ရခိုင်မြောက်ပိုင်းပြဿနာ ဇစ်မြစ်

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ သုံးသပ်ချက်မှာ ရခိုင်ပြည်နယ်မြောက်ပိုင်း ပြဿနာအပေါ် မြန်မာပြည်သူအများစု အမြင်နဲ့ ပြည်ပအမြင်တွေ ဘယ်လို ကွဲလွဲမှုရှိသလဲ၊ မူဆလင် ဆူပူသောင်းကျန်းမှုတွေ ရှိနေတဲ့ ထိုင်း၊ ဖိလစ်ပိုင်နိုင်ငံတွေ အခြေအနေတွေ နဲ့ မြန်မာအခြေအနေ ကွာခြားမှုတူညီမှုတွေ ဘယ်လိုရှိနေသလဲဆိုတာ အမေရိကန်ပြည်ထောင်စု George Washington တက္ကသိုလ် နိုင်ငံတကာဆက်ဆံရေး ပါမောက္ခ Christina Fink နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

ရှစ်လေးလုံး အရေးတော်ပုံနောက်ပိုင်း မြန်မာ့ဒီမိုကရေးကြိုးပမ်းသူ ကျောင်းသားလူငယ်တွေကို ပညာသင်ကြားပို့ချပေးခဲ့ဘူးတဲ့ Dr. Fink က ရခိုင်မြောက်ပိုင်းပြသနာ ဇစ်မြစ်ကို အခုလိုစတင်သုံးသပ်ပါတယ်...

Dr. Fink ။ ။ ဒီပြဿနာမှာ သမိုင်းနဲ့ဆိုင်တဲ့ အကြောင်းအရာတခုနဲ့ ပတ်သက်နေပါတယ်။ ဗြိတိသျှလက်ထက်မှာတုန်းက တောင်အာရှဒေသက လူတွေကို အခု မြန်မာနိုင်ငံဖြစ်နေတဲ့ ဒေသမှာ အခြေချဖို့ အားပေးခဲ့ပါတယ်။ လွတ်လပ်ရေးရတော့ မြန်မာနိုင်ငံကို သစ္စာရှိတဲ့လူတွေ၊ နိုင်ငံသားဖြစ်နိုင်မယ့် အခွင့်အလမ်း ရှိခဲ့ပေမယ့် ဗြိတိသျှခေတ်မှာ ဝင်လာတဲ့ လူတွေကြောင့် ဒီမတိုင်ခင်က နေလာတဲ့လူတွေ အကျိုးယုတ်စေတယ်၊ နစ်နာရတယ်လို့ အများအပြားက ရှုမြင်ကြပါတယ်။ ဒါကြောင့်မို့ ဗြိတိသျှလက်အောက်မှာ ဝင်လာတဲ့လူတွေကို နိုင်ငံသားတွေနဲ့အတူ အခွင့်အရေး အပြည့်အဝ မပေးသင့်ဘူးလို့ ယူဆခဲ့ကြပြီးတော့ ၁၉၈၂ ခုနှစ်မှာ ဗိုလ်ချုပ်ကြီးနေဝင်း ပြဌာန်းခဲ့တဲ့ နိုင်ငံသားဥပဒေနဲ့အတူ စီးပွားရေးလုပ်ငန်းတွေကို ပြည်သူပိုင် သိမ်းခဲ့တဲ့ လုပ်ရပ်တွေက ဗြိတိသျှခေတ်မှာ ဝင်ရောက်လာတဲ့လူတွေကို ပြည်ပကို ထွက်စေခဲ့ပါတယ်။ မထွက်ခွါတဲ့ လူတွေအဖို့လည်း နိုင်ငံသားဖြစ်ခွင့်ရဖို့ ခက်ခဲသွားစေပါတယ်။ ပြီးတော့ စစ်အုပ်ချုပ်ရေးတလျှောက်လုံးမှာလည်း တောင်အာရှက ဝင်လာတဲ့လူတွေအဖို့ ဟိန္ဒူပဲဖြစ်ဖြစ်၊ မူစလင်ပဲဖြစ်ဖြစ် မြန်မာ့လူ့အဖွဲ့အစည်းမှာ နေရာမရှိဘူး။ အထူးသဖြင့် မူစလင်တွေအတွက် အခက်အခဲ ဖြစ်လာပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီလို လွတ်လပ်ရေး မတိုင်ခင် ဗြိတိသျှခေတ်ကတည်းက ရှိခဲ့တဲ့ လူတွေရဲ့ ပြဿနာထက် အခုလောလောဆယ်မှာ နောက်ပိုင်းဝင်လာတဲ့ လူတွေရဲ့ ပြဿနာက ပိုပြီးတော့ အပူတပြင်းဖြစ်လာတယ်လို့ ထင်ပါတယ်။ ဥပမာဆိုကြပါစို့ ဘင်္ဂလားဒေ့ရှ် လွတ်လပ်ရေးစစ်ပွဲဖြစ်တဲ့ ၁၉၇၁ နောက်ပိုင်းမှာ လူတွေအတော်များများ ဝင်လာတယ်ဆိုတဲ့ အထောက်အထားတွေ တွေ့ရပါတယ်။ ဘဝမလုံခြုံ၊ စီးပွားရေးကလည်း သူတို့ဘက်မှာ ဘဝရပ်တည်ရေး အခက်အခဲကြောင့် ဒီဘက်ကို ပြောင်းရွှေ့လာတဲ့လူတွေ အများကြီးရှိတယ်လို့ ဆိုကြပါတယ်။ ဆိုတော့ ဒီလူတွေရဲ့ ပြဿနာက ပိုပြီးအရေးကြီးတယ် ထင်ပါတယ်။

