Weekly Eleven သတင်းထောက် ရေကြီးသတင်း ဓာတ်ပုံရိုက်မှုနဲ့ အဖမ်းခံရ

  • မသင်းသီရိ

Weekly Eleven သတင်းထောက် ရေကြီးသတင်း ဓာတ်ပုံရိုက်မှုနဲ့ အဖမ်းခံရ

မကွေးမြို့မှာ မိုးများလို့ ရေကြီးတဲ့ သတင်းနဲ့ ရေကြီးတာကြောင့် ကြုံရတဲ့ အပျက်အစီး သတင်းတွေကို ဓာတ်ပုံရိုက်တဲ့ အတွက်ကြောင့်လို့ဆိုပြီး Weekly Eleven Journal ရဲ့ သတင်းထောက် ကိုအောင်သူငြိမ်းကို မကွေးရဲစခန်းက ဖမ်းဆီး ထိန်းသိမ်းထားပါတယ်။ သတင်းထောက်ရဲ့ ကင်မရာထဲက ဓာတ်ပုံတွေကို ဖျက်ခိုင်းသလို ကင်မရာကိုလည်း သိမ်းလိုက်တဲ့အပြင် မြို့နယ်မှူးရုံးက ခံဝန်ထိုးခိုင်းတာကို သတင်းထောက်က ခံဝန်မထိုးတဲ့အတွက် ဖမ်းထားတယ်လို့လည်း ပြောပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

စက်တင်ဘာလ ၁၃ ရက်နေ့က မကွေးတိုင်းအတွင်း ရေကြီးတဲ့ အခြေအနေတွေနဲ့ ပျက်စီးဆုံးရှုံးမှု အနေအထားတွေကို ဓာတ်ပုံရိုက်ခဲ့တဲ့ Weekly Eleven Journal ရဲ့ မကွေးသတင်းထောက် ကိုအောင်သူငြိမ်းကို မကွေးမြို့ အမှတ် ၁ မြို့နယ်ရဲတပ်ဖွဲ့စခန်းရဲ့ မြို့နယ်မှူးရုံးမှာ ဖမ်းဆီးထားတာပါ။ ကင်မရာထဲက အပျက်အစီး အခြေအနေတွေကို ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို ရဲစခန်းက ဖျက်ခိုင်းသလို ကင်မရာကိုလည်း သိမ်းလိုက်တဲ့အပြင် ခံဝန်ကိုပါ ထိုးခိုင်းပါတယ်။

နောက်နောင် ဒီလို မလုပ်ပါဘူးဆိုတဲ့ ခံဝန်ကတိ မထိုးတဲ့အတွက် သတင်းထောက် ကိုအောင်သူငြိမ်းကို အခုညနေပိုင်းထိ မြို့နယ်မှူးရုံးမှာ ဖမ်းဆီးထားဆဲ ဖြစ်တယ်လို့ ရန်ကုန် Weekly Eleven Journal ရဲ့ တာဝန်ခံအယ်ဒီတာ ကိုဝေဖြိုးက ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။ ဒါပေမဲ့ ရန်ကုန်က အကြီးတန်း သတင်းအယ်ဒီတာ ၂ ယောက်ကို မကွေးမြို့ဆီ ပြဿနာ ဖြေရှင်းဖို့ ချက်ချင်း လွှတ်ထားသလို စာပေနဲ့ စာနယ်ဇင်းကိုလည်း ဒီကိစ္စ အသိပေး တင်ပြထားတာတွေ လုပ်ထားတယ်လို့လည်း Weekly Eleven Journal ရဲ့ တာဝန်ခံ အယ်ဒီတာက ပြောပါတယ်။

မိုးတွင်းကာလ မိုးများလို့ ရေလျှံ ရေကြီးတာနဲ့ အပျက်အစီးဆိုတာ ရှိတတ်စမြဲဖြစ်တဲ့ သဘာ၀ ဘေးအန္တရာယ်ဖြစ်စဉ် သတင်းတွေကို အစိုးရပိုင် ရုပ်သံတွေ၊ သတင်းစာတွေမှာလည်း ဖော်ပြနေတာမျိုး ဖြစ်သလို တခြားဂျာနယ်တွေမှာလည်း ဖော်ပြ ရေးသားနေကြတာတွေ ရှိတာပါ။ ဒါနဲ့ပတ်သက်လို့လည်း သက်ဆိုင်ရာ စာပေစာနယ်ဇင်း အဖွဲ့ကြီးကလည်း ဒီသတင်းတွေကို ဖော်ပြဖို့ ကန့်သတ်ထားတာမျိုးလည်း တရားဝင် ထုတ်ပြန်ထားတာ မရှိပါဘူး။

ဒါပေမဲ့ မြန်မာနိုင်ငံက သတင်းသမားတွေရဲ့ ဘဝဟာ မထင်ရင် မထင်သလို၊ မသင်္ကာရင် မသင်္ကာသလို လုပ်ငန်းခွင်တွေတွင်း ဥပဒေမရှိ၊ အာမခံချက်မရှိ အနှောင့်အယှက်များစွာနဲ့ နိစ္စဓူ၀ တွေ့ကြုံ လုပ်ကိုင်နေရတာ ဖြစ်ပါတယ်။ သက်ဆိုင်ရာမြို့နယ် ဒေသတွေက အာဏာပိုင်တွေရဲ့ မတူညီကြတဲ့ ကန့်သတ်ချက်တွေကြား သတင်းထောက်တွေ အလုပ်လုပ်ရတာ အန္တရာယ်များစွာ ရှိတယ်လို့ သတင်းအယ်ဒီတာ တဦးက သုံးသပ်ပါတယ်။

