စစ်တပ်ကျူးလွန်တဲ့ ရာဇဝတ်မှုများ

မြန်မာနိုင်ငံအရှေ့ပိုင်းဒေသနေ အရပ်သားတွေကို အစိုးရတပ်က သတ်ဖြတ်ညှဉ်းဆဲရာမှာ တာဝန်အရှိဆုံး စစ်ဗိုလ်သုံးဦးရဲ့အမည်ကို Harvard Law School လူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်ကြေညာထားပါတယ်။ လက်ရှိ ပြည်ထဲရေးဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီးကိုကို၊ အထူးစစ်ဆင်ရေးဗျူရိုကစစ်ဦးစီး ဗိုလ်ချုပ်ခင်ဇော်ဦးနဲ့ နေပြည်တော်ရဲ့ တိုင်းမှူးဗိုလ်ချုပ်မောင်မောင်အေးတို့ကို ရာဇဝတ်မှု ကျူးလွန်သူအဖြစ် ဖော်ပြပါတယ်။ ၂၀၀၆ က ၂၀၀၈ အထိ မြန်မာပြည်အရှေ့ပိုင်း စစ်ဆင်ရေးမှာ အရပ်သားအများအပြားကို သတ်ဖြတ်ခဲ့တဲ့ စစ်ရာဇဝတ်မှုမှာ တာဝန်ရှိကြောင်း (၇၈) မျက်နှာအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ မြန်မာပြည်အရှေ့ပိုင်းမှာ ကွင်းဆင်းလေ့လာစုံစမ်းပြီး ရေးသားထားတဲ့ အစီရင်ခံစာ ဖြစ်ပါတယ်။

၂၀၀၉ ခုနှစ်ကလည်း အစိုးရတပ်ကျူးလွန်တဲ့ ရာဇဝတ်မှုကြီးတွေကို လေ့လာဆန်းစစ်ထားတဲ့ စာမျက်နှာ တစ်ရာကျော်အစီရင်ခံစာကို ဟားဗတ်လူ့အခွင့်အရေးအဖွဲ့က ထုတ်ဝေဖူးပါတယ်။ အဲဒီတုန်းကတော့ ကုလသမဂ္ဂထုတ်ပြန်တဲ့ စာရွက်စာတမ်းကိုသာ လေ့လာဆန်းစစ်ပြီး အစီရင်ခံစာရေးတာ ဖြစ်ပါတယ်။ ဒီလို လေ့လာရာမှာ အိုင်စီစီ နိုင်ငံတကာရာဇဝတ်ခုံရုံးရဲ့ ရောမ ဥပဒေကို ကိုက်တံအဖြစ် သုံးထားတာကြောင့် တရားခံစစ်ဗိုလ်တွေကို နိုင်ငံတကာရာဇဝတ်ခုံရုံးက စီရင်ပိုင်ခွင့်ရှိတယ်လို့ ဆိုပါတယ်။

အစိုးရတပ်ရှိတဲ့ဒေသမှာ အတင်းအဓမ္မခိုင်းစေမှု၊ စစ်သားစုဆောင်းမှု၊ မုဒိမ်းမှု၊ လူသတ်မှု စတာတွေ ဖြစ်ပွားနေတာ ကြာလှပါပြီ။ ဒီလိုနှစ်ပေါင်းများစွာ တဖက်သတ်အနိုင်ကျင့်ပြီး မတရားလုပ်တာကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ အဖွဲ့က သူတို့နဲ့ မဆိုင်သလို လုပ်နေပါတယ်။ ၁၉၈၈ ကစတဲ့ အနှစ် (၂၀) ကျော် စစ်တပ်ရဲ့ လုပ်ရပ်ကို တရားစွဲခြင်း၊ အရေးယူခြင်း မလုပ်ရလို့ အခြေခံဥပဒေပုဒ်မ (၄၄၅) က တားမြစ်ထားပါတယ်။ ၂၀၀၈ အခြေခံဥပဒေဟာ စစ်အုပ်စု မတရားလုပ်ခဲ့တာကို ကာကွယ်ပြီး အခွင့်ထူးခံစားခွင့်ပေးထားပါတယ်။ တကယ်တော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်မှာ ရာဇဝတ်မှုအများဆုံး စစ်တပ်က ကျူးလွန်ခဲ့တာ ဖြစ်ပါတယ်။ နေပြည်တော်တည်ဆောက်မှု အပါအဝင် စီမံကိန်းနဲ့ စစ်ဆင်ရေးကြောင့် အတင်းအဓမ္မဖယ်ရှားခံရတဲ့ ဒေသခံအရပ်သားဒုက္ခသည်တွေ သန်းချီပြီး ရှိနိုင်ပါတယ်။

