မီဒီယာကို ခြိမ်းခြောက်လာတဲ့ တပ်မတော်

ကချင်ဆရာမနှစ်ဦး ဈာပနာ ရန်ကုန်မှာ ဝမ်းနည်းခြင်းအထိမ်းအမှတ် ချီတက်လမ်းလျှောက် (ဇန်နဝါရီ ၂၃-၂၀၁၅)

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာဆွေးနွေးပွဲ အစီအစဉ်မှာတော့ ကချင်စေတနာ့ဝန်ထမ်း ဆရာမလေး နှစ်ဦး အသတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး တရားခံဟာ တပ်မတော်သားများ ဖြစ်နိုင်ဖွယ်ရာမရှိ၊ တပ်မတော်အား မဟုတ်မမှန် ရေးသားပြောဆိုရင် အရေးယူမယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က သတိပေးလိုက်ပါတယ်။ ဒါဟာ လွတ်လပ်စွာရေးသား ပြောဆိုခွင့် နဲ့ အမှုမှန်ပေါ်ပေါက်ရေးအတွက် အတားအဆီး ဖြစ်စေတယ်လို့ သုံးသပ်သူတွေက ဆိုကြပါတယ်။ ဒီအရေးကိစ္စနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံက အလွတ်သတင်းစာဆရာတွေ ဖြစ်ကြတဲ့ ဦးစည်သူအောင်မြင့်၊ ဦးမင်းထက်ငြိမ်းချမ်း တို့နဲ့ ဦးကျော်ဇံသာ က ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆရာတို့ကို ဒီနေ့ ဖိတ်ခေါ်ရတဲ့အကြောင်းက ကချင်လုပ်အားပေး ဆရာမလေးနှစ်ဦး ရက်ရက်စက်စက် သတ်ဖြတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပါတယ်။ ဒီကိစ္စကို စုံစမ်းစစ်ဆေးနေတယ်။ သံသယရှိမှုတွေ အများကြီးရှိတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ရေးသားနေတဲ့အချိန်မှာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဆီက ပေးပို့တဲ့စာဆိုပြီးတော့ ပေါ်ထွက်လာပါတယ်။ အဲဒီ စာထဲမှာ တပ်မတော်အား မဟုတ်မမှန် ရေးသားပြောဆိုမှုများနဲ့ ပေါ်ပေါက်ပါက တရားဥပဒေနဲ့အညီ အရေးယူခံရမည်ဖြစ်ကြောင်း ဆိုပြီးတော့ သတိပေးခြိမ်းခြောက်တဲ့စာ ရေးထားတာကို တွေ့ရပါတယ်။ ဒီ အစီအစဉ်မှာ ကျနော်တို့ဟာ ဒီပြစ်မှုကို ကျူးလွန်တဲ့ တရားခံ ဘယ်သူဘယ်ဝါဆိုတာ စွပ်စွဲစရာ၊ ပြောဆိုစရာအကြောင်း လုံးဝမရှိပါဘူး။ ဒါပေမဲ့ စစ်ဖက်က တပ်မတော်ဖက်က ဒီလို ရေးသားချက်ကို ဆရာတို့ရဲ့ သဘောထားနဲ့ ညှိနှိုင်းပြီး တင်ပြခြင်း ဖြစ်ပါတယ်။ ဆရာစည်သူအောင်မြင့် ဘယ်လို သဘောရပါလဲ။