Dr. Fink ။ ။ ဟုတ်ပါတယ်။ အရေအတွက် ဘယ်ရွေ့ဘယ်မျှဆိုတာ သိဖို့တော့ ခက်ပါတယ်။ ဒါပေမဲ့လဲ ခရစ်နှစ် ၂၀၀၀ ပြည့်မှာ မွေးလာတဲ့လူတွေကို ကြည့်မယ်ဆိုရင် သူတို့ရဲ့ ဘိုးဘွားတဦးဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း (၅၀) လောက်တုန်းက ဝင်လာခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ ဒီလူတွေကို ဟိုတုန်းက ဝင်လာတဲ့လူ၊ အခုနောက်ဝင်လာတဲ့လူဆိုပြီး ခွဲခြားရခက်မယ်လို့ ထင်ပါတယ်။ ၁၉၇၈-၇၉ မှာ စစ်အစိုးရ ရခိုင်ပြည်မြောက်ပိုင်းက မူစလင်တွေကို မောင်းထုတ်ခဲ့တယ်ဆိုတာကိုလည်း သတိရသင့်ပါတယ်။ ၁၉၉၀ ပြည့်လွန်ပိုင်းမှာလည်း အလားတူ လုပ်ခဲ့ပါသေးတယ်။ ဒါကြောင့်မို့ သူတို့ကိုယ်သူတို့ ရိုဟင်ဂျာလို့ သတ်မှတ်သူတွေဟာ သိန်းနဲ့ချီပြီးတော့ မြန်မာပြည်ပြင်ပကို ရောက်ရှိသွားခဲ့တာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ရှစ်နှစ် ပဋိပက္ခတွေ မဖြစ်ခင်ထဲကပါ။

ဦးကျော်ဇံသာ ။ ။ ကျနော် ဒီနေရာမှာ နှိုင်းယှဉ်စဉ်းစားမိတာ တခုကတော့ ဒီလို အနောက်ဘက်က မူစလင်တွေ ဝင်လာသလိုပဲ အရှေ့ဘက်မှာလည်း တရုတ်နယ်စပ်ကနေ တရုတ်တွေ ဝင်တာတာ ရှိပါတယ်။ အဲဒီလို အရှေ့ဘက်က တရုတ်တွေ ဝင်လာတာဟာ ဒီလောက်ထိ ပြဿနာကြီးကြီးမားမား ဖြစ်မလာဘဲနဲ့ အနောက်ဘက်က မူစလင်တွေ ဝင်လာတာက ဘာကြောင့်ပိုပြီးတော့ အရေးကြီးတဲ့ ပြဿနာ ဖြစ်ရသလဲဆိုတာကိုလည်း နှိုင်းယှဉ်ကြည့်သင့်တယ်လို့ ထင်ပါတယ်။