“မြန်မာပြည်မှာရှိတဲ့ သတင်းသမားတွေ၊ စာနယ်ဇင်းသမားတွေရဲ့ ဘ၀ အခြေအနေကတော့ ဆူးကြားက ဘူးလိုပါပဲ။ ဘဝအာမခံချက်ကလည်း မရှိကြဘူး၊ ပြီးတော့ သတင်းလွတ်လပ်ခွင့်ကလည်း အရမ်းနည်းတဲ့ အခါကြတော့ ဘယ်အချိန်မှာ ငြိစွန်းမယ်၊ ဘာလုပ်ရင် အဖမ်းခံရမယ်ဆိုတာ ပြောဖို့ တော်တော်လေး ခက်ပါတယ်။ အချိန်မရွေး အဖမ်းခံရတဲ့ အန္တရာယ်နဲ့ ကြုံနိုင်ပါတယ်။ အဓိကကတော့ သက်ဆိုင်ရာ ဒေသအာဏာပိုင်တွေရဲ့ ကျေနပ်မှု၊ မကျေနပ်မှု ဖြစ်ပေါ်ပုံမှာ အများကြီး မူတည်ပါတယ်။”

အခုလို ဖြစ်ရိုးဖြစ်စဉ် သဘာ၀ ဘေးအန္တရာယ် သတင်းမျိုးကိုတောင်မှ စစ်ဆေးဖမ်းဆီးတာတွေ လုပ်နေရင် မကြာခင် လပိုင်းတွေအတွင်း ကျင်းပတော့မယ့် ရွေးကောက်ပွဲ သတင်းတွေဆိုရင် ပိုပြီး အခြေအနေတွေက သတိထားစရာ ရှိနေတယ်လို့လည်း ပြောကြပါတယ်။ အခုရက်ပိုင်းတွေအတွင်း သတင်းသမားတွေကို ခရီးသွားလာမှုတွေ စောင့်ကြည့်နေတာ၊ ဖုန်းနဲ့ စစ်ဆေး မေးမြန်းတာမျိုးတွေတောင် ရှိနေတယ်လို့လည်း သိရပါတယ်။

ဒါ့ကြောင့် အစိုးရဆီက တရားဝင် ကန့်သတ်ချက်တွေ ထွက်မလာပေမဲ့ အယ်ဒီတာတွေက ကိုယ့်သတင်းသမားကို သတိထား လှုပ်ရှားဖို့ သတိပေးနေကြရတာပါ။ အများပြည်သူ သိသင့်တဲ့ သတင်းတွေကို စာမျက်နှာတွေက တဆင့် ဖော်ပြဖို့ သတင်းသမားတိုင်း ဆန္ဒရှိကြသလို ဒါဟာလည်း သတင်းသမားတိုင်းရဲ့ တာဝန်ဖြစ်ပေမဲ့ သတင်းထောက် တယောက်ရဲ့ လုပ်ငန်းတွေကို မြန်မာနိုင်ငံထဲမှာ လွတ်လွတ်လပ်လပ် လုပ်ခွင့်မရှိဘူးလို့လည်း သူက ဆိုပါတယ်။

“သတင်းမီဒီယာသမားတွေကတော့ သူတို့ တတ်နိုင်တဲ့၊ လုပ်နိုင်သမျှ လုပ်တယ်ဗျာ။ ဖော်ပြလို့ ရနိုင်သမျှ ဖော်ပြကြတယ်။ သတင်းသမားတွေ အနေနဲ့ ကြိုးစားပြီးတော့ တင်ပြကြပေမဲ့ စာဖတ်သူဆီကို မရောက်လာကြပါဘူး။ အဲဒါမျိုးတွေလည်း ရှိတယ်။ စာဖတ်သူဆီကို မရောက်လာဘူး၊ သတင်းဂျာနယ် စာမျက်နှာတွေပေါ်မှာ မတွေ့ဘူးဆိုတာ တခုတည်းနဲ့ သတင်းသမားတွေဟာ တကယ့် အဖြစ်အပျက် အခြေအနေမှန်တွေကို မတင်ပြဘူးလို့တော့ မယူဆကြစေလိုပါဘူး။ ကြိုးစားကြပါတယ်၊ သတင်းသမားတွေဘက်က။ ဒါပေမဲ့ အကန့်အသတ်တွေကို ကျော်ဖြတ်ပြီးတော့မှ ရောက်ရတော့ တခါတရံမှာ မပြည့်စုံမှုတွေ၊ ဖြစ်မြဲဖြစ်မှုတွေ ဒါတွေနဲ့ကတော့ ကြုံရမှာပါပဲ။”

သတင်းအယ်ဒီတာတဦး ပြောပြခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ သတင်းသမားတွေကို ဖမ်းဆီးစစ်ဆေးတာ၊ ထောင်ချ အပြစ်ပေးတာတွေ ရှိတဲ့အပြင် သတင်းနဲ့ စာနယ်ဇင်း လွတ်လပ်ခွင့်ကိုပါ စစ်အစိုးရက တင်းတင်းကျပ်ကျပ် ကိုင်တွယ်အုပ်ချုပ်ထားတာမို့ သတင်းနဲ့ စာနယ်ဇင်း လွတ်လပ်ခွင့် အဆိုးဝါးဆုံး စာရင်းထဲမှာ မြန်မာနိုင်ငံက ထိပ်ဆုံးက ပါနေသလို ကမ္ဘာ့ သတင်းလွတ်လပ်ခွင့် အဖွဲ့ကြီးတွေကလည်း မြန်မာပြည်တွင်း သတင်းထောက်တွေရဲ့ အန္တရာယ် အခြေအနေတွေပေါ် ဝေဖန် ထောက်ပြ ပြောဆိုနေကြတာလည်း ဖြစ်ပါတယ်။