မျိုးဆက်သစ်ရဲ့ လွတ်မြောက်ရေးစစ်

Protest at Kyi Myin Dine

ဦးအောင်ခင်ရဲ့ မြန်မာ့အရေး သုံးသပ်ချက်

စစ်အာဏာသိမ်းမှုကြောင့် ပေါ်ထွက်လာတဲ့ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ အဓိကပါဝင်နေတဲ့ မျိုးဆက်သစ် (GenerationZ) အကြောင်း ပြည်တွင်းပြည်ပမှာ အမျိုးမျိုးရေးသားကြပါတယ်။ တူညီတဲ့ချက်က မြန်မာပြည်ရဲ့ အနာဂတ်ဟာ မျိုးဆက်သစ်တွေအပေါ်မှာ မူတည်တယ်ဆိုတဲ့ သုံးသပ်ချက်ပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ စစ်အာဏာမသိမ်းမီ (၂) နှစ်လောက်က ထုတ်ဝေထားတဲ့ မျိုးဆက်သစ်စစ်တမ်းအကြောင်း ပြောပါရစေ။ MSR – Myanmar Survey Research က ၂၀၁၉ မေလ (၈) ရက်နေ့မှာ ထုတ်ဝေထားတဲ့ စစ်တမ်း ဖြစ်ပါတယ်။ မျိုးဆက်သစ်ကိုလေ့လာတဲ့ ပထမဆုံးစစ်တမ်းပါ။

အသက် (၁၅) နှစ်နဲ့ (၃၀) ကြားအရွယ်ဟာ မျိုးဆက်သစ် (GenerationZ) မှာ ပါဝင်တယ်လို့ ဆိုပါတယ်။ မြန်မာ့လူဦးရေ တဝက်ကျော်သာ မျိုးဆက်သစ်တွေဖြစ်လို့ သူတို့ဟာ တိုင်းပြည်ကို ပြောင်းလဲအောင်လုပ်နိုင်သူတွေ ဖြစ်တယ်လို့ MSR စစ်တမ်းက ဆိုပါတယ်။ ဒါပေမဲ့ မိဘနဲ့ လူမှုအသိုက်အဝန်းရဲ့ ထိန်းချုပ်မှုကြောင့် မျိုးဆက်သစ်တွေဟာ သူတို့လိုချင်တဲ့ စွမ်းရည်ကိုရအောင် ကြိုးပမ်းရာမှာ အကန့်အသတ် ရှိနေတယ်လို့ သုံးသပ်ပါတယ်။ ဦးသိန်းစိန်နဲ့ NLD အစိုးရလက်ထက်မှာ ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာတာဟာ မျိုးဆက်သစ်ကို အချိန်တိုအတွင်း ခေတ်မီအောင် လုပ်ပေးလိုက်သလို ဖြစ်သွားပါတယ်။

ဆက်သွယ်ရေးအတတ်ပညာ ကျွမ်းကျင်တဲ့ မျိုးဆက်သစ်နဲ့ မျိုးဆက်ဟောင်းမိဘအကြားမှာ ကွာဟမှုတွေလည်း ကြီးမားလာပါတယ်။ တိုးတက်ပြောင်းလဲမှု မြန်ဆန်လို့ စိတ်ဓါတ်တက်ကြွသူတွေ များလာပေမယ့် ခေတ်နဲ့အမီ မလိုက်နိုင်မှာ စိုးရိမ်သူက (၇၀) ရာခိုင်နှုန်း ရှိတယ်လို့ MSR စစ်တမ်းက ဆိုပါတယ်။ လူမှုစီးပွားရေး အဆင့်အတန်း မြင့်လာအောင် ကြိုးပမ်းရင်း လမ်းပျောက်သလို ခံစားမိတဲ့ လူငယ်က (၄၇) ရာခိုင်နှုန်း ရှိပါတယ်။ ဒါပေမဲ့ အများစုဟာ ဘဝမျှော်လင့်ချက် ကြီးမားကြပါတယ်။ အတတ်ပညာသစ်၊ အတွေးအခေါ်သစ်နဲ့အညီ လုပ်နိုင်ဖို့ အရေးကြီးတယ်လို့ ယုံကြည်တဲ့ မျိုးဆက်သစ်က (၈၀) ရာခိုင်နှုန်းနီးပါး ရှိပါတယ်။ သစ်ဆန်းတဲ့ အတွေးအခေါ် အယူအဆများကြောင့် သြဇာတိက္ကမ ရှိသူတွေကို ကြည်ညိုလေးစားသူက (၆၅) ရာခိုင်နှုန်းရှိပြီး၊ နိုင်ငံရေးသမားကို ယုံကြည်သူက (၃၀) ရာခိုင်နှုန်းသာ ရှိပါတယ်။