Dr. Fink ။ ။ ဒါဟာ သိပ်ကိုအရေးကြီးတဲ့ မေးခွန်းတခုပါ။ နောက်ပြီးတော့ ဒါက ဘာကိုဖော်ပြနေသလဲဆိုတော့ လူအုပ်စုအတိုင်းအတွက် ပြဿနာ မဖြစ်ပေမယ့်လဲ တချို့သော အုပ်စုတွေနဲ့ကျမှ ပြဿနာ ဖြစ်ရတယ်ဆိုတာ တိုင်းပြည်မှာရှိတဲ့ လူထုအများစုရဲ့ ထင်မြင်ချက် Perception ပေါ်မှာ မူတည်တယ်ဆိုတာပဲ ဖြစ်ပါတယ်။ တရုတ်နယ်စပ်မှာလည်း ကိုးကန့်လိုလူမျိုးတွေ ရှိပါတယ်။ သူတို့ဟာ နိုင်ငံသား ဖြစ်ခွင့်ရှိကြတယ်။ ဒါပေမဲ့လဲ ရိုဟင်ဂျာ ဆိုသူတွေအပေါ်မှာကြတော့ မူဝါဒက ကွဲပြားသွားပါတယ်။ ဒီလိုမျိုး ကွဲလွဲတဲ့ မူဝါဒ ထားရှိတာဟာ ဘာသာရေးကိစ္စလည်း ပါဝင်တယ်လို့ ထင်ပါတယ်။ ဒါဟာ မူစလင် လူဦးရေးဟာ မြန်မာပြည်မှာ ဗုဒ္ဓဘာသာ တည်မြဲရေးကို ခြိမ်းခြောက်နေတယ်ဆိုတဲ့ စိုးရိမ်စိတ် ပေါ်ထွက်လာနေလို့လည်း ဖြစ်နိုင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ ဒီစိုးရိမ်စိတ်ဟာ တကယ် အခြေအမြစ်ရှိတဲ့ စိုးရိမ်စိတ် Reality လို့ ထင်ပါသလား။ ဒါမှမဟုတ် ဒီလို ဖြစ်လာလိမ့်မယ်ဆိုတဲ့ ထင်မြင်မှု Perception လို့ ထင်ပါသလား။ ဘယ်လို သဘောရပါသလဲ။

Dr. Fink ။ ။ တကယ်ဖြစ်မယ်လို့ ယုံကြည်သူတွေအဖို့ ဒါဟာ အစစ်အမှန် Reality လို့ ထင်ပါတယ်။ ဒါပေမဲ့ အပြင်ကလူတွေ အနေနဲ့တော့ အဲဒီလိုမျိုး ရှုမြင်မှု ခက်ခဲပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာပြည်မှာ မူစလင်လူဦးရေက သိပ်ကိုနည်းပါတယ်။ (၄) ရာခိုင်နှုန်းအောက်မှာလည်း ရှိမယ်လို့ ထင်ပါတယ်။ လွန်ခဲ့တဲ့ နှစ် (၃၀-၄၀) အတွင်းမှာ ဒီထက်ပိုများလာတယ်လို့လည်း သန်းခေါင်းစာရင်းမှာ မတွေ့ရပါဘူး။ သူတို့လူဦးရေဟာ အရင်ထက် အတူတူပဲ ရှိနေပါတယ်။ ဒါကြောင့်မို့ တနိုင်ငံလုံးကို ကြည့်မယ်ဆိုရင် ခြိမ်းခြောက်မှု တစုံတရာ မတွေ့ရပါဘူး။ ရခိုင်ပြည်က လူတွေအဖို့တော့ အဲဒီကိစ္စကို စိုးရိမ်ကြတာကို ကျမ နားလည်ပါတယ်။ မူစလင်လူဦးရေဟာ နေ့စဉ်နဲ့အမျှ တိုးပွားလာနေတာပါ။ ဒါပေမဲ့လဲ ဘာသာရေး မတူတဲ့အတွက် အတူမနေနိုင်ဘူးဆိုတာလည်း မဟုတ်ပါဘူး။ တိုင်းပြည်ကို အတူတကွ သစ္စာစောင့်သိကြမယ်ဆိုတာလည်း ဖြစ်နိုင်ပါတယ်။ သူတို့ပြည်နယ်မှာ ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေဟာ အုပ်စုနှစ်ခုစလုံးအတွက် အတူတကွ အကျိုးဖြစ်ထွန်းနိုင်တဲ့ ကိစ္စတွေပါ။

