ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ ပြည်ထောင်စုလွှတ်တော်က (၆) ပွင့်ဆိုင် တွေ့ဆုံဖို့ တင်ပြချက်အပေါ် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့ ဝေ့လည်လည် ပန်ကြားချက်ကို ဘယ်လို အဓိပ္ပါယ်ကောက်ယူကြမလဲဆိုတာကို NLD အမျိုးသားလွှတ်တော်အမတ် ဦးအောင်ကြည်ညွန့်၊ နိုင်ငံရေးအကဲခတ် သုတေသီ ဒေါက်တာရန်မျိုးသိန်းတို့နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်တင်ပြထားပါတယ်။
ဦးကျော်ဇံသာ ။ ။ ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးဖို့အရေး ပြည်ထောင်စုလွှတ်တော်က တင်ပြတဲ့ကိစ္စကို နိုင်ငံတော်သမ္မတက ပြန်ကြားထားတဲ့စာကို တွေ့ရပါတယ်။ သမ္မတရဲ့ ပြန်ကြားစာက ဘယ်လောက် ရှင်းလင်းပြတ်သားမှု ရှိတယ်လို့ နားလည်ရပါသလဲ။ သဘောရပါသလဲ။ ဒေါက်တာရန်မျိုးသိန်း စဆွေးနွေးပါ။
ဦးရန်မျိုးသိန်း ။ ။ သမ္မတက ကျနော်တို့ ပြည်သူ့လွှတ်တော်ကို ပြန်ကြားတဲ့စာဟာ နိုင်ငံရေးအရ ရှင်းလင်းပြတ်သားမှု မရှိတာကို တွေ့ရတယ်။ နောက်ပြီးတော့ တချက်ပြန်မြင်တာ ဘာလဲဆိုတော့ အစိုးရဖက်ကနေ ပြည်ထောင်စုလွှတ်တော်ဖက်ကို ပြန်ပြီးတော့ တွေ့ဆုံဆွေးနွေးရေးနဲ့ ပတ်သက်တဲ့ ဘောလီဘောကို ပြန်ပုတ်လိုက်တဲ့ သဘောမျိုးလို့ ကျနော်က မြင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဦးအောင်ကြည်ညွှန့်ရဲ့ သဘောထားကိုလည်း သိချင်ပါတယ်။ သမ္မတရဲ့ ပြန်ကြားစာ ဘယ်လောက် ရှင်းလင်းပြတ်သားသလဲဆိုတာ။
ဦးအောင်ကြည်ညွှန့် ။ ။ ရေးထားတာကတော့ အရှည်ကြီးပဲ။ အင်မတန်လဲ နူညံ့လှပတာတွေ၊ ကြိုဆိုတာတွေကော။ ဒါတွေနဲ့ ပတ်သက်လို့ ကောင်းတဲ့အလားအလာတွေလို့ သူက ပြောထားတယ်။ ဒါပေမဲ့ တကယ်တမ်း အနှစ်ကိုကြည့်လိုက်တော့ ကောင်းတော့ကောင်းတယ်။ နောက်မလုပ်နဲ့ဆိုတဲ့ သဘောမျိုးလို့ ကျနော်လည်း သုံးသပ်လို့ရတယ်။
ဦးကျော်ဇံသာ ။ ။ ဆိုတော့ ဒီလို မရှင်းမလင်းဆိုတဲ့စာမျိုး ပြန်ကြားတာဟာ ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲ တောင်းဆိုမှုကို မလိုက်လျောဘူးဆိုတဲ့ သဘောလို့ ကျနော်တို့ အဓိပ္ပါယ် ကောက်ယူကြမလား။
