တိုးတက်ဖွံ့ဖြိုး ပြောင်းလဲမှုတွေနဲ့ “ဝ” ဒေသ

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဝပြည်နယ် (ဓါတ်ပုံ - Panglong.org)

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ အစီအစဉ်မှာ မြန်မာနိုင်ငံထဲက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ “ဝ” ဒေသဟာ မူးယစ်ဆေးဝါး လုံးဝကင်းစင်ပြီး နှစ်ပေါင်း (၃၀၀၀) ကျော်ရှိတဲ့ “ဝ” သမိုင်းမှာ အတိုးတက်အဖွံ့ဖြိုးဆုံး အခြေအနေရောက်နေတယ်လို့ WUSA ပြောခွင့်ရပုဂ္ဂိုလ် ဦးအောင်မြင့်က ပြောကြားလိုက်ပါတယ်။ “ဝ” ဒေသရဲ့ ယခင်-အခု နဲ့ နောင်အလားအလာတွေကို ဦးအောင်မြင့်နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးအောင်မြင့် ။ ။ “ဝ” တိုင်းရင်းသားတွေ ဒီမှာရောက်ရှိနေတာ နှစ်ပေါင်း သုံးထောင်ကျော်ရှိပြီ။ ထိုင်း၊ ကမ္ဘောဒီယားဘက် ပျံ့နံှနေပြီးတော့ စစ်ကြောင့် အပေါ်ဘက်ကို ပြန်တက်လာတာတွေရှိတယ်။ အထူးသဖြင့် ကျနော်တို့ မြန်မာနိုင်ငံ “ဝ” သမိုင်းထဲမှာဆိုရင် အရင်တုန်းက မြို့ပြနိုင်ငံလေး။ ယိုဒယားမှာလည်း ချင်းမိုင်ဘက် ထူထောင်ခဲ့တာရှိတယ်။ ကျိုင်းတုံဒေသမှာဆိုရင်လဲ “ဝ” ရဲ့ မြို့ပြနိုင်ငံလေးတွေ ရှေးသမိုင်းက ထူထောင်ခဲ့တာလေးတွေ ရှိတယ်။

ဦးကျော်ဇံသာ ။ ။ အခုလောလောဆယ် တရုတ်နိုင်ငံဘက်မှာ “ဝ” တိုင်းရင်းသားတွေ ဘယ်လောက် များပါသလဲ။ သူတို့ ဘယ်လို အဆင့်အတန်းမျိုးတွေနဲ့ နေကြပါသလဲ။ ကိုယ်ပိုင်အုပ်ချုပ်ခွင့် သီးခြားနယ်ပယ်အဖြစ် သတ်မှတ်ပေးထားသလား။

ဦးအောင်မြင့် ။ ။ တရုတ်ဘက်မှာတော့ ခရိုင်တွေ။ ဥပမာ ရှီမွန်ခရိုင်ဆိုရင် “ဝ” တွေကြီးပဲ။ ဒါက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတဲ့ ခရိုင်။ ဆန်ရွဲလ်တို့ ဘာတို့ဆိုရင်လည်း ခရိုင်ပဲ။

ဦးကျော်ဇံသာ ။ ။ တခြား ထိုင်း၊ ကမ္ဘောဒီးယားတို့ဘက်မှာရှိတဲ့ “ဝ” တွေကြတော့ သီးခြားလူမျိုးစုအဖြစ် သတ်မှတ်ခံရသလား။ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရသလား။ ဘယ်လို နေကြပါလဲ။

ဦးအောင်မြင့် ။ ။ “ဝ” ကတော့ “ဝ” ပဲ။ တိုင်းရင်းသားတွေရှိတယ်။ သူတို့လည်း “ဝ” လို သတ်မှတ်ခံရတယ်။ ဒါပေမဲ့ ဒီလို ကိုယ့်ဒေသကိုယ် အုပ်ချုပ်ပိုင်ခွင့်တော့ မရှိခဲ့ဖူးဘူး။

