Your browser doesn’t support HTML5
လွန်ခဲ့တဲ့ (၂၀၀၇) ကစပြီး ရခိုင်ပြည်နယ်မှာ လူ့အခွင့်အရေးချိုးဖျက်မှုနဲ့ ပတ်သက်ပြီး တပ်မတော်ခေါင်းဆောင်ပိုင်းက ထိပ်တန်းအရာရှိ (၁၄) ဦးကို ဒဏ်ခတ်အရေးယူထားဆဲ့ဖြစ်ကြောင်း ဗြိတိသျှအစိုးရက ဧပြီလ (၂၇) ရက်နေ့က ကြေညာပါတယ်။ ဒီအရာရှိတွေကို ဗြိတိန်နိုင်ငံဝင်ခွင့်မပြုဘဲ၊ သူတို့နဲ့ ဘဏ္ဍာရေးဆက်သွယ်တဲ့ အင်္ဂလိပ်ကုမ္ပဏီကို ရာဇဝင်ကြောင်းအရ အရေးယူမယ်လို့ ဆိုပါတယ်။ အမေရိကန်ကလည်း အလားတူ အရေးယူထားပါတယ်။ ဒါပေမဲ့ အရေးယူခံရသူတွေဟာ အင်္ဂလန်၊ အမေရိကန်တို့နဲ့ ရင်းနှီးသူတွေ မဟုတ်လို့ ဘာမှအရာရောက်မှာ မဟုတ်ဘူးလို့ မြင်ကြပါတယ်။
မြန်မာအစိုးရတပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုကို စုံစမ်းလေ့လာတဲ့ ကုလသမဂ္ဂအချက်အလက် ရှာဖွေရေးမစ်ရှင်က (၂၀၁၈) နှောင်းပိုင်းမှာ အစီရင်ခံစာထုတ်ဝေပြီးတဲ့ နောက်ပိုင်း တာဝန်ရှိသူတွေကို အရေးယူဖို့ ဆောင်ရွက်လာတာ ဖြစ်ပါတယ်။ ၂၀၁၁ ကနေ ၂၀၁၈ အထိ ဒီမိုကရေစီ ပြုပြင်ရေးလုပ်ဖို့ ရွေးကောက်ပွဲအစိုးရတွေ ကြိုးပမ်းချိန်မှာ တသီးတခြား ရပ်တည်နေတဲ့ တပ်မတော်ဟာ ရာဇဝတ်မှုမျိုးစုံကို ကျူးလွန်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေတာမို့ အစိုးရတပ်အနေနဲ့ တာဝန်သိဖို့အတွက် နိုင်ငံတကာအသိုင်းအဝိုင်းက တွန်းအားပေးရမယ်လို့ အကြံပြုထားပါတယ်။
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲအနိုင်ရလို့ (၂၀၁၆) မတ်လကစပြီး အစိုးရဖွဲ့စည်းခဲ့ပေမယ့် စစ်တပ်ဟာ သီးသန့်အဖွဲ့အစည်းအဖြစ် ရပ်တည်နေပါတယ်။ ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာနတွေဟာ စစ်တပ်လက်အောက်ခံဖြစ်နေပြီး စစ်ဦးစီးချုပ် ရွေးချယ်တဲ့ စစ်ဗိုလ်တွေဟာ လွှတ်တော်မှာ နေရာယူကြပါတယ်။ ဒီဌာနတွေအပေါ်မှာ NLD အစိုးရ သြဇာမရှိပါဘူး။ ဒါပေမဲ့ စစ်တပ်ရဲ့ တရားဝင်အသုံးစရိတ်ကိုတော့ NLD အစိုးရက အတည်ပြုရပါတယ်။ ရွေးကောက်တင်မြှောက်တဲ့ အစိုးရအမိန့်ကို နာခံစရာမလိုတဲ့ အစိုးရစစ်တပ်အဖြစ် ရပ်တည်နိုင်အောင် (၂၀၀၈) အခြေခံဥပဒေက ဖန်တီးထားတာ ဖြစ်ပါတယ်။ အနှစ် (၂၀) ကျော်ကြာတဲ့ စစ်အစိုးရလက်ထက်မှာ စစ်တပ်ဟာ စီးပွားရေးလုပ်ငန်းမျိုးစုံနဲ့ ခရိုနီအသိုင်းအဝိုင်းကို တည်ဆောက်နိုင်ခဲ့ပါတယ်။ အဲဒီလုပ်ငန်းတွေဟာ ဒီကနေအထိ ရှင်သန်နေပြီး စစ်တပ်ကို အကျိုးပြုနေဆဲ ဖြစ်ပါတယ်။
