အနာဂတ်မျိုးဆက်အတွက် ရန်ပုံငွေ

Resource Curse (Credit: Carnegie Endowment for International Peace)

Your browser doesn’t support HTML5

အနာဂတ်မျိုးဆက်အတွက် ရန်ပုံငွေ

တိုင်းပြည်ရဲ့ သဘာဝသယံဇာတတွေကို အနာဂတ်မျိုးဆက်တွေအပါအဝင် နိုင်ငံသူနိုင်ငံသားအားလုံးက ပိုင်ဆိုင်ပါတယ်။ အခုထုတ်ယူနေတဲ့ သယံဇာတတွေ ကုန်ခမ်းသွားတဲ့အခါမှာ ဘယ်လိုလုပ်ကြမလဲ။ အနာဂတ်မျိုးဆက်တွေအတွက် ဘာတွေလုပ်ပေးမလဲ ဆိုတာတွေကို စဉ်းစားကြပါတယ်။ ဒါကြောင့် သယံဇာတ ရောင်းရငွေတွေကို စုပေါင်းပြီး အနာဂတ်မျိုးဆက်အတွက် ‘နိုင်ငံတော်ရန်ပုံငွေ’ တည်ထောင်ကြပါတယ်။ ဒီအထဲမှာ နော်ဝေနိုင်ငံဟာ ထင်ရှားပါတယ်။ ၁၉၉၈ မှာ တည်ထောင်တဲ့ နော်ဝေရဲ့ နိုင်ငံတော်ရန်ပုံငွေဟာ ဒေါ်လာသန်းပေါင်း (၁) သန်းလောက်ရှိနေပြီမို့ ကမ္ဘာမှာ အများဆုံးရန်ပုံငွေ ဖြစ်ပါတယ်။

ဒီရန်ပုံငွေကို နော်ဝေဗဟိုဘဏ်က ကြီးကြပ်ကွပ်ကဲပြီး ပါလီမန်ကို အစီရင်ခံရပါတယ်။ ရန်ပုံငွေ အများဆုံး (၃၈) ရာခိုင်နှုန်းကို အမေရိကန်မှာ ရင်းနှီးထားပြီး၊ ဗြိတိန် (၉) ရာခိုင်နှုန်းနဲ့ ဂျပန်မှာလည်း ရင်းနှီးထားပါတယ်။ နော်ဝေရဲ့ နိုင်ငံတော်ရန်ပုံငွေဟာ တိုင်းပြည်စီးပွားရေးပမာဏရဲ့ သုံးဆလောက် ရှိပါတယ်။ ရေနံနဲ့ဓါတ်ငွေ့ကို အားကိုးတဲ့ Abu Dhabi, Kuwait, Qatar နဲ့ Saudi Arabia မှာလည်း နိုင်ငံတော်ရန်ပုံငွေတွေ ရှိကြပါတယ်။ မြန်မာပြည်မှာ သဘာဝသယံဇာတ ကြွယ်ဝပေမယ့် တိုင်းသူပြည်သားအတွက် အသုံးမချနိုင်ဘဲ ဖြစ်နေတယ်လို့ မကြာမီကထုတ်ဝေတဲ့ ကမ္ဘာ့ဘဏ်အုပ်စုရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မြန်မာ့မြေပေါ်မြေအောက် သယံဇာတကို သြဇာအာဏာရှိသူတစုက ကြီးကြပ်ကွပ်ကဲပြီး အမြတ်ထုတ်နေတဲ့အတွက် အနာဂတ်အတွက် မပြောနဲ့ မျက်မှောက်ကာလမှာတောင် ပြည်သူပြည်သားတွေဟာ အကျိုးမခံစားရဘူးလို့ ဆိုပါတယ်။ မြန်မာ့ပို့ကုန်တဝက်နီးပါးဟာ ရေနံဓါတ်ငွေ့၊ သတ္တု၊ ကျောက်မျက်နဲ့ ကျောက်စိမ်းတို့ ဖြစ်ပါတယ်။ မြန်မာပြည်ဟာ ကျောက်စိမ်းနဲ့ ပတ္တမြားနယ်မြေ ဖြစ်ပါတယ်။ ဒါပေမဲ့ မြေအောက်ရတနာ ဘယ်လောက်ရှိမှန်းသိတာ မဟုတ်ပါဘူး။ သတ္တုနဲ့ ကျောက်မျက်ကုမ္ပဏီပေါင်း (၁၅၀၀) လောက် မှတ်ပုံတင်ထားပေမယ့် ထုတ်လုပ်မှုနဲ့ ဝင်ငွေကို ထုတ်ပြန်ကြေညာတဲ့ ကုမ္ပဏီက (၈၀) ပဲ ရှိပါတယ်။ ဒါကိုကြည့်ရင် သယံဇာတ ထုတ်ယူနေတဲ့ လုပ်ငန်းအများစုအကြောင်း မသိတာများပါတယ်။ လုပ်ပိုင်ခွင့်ချပေးရာမှာလည်း ပွင့်လင်းမြင်သာမှု ကင်းမဲ့တဲ့ လက်သိပ်ထိုးနည်းကိုသာ သုံးကြပါတယ်။