ဦးကျော်ဇံသာ ။ ။ “ဝ” လူဦးရေ အများဆုံးက အခုလောလောဆယ် ဘယ်နိုင်ငံထဲမှာလဲ။

ဦးအောင်မြင့် ။ ။ အများဆုံးကတော့ တရုတ်နဲ့ အခုလက်ရှိ ကျနော်တို့ ဒေသမှာပဲ။ “ဝ” ပြည်နယ်မှာ။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ အခု မြန်မာနိုင်ငံမှာ တိုင်းရင်းသားတွေရဲ့ အခွင့်အရေး တောင်းဆိုတဲ့အထဲမှာ “ဝ” ပါလာတာဟာ နဝတ၊ နအဖ ခေတ်က “ဝ” ဟာ ဗမာပြည်ကွန်မြူနစ်ပါတီက ခွဲထွက်လာပြီးနောက်လို့ ပြောရမှာ ဟုတ်ပါတယ်နော်။

ဦးအောင်မြင့် ။ ။ ဟုတ်ပါတယ်။ အရင်တုန်းက ဗမာပြည်ကွန်မြူနစ်ပါတီ မဝင်ခင်ကဆိုရင် “ဝ” က သူ့မျိုးရိုးအုပ်စုနဲ့ပဲ သူနေပါတယ်။ သူ့မျိုးရိုးအုပ်စုပေါင်းက (၂၀) ကျော်၊ (၃၀) နီးပါးရှိတယ်။ သူ့မျိုးရိုးအုပ်စုနဲ့သူ အုပ်ချုပ်ပြီးတော့ သူဘာသာသူ နေနေတာဖြစ်တယ်။ ဘယ်အစိုးရမှ မလာဘူး။ ဘယ်အဖွဲ့အစည်းကမှ လာပြီးတော့ အုပ်ချုပ်တာ မရှိဘူး။ ပင်လုံအစည်းအဝေးကိုလည်း “ဝ” သွားတက်တယ်။ ကိုယ်စားလှယ်သွားတယ်။ ကျနော်တို့ သမိုင်းကနေ သိရတယ်။ သွားတက်တော့ စကားမပေါက်လို့ မတက်ပါနဲ့ ခင်များတို့ ဘေးမှာ စောင့်နေပါ။ တခြား တိုင်းရင်းသားတွေ ခင်များတို့အတွက် ပြောပေးပါမယ်ဆိုပြီးတော့ လက်တွေ့ကြတော့ ဘာမှ မပြောခဲ့ဘူး။ ပင်လုံ အစည်းအဝေးလည်းပြီးရော မေမြို့စစ်တမ်းဆိုတာ ပြန်ပေါ်တယ်။ မေမြို့စစ်တမ်းပေါ်တော့ မေမြို့စစ်တမ်းကို “ဝ” ကိုယ်စားလှယ်သွားတယ်။ (၃) ယောက်သွားတယ်။ သမိုင်းမှာလည်း ကိုယ့်အုပ်ချုပ်မှုနဲ့ကိုယ်၊ ကိုယ့်ဒေသမှာ နေထိုင်ခဲ့တယ်။ ဒါကြောင့်မို့ ကျနော်တို့လည်း အခုထက်ထိ ကိုယ့်ဒေသကိုယ် အုပ်ချုပ်နေတယ်။ ဒါကြောင့်မို့ ကိုယ့်ဟာကိုယ်ပဲ နေချင်တယ်။ ဘယ်သူနဲ့မှလည်း မပေါင်းချင်ဘူးဆိုပြီးတော့ ပြောတယ်။ ဒါပေမဲ့ ၄၇ နောက် ဥပဒေ ထွက်လာတော့ “ဝ” ပြည်၊ Wa State ကို ရှမ်းပြည်နယ်နဲ့ပေါင်းပြီးတော့ Shan State ကြီး ဖွဲ့လိုက်တယ်။ ဒါကြောင့်မို့ “ဝ” က သိပ်ပြီးတော့ကို မကြေလည်ဘူး။

