သံလွင်မြစ်ဟာ မြန်မာပြည်အရှေ့ပိုင်းရဲ့ အသက်သွေးကြောဖြစ်တာမို့ ရေကာတာ ဆောက်မယ့်စီမံကိန်းကို ဒေသခံတွေ ကန့်ကွက်နေကြတာ ကြာပါပြီ။ သံလွင်ရေကာတာ ဆန့်ကျင်ရေးဟာ နိုင်ငံရေးလှုပ်ရှားမှုလို ဖြစ်လာပါတယ်။ ရှေ့နှစ်မှာ ဖွဲ့စည်းမယ့် အစိုးရသစ် ရင်ဆိုင်ရမယ့် အဓိက ပြဿနာတခု ဖြစ်ပါတယ်။ သံလွင်ရေအားလျှပ်စစ် စီမံကိန်းကို ကန့်ကွက်ကြောင်း အရပ်သားအဖွဲ့အစည်း တစ်ရာကျော်က ဇူလိုင်လ က ကြေညာပါတယ်။ သြဂုတ်လမှာ သံလွင်ရေကာတာ စီမံကိန်း ရပ်ဆိုင်းဖို့ လူ (၂) သောင်းကျော် လက်မှတ်ထိုးတဲ့ ပန်ကြားလွှာကို Action for Shan State Rivers အဖွဲ့က SMEC ကုမ္ပဏီကို ပေးပို့ပါတယ်။
SMEC ဆိုတာ Australia အခြေစိုက် Snowy Mountains Engineering Corporation ဖြစ်ပြီး သံလွင်မြစ်မှာ မိုင်းတုံ ဆည်ဆောက်လို့ သဘာဝပတ်ဝန်းကျင်နဲ့ လူ့အဖွဲ့အစည်းကို ဘယ်လို အကျိုးသက်ရောက်မှု ရှိတယ်ဆိုတာကို လေ့လာဆန်းစစ်နေတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ အစိုးရကလည်း ဒီကိစ္စမှာ ကျွမ်းကျင်တဲ့ နာမည်ကျော် ကြားနေအဖွဲ့အစည်းကို တာဝန်ပေးထားတယ်လို့ ဆိုပါတယ်။ လက်တွေ့ကတော့ SMEC ဟာ ရေကာတာ တည်ဆောက်နိုင်ဖို့ အဓိကထားပြီး ဒေသခံတွေရဲ့ ကန့်ကွက်မှုကို ဂရုမစိုက်ဘဲ အပေါ်ယံအမြင်ကောင်းအောင် လှည့်ဖြားနေတာလို့ ရှမ်းလူမှုရေးအသင်းတွေက စွပ်စွဲထားပါတယ်။
လွန်ခဲ့တဲ့ ဇွန်လက လွှတ်တော်မေးမြန်းခန်းမှာ သံလွင်မြစ်ပေါ်မှာ ရေအားလျှပ်စစ် စီမံကိန်း (၅) ခု အကောင်အထည်ဖော်ဖို့ စီစဉ်နေကြောင်း လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနက ရှင်းပြပါတယ်။ မဂ္ဂဝပ် (Megawatt) (၁၄၀၀) ရှိတဲ့ ကွမ်းလုံ စီမံကိန်း၊ မဂ္ဂဝပ် (၁၂၀၀) ရှိတဲ့ နောင်ဖ စီမံကိန်း၊ မဂ္ဂဝပ် (၇၀၀၀) ရှိတဲ့ မိုင်းတုံ စီမံကိန်း၊ မဂ္ဂဝပ် (၄၀၀၀) ရှိတဲ့ ရွာသစ် ရေကာတာနဲ့ မဂ္ဂဝပ် (၁၄၀၀) ရှိတဲ့ ဟတ်ကြီး စီမံကိန်းစတဲ့ ရေကာတာ (၅) ခု တည်ဆောက်ဖို့ ဖြစ်ပါတယ်။ ဒီအထဲမှာ ကွမ်းလုံဆည် တည်ဆောက်ဖို့ တရုတ်နဲ့ ဖက်စပ်သဘောတူ စာချုပ် လက်မှတ်ရေးထိုးထားပြီးပြီဖြစ်လို့ အကောင်အထည်ဖော်ဖို့ပဲ လိုတော့တယ်လို့ ဆိုပါတယ်။ ကျန်တဲ့ စီမံကိန်း (၄) ခုကတော့ နားလည်မှုစာချွန်လွှာနဲ့ သဘောတူညီမှု စာချွန်လွှာ လက်မှတ်ထိုးတဲ့အဆင့်ပဲ ရှိသေးတယ်လို့ ဆိုပါတယ်။ အကျိုးသက်ရောက်မှုတွေကို လေ့လာပြီးမှ ဖက်စပ်စာချုပ် လက်မှတ်ထိုးဖို့ ရှိပါတယ်။
သံလွင်ရေကာတာထဲမှာ အကြီးဆုံးနဲ့ ကန့်ကွက်ခံရဆုံးဟာ မိုင်းတုံ စီမံကိန်း ဖြစ်ပါတယ်။ ဖြစ်မြောက်နိုင်မှု အစီရင်ခံစာကို အတည်မပြုသေးဘူးလို့ လွှတ်တော်မှာ ဇွန်လက ဖြေကြားသွားတဲ့ မိုင်းတုံ စီမံကိန်းဟာ တာဆန်း ရေကာတာရဲ့ အမည်သစ် ဖြစ်ပါတယ်။ တာဆန်းဆည် စီမံကိန်းကို စစ်အစိုးရခေတ်မှာ စတင်ပါတယ်။ ထုံးစံအတိုင်း မြေယာတွေသိမ်း၊ ရွာတွေရွှေ့ စတာတွေ လုပ်တဲ့အတွက် ကန့်ကွက်လာကြပါတယ်။ သံလွင်ရေကာတာ စီမံကိန်းကြောင့် ၁၉၉၉ မှာ သံလွင်စောင့်ကြည့်ရေးအဖွဲ့ ပေါ်ထွက်လာပါတယ်။ သံလွင်မြစ်ဝှမ်းကို အန္တရာယ်ပေးနိုင်ကြောင်း တင်ပြတဲ့ အစီရင်ခံစာတွေကို ထုတ်ဝေကြပါတယ်။ ၂၀၁၁ မှာ တရုတ် အင်ဂျင်နီယာ (၃) ဦးကို ဒေသခံလက်နက်ကိုင်တစုက (၃) လ ဖမ်းဆီးထိန်းသိမ်းတာကြောင့် တာဆန်း စီမံကိန်းကို ခေတ္တရပ်ဆိုင်းခဲ့ရပါတယ်။ ၂၀၁၃ မှာ မိုင်းတုံအမည်နဲ့ ပြန်ပေါ်လာပါတယ်။
မိုင်းတုံ နဲ့ မိုင်းပန်အကြားက သံလွင်မြစ်ကိုဖြတ်တဲ့ တာဆန်းကူးတိုဆိပ်နေရာမှာ တံတားဆောက်ထားပါတယ်။ ဒီတံတားအထက် ဆယ်မိုင်အကွာမှာ ရေကာတာဆောက်တာကို မိုင်းတုံဆည်စီမံကိန်း (သို့) အထက်သံလွင်စီမံကိန်းလို့ခေါ်တာ ဖြစ်ပါတယ်။ ကျိုင်းတောင်းရေအားလျှပ်စစ်ကြောင့် မိုင်းပန်မြို့မှာ မီးရနေပြီ ဖြစ်ပေမယ့် မိုင်းတုံနဲ့ မိုင်းဆတ်မြို့မှာ လျှပ်စစ်မီး မရသေးတဲ့အတွက် ဆန့်ကျင်ကန့်ကွက်တာမျိုး