အစိုးရဘတ်ဂျက်အသုံးစရိတ်မှာမပါတဲ့ စစ်တပ်ရဲ့ဝင်ငွေဟာ သမားရိုးကျမဟုတ်တဲ့ ဝင်ငွေဖြစ်တယ်လို့ ကုလသမဂ္ဂမစ်ရှင်က သတ်မှတ်ပါတယ်။ ဒီလိုသမာရိုးကျမဟုတ်တဲ့ ဝင်ငွေရင်းမြစ်တွေ ရှိနေလို့ စစ်တပ်ဟာ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ တသီးတခြား ရပ်တည်နိုင်တာလို့ ယူဆပါတယ်။ ဒါကြောင့် တပ်မတော်ရဲ့ စီးပွားရေးလုပ်ငန်းတွေကို ဆန်းစစ်လေ့လာပြီး သင့်တော်သလို အရေးယူဖို့ ကုလသမဂ္ဂမစ်ရှင်းက အကြံပေးထားပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက မြန်မာစစ်တပ်ရဲ့ အကျိုးစီးပွား The Economic Interests of Myanmar Military ဆိုတဲ့ စာမျက်နှာ တစ်ရာကျော်စာတမ်းကို ၂၀၁၉ စက်တင်ဘာလက ထုတ်ဝေပါတယ်။ စစ်တပ်ရဲ့ စီးပွားရေး အရင်းအမြစ်ကို ဖြတ်ပစ်ဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။
စီးပွားရေးမှာ ကြီးစိုးပြီး တသီးတခြားရပ်တည်နိုင်တဲ့ အနေအထားမှာ မရှိတော့တဲ့ တပ်မတော်ဟာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဥပဒေကို ရိုသေလေးစားလာပြီး၊ တာဝန်သိလာလိမ့်မယ်လို့ ကုလသမဂ္ဂမစ်ရှင်က မျှော်လင့်ထားပုံရပါတယ်။ ဒီလိုအခြေအနေကို ရောက်ဖို့အတွက် တပ်မတော်ကို ပြုပြင်ပြောင်းလဲရမယ်လို့လည်း ဆိုပါတယ်။ တပ်မတော်ပိုင် ကုမ္ပဏီအားလုံးနဲ့ လက်အောက်ခံလုပ်ငန်းတွေကို ပစ်မှတ်ထားပြီး စီးပွားရေးအရ အရေးယူပိတ်ဆို့မှုတွေ လုပ်သင့်တယ်လို့ ကုလသမဂ္ဂမစ်ရှင်က အကြံပြုထားပါတယ်။ ဒါပေမဲ့ ပြည်သူလူထုရဲ့ လူမှုအကျိုးစီးပွားကို မထိခိုက်အောင် အသေအချာ စဉ်းစားချင့်ချိန်ပြီးမှာ ဒဏ်ခတ်အရေးယူတာတွေ လုပ်ရမယ်လို့ ဆိုပါတယ်။ လူ့အခွင့်အရေး ချိုးဖျက်ရာမှာ တာဝန်ရှိတဲ့ တပ်မတော်အရာရှိတွေကို ပစ်မှတ်ထားပြီး အရေးယူဖို့လည်း တိုက်တွန်းထားပါတယ်။
NLD အစိုးရဆောင်ရွက်ဖို့ ကုလသမဂ္ဂမစ်ရှင်က အကြံပေးထားတာတွေကတော့ အများကြီးပါပဲ။ တပ်မတော်ကို အရပ်ဘက်ထိန်းချုပ်မှုနဲ့ ကြီးကြပ်မှုအောက်ကို အပြည့်အဝ ရောက်ရှိအောင် လုပ်ဆောင်ရမယ်လို့ ဆိုပါတယ်။ နောက်တော့ တပ်မတော်ရန်ပုံငွေအားလုံးကို လွှတ်တော်ရဲ့ ထိန်းချုပ်မှုအောက်မှာ ထားရမယ်လို့ ဆိုပါတယ်။ တပ်မတော်ကို စီးပွားရေးမလုပ်ဖို့ တားမြစ်တဲ့ ဥပဒေကို လွှတ်တော်က ပြဌာန်းပြီး၊ စီးပွားရေးလုပ်ငန်းမှာ စစ်ဗိုလ်တွေ ပါဝင်နေတာကို ပိတ်ပင်တားမြစ်ရမယ်လို့လည်း ဆိုပါတယ်။
ကုလသမဂ္ဂမစ်ရှင်ဟာ ကိုယ်ဖြစ်စေချင်တာကို စိတ်ကူးယဉ်ပြီး အကြံပေးနေတာ သိသာထင်ရှားပါတယ်။ အခြေခံဥပဒေကို အဖျားအနားတောင် ပြင်ဆင်ဖို့ ခက်ခဲပါတယ်။ NLD အစိုးရက မကြာသေးမီက ပြင်ဆင်ဖို့ ကြိုးစားတာ အချည်းနှီး ဖြစ်သွားပါတယ်။ အနှစ် (၇၀) လောက်ရှိပြီဖြစ်တဲ့ စစ်တပ်ရဲ့ စီးပွားရေးအစဉ်အလာကို ကွယ်ပျောက်အောင်လုပ်ဖို့ကိစ္စဟာ အပြောလွယ်သလောက် လက်တွေ့လုပ်ဖို့ ခက်ခဲပါတယ်။ စစ်တပ်ကို မဆက်ဆံဖို့ နိုင်ငံခြားအဖွဲ့အစည်းတွေကို တိုက်တွန်းတာလောက်ပဲ လုပ်နိုင်လိမ့်မယ် ထင်ပါတယ်။ ရှေ့အပတ်မှာ အစိုးရတပ်ရဲ့ စီးပွားရေးလုပ်ငန်းအကြောင်း တင်ပြပါမယ်။
==Unicode ==