ဦးကျော်ဇံသာ ။ ။ အခုလက်ရှိလဲ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရနေတယ် မဟုတ်လား။ စစ်တပ်လည်း ထားခွင့်ရတယ်။ စော်ဘွားဒေသ အုပ်ချုပ်ရေးကိုလဲ “ဝ” လူမျိုးတွေ UWSA က အုပ်ချုပ်ပါလား။ အစဉ်အလာအရ စော်ဘွားတွေက အုပ်ချုပ်ပါလား။

ဦးအောင်မြင့် ။ ။ အခုကတော့ UWSB “ဝ” သွေးစည်းညီညွတ်ရေးပါတီက စည်းရုံးပြီးတော့ UWSA ကနေ အုပ်ချုပ်နေတာ ဖြစ်ပါတယ်။ သူကြီးတွေ၊ စော်ဘွားတွေ လုံးဝမရှိတော့ပါဘူး။

ဦးကျော်ဇံသာ ။ ။ အခုလက်ရှိ အခြေအနေက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသကြီး ဖြစ်တယ်ပေါ့။ အခု အဲဒီအခြေအနေကနေ ဘာကို လိုချင်သလဲ။ အဲဒီ အခြေအနေကို မကျေနပ်သေးဘူးလို့ ကြားရပါတယ်။ ဟုတ်ပါသလား။

ဦးအောင်မြင့် ။ ။ ၉၃ အမျိုးသားညီလာခံ စတဲ့အခါမှာ ကျနော်တို့ “ဝ” အဖွဲ့အစည်းက ကိုယ်စားလှယ် (၅) ယောက် တောက်လျှောက်တက်တယ်။ အစည်းအဝေးမှာ တင်ပြတောင်းဆိုတာတွေ ရှိတယ်။ နိုင်ငံတော်က နောက်ဆုံး ခွင့်ပြုပေးလိုက်တာက “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဆိုပြီးတော့ ပေးထားတာ ဖြစ်တယ်။ တိုင်းဆိုတာ ဟိုတချိန်က ဥပဒေမှာ ဆွေးနွေးတုန်းကဆိုရင် ပြည်နယ်ထက် တဆင့်နှိမ့်တယ်။ ခရိုင်ထက် တဆင့်မြင့်တဲ့အဆင့်ဆိုပြီးတော့ သတ်မှတ်တာ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ အခု လိုချင်တာက ဘာကို လိုချင်လဲ။ ပြည်နယ်အဆင့်ကို လိုချင်တယ်ပေါ့။

ဦးအောင်မြင့် ။ ။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်အဆင့်ကို လိုချင်တာ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ အဲဒီ ဖွဲ့စည်းပုံအတိုင်း တကယ် လုပ်လာရင် လက်နက်ကိုင်တပ်ဖွဲ့တွေ ဘာတွေ၊ ဥပမာ ရခိုင်ဆိုရင် ပြည်နယ်၊ မွန်ဆိုရင် ပြည်နယ်၊ ကရင်၊ ကချင် စသည်ဖြင့် သတ်မှတ်ထားတယ်။ အခုလောလောဆယ် ဖွဲ့စည်းပုံအရ။ လောလောဆယ်မှာ သူတို့မှာ လက်နက်ကိုင်တပ်ဖွဲ့ မရှိဘူးပေါ့။ အဲဒီတော့ ဖွဲ့စည်းပုံအတိုင်း လက်ခံလိုက်ရင် လက်နက်ကိုင်တပ်ဖွဲ့ကို စွန့်လွှတ်မယ့်ကိစ္စ ဘယ်လောက် အဆင်သင့် ဖြစ်ပါသလဲ။