လူမှုကွန်ရက် Facebook မှာ မျက်မှောက်ခေတ် ပြဿနာကို ဆွေးနွေးသူတွေဟာ လူငယ်တွေအပေါ် သြဇာညောင်းလာတာ တွေ့ရတယ်လို့ MSR စစ်တမ်းမှာ ဖော်ပြပါတယ်။ ဘဝရည်မှန်းချက် ကြီးမားတဲ့ မျိုးဆက်သစ်တွေဟာ စစ်အာဏာသိမ်းမှုကို အပြတ်အသတ် ဆန့်ကျင်ကြပါတယ်။ အမေရိကန်ပါမောက္ခတွေဖြစ်တဲ့ Ingrid Jordt, Taraphi Than နဲ့ မြန်မာပြည်အခြေစိုက် Sue Ye Lin တို့ကလည်း မျိုးဆက်သစ်အကြောင်း မနှစ်က စာတမ်းထုတ်ဝေထားပါတယ်။ ၂၀၂၁ ဖေဖေါ်ဝါရီ (၅) ရက်မှာ ဖွဲ့စည်းခဲ့တဲ့ လွှတ်တော်ကိုယ်စားပြုကော်မတီဝင် (၁၅) ဦးဟာ မျိုးဆက်သစ်ရဲ့ ရည်မှန်းချက်တွေကို ကိုယ်စားပြုတယ်လို့ ဆိုပါတယ်။ အစောပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ လွှတ်တော်အမတ်တွေ လွှတ်ပေးဖို့ တောင်းဆိုတာမျိုး ရှိခဲ့ပေမယ့် နောက်ပိုင်းမှာ စစ်တပ်ကြီးစိုးမှု နိဂုံးချုပ်ရေးကိုသာ အာရုံစိုက်လာကြပါတယ်။

စစ်အာဏာရှင် ဆန့်ကျင်ရေးမှာ ပါဝင်ကြတဲ့ မျိုးဆက်သစ်တွေ တိုးပွားလာတဲ့အခါမှာတော့ ၂၀၀၈ အခြေခံဥပဒေက ဖန်တီးထားတဲ့ စစ်သား၊ အရပ်သား ပူးတွဲအစိုးရစနစ်ကို လက်မခံတော့ပါဘူး။ မြန်မာပြည်သူပြည်သားတွေအားလုံး ပါဝင်တဲ့ ဖယ်ဒရယ်ဒီမိုကရေစီစနစ်ကိုသာ ရည်မှန်းလာကြပါတယ်။ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးကို ဦးတည်ပြီး မြန်မာလူမျိုးစုနဲ့ တိုင်းရင်းသားလူနည်းစု စည်းလုံးညီညွှတ်ဖို့ မျိုးဆက်သစ်တွေက လိုလားပါတယ်။ သက်ကြီးရွယ်အို ကြီးစိုးမှု၊ ဗမာ့ယဉ်ကျေးမှု၊ အမိန့်နာခံမှုစတဲ့ ဓလေ့ထုံးစံတွေကို ဝေဖန်တဲ့ မျိုးဆက်သစ်တွေဟာ နိုင်ငံရေးမှာသာ တော်လှန်ရေးလုပ်နေတာ မဟုတ်တော့ဘဲ၊ ယဉ်ကျေးမှုမှာပါ တော်လှန်ရေးလုပ်သလို ဖြစ်လာတယ်လို့ Ingrid Jordt တို့အဖွဲ့က သုံးသပ်ပါတယ်။ မျိုးဆက်သစ်ရဲ့ ကန့်ကွက်ဆန္ဒပြပွဲတွေဟာလည်း ရှေးတုန်းကလို ရွှေတိဂုံစေတီမှာ အခြေမစိုက်တော့ပါဘူး။

စစ်အာဏာမသိမ်းမီက မျိုးဆက်သစ်ထဲမှာ နိုင်ငံရေး စိတ်မဝင်စားသူ အများကြီးရှိပါတယ်။ သူတို့ မဲပေးချင်တဲ့သူ မရှိလို့ မဲမပေးဖို့ ဆုံးဖြတ်ကြသူတွေလည်း ရှိပါတယ်။ ဒါပေမဲ့ စစ်အာဏာသိမ်းတဲ့အခါမှာ တိုင်းပြည်ငြိမ်းချမ်းသာယာရေးကို ဖျက်ဆီးနေတာ စစ်တပ်ဖြစ်တယ်ဆိုတာကို မျိုးဆက်သစ်တွေ သဘောပေါက်သွားကြပါတယ်။ စစ်အာဏာရှင် တိုက်ဖျက်ရေးကို စလုပ်တဲ့ မျိုးဆက်သစ်တွေ ခေါင်းဆောင်မှုမှာ ပါဝင်ရမယ်လို့ သုတေသီ စောကပိ က Just Security စာစောင်မှာ သုံးသပ်ထားပါတယ်။ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုကို လူငယ်တွေ နားလည်သဘောပေါက်သွားကြပါတယ်။

ဒါကြောင့် စစ်တပ်ခေါင်းဆောင်တဲ့ နိုင်ငံရေးစနစ်ကို လုံးဝလက်မံကြတော့ပါဘူး။ ဖယ်ဒရယ်ပြည်ထောင်စုစနစ်နဲ့ လိုအပ်လာရင် ဖယ်ဒရယ်တပ်မကြီး တည်ထောင်ဖို့အထိ မျိုးဆက်သစ်တွေက ရည်မှန်းကြပါတယ်။ မြန်မာပြည်ဟာ ၁၉၄၈ ကတည်းက လွတ်လပ်ရေးရပေမယ့် စစ်တပ်ကြီးစိုးတဲ့ သံသရာကနေ မထွက်နိုင်ဘဲ ဖြစ်နေပါတယ်။ စစ်တပ်ကြီးစိုးမှု သံသရာက ရုန်းထွက်ပြီး၊ ဖယ်ဒရယ်နိုင်ငံတော်ကို တည်ဆောက်ဖို့ မျိုးဆက်သစ်တွေ သန္နိဋ္ဌာန်ချထားတာဟာ တိုင်းသူပြည်သားတွေအတွက် ကောင်းမွန်တဲ့ အလားအလာဖြစ်တယ်လို့ စောကပိ က သုံးသပ်ထားတာကို တင်ပြလိုက်ပါတယ်။


==Unicode==