စစ်တပ်အကြီးအကဲရဲ့ အကျင့်ဟာ စစ်တပ်မှာ ရောင်ပြန်ဟပ်တာမို့ စစ်ခေါင်းဆောင် ကိုယ်ကျင့်တရား မကောင်းရင်မကောင်းသလို စစ်တပ်ကလည်း ဖောက်ပြန်တတ်ပါတယ်။ ၁၉၆၂ ဇူလိုင် (၇) ရက် ဆန္ဒပြပွဲ၊ ၁၉၆၅၊ ၁၉၆၉ နဲ့ ၁၉၇၀ ကျောင်းသားအုံကြွမှု၊ ၁၉၇၄ မေလ အလုပ်သမားသပိတ်နဲ့ ဒီဇင်ဘာဦးသန့်အရေးအခင်း၊ ၁၉၇၅ ကျောင်းသားဆန္ဒပြပွဲ၊ ၁၉၇၆ မှိုင်းရာပြည့်ဆန္ဒပြပွဲ၊ ၁၉၇၇ ကျောင်းဆန္ဒပြပွဲ၊ ၁၉၈၈ အရေးတော်ပုံစတာတွေကို နှိမ်နင်းသတ်ဖြတ်တဲ့ ရာဇဝတ်မှုမှာ တာဝန်အရှိဆုံးဟာ ဗိုလ်ချုပ်ကြီးနေဝင်း ဖြစ်ပါတယ်။ အဲဒီတုန်းကတော့ စစ်အေးတိုက်ပွဲဖြစ်နေလို့ ကွန်မြူနစ် ဆန့်ကျင်တဲ့ ဗိုလ်နေဝင်းကို အနောက်တိုင်းက လက်ပိုက်ကြည့်နေခဲ့ပါတယ်။ ကမ္ဘောဒီးယားခေါင်းဆောင် လူသတ်ကောင် Pol Pot ကို ၁၉၇၇ မှာ သွားတွေ့တဲ့ တဦးတည်းသော နိုင်ငံတော်အကြီးအကဲဟာ ဦးနေဝင်း ဖြစ်ပါတယ်။