ဦးစည်သူအောင်မြင့် ။ ။ ကျနော်လည်း လေ့လာကြည့်တယ်။ လေ့လာကြည့်တယ်ဆိုတာ ဘယ်နည်းဘယ်ပုံနဲ့ ကျနော်တို့ မီဒီယာတွေမှာ ရေးသားဖော်ပြနေသလဲပေါ့။ သူတို့ စွပ်စွဲနေသလို ကျနော်တို့ မီဒီယာတွေထဲမှာလဲ ဖွံ့ဖြိုးလာတာ မကြာသေးတဲ့အခါကြတော့ သေသေချာချာ မီဒီယာကျင့်ဝတ်ကို လိုက်နာပြီးရေးတာ ရှိသလို။ တချို့သောလူတွေရဲ့ ပြောစကား - ပြောစကားဆိုတာက စစ်တပ်နဲ့ ပတ်သက်ပြီးတော့ အဲဒီလို စွပ်စွဲတဲ့ ပြောစကားတွေကို ထည့်သွင်းပြီးတော့ ဖော်ပြတာလည်းရှိတယ်။ ဒါကတော့ သတင်းစာဂျာနယ်တွေက အဲဒီလို သွားစွပ်စွဲတာ မဟုတ်ပေမယ့် စွပ်စွဲတဲ့သူတွေရဲ့ ပြောဆိုတာလည်းရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သတင်းရေးသား ဖော်ပြမှုတွေနဲ့ ပတ်သက်ရင် ရေးစရာရှိတာတွေ ရေးမယ်။ အဲဒီလို ရေးစရာရှိတာတွေ ရေးတဲ့အခါမှာ အားနည်းချက်တွေကတော့ ရှိနိုင်တာပဲ။ အားနည်းချက်ဆိုတာကလဲ မြန်မာပြည် မီဒီယာကို ဘယ်သူက ဖန်တီးထားတာ မဟုတ်ဘူး။ ဒီ စစ်အာဏာရှင်တွေကပဲ ဖန်တီးထားတာ။ သူတို့တွေက နှစ်ပေါင်းများစွာ ပိတ်စို့ထားပြီးတော့ ဟိုဟာမရေးရ၊ ဒီဟာမရေးရ။ ဟိုဟာမလုပ်ရ၊ ဒီဟာမလုပ်ရ အရမ်းကြီးကို တင်းကြပ်ထားတဲ့အခါကြတော့ အခု ရေးဖို့ ခွင့်ပြုလိုက်တဲ့အချိန်မှာ တော်တော်များများက အဆင်သင့် မဖြစ်ဘူး။ ဘယ်သူမှ အတွေ့အကြုံမရှိဘူး။ အများစု အတွေ့အကြုံက အခုမှ (၂) နှစ်ကျော်ကျော်လောက်ပဲ ရှိသေးတယ်။ ဆိုတဲ့အခါကြတော့ ဒီလိုပြဿနာတွေ ပေါ်မှာပဲ။ ပေါ်တဲ့အခါကြရင် ကျနော်တို့ဆီမှာ မီဒီယာဥပဒေလည်း ရှိထားတယ်။ နောက် သတင်းစာကျင့်ဝတ်တွေနဲ့ ပတ်သက်ရင် စာနယ်ဇင်းကောင်စီကို တိုင်းရမယ်ဆိုတာ ရှိတယ်။ ဒီလိုမဟုတ်ဘဲနဲ့ သီးသန့်ကြီး စာထုတ်ပြီးတော့ ဆိုရင်တော့ ဒါကမှန်တယ်။ ဦးကျော်ဇံသာ သုံးသပ်သလို။ ကျနော်တို့လည်း ဒီလိုပဲ ခံစားရတယ်။ ကြိုတင်ပြီးတော့ ခြိမ်းခြောက်တယ်ဆိုတဲ့သဘောမျိုး။ ဒါ မလုပ်သင့်ဘူးလို့ ထင်တယ်။

ဦးကျော်ဇံသာ ။ ။ ဆရာမင်းထက်ငြိမ်းချမ်းရဲ့ သဘောထားလည်း သိပါရစေ။ ဒီစာအပေါ် ဆရာ ဘယ်လို သဘောရပါလဲ။