မရှိအောင်၊ မိုင်းတုံစီမံကိန်းဆိုပြီး အမည်ပြောင်းလိုက်တာ ဖြစ်ပါတယ်တဲ့။ ဒါပေမဲ့ မိုင်းတုံ စီမံကိန်းရဲ့ အဓိက ရည်ရွယ်ချက်က ထိုင်းနိုင်ငံကို လျှပ်စစ်ဓါတ်အားရောင်းစားဖို့ဖြစ်ပြီး ဆယ်ရာခိုင်နှုန်းလောက်သာ ပြည်တွင်းမှာ သုံးစွဲနိုင်ပါလိမ့်မယ်။ တာဆန်းတဖြစ်လဲ မိုင်းတုံဆည် စီမံကိန်းကြောင့် ၁၉၉၆ က စပြီး ရွှေ့ပြောင်းပေးရတဲ့ ရွာပေါင်း (၁၅၀၀) နဲ့ လူဦးရေ (၃) သိန်းလောက်ရှိကြောင်း သိရှိရပါတယ်။
သံလွင်မြစ်အပေါ်ဆုံးက ကွမ်းလုံရေအားလျှပ်စစ်ကို တရုတ် Hanergy နဲ့ Asia World ကုမ္ပဏီတို့ တည်ဆောက်ဖို့အတွက် မြန်မာအစိုးရနဲ့ ဖက်စပ်သဘောတူညီချက် လုပ်ထားပါတယ်။ တရုတ်ကုမ္ပဏီက ဒေါ်လာသန်း (၁) ထောင်ကျော် ရာခိုင်နှုန်းပြည့် ရင်းနှီးမှာဖြစ်လို့ ထုတ်လုပ်တဲ့ လျှပ်စစ်ဓါတ်အား (၁၅) ရာခိုင်နှုန်းကို မြန်မာဘက်က ခံစားခွင့် ရှိပါတယ်။ ကွမ်းလုံ နဲ့ နောင်ဖ စီမံကိန်းဟာ အပစ်ရပ် စာချုပ်လက်မှတ်မထိုးတဲ့ ရှမ်းပြည်မြောက်ပိုင်းတပ်ဖွဲ့ ချုပ်ကိုင်တဲ့ဒေသနဲ့ နီးကပ်ကြောင်း သိရပါတယ်။ မိုင်တုံဆည်ဒေသမှာ အစိုးရတပ်အင်အား (၉၀၀၀) လောက် နေရာချထားရပါတယ်။
သံလွင်ရေကာတာတွေ တည်ဆောက်မယ့် မြစ်ဝှမ်းဒေသမှာ တိုင်းရင်းသားလက်နက်ကိုင်တွေ ရှိနေတာကြောင့် အချိန်မရွေး တိုက်ပွဲဖြစ်နိုင်ပါတယ်။ တိုင်းရင်းသားနဲ့ မြန်မာဗဟိုအစိုးရကြားမှာ သယံဇာတ ခွဲဝေမှုနဲ့ ပတ်သက်ပြီး ဘာသဘောတူညီချက်မှ ရှိသေးတာ မဟုတ်ပါဘူး။ သံလွင်မြစ်ဝှမ်းဟာ ပြတ်ရွှေ့ကြောတွေပေါ်မှာ တည်ရှိနေတာဟာလည်း ငလျှင်အန္တရာယ် စိုးရိမ်ရတယ်လို့ ဘူမိဗေဒပညာရှင်အချို့က သုံးသပ်ပါတယ်။ ငလျှင်လှုပ်ရင် ဆည်ပေါက်လေ့ရှိတာမို့ အသေအပြောက်များတဲ့ သာဓကတွေ ရှိပါတယ်။ လျှပ်စစ်ဓါတ် ရောင်းစားလိုတာနဲ့ ဒီလိုကြီးမားပြီး အန္တရာယ်ရှိတဲ့ စီမံကိန်းတွေကို မဖြစ်မနေ လုပ်ချင်နေတာ သဘာဝမကျဘူးလို့ သုံးသပ်နေကြပါတယ်။