၁၉၈၈ လူထုအုံကြွမှုကို သတ်ဖြတ်နှိမ်နင်းပြီးတဲ့နောက်ပိုင်း တိုးချဲ့လိုက်တဲ့စစ်တပ်ဟာ လူ့အခွင့်အရေး ချိုးဖျက်မှုနဲ့ အဂတိလိုက်စားမှုကြောင့် နာမည်ပျက်လာပါတယ်။ တိုင်းသူပြည်သားကို လုပ်ခမပေးဘဲ အတင်းအဓမ္မ ခိုင်းစေတာဟာ လူသားအားလုံးအပေါ်မှာ ရာဇဝတ်မှု ကျူးလွန်တာဖြစ်ကြောင်း ILO စုံစမ်းရေးကော်မရှင် အစီရင်ခံစာမှာ ဖော်ပြပါတယ်။ ၁၉၉၆ ကျောင်းသားအုံကြွမှု ဖြစ်ပွားပြီးတဲ့ နောက်ပိုင်းမှာ အကြမ်းဖက်မှုတွေ များလာပါတယ်။ ၂၀၀၃ မှာ ဖြစ်ပွားတဲ့ ဒီပဲယင်း လူသတ်ပွဲမှာ ရာနဲ့ချီပြီး သေဆုံးပြန်ပါတယ်။ အဲဒီနောက် ၂၀၀၇ မှာ သံဃာဦးဆောင်တဲ့ ပြည်သူဆန္ဒပြပွဲကို စစ်အစိုးရက အကြမ်းဖက်နှိမ်နင်းပြန်ပါတယ်။ စစ်ဖြစ်ပွားမှုနဲ့ လူ့အခွင့်အရေး ချိုးဖျက်မှုကြောင့် ဦးသန်းရွှေ လက်ထက်မှာ နေရပ်ကို စွန့်ခွါရသူ အရပ်သားပေါင်း တသန်းကနေ သုံးသန်းအထိ ရှိနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။

ရိက္ခာ၊ ရန်ပုံငွေ၊ သတင်း နဲ့ တပ်သားသစ်ကို တိုင်းရင်းသားတပ်ဖွဲ့တွေ မရနိုင်အောင် ဒေသခံရွာသူရွာသားနဲ့ အဆက်ဖြတ်တဲ့ ဖြတ် (၄) ဖြတ် စစ်ဆင်ရေးလမ်းစဉ်ကို ဦးနေဝင်းရော ဦးသန်းရွှေရော ကျင့်သုံးပါတယ်။ အထက်အမိန့်နာခံပြီး လုပ်တဲ့စစ်ဗိုလ်ဟာ အမှားအမှန် ဝေဖန်နိုင်တာ မဟုတ်ပါဘူး။ အထက်ကခိုင်းရင် အမျိုးသမီး၊ ကလေး၊ ဘုန်းကြီး၊ လူကြီးလူငယ် အရွယ်မရွေး စစ်တပ်က ပစ်သတ်ပါတယ်။ အရပ်သားသတ်ဖြတ်တာကို တာဝန်ကျေပွန်တဲပ စစ်မှုထမ်းလို့ သတ်မှတ်ပါတယ်။

၂၀၀၂ ဒီဇင်ဘာမှာ ဦးနေဝင်း သေတဲ့အခါ မြန်မာပြည်ကို ဖျက်ဆီးသူကြီး သေပြီလို့ Economist စာစောင်က ရေးပါတယ်။ ဦးသန်းရွှေလက်ထက်မှာ သေကြေပျက်စီးသူတွေနဲ့ ဒုက္ခရောက်သူတွေ သန်းချီပြီ ရှိနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဒါပေမဲ့ သူတို့ကို အရေးယူဖို့ ဘယ်သူကမှ စိတ်ကူးပုံ မရသေးပါဘူး။ နေပြည်တော်က ကာကွယ်ရေးဌာနပြတိုက်မှာ ဗိုလ်ချုပ်အောင်ဆန်း ဓါတ်ပုံကို ဗိုလ်ချုပ်ကြီးနေဝင်း နဲ့ ဗိုလ်ချုပ်မှုးကြီးသန်းရွှေတို့ရဲ့ ဓါတ်ပုံတွေက ခြံရံထားတယ်လို့ သိရပါတယ်။ ဦးနေဝင်း နဲ့ ဦးသန်းရွှေတို့ကို မင်းဆိုးမင်းညစ် စစ်တရားခံအစစ်အဖြစ် နိုင်ငံခြားစာနယ်ဇင်းတွေက ဖော်ပြကြပေမယ့် အစိုးရတပ်ကတော့ စစ်ခေါင်းဆောင်ကြီးတွေအဖြစ် ဆက်လက်ကိုးကွယ်ဆည်းကပ်နေဆဲ ဖြစ်ပါတယ်။