ဦးမင်းထက်ငြိမ်းချမ်း ။ ။ ဆရာစည်သူ ပြောသလိုပါပဲ။ ဖွံ့ဖြိုးစ မီဒီယာလောက။ စတုတ္ထမဏ္ဍိုင်လို့ တင်စားနေတဲ့ မဏ္ဍိုင် (၃) ခုကို Check and Balance လုပ်ပေးဖို့ဟာကလည်း ဖွံ့ဖြိုးဖို့ လိုပါတယ်။ ဒီ ဖွံ့ဖြိုးဖို့လိုတာက အညွှန့်လေး၊ အညှောက်လေး ပေါက်စမှာ အမှားယွင်းတွေ ရှိနိုင်တယ်။ အတိမ်းအစောင်းလေး ရှိနိုင်တယ်။ သို့သော် စေတနာအားဖြင့်တော နိုင်ငံတော်သစ် တည်ဆောက်ရေးအတွက် ကျနော်တို့ သတင်းသမားတွေ၊ အငယ်တွေ အကြီးတွေ အများစုက ဒီအပေါ်မှာ အမှန်တကယ် စိတ်ဝင်စားမှုရှိတယ်။ တချို့ အတွေ့အကြုံအရ အားနည်းချင် အားနည်းလိမ့်မယ်။ ဒီလို သတင်းမျိုးတွေကိုလည်း တတ်နိုင်သမျှတော့ တိုက်ကြီးတွေက အယ်ဒီတာတွေက ကြပ်ကြပ်မတ်မတ် စစ်ဆေးပြီးမှ ရေးကြဖော်ပြကြတာပါ။ ဒီတော့ ဒီအပေါ်မှာ စေတနာထားမယ်။ သတိထားပါမယ်။ ဒါက မူလကတည်းကရှိတဲ့ ကျင့်ဝတ်အရရော၊ ရေးနည်းသားနည်း ထုံစံတွေအရကော။ အထူးသဖြင့် တပ်မတော်က အကဲဆတ်တတ်တဲ့ သဘောသဘာဝရှိတာကို ကျနော်တို့ တလျှောက်လုံး ခံစားခဲ့ရတဲ့အခါကြတော့ ဒါကို ပြည်သူတွေ လက်လွတ်စပယ် မရေးပါဘူး။ သို့သော် ဒီရေးတဲ့အထဲမှာ သူနဲ့ သဘောချင်းမမျှချင်းအားဖြင့် တချို့နေရာမှာ ဒီလို ရှေ့ကနေ ပိတ်စို့ကာဆီးထားမယ်ဆိုရင် နောက်တချက်က ဖွံ့ဖြိုးဖို့ ကြိုးစားနေတဲ့။ ဖွံ့ဖြိုးအောင် အားပေးရမယ့် စတုတ္ထမဏ္ဍိုင်ကို လက်ရှိ အနေအထားမှာဆိုရင် စာနယ်ဇင်းကောင်စီ (ယာယီ) ရှိနေတယ်။ စာနယ်ဇင်းကောင်စီ (ယာယီ) ကတဆင့် သွားကြဖို့။ အဲဒီလိုမှ မရဘူးဆိုရင်တော့ ကာယကံရှင်တွေက တိုက်ရိုက်ဆိုတာမျိုးတွေ ကျနော်တို့ ပြောဆိုခဲ့ပြီးပြီပဲ ဒါတွေလဲ အားလုံး သိသင့်သလျောက် သိကြတယ်။ ဒီအပေါ်မှာ အင်မတန် စိုးရိမ်ကြီးပြီး အခုလို စကားလုံး စကားရပ်တွေနဲ့ ဆိုရင်တော့ဖြင့် ကျနော်တို့ သတင်းသမားတွေအဖို့တော့ အတော်လေး ခြိမ်းခြောက်သလိုမျိုးတော့ ခံစားရတာ အမှန်ပါပဲ။

ဦးကျော်ဇံသာ ။ ။ ကျနော် တခု စဉ်းစားမိတာက လူတွေက အထူးသဖြင့် activists တချို့၊ ကချင်ဒေသခံတချို့ကတော့ ဘယ်သူ လက်ချက်ဖြစ်တယ်ဆိုတာကို တိတိကျကျ ပြောတဲ့သဘောမျိုး တွေ့ရပါတယ်။ ဒါပေမဲ့ သတင်းသမားတွေထက် ကမ္ဘာမှာ အရေးအကြီးဆုံး ကုလသမဂ္ဂကိုယ်၌က ဒီဟာကို သူတို့ပြောတဲ့အတိုင်း လိုက်နာပြီးတော့ ရေးသားပြောဆိုစွပ်စွဲနေကြတယ်။ ကျူးလွန်တဲ့လူကို ဖော်ထုတ်ပါ။ အာဏာပိုင်တွေက အကာအကွယ် မပေးပါနဲ့ ဘာညာဆိုပြီးတော့ ကုလသမဂ္ဂကိုယ်တိုင် ပြောနေကြတာ ဖြစ်ပါတယ်။ ဆိုတော့ သတင်းသမားတွေက ဒီလူတွေ ပြောတာလောက်၊ ရေးတာလောက်ကို အပြစ်ယူစရာလားဆိုတာလဲ စဉ်းစားစရာ ဖြစ်မနေဘူးလား။