ဦးကျော်ဇံသာ ။ ။ အခုအချိန်မှာ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ စာနာမှု အထောက်အထား Humanitarian Crisis အဲဒီကိစ္စကိုပဲ အဓိကထားပြီး ပြောနေကြပါတယ်။ ဒါက လောလောဆယ် ဖြစ်နေတဲ့ ကိစ္စသာ ဖြစ်ပါတယ်။ တကယ်တမ်း ပိုပြီးနှိုက်ရှိုင်းတဲ့ အခြေခံကိစ္စ၊ အခြေခံပြဿနာတွေကို လူတွေ သိပ်မစဉ်းစားရဘူး။ နိုင်ငံရေးကိစ္စကို သိပ်အလေးအနက် မထားကြဘူးဆိုတာကို လောလောဆယ် တွေ့နေရပါတယ်။ ဘယ်လို သဘောရပါလဲ။

Dr. Fink ။ ။ ရက်သတ္တပတ်နှစ်ခုလောက်အတွင်းမှာ လူပေါင်း လေးသိန်းကျော် တခြားနိုင်ငံကို ထွက်သွားတယ်ဆိုတော့လည်း စာနာမှု ပြဿနာတွေ၊ အတိဒုက္ခတွေ အများအပြား ရှိကြမှာပါ။ ပြီးတော့ ARSA က ဒီရဲစခန်းတွေကို တိုက်ခိုက်တဲ့အတွက် ရခိုင်ပြည်နယ်နဲ့တကွ တပြည်လုံးမှာ ခံပြင်းဒေါသထွက်နေကြမှာလည်း သေချာပါတယ်။ ဒီတိုက်ခိုက်မှုတွေက အန္တရာယ်ကြီးမားတာလည်း အမှန်ပါ။ သိပ်ပြီးတော့ စိုးရိမ်ရပါတယ်။ ဒါကြောင့်မို့ ဒီအချိန်မျိုးမှာ ပိုပြီးတော့ နက်ရှိုင်းတဲ့ နိုင်ငံရေးပြဿနာတွေကို အာရုံစိုက်ဖို့ ခက်ခဲပါတယ်။ ထွက်ပြေးကြရတဲ့လူတွေ ဒီအထဲမှာ မူစလင်၊ ဟိန္ဒူ၊ ရခိုင် တခြားလူမျိုးစုတွေ ဘယ်သူပဲဖြစ်ဖြစ် ပြည်တွင်းပြည်ပ အကြမ်းဖက်မှုတွေကြောင့် ထိခိုက်နစ်နာခဲ့ရတဲ့လူတွေ အားလုံးရဲ့ အတိဒုက္ခတွေကို ဂရုစိုက်ကြရမယ့်အချိန်ပါ။ လူတွေအားလုံး အန္တရာယ်ကင်းပြီးတော့ လုံခြုံမှုရှိပြီ ဆိုမှပဲ ရေရှည်ခံမယ့်အဖြေကို ရှာဖွေကြရမှာ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက် အခုဖြစ်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာက အဓိကထားပြီးတော့ အမျိုးမျိုး ဝေဖန်ပုတ်ခတ် ရှုတ်ချနေကြပါတယ်။ ရွေးကောက်ပွဲ ကာလတုန်းကလည်း NLD ပါတီမှာ တက်ကြွလှုပ်ရှားတဲ့ မူစလင်တွေ အများကြီး ရှိရဲ့သားနဲ့ သူတို့ကို အမတ်ကိုယ်စားလှယ်လောင်းအဖြစ် တယောက်ကိုမှ မရွေးချယ်ခဲ့ဘူးဆိုတဲ့ ကိစ္စလည်းရှိပါတယ်။ တကယ်က ပြည်သူလူထု အများစုကိုယ်က မူစလင်တွေပေါ်မှာ အမြင်စောင်းနေတယ်လို့ ပြောရလေမလား။ အမျိုးဘာသာစွဲတွေက တော်တော်လေး ပြင်းထန်လာနေပါတယ်။ ဆိုတော့ ဒီလို အခြေအနေမျိုးမှာ လူထုရဲ့ သဘောထားကို ဆန့်ကျင်ဖို့၊ အဲဒီလူထုရဲ့ သဘောထားကို ပြောင်းလဲပေးဖို့ နိုင်ငံရေးခေါင်းဆောင်တဦးအနေနဲ့ လွယ်ကူပါ့မလား။