ဦးရန်မျိုးသိန်း ။ ။ သမ္မတက အကြောင်းပြန်ကြာတဲ့စာထဲမှာ သူက အစိုးရအဖွဲ့ကနေ ဦးစီးပြီးလုပ်တယ်။ (၁၄) ဦး တွေ့ဆုံဆွေးနွေးမှုနဲ့ (၄၈) ဦး တွေ့ဆုံဆွေးနွေးမှုတွေကို သူက ပင်လုံညီလာခံနဲ့ကို နှိုင်းပြီးတော့ ဖော်ပြထားတာကို တွေ့ရတယ်။ အဲဒီတော့ ကျနော့်အမြင်အားဖြင့်တော့ ဒီတွေ့ဆုံမှု နှစ်ခုလုံးဟာ အားရကျေနပ်စရာ မရှိဘူး။ (၁၄) ဦးနဲ့ (၄၈) ဦး တွေ့ဆုံမှုအလွန်မှာ နိုင်ငံရေးအရ ပြောမယ်ဆိုလို့ရှိရင် မရေရာမသေချာမှုတွေက ဆက်ပြီးတော့ ရှိနေဆဲ။ နောက် အဲဒီ တွေ့ဆုံဆွေးနွေးမှု နှစ်ကြိမ်ကလဲ အချိန်ကာလ နှစ်လကြာလောက် ကွာနေတာကို တွေ့ရတယ်။ အဲဒီအခါကြတော့ ဒီတွေ့ဆုံမှု နှစ်ခုကို ပင်လုံညီလာခံနဲ့ နှိုင်းပြီးတော့ ထည့်သွင်းထားတာဟာ ကျနော်အမြင်အားဖြင့် ကိုယ့်ငါးချဉ် ကိုယ်ချဉ်တာပဲလို့ ကျနော်က မြင်တယ်။ အဲဒီဖက်ကနေ သုံးသပ်မယ်ဆိုလို့ရှိရင် ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးကို အချိန်ဆွဲချင်တဲ့ သဘောမျိုး နောက် Political Will နိုင်ငံရေးဆန္ဒ အားနည်းတဲ့သဘော တွေ့ရတယ်လို့ ကျနော်က မြင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ Political Will နိုင်ငံရေးဆန္ဒ အားနည်းတယ်ဆိုတာ တကယ်တော့ တိုင်းတာလို့ရတဲ့ ကိစ္စတော့ မဟုတ်ဘူး။ Intangible factor ဖြစ်တယ်။ ဆိုတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ နောက်ဆုံးတွေ့ဆုံဆွေးနွေးမှုအပြီး ထုတ်ပြန်ချက်ထဲမှာလဲ နိုင်ငံရေးအရ တကယ်လုပ်ချင်တဲ့ဆန္ဒ အားနည်းတယ်ဆိုပြီးတော့ သုံးသပ်ထားတာ တွေ့ရပါတယ်။ ဒီသုံးသပ်ချက်က အချက်အလက်အပေါ် အခြေမခံဘဲ သုံးသပ်တယ်ဆိုတော့ ဒါကို ကျနော်တို့ အတိအကျမှန်တဲ့ သုံးသပ်ချက်လို့ ပြောလို့ရမလား။ နိုင်ငံရေးဆန္ဒ မရှိဘူးဆိုတာ ဦးအောင်ကြည်ညွှန့် ဘယ်လို ပြောချင်ပါလဲ။
ဦးအောင်ကြည်ညွှန့် ။ ။ အဲဒါကိုတော့ သမ္မတရဲ့ ပြောနေတဲ့ item ပေါ်မှာ မူတည်ပြီး တခုတည်းနဲ့ ရှင်းရှင်းလင်းလင်း သဘောပေါက်တယ်။ သမ္မတက ဘာပြောလဲဆိုတော့ နိုင်ငံတော်သမ္မတ ဦးဆောင်ပြီးတော့ ခြောက်ဦး တွေ့ဆုံဖို့ တိုက်တွန်းတဲ့ကိစ္စက ကောင်းမွန်တဲ့လုပ်ငန်းတရပ် ဖြစ်ပါတယ်လို့ ပြောတယ်။ အဲဒီလိုဆိုရင် သူ သမ္မတကြီးပဲဗျာ သမ္မတကြီးကိုယ်တိုင် ဦးဆောင်ပြီးတော့ အဲဒီ ခြောက်ယောက် တွေ့ဆုံပြီးတဲ့အခါမှ တိုင်းရင်းသားပြည်သူတွေ၊ လူထုလူတန်းစားတွေနဲ့ နိုင်ငံရေးအင်အားစုတွေ လက်ခံနိုင်လောက်တဲ့ ကိုယ်စားပြုမှုတွေ တို့ ဘယ်လိုလုပ်ကြမလဲ။ ဒီလို လိုလားတောင့်တတဲ့မူဘောင်တွေကို တို့ ဘယ်လို ကြိုတင်ပြီးတော့ သတ်မှတ်လိုက်ကြမလဲ။ အဲဒီလို တွေ့ဆုံတဲ့အခါမှာ အားလုံးက လက်ခံနိုင်လောက်တဲ့ ပုံစံမျိုးလဲ ဖြစ်လိုက်ရအောင် ငါတို့တတွေ ပွင့်လင်းမြင်သာမှုလည်း ရှိရအောင် ဘယ်လိုတွေ စီစဉ်ဆောင်ရွက်ကြမလဲ ဆိုတာကို သမ္မတက ဦးဆောင်ပြီးတော့ အဲဒီ ခြောက်ဦးအတွင်းထဲမှာ ပဏာမအရ လုပ်လိုက်ကြမယ်ဆိုရင် ဒါက Political Will တကယ် ရှိတယ်ဆိုတာရဲ့ သက်သေပြချက်ပါ။ အခုဟာက အဲဒီလို ကိုယ်လုပ်ရမယ့် အလုပ်တွေကို မလုပ်ဘဲနဲ့ အဲဒါတွေကို ဘယ်လို ဆောင်ရွက်ပေးစေချင်သလဲ ဆိုတာကို ပြည်ထောင်စုလွှတ်တော်က ပြန်ပြီးတော့ အကြံပေးပါအုံးလို့ ပြောတဲ့အါကြတော့ ရှေ့နောက် စီစဉ်မှုမှာ Political Will အားနည်းတယ်ဆိုတာ အဲဒီတချက်တည်းနဲ့ လုံလောက်တယ်လို့ ထင်တယ်။
ဦးကျော်ဇံသာ ။ ။ နောက်တခုက သူ့ရဲ့ ပြန်ကြားချက်အပိုဒ် (၃) မှာ ထင်ပါတယ်။ ဖွဲ့စည်းပုံဥပဒေမှာ ပြဌာန်းထားတဲ့ ဘယ်ပုဒ်မ ဘယ်ပုဒ်မတွေနဲ့ ကိုက်ညီရမယ်။ ပြင်မယ်ဆိုရင် (၄၃၆) ကိုလည်း ဖော်ပြထားတယ်။ (၄၃၆) အတိုင်းသာ ပြင်ရမယ်ဆိုပြီးတော့ သမ္မတက တုံ့ပြန်ချင်တဲ့သဘောလား။ နံပတ်တစ်က။ အဲဒီအတိုင်းဆိုရင် …
ဦးအောင်ကြည်ညွှန့် ။ ။ တကယ်တမ်းဆိုရင် အဲဒီအပေါ်မှာ မူတည်ပြီးတော့ စဉ်းစားမယ်ဆိုရင် တကမ္ဘာလုံးနဲ့ မြန်မာပြည်မှာရှိတဲ့ … အားလုံးသိတယ်။ ဖွဲ့စည်းပုံဥပဒေကို ပြင်ဆင်ဖို့ ပြဌာန်းထားတဲ့ အခန်း (၁၂) ရဲ့ (၄၃၃-၄၃၄-၄၃၅-၄၃၆) ဆိုတာ အဲဒီအတိုင်း ပြင်ရမယ်ဆိုတာ ငြင်းမထွက်ဘူး။ ဒါပေမဲ့ ဒီလိုအတိုင်း ပြင်တဲ့အခါမှာ အင်မတန် ရှင်းလင်းတာကတော့ တပ်မတော်က ထောက်မခံဘူးဆိုရင် ဘာမှပြင်လို့ မရဘူးဆိုတဲ့ အဖြေကြီးက ရှိနေတယ်။ အဲဒီတော့ ဒီလိုဆိုရင် တပ်မတော်ကလဲ ထောက်ခံနိုင်လောက်တဲ့ အခြေအနေမျိုးတွေ ရှိလာဖို့ဆိုရင် ပထမဦးဆုံးက တွေ့ဆုံကြမယ်။ ဆွေးနွေးကြမယ်၊ ညှိနှိုင်းကြမယ်။ ဘယ်လောက်တွေ ဖြစ်သင့်သလဲဆိုတာကို တကယ့် Political Will ရှိမရှိ သမ္မတကြီးက ဦးဆောင်ပြီးတော့ ညှိနှိုင်းနိုင်တဲ့အခါ သမ္မတကြီးပြောတဲ့ အကောင်းဆုံး အခြေအနေတွေရှိအောင် ဘယ်လို ဖေးမပြီးလုပ်မလဲ။ ဘယ်လို စီမံဆောင်ရွက်မလဲဆိုတာကို သမ္မတက ဦးဆောင်မယ်ဆိုရင် အဆင်ပြေဆုံးနဲ့ အကောင်းဆုံး Political Will မဖြစ်နိုင်ဘူးလား။ အဲဒီလို မဟုတ်ဘဲနဲ့ အခုလို့ ဝေ့လည်ကြောင်ပတ် ဖြစ်နေတာဟာ သိသိကြီးနဲ့ မသိချင်ရောင် ဆောင်နေသလို ဖြစ်နေတယ်လို့ ကျနော်က ဒီလိုပဲ သဘောရတယ်။
ဦးကျော်ဇံသာ ။ ။ ဒေါက်တာရန်မျိုးသိန်းကို ကျနော် မေးချင်ပါတယ်။ နောက် အဲဒီအထဲမှာ ရေးထားတာ တိုင်းရင်းသားကိုယ်စားလှယ်တွေရဲ့ သဘောထားကိုလဲ ထင်ဟပ်ရမယ်။ ဘာညာပြောထားတယ်။ ဒါပေမဲ့ တိုင်းရင်းသားကိုယ်စားလှယ်ရဲ့ သဘောထားထက် တပ်မတော်ရဲ့ သဘောထားကိုများ သူ အဓိကထားပြီး လိုချင်နေသလား။ စာထဲမှာ မဖော်ပြထားသော်လဲ စဉ်းစားစရာတခု ဖြစ်လာတယ်လို့ ထင်ပါတယ်။ ဒေါက်တာရန်မျိုးသိန်း ဘယ်လို သဘောရပါလဲ။
ဦးရန်မျိုးသိန်း ။ ။ ကျနော့်အမြင်ကတော့ အစိုးရရယ်၊ တပ်မတော်ရယ်၊ လက်ရှိ အာဏာရ ပြည်ခိုင်ဖြိုးပါတီတွေကို ဘက်တဖက်တည်းလို့ မြင်ပါတယ်။ အဲဒီအခါကြတော့ ကျနော့်အမြင်အားဖြင့်တော့ ဒီ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီးတော့ သမ္မတက ပြန်ပေးတဲ့စာထဲမှာ ဖော်ပြချက်ကိုကြည့်ရင် သူက အခန်း (၁၂) ပါ ပုဒ်မတွေနဲ့အညီ ဆောင်ရွက်မှသာ ဘောင်ဝင်မယ်ဆိုတဲ့ သဘောမျိုးကို အသားပေးပြီး ပြောသွားတာကို တွေ့ရတယ်။ အဲဒီတော့ သူက နောက်ပြောသွားတာက တခြားနိုင်ငံတွေရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတွေနဲ့ နှိုင်းယှဉ်ပြီးပြောတာကို တွေ့ရတဲ့အခါကြတော့ ကျနော် ထပ်ပြီးဆွေးနွေးချင်တာက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ လုပ်ခဲ့တဲ့ ရလဒ်ဟာ အငြင်းပွားဖွယ်ရာ ရလဒ်ဖြစ်နေတယ်ဆိုတဲ့ အချက်ပါ။ ပြည်သူလူထုရဲ့ ထောက်ခံမှုကို ကိုယ်စားမပြုမှုတွေနဲ့ ပြည့်နှက်နေတယ်လို့ ကျနော်က မြင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ နောက်တခုက သူက ပြည်ထောင်စုလွှတ်တော်ကို ပြန်ပြီးဘောလီဘော ပုတ်လိုက်တယ်လို့ ဆိုကြပါစို့။ မူဘောင်တွေ ပြန်လည်ချမှတ်ပေးရမယ်။ ဘယ်လို လုပ်စေချင်လဲ ပြောပါဆိုတော့ ကဲ သမ္မတကြီးက အဲဒီလို ပြောစေချင်တယ်ဆိုရင် ပြောတယ်ဗျာ ကျုပ်တို့က ဒါတွေဒါတွေ လုပ်စေချင်တယ်ဆိုပြီးတော့ ပြည်ထောင်စုလွှတ်တော်ဖက်က ပြန်ပြီးတော့ တင်ပြနိုင်တဲ့ အလားအလာ မရှိဘူးလား။ အဲဒီလို တင်ပြနိုင်ရင် ဘယ်လို နေမလဲ။ ဦးအောင်ကြည်ညွှန့် ပြောပါခင်များ။