ဦးစည်သူအောင်မြင့် ။ ။ ပြည်သူတွေ သံသယဖြစ်တယ်ဆိုတာကလဲ မဆန်းတော့ မဆန်းဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပြည်မှာ နဝဒေးတံတားအောက်မှာ တပ်မတော်သားက သံသယဖြစ်တယ်။ ဖမ်းဆီးတဲ့အဆင့်တောင် ရောက်သွားပြီ။ နောက်တော့ အဲဒီအမှုနဲ့ ပတ်သက်ပြီးတော့ တပ်မတော်သားလည်း ပျောက်သွားတယ်။ အမှုမှန်လဲ မပေါ်ဘူး။ ဒီနေ့အချိန်အထိ မပေါ်ဘူး။ အဲဒီ ကိစ္စမှာလဲ အခုနတုန်းကလို အာဏာပိုင်ဆိုတာ။ တကယ်တော့ ပြည်ထဲရေးဝန်ကြီးဌာနဆိုတာလဲ တပ်မတော်က ထိန်းချုပ်ထားတဲ့ ဝန်ကြီးဌာန။ ဟိုဖက်က စစ်တပ်ဆိုတာလဲ တပ်မတော်ပဲ။ ဆိုတော့ အဲဒီမှာလဲ အဲဒီလို ဖြစ်ခဲ့တယ်။ ပြီးတော့ ကိုပါကြီး အသတ်ခံရတဲ့ကိစ္စ။ အဲဒီမှာလဲ လူတယောက်ကို ဖမ်းမိတယ်။ တရားဥပဒေ စိုးမိုးတဲ့နေရာမှာ ဖမ်းမိတယ်။ ရဲစခန်းနားမှာ ဖမ်းမိတဲ့ လူတယောက်ကို အဆင့်ဆင့်သော စစ်တပ်တွေကို ပြန်လွှဲပေးတယ်။ ပြီးတော့မှ နောက် ရှေ့တန်းကို ပို့ပြီးမှ ပစ်သတ်လိုက်တဲ့အဆင့်ကို ရောက်သွားတယ်ဆိုတဲ့ ကိစ္စကလဲ စစ်တပ်က လုပ်ချင်တာလုပ်နေတယ်။ ဒါနဲ့ ပတ်သက်လို့ အရေးယူတာတွေလဲ မရှိ။ စနစ်တကျ အရပ်ဖက်ကို လွှဲတာတွေလဲ မရှိ။ ဘယ်သူ့စကားမှလဲ နားမထောင်ဘူး။ ဒီဟာနဲ့ ပတ်သက်ရင် လူ့အခွင့်အရေး ကော်မရှင်ကတောင် ပြောတာပဲ။ မြန်မာနိုင်ငံလူ့အခွင့်အရေး ကော်မရှင်က အရပ်ဖက်အဖွဲ့အစည်းမှာ စုံစမ်းစစ်ဆေးသင့်တယ်။ တရားစွဲသင့်တယ်ဆိုပြီး သူတို့ပြောတာ။ ဒါတွေလဲလုပ်တာ မရှိဘူး။ မရှိတဲ့အခါကြတော့ သံသယတွေ များတာပေါ့။ သံသယတွေများတယ်။ နောက်တခုက ဒီရက်ပိုင်း ထွက်လာတဲ့ သတင်းတွေထဲမှာဆို တပ်မတော်သားတွေနဲ့ ပတ်သက်လို့ ဘာတွေထွက်လာလဲဆိုရင် ဇန်နဝါရီလ (၂၃) ရက်နေ့က နောင်ချို အေရှားဝေါလ်ဂိတ်မှာ ဗိုလ်ကြီးဟိန်းသီဟဇော်ဆိုတာ တပ်မတော်သားတယောက်။ တပ်မတော်အရာရှိတယောက်။ နောက် တပ်ကြပ်ကြီးသူရအောင်နဲ့ ယာဉ်တန်းကြီး ယာဉ်စုစုပေါင်း (၁၇) စီးလောက်ပါတဲ့ ယာဉ်တန်းကြီးကို စစ်တပ်ပိုင်း ပစ္စည်းတွေဆိုပြီး မှောင်ခိုတွေချတာ အကြီးအကျယ်။ ဆိုတော့ တပ်မတော်သားတွေ ဒါမျိုးတွေလုပ်တယ်။ ဒီလောက်လားဆိုတော့ မကသေးဘူး။ ပြီးခဲ့တဲ့ ရက်ပိုင်းကဆိုရင်လဲ ကရင်ပြည်နယ်မှာ စိတ်ကြွဆေးပြားတွေ မိတယ်။ မိတဲ့အခါကြတော့ အဲဒီမှာ ရောင်းတဲ့လူက ဘယ်သူလဲဆိုတော့ ခမရ (၂၀၁) က ဗိုလ်ကြီးသက်ထူးလွင်ဆိုတာ။ ဆိုတဲ့အခါကြတော့ ဒီလို အမှုအခင်းတွေက တပ်မတော်သားတွေ ကျူးလွန်တဲ့အခါရှိတော့ အခုတုန်းက ကိစ္စမျိုးတွေမှာ လူတွေသံသယဖြစ်တဲ့ ဆိုတဲ့ကိစ္စက အဆန်းတကျယ်တော့ မဟုတ်ဘူး။ သံသယတွေများတယ်။ အဲဒီဟာကို စာနယ်ဇင်းတွေက ရေးတယ်။ စာနယ်ဇင်းတွေမှာလဲ မပြည့်စုံသေးတဲ့အခါကြတော့ အားနည်းချက်တွေကတော့ ရှိမှာပဲ။ ဒါကို ကြိုပြီးတော့ ခြိမ်းခြောက်တယ်ဆိုတဲ့ဟာက မဖြစ်သင့်ပါဘူး။