Dr. Fink ။ ။ ဒါက စဉ်းစားရမယ့် ကိစ္စပါ။ စစ်အုပ်ချုပ်ရေးကာလတလျှောက်လုံး မူစလင်ကြောက်စိတ်တွေ၊ ရိုဟင်ဂျာ ဆန့်ကျင်မှုတွေကို မီဒီယာတွေနဲ့ တခြားနိုင်ငံပိုင် ယန္တရားတွေကတဆင့် တောက်လျှောက်ဖြန့်ဖြူးလာခဲ့တာပါ။ တကယ်တော့ ရိုဟင်ဂျာကို မတွေ့ဘူးတဲ့လူတွေ အများကြီးပါ။ ဒါပေမဲ့ သူတို့ကလည်း ရိုဟင်ဂျာဆိုရင် ကြောက်နေကြပါတယ်။ ရိုဟင်ဂျာတွေက သူတို့ရဲ့ ရန်သူလို့ ထင်နေကြပါတယ်။ ဒါဟာ စိတ်ပျက်စရာကောင်းတဲ့ အလားအလာပါ။ တကယ်တော့ အချင်းချင်းထိတွေ့ ဆက်ဆံကြည့်ရင် သူတို့ဟာ ဘဝတူလူသားတွေဆိုတာကို နားလည်ကြမှာပါ။ သူတို့ဟာလည်း သူတို့မိသားစုနဲ့ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်ချင်တယ်။ တရားဥပဒေကို လေးစားလိုက်နာကြတယ်။ ခွဲခြားဆက်ဆံမှု မသင့်ဘူးလို့ မြင်လာကြမှာပါ။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့တော့ လူတွေ သူတို့ကြီးပြင်းလာတဲ့ အတွေးအမြင်တွေကို ပြောင်းလဲပြစ်ဖို့ အခက်အခဲ ရှိပါတယ်။ ဒါပေမဲ့ သူ့အနေနဲ့တော့ စာနာစိတ်နဲ့ ရှုမြင်ပြောဆိုဖို့ဆိုတာ ဖြစ်နိုင်မယ် ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒီလို အလားတူပြဿနာမျိုး မူစလင်တွေနဲ့ဖြစ်တဲ့ ပဋိပက္ခမျိုး၊ ပြဿနာမျိုးဟာ မြန်မာနိုင်ငံမှာတင်မကဘူး၊ အရှေ့တောင်အာရှ ထိုင်းနိုင်ငံတောင်ပိုင်းမှာရှိတယ်။ ဖိလစ်ပိုင်တောင်ပိုင်းမှာလည်း တွေ့ရပါတယ်။ ဒီအခြေအနေနဲ့ မြန်မာနိုင်ငံကို နှိုင်းယှဉ်ကြည့်ပါ။

