ပြည်သူ့အင်အားဖွံ့ဖြိုးရေး

Your browser doesn’t support HTML5

ပြည်သူ့အင်အားဖွံ့ဖြိုးရေး








==ZawGyi===

အလွန်အမင်း ဆင်းရဲမှုပပျောက်ရေးနဲ့ အမြဲတမ်း စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူပြည်သားတွေမှာ စွမ်းအားရှိဖို့ လိုပါတယ်။ ဒါကို လူအရင်းအနှီး Human Capital လို့လည်း ခေါ်ပါတယ်။ ဒီအထဲမှာ ဘဝတလျှောက်လုံး စုဆောင်းရရှိလာတဲ့ အသိဉာဏ်ဗဟုသုတ၊ ကျွမ်းကျင်မှုနဲ့ ကျန်းမာရေး ပါဝင်ပါတယ်။ လူအရင်းအနှီး ကောင်းရင်ကောင်းသလို ရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်မှာ ဖြစ်ပါတယ်။ အဟာရရရှိမှု၊ ကျန်းမာရေးကောင်းမှု၊ ပညာရေးအဆင့်အတန်းနဲ့ ကျွမ်းကျင်မှုဟာ လူအရင်းအနှီးတွေ ဖြစ်တာမို့ ဒီအခြေအနေတွေကိုကြည့်ရင် ပြည်သူ့အင်အားကို ခန့်မှန်းနိုင်ပါတယ်။

မြန်မာပြည်ရဲ့ လူအရင်းအနှီးအခြေအနေအရ ဒီကနေ မွေးဖွားတဲ့ ကလေးတယောက်ဟာ အရွယ်ရောက်လာတဲ့အခါမှာ သူ့မှာ ရှိနိုင်တဲ့စွမ်းအားရဲ့ (၄၇) ရာခိုင်နှုန်းကိုသာ အသုံးပြုနိုင်မယ်လို့ မျှော်လင့်ရပါတယ်။ ကျန်းမာရေးနဲ့ ပညာရေးမှာ အားနည်းတဲ့အတွက် လူအရင်အနှီးမှာ အားနည်းရပါတယ်။ ပညာရေးနဲ့ ကျန်းမာရေးကို စံချိန်မီအောင် လုပ်ပေးနိုင်ရင် လူသားတဦးစီရဲ့ အသားတင်ထုတ်လုပ်မှုဟာ (၂) ဆ တက်လာမယ်လို့ ကမ္ဘာ့ဘဏ်အုပ်စုက မကြာမီကထုတ်ဝေတဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ရွေးကောက်ခံအစိုးရတွေ တက်လာတဲ့အခါ ကျန်းမာရေးနဲ့ ပညာရေးမှာ ရင်းနှီးမြုပ်နံှမှု တိုးပွားလာပါတယ်။

ဒါပေမဲ့ လူမှာ ရင်းနှီးတယ်ဆိုတာ “အခုရေတွင်းတူး အခုရေကြည်သောက်” လို့ရတဲ့ကိစ္စ မဟုတ်တဲ့အတွက် ပြည်သူ့အင်အားဖွံ့ဖြိုးတိုးတက်မှုဟာ နိမ့်ကျနေဆဲ ဖြစ်ပါတယ်။ အလုပ်သမားလောကမှာ ကျွမ်းကျင်မှုအဆင့်ဟာ အနိမ့်ဆုံး ဖြစ်နေပါတယ်။ လောလောဆယ် တိုးတက်တာလေး အရှိန်မသေစေဖို့နဲ့ အားလုံးပါဝင်လာနိုင်ရေးအတွက် လူအရင်းအနှီးမြုပ်နံှဖို့ အချိန်ရောက်နေပါပြီ။ ဒါကို မလုပ်နိုင်လို့ ထွက်ပေါ်လာတဲ့ ဆိုးကျိုးကို နောင်လာနောင်သား မျိုးဆက်သစ်တွေ ခံစားကြရပါလိမ့်မယ်။ မွေးဖွားစဉ်ကစပြီး အဟာရချို့တဲ့မှုဒဏ်ကို ခံရတာ ဖြစ်ပါတယ်။ ကလေး (၁) ထောင်မွေးရင် (၆၂) ယောက် သေဆုံးတဲ့နှုန်းဟာ အာရှဒေသမှာ အမြင့်ဆုံး ဖြစ်ပါတယ်။ (၅) နှစ်အောက်ကလေး (၃) ဦးမှာ (၁) ဦးဟာ မကြီးထွားနိုင်ဘဲ ဖြစ်နေပါတယ်။ ကိုယ်ဝန်ဆောင်ကျန်းမာရေး၊ အဟာရနဲ့ ပညာရေးမှာ ရင်းနှီးမြုပ်နံှဖို့ အရေးကြီးပါတယ်။