ဦးကျော်ဇံသာ ။ ။ ဆရာမင်းထက်ငြိမ်းချမ်း လူထုရဲ့ သဘောထား ဘယ်လို ရှိနေကြပါလဲ။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဘယ်ဖက်ကို ပြောချင်ကြလဲ။ ဘယ်လို ရှိနေကြလဲ။ နည်းနည်းပြောပြပေးပါ။

ဦးမင်းထက်ငြိမ်းချမ်း ။ ။ အဓိကတော့ အဲဒီရက်မှာတော့ မြို့ခံလူထုအားလုံးတော့ မသိလိုက်ဘူးပေါ့။ အထူးသဖြင့် ကချင်လူမျိုးများနဲ့ ခရစ်ယာန်အသိုင်းအဝိုင်းတွေကတော့ တော်တော်များများ သိပြီးတော့မှ အဲဒီမှာ အောင်ပင်လယ်က ဘုရားကျောင်းမှာ လာပြီးတော့ စောင့်ကြိုပြီးတော့ ဝတ်ပြုဆုတောင်းကြပါတယ်။ အဲဒီမှာ တချို့ပန်းခွေတွေမှာ ရေးထားတာပဲ ခမရ (၁၅၃) လား ရေးကိုရေးထားတယ်။ အဲဒီတော့ လူထုကတော့ သူတို့ သိသလောက် စွပ်စွဲပြီးတော့ ပြောဆိုတာရှိတယ်။ ကျနော်တို့ မီဒီယာတွေက ဒီအပေါ်မှာ ဒီလို နမိတ်ပြပြီးတော့ မရေးကြပါဘူး။ သို့သော်လဲ ဒေသခံတွေရဲ့ သဘောထား။ ဒေသခံတွေရဲ့ စိုးရိမ်ပူပန်မှု၊ သံသယယူဆတာတွေကတော့ လက်တွေ့ဖြစ်ရပ်တွေအဖြစ် ဖော်ပြကြမှာပဲ။ ဒီလို ဖော်ပြကြတဲ့အခါ အခုလို လူထုရဲ့ သဘောထားကတော့ စိုးရိမ်တယ်။ သူတို့အပေါ် သံသယရှိတယ်။ အနီးဆုံးက အဲဒီနေ့မှာ တပ်စခန်းချတယ် စသဖြင့် ဒီအချက်အလက်တွေကတော့ ရှိတယ်။ ဒီအချက်အလက်တွေကို ရေးသားခြင်းက စွပ်စွဲတာ မဟုတ်ပါဘူး။ လက်ရှိ အခြေအနေက ဒီလိုဖြစ်နေတယ်ဆိုတာကို ပြောပြီးတော့ သက်ဆိုင်ရာ တရားစီရင်ရေး၊ စုံစမ်းဖော်ထုတ်ရေးတွေက အမြန်ဆုံး ဖော်ထုတ်ဖို့ အဓိကကျပါတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော် တခုဆက်မေးချင်တာက အခုလောလောဆယ်မှာ တပ်မတော်က ထိရောက်တဲ့စာ ထွက်ပေါ်လာပြီးတဲ့နောက်မှာ မီဒီယာတွေက ဒီအမှုကို ရေးသားတဲ့အခါမှာ သူတို့ လွတ်လွတ်လပ်လပ် ရေးသားဖော်ပြကြပါသလား။ သူတို့ သုံးသပ်ချက်တွေ။ လူတွေရဲ့ တင်မြင်ယူဆချက်တွေ ဖော်ပြပြီး ရေးသားကြပါလား။