ဦးအောင်ကြည်ညွှန့် ။ ။ အဲဒါကတော့ လွှတ်တော်ရဲ့ အခန်းကဏ္ဍက အသေးစိတ်လုပ်ငန်းတွေကို လွှတ်တော်က လုပ်ဖို့မဟုတ်ဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေက Check and Balance နဲ့ တကယ် သွားရမယ်ဆိုရင် အုပ်ချုပ်ရေးအဖွဲ့အစည်းက လုပ်ရမယ့်၊ လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စရပ်တွေကို လိုတာထက် ပိုပြီးတော့ လွှတ်တော်က ဝင်ပြီးတော့ စွက်ဖက်စရာ အကြောင်းမရှိဘူး။ တကယ်တော့ အကောင်အထည်ဖော်မယ်ဆိုရင် အကောင်အထည်ဖော်ပေးချင်တယ်ဆိုရင် အကောင်အထည်ဖော်လိုက်ရမယ့် အနေအထားမျိုးက အစိုးရဘက်မှာပဲရှိတယ်။
ဦးကျော်ဇံသာ ။ ။ အသေးစိတ် အချက်အလက်ကို လုပ်ခိုင်းတယ်လို့တော့ မယူဆဘူးပေါ့။ သူ့အသုံးအနှုန်းက မူဘောင်တွေကို ကြိုတင်ချမှတ်ဖို့ လိုတယ်ဆိုတော့ ပြည်ထောင်စုလွှတ်တော်အနေနဲ့ မူဘောင်တွေ ချမှတ်ပေးတဲ့ကိစ္စတွေ မဖြစ်နိုင်ဘူးလား။ ဒေါက်တာရန်မျိုးသိန်း သဘောထားကို ပြောပါ။
ဦးရန်မျိုးသိန်း ။ ။ ကျနော်ရဲ့ သဘောထားကတော့ အဓိက သမ္မတအနေနဲ့ ဦးဆောင်ပြီးတော့ ခြောက်ဦးတွေ့ဆုံ ဆွေးနွေးပွဲကို ဖော်ဆောင်တာကတော့ ပိုပြီးတော့ အကောင်းဆုံးလို့ မြင်ပါတယ်။ တဖက်က ပြည်ထောင်စုလွှတ်တော်ဘက်ကလည်း ဒီခြောက်ဦး တွေ့ဆုံဆွေးနွေးပွဲကို ပုံဖော်မယ့် နိုင်ငံရေးအခြေခံတချို့ကို စဉ်းစားထားမယ်ဆိုရင် ကျနော်ကတော့ ပိုပြီးသင့်လျော်တယ်လို့ ကျနော်က ယူဆပါတယ်။ အဲဒီမှာ တချက်ဖြည့်ပြီးတော့ ပြောပြချင်တာက ပြည်ထောင်စုလွှတ်တော်ကို ပြန်ပြီးပို့တဲ့ သမ္မတရဲ့ အကြောင်းကြားစာထဲမှာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်တို့၊ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်တို့၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်မှာရှိတဲ့ တိုင်းရင်းသားတွေရဲ့ သဘောထား ထုတ်ဖော်ထားရှိချက်တို့ကိုလည်း အလေးထားထည့်သွင်း စဉ်းစားဖို့ဆိုပြီး သူက ပြောပါတယ်။ အဲဒါနဲ့ ဆက်စပ်ပြီး