ဦးအောင်မြင့် ။ ။ ဒါကတော့ တနိုင်ငံလုံး အခြေခံဥပဒေ ဆွေးနွေးပြင်ဆင်ဖို့ လိုအပ်တဲ့ အခြေအနေတွေမှာ ရောက်နေပါတယ်။ လက်နက်ကိုင် အဖွဲ့အစည်းကို ဘယ်လို ပြန်ပြီးတော့ ပြင်ဆင်ဖွဲ့စည်းမလဲ။ ဘယ်လို လုပ်မလဲဆိုတာ ဒါက အားလုံးဆွေးနွေးရမယ့် ကိစ္စ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်တခုက “ဝ” ဆိုလို့ရှိရင် နိုင်ငံတကာ က အထူးသဖြင့် မြင်ရတာ မူးယစ်ဆေးဝါး လုပ်တဲ့ ဒေသလို့ မြင်ကြပါတယ်။ ဒါဟာ အပြစ်ပြောတာ မဟုတ်ပါဘူး။ “ဝ” တိုင်းရင်းသားတွေကို သူတို့မှာ အစဉ်အလာ ဒါပဲရှိလာတယ်။ တခြား အစားထိုးသီးနံှ မအောင်မြင်နိုင်ဘူး။ သူတို့ ဘဝရပ်တည်ရေးအတွက် လုပ်ရတယ်ဆိုတာ ဟုတ်ပါတယ်။ ဒါပေမဲ့ အဲဒီ နိုင်ငံတကာရဲ့ အမြင်က လွတ်မြောက်အောင် ဘယ်လိုလုပ်ဖို့ အစီအစဉ်တွေ ရှိပါလဲ။ မူးယစ်ဆေးဝါး သံသရာကနေ လွတ်မြောက်နိုင်မယ့် အခြေအနေ ရှိပါလား။

ဦးအောင်မြင့် ။ ။ နှစ်ပေါင်း ရာနဲ့ကျော်ပြီးတော့ ကျနော်တို့ စိုက်ပျိုးလာတဲ့ဟာကို ကျနော်တို့ UWSP, UWSA ခေတ်ကျတော့မှ အစားထိုးသီးနံှနဲ့ ဒီမူးယစ်ကို အားလုံးပြတ်သွားအောင် အမြစ်ပြတ်သွားအောင် ဆောင်ရွက်မယ်လို့ ကျနော်တို့ ဆွေးနွေးပြီး ဆုံးဖြတ်တာဖြစ်တယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီ မျှော်မှန်းချက်အတိုင်း တကယ် ဖြစ်လာနိုင်သလား။

ဦးအောင်မြင့် ။ ။ ကျနော်တို့ပြောမယ် ခင်များတို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါး တားမြစ်ရေးအဖွဲ့ဆိုတာ ရှိပါတယ်။ သူတို့ကို ပြန်မေးကြည့်ပါ။ သူတို့က အမေရိကန်ကနေ ဂြိုဟ်တုကနေ ကြည့်တယ်။ တရုတ်ဘက်ကနေ ဂြိုဟ်တုကနေ ကြည့်တယ်။ စောင့်ကြည့်တယ်။ ကျနော်တို့ “ဝ” ဒေသမှာ အခုထက်ထိ ဘိန်းပင်တပင်မှ မရှိဘူးဆိုတာကို သူတို့က လက်ခံတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီတော့ မူးယစ်ဆေးဝါး မစိုက်တော့ဘူး။ မလုပ်တော့ဘူးဆိုရင် ဦးအောင်မြင့်တို့ ဒေသမှာ “ဝ” တောင်သူလယ်သမားတွေရဲ့ ဘဝက တကယ်ပဲ အေးအေးချမ်းချမ်းနဲ့ ဝင်ငွေဖူဖူလုံလုံ၊ ရိက္ခာ ဖူဖူလုံလုံ ဖြစ်ကြပါရဲ့လား။ ဘယ်လိုလုပ် စားသောက်နေထိုင်ကြလဲ။