ဦးစည်သူအောင်မြင့် ။ ။ အခုနောက်ပိုင်းမှာ ကျနော် ကြည့်တဲ့အခါကြတော့ သေသေချာချာ ရေးကြတယ်။ အဲဒီဟာ မတိုင်ခင်ကတည်းက ဘာဖြစ်လို့လဲဆိုတော့ ပဋိပက္ခပြဿနာတွေနဲ့ ပတ်သက်ပြီးတော့ သတင်းစာပညာ သင်တန်းတွေကို ပြီးခဲ့တဲ့နှစ်ထဲမှာ တော်တော်လေးကို လုပ်ဖြစ်တယ်။ လုပ်ဖြစ်တဲ့အခါကြတော့ ရေးတာသားတာတွေလဲ အများကြီး တိုးတက်လာတယ်။ ၂၀၁၄ အတွင်းမှာ သတင်းမီဒီယာတွေထဲမှာ။ ဆိုတဲ့အခါကြတော့ လက်လွတ်စပယ်ရှိတာကတော့ နည်းနည်းပါးပါးတော့ ရှိတယ်။ ဒါပေမဲ့ အများစုကြီး ပင်မရေစီးကြောင်းကတော့ အဲဒီလို မဟုတ်ပါဘူး။ သေသေချာချာ ရေးကြပါတယ်။ အခုနောက်ပိုင်းမှာ ပိုတောင်သတိထားပါတယ်။ ရေးတာကတော့ ရေးပါတယ်။ ဒီအမှု အခုထိ မပေါ်သေးဘူး။ မပေါ်သေးတဲ့အခါကြတော့ ရဲစခန်းကို မေးလိုက်တဲ့အခါကြတော့ ရဲစခန်းတာဝန်ရှိသူတွေက ဘယ်လို ပြောတယ်။ ပြီးတော့မှ တခြားသော အမှုသွားအမှုလာတွေက ဘယ်လိုရှိတယ်။ ဘာညာဆိုပြီးတော့ ဒီလိုပဲ ရေးကြပါတယ်။ ကျန်တဲ့ စွပ်စွဲတာတွေ ဘာတွေကတော့ မတွေ့ရပါဘူး။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ ရဲစခန်းက ဆရာစောစောက ပြောသလို ပြည်ထဲရေးဝန်ကြီး လက်အောက်ဆိုတော့ ရဲစခန်းက အမှန်ကို ပြောရဲပါ့မလား။ ဒီ ခြိမ်းခြောက်တဲ့စာဟာ တကယ်ကော သတင်းသမားတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေ ပြောတာမက တရားဥပဒေအရ အကောင်အထည်ဖော်ဖို့ ကြိုးပမ်းနေတဲ့ တရားဥပဒေ ဖော်ဆောင်ရေးအဖွဲ့အစည်း၊ ရဲတပ်ဖွဲ့၊ တရားရုံးတို့ကို ဟန့်တားသလို မရောက်နိုင်ဘူးလား။