ကျနော် ဘာစဉ်းစားမိသလဲဆိုတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လုပ်နေတဲ့ကာလတလျှောက်လုံးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ ဦးဆောင်ပြီးတော့ ပြည်သူလူထုရဲ့ ဆန္ဒသဘောထား ကောက်ယူထားတဲ့ လက်မှတ် (၅) သန်းကိစ္စကို လုံးဝထည့်သွင်း ပြောကြားတာကို မတွေ့ရပါဘူး။ နောက် ပြည်ထောင်စုလွှတ်တော်ကနေ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာလည်း ငါးသန်း လက်မှတ်ရေးထိုးထားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဖော်ပြထားတာကို မတွေ့ရပါဘူး။ အဲဒီလို အခြေအနေတွေနဲ့ နှိုင်းယှဉ်သုံးသပ်ကြည့်မယ်ဆိုရင် သမ္မတနဲ့ အစိုးရ အာဏာရပါတီဖက်က လက်တွေ့ကျပြီးတော့ ရေရှည်အမြင်ရှိတဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွေ ဖော်ဆောင်ဖို့ Political Will နိုင်ငံရေးဆန္ဒအပိုင်းမှာ အတော်ကို အားနည်းနေတယ်လို့ ကျနော်က မြင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ လူ (၅) သန်းရဲ့ လက်မှတ်ဟာ ဦးအောင်ကြည်ညွှန့်တို့ဖက်က သမ္မတဆီကို ပေးတာလား။ လွှတ်တော်ကို တင်ပြတာလား။
ဦးအောင်ကြည်ညွှန့် ။ ။ ကျနော်တို့က လူ (၅) သန်းရဲ့ လက်မှတ်တွေကို သမ္မတဆီကိုလည်း ပေးသလို၊ လွှတ်တော်ကော်မတီတွေကိုလည်း အကုန်လုံး ပို့ထားပြီသာ။
ဦးကျော်ဇံသာ ။ ။ ဆိုတော့ ဘယ်လို မျှော်လင့်ထားပါသလဲ။ အဲဒီကိစ္စအပေါ်မှာ လွှတ်တော်က ဘယ်လို တုံ့ပြန်သလဲ။ သမ္မတအုပ်ချုပ်ရေးပိုင်းက ဘယ်လို တုံ့ပြန်လာလိမ့်မယ်လို့ မျှော်လင့်ထားလဲ။
ဦးအောင်ကြည်ညွှန့် ။ ။ အခုအချိန်အထိတော့ (၅) သန်းနဲ့ ပတ်သက်လို့ သမ္မတလည်း ဘာမှမပြောသလို။ လွှတ်တော်ထဲကလဲ ထင်သာမြင်သာတဲ့ အနေအထားမျိုးတော့ ကျနော်တို့ မတွေ့ရသေးဘူး။ ဒါကြောင့်မို့ ဖွဲ့စည်းပုံအခြေခံဥပဒေ တကယ်ပြင်ဆင်ရေး စတင်အကောင်အထည်ဖော်တဲ့အခါမှာ အဲဒီ လူ (၅) သန်းရဲ့ သဘောထား မှတ်ချက်ကို ပြည်သူ့ရဲ့အသံဟာ လွှတ်တော်ရဲ့အသံ။ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ တကယ်ဖြစ်မြောက်မလား မဖြစ်မြောက်မလားဆိုတာကို စောင့်ကြည့်ရမယ့် အနေအထားမျိုးရှိတယ်။
ဦးကျော်ဇံသာ ။ ။ လွှတ်တော်မှာ အဲဒီ (၅) သန်းကိစ္စကို ထည့်သွင်းဆွေးနွေးပါသလား။