Dr. Fink ။ ။ ထိုင်းနဲ့ ဖိလစ်ပိုင် နှစ်နိုင်ငံစလုံးမှာ မူစလင်လူနည်းစုတွေ ရှိကြပါတယ်။ ထိုင်းနိုင်ငံဟာ ဗုဒ္ဓဘာသာလူများစု နိုင်ငံဖြစ်ပြီးတော့၊ ဖိလစ်ပိုင်ဟာ ခရစ်ယာန်လူများစု နေထိုင်တဲ့နိုင်ငံ ဖြစ်ပါတယ်။ ပြီးတော့ နှစ်နိုင်ငံလုံးရဲ့ တောင်ပိုင်းတွေမှာ မူစလင်တွေက သူတို့ဟာ ခွဲခြားဆက်ဆံခံနေရတယ်လို့ ယူဆပြီးတော့ နှစ်နိုင်ငံလုံးမှာ လက်နက်ကိုင် တိုက်ခိုက်မှုတွေ လုပ်နေကြပါတယ်။ မြန်မာနိုင်ငံနဲ့ ကြီးကြီးမားမား ကွာခြားတဲ့အချက်ကတော့ ထိုင်းနဲ့ဖိလစ်ပိုင်က မူစလင်တွေရဲ့ နိုင်ငံသားဖြစ်မှုကို ပိတ်ပင်ထားတာ မရှိပါဘူး။ သူတို့နိုင်ငံတွေမှာ ဘယ်အမျိုးအနွယ်၊ ဘယ်တိုင်းရင်းသားဖြစ်မှ နိုင်ငံသား ဖြစ်ရမယ်။ သူတို့ရဲ့ ဘိုးဘွားမိဘတွေဟာ နိုင်ငံတွင်းမှာ နှစ်ပေါင်း (၂၀၀) နေထိုင်ခဲ့ဖူးမှ နိုင်ငံသား ဖြစ်ရမယ်ဆိုတဲ့ သတ်မှတ်ချက် မရှိပါဘူး။ သူတို့ဟာ အဲဒီတိုင်းပြည်တွေမှာ ကာလတာရှည် နေလာခဲ့ကြပြီးတော့ ဆက်လက်နေထိုင်ခွင့်တွေလည်း ငြင်းပယ်မခံရပါဘူး။ ဒါပေမဲ့လဲ မြန်မာနိုင်ငံက မူစလင်တွေနဲ့ တူတဲ့အချက်ကတော့ သူတို့ဟာ မူစလင်တွေ ဖြစ်နေတယ်ဆိုတဲ့အတွက် ခွဲခြားဆက်ဆံခံရပြီးတော့ အဲဒီတိုင်းပြည်တွေထဲမှာ တိုးတက်မယ့်အခွင့်အလမ်းတွေ မရှိဘူးဆိုတဲ့ ခံစားချက်ပဲ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ မြန်မာပြည်မှာလည်း ဒီလိုပဲ NLD အစိုးရက အခုနောက်ဆုံး နိုင်ငံသားပေးဖို့လုပ်တော့ ဒီလူတွေက ရိုဟင်ဂျာလို့ အသိအမှတ်ပြုရမယ်ဆိုတာပဲ တင်းခံနေကြတယ်လို့ ကြားရပါတယ်။ အစိုးရက လူမျိုးနာမည် မထည့်တော့ဘူးလို့ ပြောတဲ့အခါ သူတို့က လက်မခံဘူး။ ဒီနာမည်ကိုပဲ သူတို့က ဆက်လက်တောင်းဆို တင်းခံနေတယ်လို့ သိရပါတယ်။ ဆိုတော့ ဒီလူတွေက များသောအားဖြင့် ဆင်းရဲတယ်၊ ပညာမတတ်တဲ့ လူတွေ ဖြစ်နေကြတော့ သူတို့ဘက်က နိုင်ငံရေးသမားတွေ၊ အထူးသဖြင့် ပြင်ပက စည်းရုံးလှုံဆော်နေတဲ့ လူတွေ သွေးထိုးလှုံဆော်မှုကလည်း တော်တော်အရေးပါနေတယ်လို့ တချို့က သုံးသပ်ကြပါတယ်။ အဲဒါကို ဘယ်လိုမြင်ပါလဲ။