ဦးမင်းထက်ငြိမ်းချမ်း ။ ။ အဓိကတော့ တပ်မတော်နဲ့ ကျန်တဲ့ ဌာနဆိုင်ရာတွေမှာလဲ သတင်းသမားတွေအဖို့ အင်မတန်ကိုမှ မေးမြန်းစုံစမ်းရခက်တဲ့ သတင်း source ထဲမှာ ပါပါတယ်။ အခုလိုပဲ ရှေ့ကနေ ဒီလို အမိန့်ညွှန်းကြားလွှာ ထွက်လာပြီဆိုရင်တော့ ဘာပဲဖြစ်ဖြစ် အောက်ခြေအဆင့် ရှိတဲ့ ရဲစခန်းတွေ၊ တရားရုံးတွေဆိုတာကတော့ ဒါကိုဖတ်ထားရင်တော့ ပိုပြီးတွန့်ဆုတ်သွားမှာ။ သတင်းသမားတွေရဲ့ မေးမြန်းချက်တွေမှာ သူတို့ရဲ့ ပြောဆိုချက်တွေ ပါသွားမှာစိုးပြီး တတ်နိုင်သမျှ ဒါကို ဝေ့လည်ရှောင်ပတ် ဖြေကြမှာ။ အဲဒီတော့ ဒီသတင်းကို ကျနော်တို့က နှစ်ထောင်းအားရ ရှိကြတယ်ဆိုပေမယ့် အားပါတရ ရေးကြမှာ မဟုတ်ပါဘူး။ သို့သော်လဲ လူထုသိချင်တဲ့ သတင်းတွေကိုတော့ အချိန်နဲ့အမျှ ဖော်ပြကြမယ်။ အခုဟာက Daily တွေ၊ Online တွေပေါ်တော့ သတင်းတွေက မပြတ်။ အခုပေါ်သွားရင် နောက်ထပ်သတင်းက သိုးသွားပြီ။ နောက်ထပ်သတင်းတပုဒ်က ဝင်လာပြီ။ ဒီလို သွားနေတော့ ဒီအကြောင်းအရာက ဘာပဲဖြစ်ဖြစ် ဒီလမှာ Hot ဖြစ်တဲ့ သတင်းဖြစ်တယ်။ နောက်ပြီးတော့ ဆရာမဆိုတာက ကချင်ပဲပြောပြော၊ ဗမာပဲဖြစ်ဖြစ် ကျောင်းဆရာမဆိုတော့ အာစရိယဆိုတော့ လူထုက တန်းဖိုးထားတဲ့ အတန်းအစားထဲမှာပါတော့ သူတို့ရဲ့ ကိစ္စကို စိတ်ဝင်စားကြမှာပဲ။ စိတ်ဝင်စားနဲ့အမျှ ဒီသတင်းက ရှိနေမယ်။ ဒါကို အမြန်ဆုံးဖော်ထုတ်မှသာ သတင်းမှန်ကို ဖော်ပြလိုက်တာ အကောင်းဆုံးပါ။