ဦးအောင်မြင့် ။ ။ ကျနော်တို့ ဘိန်းအစားထိုးသီးနံှ စိုက်ပျိုးတယ်ဆိုတာ ရောဘာပင်က အများဆုံး ဖြစ်တယ်။ ရော်ဘာစိုက်ခင်းက ဧကပေါင်း နှစ်သိန်းခွဲကျော် ရှိတယ်။ နောက်တခုက လဘက်ခြောက် စိုက်ပျိုးမှုကလည်း ဧကပေါင်း ထောင်ဂဏန်းနဲ့ ရှိတယ်။ လာမယ့်နှစ် ရောင်းမယ့် လဘက်ခြောက်ဟာ ဒီနှစ် ကုန်သည်တွေက လာပြီးတော့ စာချုပ်ချုပ်တာ အကုန်ယူမယ်။ ကျနော်တို့ကတောင် ”ဆရာတို့ ဒီလို မဖြစ်ဘူးနော်။ ကျနော်တို့ ကိုယ့်ဒေသမှာလည်း သုံးစရာရှိတယ်။ ဒါကြောင့် သူတို့ကို ရာခိုင်နှုန်း (၇၀) လောက်ပဲ ရောင်းတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော် နောက်တခု မေးချင်တာက UWSA “ဝ” တပ်ဖွဲ့ဟာ လက်နက်အင်အား အားဖြင့် အကောင်းဆုံးဖြစ်တယ်။ … ဒါနဲ့ ပတ်သက်ပြီး စိုးရိမ်တာက တရုတ်အစိုးရဟာ တချိန်ချိန်မှာ “ဝ” ဒေသကို မြန်မာနိုင်ငံနဲ့ ပြဿနာတက်ရင် အကြပ်ကိုင်ဖို့အတွက် ဝှက်ဖဲအဖြစ် အသုံးပြုနိုင်တယ်ဆိုတဲ့ သုံးသပ်ချက်တချို့လည်း ရှိပါတယ်။ တရုတ်အစိုးရနဲ့ မြန်မာနိုင်ငံထဲက UWSP/UWSA တို့ရဲ့ ဆက်ဆံရေး ဘယ်လို ရှိပါလဲ။

ဦးအောင်မြင့် ။ ။ သမိုင်းကတည်းက ဆက်ဆံမှုက ကောင်းခဲ့တာ ရှိပါတယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးတဲ့နောက်မှာ ကျနော်တို့ လမ်းပန်ဆက်သွယ်မှု မရှိတဲ့အတွက် အစိုးရအဆက်ဆက်က “ဝ” ဒေကို လာရောက်ကြည့်ရှု၊ ကူညီတာ မရှိပါဘူး။ ဒီတော့ “ဝ” ဒေသက ပြည်သူတွေက ကိုယ့်ဒေသမှာကိုယ် ဟိုအချိန်ကဆို ဘိန်းတွေ စိုက်ကြတယ်။ ရောင်းပြီးတော့ စားသောက်ကြတယ်။ ဒါလဲ မလောက်ပါဘူး။ ဒီတော့ တရုတ်နယ်စပ်မှာသွားပြီးတော့ တကယ်ပြောမယ်ဆိုလို့ရှိရင် သမိုင်းမှာ “ဝ” ရဲ့ ဗိုက်က တရုတ်ပြည်မှာရှိတယ်။ တရုတ်နဲ့ ဆက်ဆံမှု ဘယ်လိုရှိလဲဆိုတာ အစိုးရချင်း ဆက်ဆံတာကတော့ မရှိပါဘူး။ အရင်တုန်းက ဒေသပြည်သူတွေ အချင်းချင်းသာ ဆက်ဆံမှု ရှိတာပါ။

