုယ့်သမိုင်း ကိုယ့်အခြေအနေနဲ့ လိုက်လျောညီထွေရှိမယ့် အဆောက်အအုံတွေနဲ့ ဖွဲ့စည်းထူထောင်ကြရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း ဒီမိုကရေစီ ဖြစ်ထွန်းနိုင်ပါတယ်။ ဒါပေမဲ့လဲ တည်ငြိမ်မှု၊ ငြိမ်းချမ်းမှု ရရှိဖို့က တိုင်းရင်းသား ပြဿနာကို ဖြေရှင်းရမှာ ဖြစ်ပါတယ်။ စစ်တပ်ကလဲ ငြိမ်းချမ်းရေး တကယ်မရသေးရင် နောက်ဆုတ်မှာ မဟုတ်ပါဘူး။ အထူးသဖြင့် တိုင်းရင်းသားအစိုးရအနေနဲ့ တိုင်းရင်းသားတွေ ခွဲမထွက်ဘူးဆိုတာ ယုံကြည်လက်ခံမှု မရှိရင် ပြန်ဆုတ်မှာ မဟုတ်ပါဘူး။

ဦးကျော်ဇံသာ ။ ။ သာမန်လူတချို့က ထိုင်းနိုင်ငံဟာ တချိန်တုန်းက ငါတို့မြန်မာနိုင်ငံရဲ့ အရှေ့ကို ရောက်နေတယ်။ အခု ငါတို့ မြန်မာနိုင်ငံဟာ ထိုင်းနိုင်ငံရဲ့ အရှေ့ကို ရောက်သွားပြီးလို့ ဆိုကြတယ်။ အဲဒါ Christina လက်ခံပါသလား။

Dr. Christina ။ ။ ထိုင်းနိုင်ငံကတော့ စစ်အစိုးရ ဖြစ်လိုက်၊ ဒီမိုကရေစီ ပြန်လာလိုက်နဲ့ တလှည့်စီ ဖြစ်နေပါတယ်။ ဒါပေမဲ့လဲ ထိုင်းနိုင်ငံမှာ အင်မတန် အင်အားခိုင်မာတဲ့ အရပ်ဖက် အုပ်ချုပ်ရေး ယန္တရား ရှိနေပါတယ်။ သိပ်ပညာတတ်တဲ့ ဝန်ထမ်းအဖွဲ့အစည်း ရှိပါတယ်။ ထိုင်းနိုင်ငံမှာ စစ်အစိုးရတွေ တက်လာသည့်တိုင်အောင် တိုင်းပြည်ဖွံ့ဖြိုးရေး မူဝါဒကို အုပ်ချုပ်ရေးယန္တရားက လွတ်လွတ်လပ်လပ် အကောင်အထည် ဖော်နိုင်ပါတယ်။ မြန်မာပြည်မှာကြတော့ အုပ်ချုပ်ရေးယန္တရား၊ ဝန်ထမ်းအဖွဲ့အစည်းထဲကို စစ်ဗိုလ်တွေပဲ အမြောက်အမြား ဝင်ရောက်လာကြပါတယ်။ ဆိုတော့ ဝန်ထမ်းအဖွဲ့အစည်းဟာ စစ်တပ်အကျိုးစီးပွား ချဲ့ထွင်မှု ဖြစ်နေပါတယ်။ ဒါဟာ အပေါ်ကနေ အောက်ခြေအဆင့်အထိ ဖြစ်နေတာပါ။ ပြည်သူ့အကျိုး တကယ် ထမ်းဆောင်တဲ့ အရည်အချင်း ပြည့်မီတဲ့ ယန္တရား ဖြစ်အောင်လို့ အချိန်ယူ တည်ဆောက်ရပါအုံးမယ်။