ဦးကျော်ဇံသာ ။ ။ နောက်တခုက မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေး လုပ်နေတယ်။ ဒီမိုကရေစီလမ်းကို ချီတက်နေတယ်။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကိုယ်၌က ဒီကိစ္စတွေကို အားတက်သရော ပြောလာတာရှိတယ်။ နိုင်ငံတကာနဲ့ လူ့အခွင့်အရေးကို လိုက်နာလာအောင် သတင်းပေးဖို့ လုပ်နေတယ်။ ဒီလို အခြေအနေမျိုးမှာ တကယ်လို့ အဲဒီ တပ်ထဲက ကိစ္စတရပ် ဖြစ်ခဲ့တယ်ဆိုရင်လဲ လွတ်လွတ်လပ်လပ် ဖော်ပြပြီးတော ဒါကို ဘယ်လိုဖြစ်အောင် ဖြေရှင်းသင့်တယ်ဆိုပြီး လုပ်ပေးလိုက်ခြင်းဖြင့် သူတို့ရဲ့ ပြုပြင်ပြောင်းလဲရေးအတွက် ပိုပြီးတော့ ဂုဏ်သိက္ခာရှိလာမယ်။ တက်လာမယ်လို့ သူတို့ ဘာကြောင့် မတွေးဖြစ်လဲ။ အရင်တုန်းက စိတ်ဓါတ် ငါတို့ကို လုံးဝမထိရဲအောင် လုပ်ပြစ်ရမယ်ဆိုတဲ့ စိတ်ဓါတ်တွေ ဆက်လက်ရှိနေကြလား။ ဒီလူတွေမှာ ဆရာစည်သူအောင်မြင့် ဘယ်လို သုံးသပ်လိုပါလဲ။

ဦးစည်သူအောင်မြင့် ။ ။ ကျနော့် စဉ်းစားချက်ကတော့ သူတို့ရဲ့ အမိန့်ပေးစနစ်။ အထက်က ဘာခိုင်းခိုင်း အမိန့်ပေးတယ်ဆိုရင် လုပ်ရမယ်ဆိုတာကြီးကို ထိခိုက်မယ်ထင်လို့ မလုပ်တာလား ကျနော်တော့ မပြောတတ်ဘူး။

ဦးကျော်ဇံသာ ။ ။ နောက်တခါ တရားစီရင်ရေးကိစ္စနဲ့ ပတ်သက်ပြီးတော့ ဆရာမင်းထက်ငြိမ်းချမ်း စောစောကပြောတယ်။ သူတို့ ရေးထားတဲ့စာထဲမှာ မှုခင်းပိုင်းဆိုင်ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ မျက်မြင်တွေ့ရှိချက်များနဲ့ ပူးပေါင်းဖော်ထုတ်ချက်များအရ တရားခံသည် တပ်မတော်သားများ ဖြစ်နိုင်ဖွယ်ရာ မရှိကြောင်း သုံးသပ်သိရှိရသည်။ တရားဥပဒေအရ မဆုံးဖြတ်ရသေးဘဲနဲ့ သူတို့ထင်ရာကို ဘာကြောင့် ကြိုပြီးတော့ ထုတ်ပြီးတားရသလဲ။ ဒါလဲ စဉ်းစားစရာ မဖြစ်ဘူးလား။

ဦးမင်းထက်ငြိမ်းချမ်း ။ ။ မှန်ပါတယ်။ ကျင့်ဝတ်အရကော ရှိပါတယ်။ ကျနော်တို့ သတင်းလောကမှာ ဆရာကြီးဇဝနတို့ခေတ် ကားတိုက်မှုမှာ တရားရုံးက မဆုံးဖြတ်ခင်မှာ တင်ကူးပြီးတော့ ကြိုတင်ပြီး စာနဲ့ပေနဲ့ ရေးပြလိုက်တဲ့ကိစ္စ။ စာဖတ်သူတွေရဲ့ ရင်မှာ ဆရာကြီးကိုယ်တိုင်က မှန်သည်တဖတ်ကား မှားသည်ယူဆသွားတာကြောင့် တရားရုံးက ဒဏ်တပ်ရိုက်တဲ့ကိစ္စမျိုး ရှိပါတယ်။ အဲဒီတော့ တရားဥပဒေရဲ့ အထက်မှာ ဘယ်သူမှ မရှိရပါဘူး။ တပ်တွင်းကို ပို့တဲ့ ညွှန်းကြားချက်တွေမှာ ဖြစ်နိုင်ပေမယ့် ပြင်ပကို ထုတ်မယ်ဆိုရင်တော့ ဒါကတော့ ဘောင်ကျော်နေတယ်လို့ ယူဆပါတယ်။