ဦးကျော်ဇံသာ ။ ။ ဆိုကြပါစို့ တရုတ်နဲ့ မြန်မာ နယ်စပ်မှာ တင်းမာမှု တစုံတရာ ဖြစ်လာရင် “ဝ” အနေနဲ့ လုံးဝကြားနေ နေနိုင်လား။ သို့မဟုတ် မြန်မာပြည်ထောင်စု တိုင်းရင်းသားအနေနဲ့ ဒီဘက်ကို ပါနိုင်သလား။ သို့တည်းမဟုတ် တရုတ်က တစုံတရာ ဖိအားပေးပြီး သူတို့ဘက်က ရပ်တည်ခိုင်းဖို့ လုပ်နိုင်တဲ့ အလားအလာ ရှိပါလား။ ဘယ်လို ဖြစ်လာနိုင်လဲ။

ဦးအောင်မြင့် ။ ။ ကျနော်တို့ “ဝ” သွေးစည်းညီညွှတ်ရေးပါတီ တည်ထောင်ကတည်းက ငြိမ်းချမ်းရေး စယူကတည်းက ကျနော်တို့က လေးလေးနက်နက် ကမ္ဘာကို ကြေညာထားပြီးဖြစ်တယ်။ နိုင်ငံတော်အစိုးရကိုလည်း သတင်းပို့ ကြေညာထားခြင်းဖြစ်တယ်။ ဆွေးနွေးပွဲမှာလည်း ဒီလိုပဲ တောက်လျှောက်ပြောနေတယ်။ ကျနော်တို့ “ဝ” ဒေသက မြန်မာနိုင်ငံရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတခု ဖြစ်တယ်။ ကျနော်တို့ ဘယ်သောအခါကမှ ဘယ်သောအခါမှလဲ ဗမာပြည်ကနေ ခွဲထွက်မယ်၊ လွတ်လပ်ရေးယူမယ်ဆိုတဲ့ စဉ်းစားမှု၊ တွေးခေါ်မှု လုံးဝမရှိဘူး။

ဦးကျော်ဇံသာ ။ ။ နောက်ဆုံးတခု မေးချင်ပါတယ်။ တရုတ်ပြည်ဘက်မှာရှိတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် “ဝ” ပြည်နယ်၊ “ဝ” ခရိုင်နဲ့ ဒီဘက်က ဦးအောင်မြင့်တို့ မြန်မာနိုင်ငံထဲက “ဝ” ဒေသတို့ ကူးလူးဆက်ဆံမှု၊ ချစ်ခင်ရင်းနှီးမှု ဘယ်လောက်အထိ ရှိပါလဲ။

ဦးအောင်မြင့် ။ ။ ရှိပါတယ်။ နယ်စပ်မျဉ်းခြားတာပဲ ဟိုဘက်ဒီဘက်ပဲ။ ကိုယ့်တိုင်းရင်းသားတွေ။ ဖွံ့ဖြိုးမှုက သူတို့က နည်းနည်းပိုဖွံ့ဖြိုးတယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဒေသတွေ ပေးထားပြီးတော့ နိုင်ငံတော်က အများကြီး ကူညီပံ့ပိုးမှုတွေ ရှိတယ်။ ကျနော်တို့ကျတော့ နိုင်ငံတော်က ကူညီတာ နောက်ကျတယ်။ နိုင်ငံတော်က ကူညီတာ လိုအပ်သလောက် မရှိဘူး။ ကျနော်တို့ ကိုယ့်ဟာကိုယ် ဘိန်းအစားထိုး သီးနံှစိုက်ပျိုးရေး၊ ကိုယ့်ဒေသကိုယ့် ဖွံ့ဖြိုးအောင် ငြိမ်းချမ်းရေးရတဲ့ နှစ်ဆယ့်ခြောက်နှစ် ရှိနေပြီ။ ဒီ (၂၆) နှစ် (၂၅) နှစ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ “ဝ” ပြည်နယ်ရဲ့ (၃၀၀၀) ကျော်ရဲ့ သမိုင်းမှာ အဖွံ့ဖြိုးဆုံး အတိုးတက်ဆုံး ကာလဖြစ်တယ်ဆိုတာ ကျနော်တို့ ဒီလို ကောက်ချက်ချနိုင်တယ်။ မယုံလို့ရှိရင် ခင်များတို့ လာကြည့်ပါ။