မြန်မာ့သဘာဝ သယံဇာတအရင်းအမြစ်တွေကို မျက်မှောက်ခေတ်လူ့ အဖွဲ့အစည်းအတွက်ရော၊ အနာဂတ်မျိုးဆက်တွေအတွက်ရော အကျိုးရှိအောင် လုပ်နိုင်ပါတယ်။ ဒီလိုလူများစု အကျိုးခံစားနိုင်ဖို့အတွက် မြေယာ၊ သစ်တော၊ ရေလုပ်ငန်း၊ ငါးလုပ်ငန်းနဲ့ မြေအောင်သယံဇာတတွေကို စီမံခန့်ခွဲနည်းနဲ့ အသုံးပြုနည်းကို ပြုပြင်ပြောင်းလဲရပါလိမ့်မယ်။ သယံဇာတတွေ အလျှင်အမြန် ကုန်ခမ်းသွားတာမျိုး မဖြစ်ရအောင်လည်း ကြိုးပမ်းရပါလိမ့်မယ်။ ပြုပြင်ပြောင်းလဲလိုက်တဲ့ အကျိုးကျေးဇူးကို ရေရှည်မှ သိမြင်နိုင်မှာ ဖြစ်ပေမယ့် မပြောင်းလဲတဲ့ ဆိုးကျိုးကို လောလောဆယ် ခံစားရမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ နည်းလမ်းသစ်ကို ရှာဖွေအသုံးပြုနိုင်ဖို့ အရေးတကြီး လိုအပ်နေပြီ ဖြစ်ပါတယ်။ သဘာဝသယံဇာတ စီမံခန့်ခွဲမှုကို သိသာမြင်သာအောင်လုပ်ပြီး အများအကျိုးသယ်ပိုးတဲ့အစိုးရကို အယုံအကြည် ရှိလာပါလိမ့်မယ်။