မြန်မာပြည်သားတဦးရဲ့ သက်တမ်းဟာ (၆၆) နှစ်ဖြစ်ပြီး ဗိယက်နမ်နိုင်ငံသားရဲ့ သက်တမ်းက (၇၅) နှစ် ဖြစ်ပါတယ်။ မြန်မာပြည်သားဟာ ငယ်စဉ်ကတည်းက ကျန်းမာရေးဘက်မှာ ချို့တဲ့နေတာ ထင်ရှားပါတယ်။ အသက် (၆) နှစ် ကလေးတွေကို လေ့လာတဲ့အခါမှာ (၁၆) ရာခိုင်နှုန်းလောက်ကသာ သတ်မှတ်ထားတဲ့ အဟာရနဲ့ နို့ရည်သောက်သုံးမှုကို ရရှိတယ်လို့ ဆိုပါတယ်။ မိခင်နို့ရည်သောက်သုံးမှုအဆင့်ကနေ အစာစားတဲ့အဆင့်ကို ကူးပြောင်းရာမှာ အသိဉာဏ်နည်းတဲ့အတွက် အစဉ်အလာအတိုင်းသာ လုပ်ကြပါတယ်။ အသားနဲ့ငါးစားတဲ့ကလေးက လူနည်းစု ဖြစ်ပါတယ်။ မြန်မာပြည်မှာ ရိက္ခာလုံလောက်တယ်ဆိုပေမယ့် ဆင်းရဲသားမိသားစုတွေဟာ အဟာရရှိတဲ့ အစားအစာကို လက်လှမ်မမီကြပါဘူး။ ဆင်းရဲသားစားသုံးတဲ့ရိက္ခာဟာ လူချမ်းသာတွေ စားသုံးတဲ့ရိက္ခာလောက် အရည်အသွေး မကောင်းပါဘူး။

ရောဂါဖြစ်နိုင်တဲ့ ပတ်ဝန်းကျင်မှာ နေထိုင်လာရတဲ့ကလေးတွေဟာ ကျန်းမာရေးချို့တဲ့ပြီး မကြီးထွားနိုင်ဘဲ ဖြစ်နေရပါတယ်။ ရေကောင်းရေသန့်ရရှိရေးနဲ့ ပတ်ဝန်းကျင်သန့်ရှင်းရေးဟာ ခက်ခဲနေတုန်း ဖြစ်ပါတယ်။ ကျန်းမာရေးကဏ္ဍမှာ နှစ်ပေါင်းများစွာ အသုံးစရိတ် နည်းပါးလာတာကြောင့် မိသားစုတွေအတွက် အခြေခံကျန်းမာရေးဝန်ဆောင်မှု လုပ်မပေးနိုင်ပါဘူး။ ၂၀၁၀ မှာ အစိုးရအသုံးစရိတ် (၁) ရာခိုင်နှုန်းကိုသာ ကျန်းမာရေးကဏ္ဍမှာ သုံးပါတယ်။ ၂၀၁၅ ရောက်တော့ (၄) ရာခိုင်နှုန်းအထိ တိုးသုံးလာပါတယ်။ ကိုယ့်စရိတ်နဲ့ကိုယ် ဆေးကုသကြရတဲ့အတွက် ကျန်းမာရေးစရိတ်ကြောင့် ပိုပြီးဆင်းရဲသွားကြသူတွေ ရှိပါတယ်။ ၂၀၁၅ မှာ ဆေးကုသမှုကြောင့် ဆင်းရဲသွားရသူ (၂) သန်းနီးပါး ရှိပါတယ်။ အခြေခံကုသမှု အခမဲ့ရရှိရေးကို အကောင်အထည်ဖော်နေပေမယ့် သိပ်ပြီးခရီးရောက်ပုံ မရသေးဘူးလို့ ဆိုပါတယ်။

လူအရင်းအနှီးမှာ အရေးကြီးတဲ့ အခြေခံတခုဖြစ်တဲ့ ပညာရေးစရိတ်ဟာ ရွေးကောက်ပွဲ အစိုးရလက်ထက် (၂၀၁၃) ကစပြီး (၅) ဆ တိုးလာတာကို တွေ့ရပါတယ်။ (၂၀၁၇) အစိုးရအသုံးစရိတ်မှာ (၈) ရာခိုင်နှုန်းဟာ ပညာရေးစရိတ် ဖြစ်ပါတယ်။ တိုင်းပြည်အသားတင်ထုတ်လုပ်မှုရဲ့ (၂) ရာခိုင်နှုန်းကျော် ရှိပါတယ်။ ဒါပေမဲ့ အာဆီယံနိုင်ငံတွေနဲ့ ယှဉ်လိုက်ရင်တော့ နည်းပါးနေပါသေးတယ်။ ဥပမာ ဗိယက်နမ်ရဲ့ ပညာရေးစရိတ်ဟာ (၂၀၁၂) ကတည်းက တိုင်းပြည်အသားတင်ထုတ်လုပ်မှုရဲ့ (၈) ရာခိုင်နှုန်း ရှိနေပြီ ဖြစ်ပါတယ်။ ဗိယက်နမ် (၂) နိုင်ငံ ကွဲနေချိန်မှာ မြောက်ဗိယက်နမ်ကျောင်းသားတွေကို ရထားနဲ့အပြည့်တင်ပြီး ရုရှားကို ပညာတော်သင် စေလွှတ်ခဲ့တဲ့ အစဉ်အလာကို ဆက်လက်ထိန်းသိမ်းထားပုံ ရပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရှိတဲ့ ကရင်၊ ကယား၊ မွန်၊ ရှမ်းနဲ့ ကချင်ပြည်နယ်တွေမှာတော့ ဒေသခံအသင်းအဖွဲ့တွေကပဲ ကျန်းမာရေးနဲ့ ပညာရေးကို တာဝန်ယူကြတာ များပါတယ်။ အရှေ့တောင်ဒေသမှာ လူဦးရေး (၅) သိန်းလောက်ကို တိုင်းရင်းသားကျန်းမာရေးလုပ်သား (၄၀၀၀) လောက်က ကြည့်ရှုစောင့်ရှောက်ပါတယ်။ အခြေခံ ကာကွယ်ရေးလုပ်ငန်းတွေလောက်ပဲ လုပ်နိုင်ပါတယ်။ နိုင်ငံသားတိုင်း ကျန်းမာရေးနဲ့ ပညာရေးအခြေခံကို ရရှိနိုင်ဖို့ အချိန်အတော်ကြာဦးမှာ ဖြစ်ပါတယ်။