ဦးအောင်ကြည်ညွှန့် ။ ။ အခု အဲဒါကတော့ ထည့်သွင်းဆွေးနွေးရမယ့် အနေအထားတော့ မရောက်သေးဘူး။ ကျနော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အကောင်အထည်ဖော်မှု ကော်မတီ လုပ်နေဆဲကာလမှာပဲ အဲဒါကို လွှတ်တော်ကို တင်လိုက်တာ။ (၃၃) ဦး ဆွေးနွေးတဲ့အခါမှာလဲ ဒီကိစ္စနဲ့ ပတ်သက်လို့ ခေါင်းစဉ်အရ ထည့်သွင်းစဉ်းစားတဲ့အကြောင်း မပေါ်ပေါက်ခဲ့သေးဘူး။
ဦးကျော်ဇံသာ ။ ။ ကျနော် နောက်ဆုံးမေးချင်တဲ့ မေးခွန်းကတော့ တဖက်က စဉ်းစားကြည့်ရင်တော့ သမ္မတက အခု ပညာရေးဥပဒေနဲ့ ပတ်သက်လို့လဲ ဘယ်လိုဆိုပြီး တုံ့ပြန်တယ်။ ပြန်ပြီး စဉ်းစားကြပါဆိုပြီးတော့ လွှတ်တော်ဖက်ကို စာရေးတာတွေ့တယ်။ အခု ဒီကိစ္စမှာလဲ အလားတူပဲ။ လူတွေက ဒီလို တောင်းဆိုနေကြတယ်။ ဒီလို ပြန်စဉ်းစားပါဆိုပြီး ပြန်ရေးတယ်ဆိုတော့ တကယ်တော့ သမ္မတရဲ့ စိတ်ထဲမှာတော့ သူဟာ လူထုဆန္ဒသဘောထားနဲ့ လိုက်ညီအောင် ဆောင်ရွက်ကြိုးစားသားပဲဆိုတာကို ပြသဖို့ ကြိုးပမ်းတယ် ထင်ပါတယ်။ ဆရာတို့ အဲဒီလို ထင်ပါသလား။ အဲဒီလို ကြိုးပမ်းမှုဆိုခဲ့ရင် သူ့ရဲ့ ကြိုးပမ်းမှု အထမြောက်ပါသလား။
ဦးအောင်ကြည်ညွှန့် ။ ။ ကျနော်မြင်တာကတော့ ရှင်းရှင်းလေးပဲ တလွဲဆံပင်ကောင်းနေတယ်လို့ပဲ ပြောရမယ်။ ဒီအခြေအနေက လုပ်ရမယ့်အချိန်၊ ပြောရမယ့် အချိန်မဟုတ်ဘူး။ လုပ်ရမယ့်အလုပ်ကို မလုပ်ဘဲနဲ့ ပြောကြီးနေတာ သိပ်ပြီး သဘာဝမကျဘူးလို့ ပြောချင်တယ်။
ဦးကျော်ဇံသာ ။ ။ ဒေါက်တာရန်မျိုးသိန်းရဲ့ နောက်ဆုံး မှတ်ချက်ကို သိချင်ပါတယ်။
ဦးရန်မျိုးသိန်း ။ ။ အမျိုးသားပညာရေးဥပဒေနဲ့ ပတ်သက်ပြီးတော့ သမ္မတက လွှတ်တော်ကို ပြန်ပို့တဲ့စာကို ကြည့်ရင်လဲ အဓိကကျတဲ့ ဥပမာ ကျောင်းသားသမဂ္ဂလို့ ကိစ္စမျိုးကို ကျောင်းသားသမဂ္ဂလိုတောင် သုံးပြီးတော့ မဖော်ပြထားတာကို တွေ့ရတဲ့အခါကြတော့ ဒါဟာ တဖက်ကကြည့်ရင် နိုင်ငံရေးအရ မရောင်ရာဆီလူးတဲ့ သဘောလား။ နောက်ပြီးတော့ ရွေးကောက်ပွဲ နီးတဲ့အတွက်ကြောင့်မို့လို့ နိုင်ငံရေးထောက်ခံမှုတခု ရဖို့အတွက် ရည်ရွယ်ပြီး လုပ်တာလားလို့ ကျနော်က သံသယရှိပါတယ်။ ဒါပေမဲ့ အဲဒါကို ကြည့်လို့ရှိရင်တော့ Political Will အပိုင်းမှာတော့ အင်မတန်မှ အားနည်းတာကို တွေ့ရပါတယ်။