မြေယာပြဿနာကို ဖြေရှင်းနိုင်ပြီး တိုင်းရင်းသား ရိုးရာဓလေ့ မြေယာပိုင်ဆိုင်မှုကို အသိအမှတ်ပြုနိုင်မယ်ဆိုရင် ငြိမ်းချမ်းရေးအတွက် အကျိုးရှိပါတယ်။ သဘာဝပတ်ဝန်းကျင် ယိုးယွင်းပျက်စီးတဲ့ဒဏ်ကို ဒေသခံပြည်သူတွေ အခံရဆုံးဖြစ်တဲ့အတွက် သယံဇာတ ထုတ်လုပ်မှုရဲ့ အကျိုးကို သူတို့လည်း ခံစားနိုင်ဖို့ ဆောင်ရွက်ရပါလိမ့်မယ်။ နိုင်ငံရေးနဲ့ စီးပွားရေးအသွင်ကူးပြောင်းပြီး ငြိမ်းချမ်းရေးရယူဖို့ တပြိုင်တည်း ကြိုးပမ်းရာမှာ ကောင်းမွန်တဲ့ ဝန်ထမ်းစနစ်၊ ဘဏ္ဍာရေးစနစ်နဲ့ အိုင်တီစနစ်ရှိတဲ့ အရည်အသွေးပြည့်ဝတဲ့ အစိုးရရှိဖို့ လိုပါတယ်။ အစိုးရရဲ့ လုပ်ငန်းဌာနတွေ ထိထိရောက်ရောက် စွမ်းဆောင်နိုင်လေလေ၊ လမ်းစဉ်အကောင်အထည်ဖော်တဲ့ နေရာမှာ အဆင်ပြေလေလေ ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ လူသားရင်းမြစ် တိုးတက်မှုကင်းမဲ့ပြီး စာရင်းအင်း မမှန်ကန်တဲ့ဒဏ်ကို ဒီကနေအထိ ခံနေရဆဲ ဖြစ်ပါတယ်။

ရွေးကောက်ပွဲအစိုးရ ဖွဲ့စည်းပြီးတော့မှ ၂၀၁၄ လူဦးရေစာရင်း၊ ၂၀၁၅-၂၀၁၇ မိသားစုစစ်တမ်း စတာတွေကို ကောက်ယူနိုင်ခဲ့ပါတယ်။ စာရင်းဇယားစုံလင်မှသာ ပြဿနာကို ကိုင်တွယ်ဖြေရှင်းနိုင်ပါလိမ့်မယ်။ e-Government (သို့မဟုတ်) Electronic Government (သို့မဟုတ်) Online Govt, Digital Govt အတတ်ပညာ အသုံးပြုတဲ့နေရာမှာလည်း အာဆီယံဒေသမှာ မြန်မာနဲ့ လာအိုနိုင်ငံတို့ဟာ အညံ့ဆုံး ဖြစ်နေပါတယ်။ မကြာမီကမှ လွတ်လပ်ရေးရခဲ့တဲ့ Timor-Leste နိုင်ငံတောင် မြန်မာထက်သာပါတယ်။ လူသားရင်းမြစ် ရင်းနှီးမြုပ်နံှမှုဘက်မှာ အားနည်းလို့ ဒီလိုဖြစ်ရတာပါ။

ဒါကြောင့် သဘာဝသယံဇာတ ရောင်းရငွေကို လူသားအရင်းအနှီးအတွက် သုံးရပါလိမ့်မယ်။ နိုင်ငံပေါင်း (၁၄၁) နိုင်ငံရဲ့ အနှစ် (၂၀) သမိုင်းကို ကမ္ဘာ့ဘဏ်က လေ့လာတဲ့အခါမှာ လူသားအရင်းအနှီး ကောင်းရင်ကောင်းသလို တိုင်းပြည်ရဲ့ ဓနအင်အား ကြီးထွားလာတာကို တွေ့ရပါတယ်။ ချမ်းသာတဲ့နိုင်ငံတွေရဲ့ ဓနအင်အားမှာ (၇၀) ရာခိုင်နှုန်းဟာ လူအရင်းအနှီးဖြစ်ပြီး၊ ဆင်းရဲတဲ့နိုင်ငံတွေမှာတော့ (၄၀) ရာခိုင်နှုန်းသာ ရှိပါတယ်။ ဒီလေ့လာချက်ကိုကြည့်ရင် လူမှာရင်းနှီးမြုပ်နံှမှသာ စီးပွားရေးတိုးတက်ဖွံ့ဖြိုးတာကို သက်သေပြနေပါတယ်။ လူသားရင်းမြစ်မှာ ရင်းနှီးနိုင်ဖို့ အလွန်အရေးကြီးနေပြီ ဖြစ်ပါတယ်။

== Unicode ===