Dr. Fink ။ ။ ပြဿနာ စတင်ရတာကတော့ မြန်မာနိုင်ငံမှာ နိုင်ငံသားဖြစ်မှုဟာ Ethnicity လူမျိုးနွယ်ပေါ်မှာ အခြေခံထားလို့လို့ ကျမ ထင်ပါတယ်။ ဒါဟာ ကမ္ဘာပေါ်မှာ အတော်ထူးဆန်းနေတာပါ။ နိုင်ငံအများအပြားမှာ တိုင်းပြည်အတွင်းမှာ မွေးဖွားသူ ဖြစ်ရမယ်။ မိဘနှစ်ပါး ဒီတိုင်းပြည်မှာ နေထိုင်ရမယ်ဆိုတာတွေနဲ့ သတ်မှတ်ပါတယ်။ လူမျိုးနွယ်နဲ့ မဆိုင်ပါဘူး။ မြန်မာနိုင်ငံမှာလည်း နိုင်ငံသားဆိုတာ အစိုးရ သတ်မှတ်ထားတဲ့ မျိုးနွယ်အုပ်စုတခုခုမှာ ပါဝင်ရမယ်ဆိုတဲ့ သတ်မှတ်ချက်မျိုး မရှိရင် ဘာပြဿနာမှ မရှိပါဘူး။ ရိုဟင်ဂျာ ဟုတ်တယ်မဟုတ်ဘူးဆိုတာ အရေးမကြီးတော့ပါဘူး။ သူတို့ဟာ သူတို့ ရိုဟင်ဂျာလို့ ခေါ်နေရင်လည်း တိုင်းပြည်ထဲ ကျန်တဲ့လူတွေအနေနဲ့ ဂရုစိုက်စရာ မလိုပါဘူး။ အခု ရိုဟင်ဂျာလို့ သတ်မှတ်စေချင်တာလည်း အဲဒီလိုမျိုး မျိုးနွယ်တခုခုဖြစ် အသိအမှတ် ပြုခံရတော့မှ နိုင်ငံသားဖြစ်နိုင်တဲ့ အခွင့်အလမ်း ရှိနေတယ်ဆိုလို့ ဖြစ်ပါလိမ့်မယ်။ ရှင့်ရဲ့ ပရိသတ်တွေကို သိစေချင်ပါတယ် သူတို့ အမေရိကန်ပြည်ထောင်စုကိုပဲဖြစ်စေ၊ တခြားနိုင်ငံတခုခုကိုဖြစ်စေ သွားနေရင် ဘယ်သူကမှ ဘိုးဘွားမိဘတွေ နှစ်ပေါင်းနှစ်ရာကျော် နေထိုင်ခဲ့ရဲ့လားဆိုတာ မစစ်ဆေးပါဘူး။ အဲဒီနိုင်ငံမှာ မွေးဖွားကြီးပြင်းလာတယ်ဆိုရင် အဲဒီနိုင်ငံဟာ သူတို့နိုင်ငံပါပဲ။

ဦးကျော်ဇံသာ ။ ။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ မြန်မာပြည်က လူတွေရဲ့ အမြင်ကတော့ ဒီနိုင်ငံခြားမှာ ရောက်နေတဲ့၊ အထူးသဖြင့် မြန်မာတွေတင်မကဘူး၊ ဗြိတိန်နိုင်ငံမှာဆိုရင် တောင်အာရှကလူတွေ အမြောက်အမြား ရှိပါတယ်။ ဒါပေမဲ့ ဒီဟာကို သူတို့နယ်မြေအဖြစ် တောင်းခံကြတာ မရှိပါဘူး။ ဒီမှာကတော့ သူတို့အတွက် သီးခြားနယ်မြေ တောင်းဆိုကြတာကို စိုးရိမ်တယ်လို့ ပြောကြပါတယ်။

Dr. Fink ။ ။ အဲဒီဒေသမှာ မူစလင်တွေ ရှိနေခဲ့တယ်ဆိုတာကိုလည်း သတိပြုသင့်ပါတယ်။ ရာစုနှစ်နဲ့ချီပြီးတော့ သူတို့ ရှိလာခဲ့တာပါ။ ဗုဒ္ဓဘာသာနဲ့ မူစလင်တွေ ရောနှောနေခဲ့ကြပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာလည်း ဗုဒ္ဓဘာသာဝင်တွေ ရှိပါတယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရက သူတို့ရပိုင်ခွင့်တွေကို မပိတ်ပင်ပါဘူး။ မူစလင်နိုင်ငံမှာ မနေရဘူးလို့ မပြောပါဘူး။ ဦးနုလက်ထက်ကလည်း မေယုနယ်ခြားခရိုင်ဆိုပြီး သီးခြားသတ်မှတ်ပေးခဲ့တာ ရှိပါတယ်။