Your browser doesn’t support HTML5
ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာ (၂၁) ရာစု ပင်လုံညီလာခံ ပထမအကြိမ် အစည်းအဝေးမှာ ဖယ်ဒရယ်ပြည်ထောင်စု တည်ထောင်ရေးအတွက် မူအားဖြင့်သဘောတူညီမှုတွေ ရရှိခဲ့ပြီး လာမယ့် ဒုတိယအကြိမ်အစည်းအဝေးမှာ အသေးစိတ်တွေကို ဆွေးနွေးညှိနှိုင်း နိုင်မယ်ဆိုရင် ပြေလည်မှု ရရှိနိုင်တယ်လို့ ဖွဲ့စည်းပုံ ဥပဒေဆိုင်ရာပါရဂူ အင်ဒရူး ငေါ်ကျုံးလျံ က ဆိုပါတယ်။ အသေးစိတ်ကို ဦးကျော်ဇံသာ က ဒေါက်တာအင်ရူးနဲ့ ဆွေးနွေးသုံးသပ်တင်ပြထားပါတယ်။
ဦးကျော်ဇံသာ ။ ။ မြန်မာနိုင်ငံ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေး၊ ပြည်တွင်းစစ် ရပ်ဆဲရေးတို့နဲ့ ပတ်သက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် အမှူးပြုတဲ့ NLD အစိုးရက (၂၁) ရာစု ပင်လုံညီလာခံ တကြိမ်ကျင်းပခဲ့ပြီး ဖြစ်ပါတယ်။ အခု ဒုတိယအကြိမ် ကျင်းပမယ့်ကိစ္စနဲ့ ပတ်သက်ပြီး အကောင်းမြင်တဲ့လူ သိပ်မရှိကြဘဲနဲ့ ဖြစ်ပါ့မလားဆိုပြီး သံသယအမြင်၊ မဖြစ်နိုင်ဘူးဆိုတဲ့ အဆိုးမြင်တွေကြီးပဲ ကြားခဲ့ရပါတယ်။ ဒီကနေ့မှာတော့ ကျနော်က ဒေါက်တာအင်ဒရူးဆီက အကောင်းမြင်တဲ့အမြင်၊ မျှော်လင့်ချက်ရှိတဲ့ အမြင်တွေကို ကြားရလိမ့်မယ် ထင်ပါတယ်။
ဒေါက်တာ အင်ဒရူး ။ ။ အကောင်းမြင်တဲ့အပိုင်းလည်း ရှိသလို၊ စိတ်ဓါတ်နည်းနည်းကျတဲ့ အပိုင်းလည်း ရှိပါတယ်။ အကောင်းမြင်တဲ့အပိုင်းက ပထမ (၂၁) ရာစု ပင်လုံ လုပ်ပြီးကတည်းက အဲဒီမှာ စာတမ်း (၇၂) စောင် ထွက်တယ်။ မူအားဖြင့်တော့ သဘောတူညီချက်တွေ ရှိကြတယ်။ ဒါပေမဲ့ အသေးစိတ် ရေးထားတာ မရှိဘူး။ ဒုတိယအချက်က ပထမအကြိမ် (၂၁) ရာစု ပင်လုံနဲ့ အခုလုပ်မယ့် ကြားကာလမှာ ပထမအကြိမ်တုန်းကထွက်တဲ့ အဆိုတွေနဲ့ ပတ်သက်ပြီးတော့ ပြည်သူပြည်သားတွေကြားမှာ ဆွေးနွေးမှုတွေက အားနည်းပါတယ်။ ဒုတိယအကြိမ်မှာလည်း အဲဒီလို ညီလာခံတက်ပြီးတော့ စာတမ်းဖတ်ပြီးတော့ ပြီးသွားတဲ့ဟာမျိုး ဖြစ်မှာကိုတော့ နည်းနည်းစိုးရိမ်စရာ ရှိပါတယ်။
ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ အခုလောလောဆယ်မှာတော့ အဲဒီ ပင်လုံညီလာခံကို နောက်ဆုတ်လိုက်ပြီးတော့ ဒီကြားထဲမှာလည်း ပြည်နယ်တွေမှာ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေ ပြန်လုပ်နေတယ်လို့ ကြားနေရပါတယ်။ အဲဒါကော အလားအလာ ဘယ်လောက်ရှိပါလဲ။
ဒေါက်တာ အင်ဒရူး ။ ။ အမျိုးသားအဆင့် ကရင်ပြည်နယ်၊ နောက်ပြီးတော့ တနင်္သာရီတိုင်း ဆွေးနွေးတာတွေ အများကြီး ထွက်လာပါတယ်။ ဒါပေမဲ့ ကျနော်တို့ အပြင်ကနေ ထိုင်ပြီးကြည့်နေသူတွေအတွက်တော့ သိပ်ပြီးတော့ အားရစရာ မကောင်းပါဘူး။ အမျိုးသားအဆင့်မှာလည်း ပအို့ဝ်ဒေသမှာ သူတို့လုပ်နေတယ်။ နောက် ရှမ်းပြည်မှာလုပ်မယ်၊ ချင်းပြည်မှာ လုပ်မယ်။ နှစ်နေရာက မလုပ်ရသေးပါဘူး။ အဲဒီတော့ ဒီဟာတွေကို အချိန်ပိုပြီးတော့ ပေးနိုင်တယ်ဆိုလို့ရှိရင် (၂၁) ရာစု ပင်လုံ ဒုတိယအကြိမ် လုပ်တဲ့အချိန်မှာ ပိုပြီးတော့ ခိုင်မာတဲ့ တင်ပြချက်တွေ၊ အဆိုတွေ ထွက်လာလိမ့်မယ်လို့ ထင်ပါတယ်။ အဲဒီလို မဟုတ်ဘူး အချိန်မပေးနိုင်တဲ့အတွက်ကြောင့် ပထမအကြိမ် လုပ်တုန်းကလို စာတမ်းတွေ ဖတ်ပြီးသွားတမျိုး ဖြစ်သွားမှာကိုလည်း နည်းနည်းစိုးရိမ်စရာတော့ ရှိပါတယ်။
ဦးကျော်ဇံသာ ။ ။ ပြည်နယ်တွေမှာလုပ်တဲ့ အမျိုးသားအဆင့် အစည်းအဝေးတွေကလည်း သူတို့ရဲ့ အယူအဆတွေအမျိုးမျိုး ပေါ်လာကြမှာပေါ့။ တိုင်းရင်းသားတွေ လိုချင်တဲ့အသံတွေ ထွက်လာမှာပေါ့ ဆိုကြပါစို့။ အဲဒီဟာတွေမှာ တပ်မတော်ဘက်က သဘောမတူနိုင်တဲ့အချက်တွေပါလို့ အဓိက ဖြစ်နေတယ်ဆိုပြီးတော့ လူတွေက သုံးသပ်ကြပါတယ်။ တကယ်တော့ အဲဒီအဆင့်ကို မကြည့်ဘဲနဲ့ အခုလောလောဆယ်မှာ အစည်းအဝေးတက်မယ်၊ မတက်ဘူး။ ဘယ်သူတက်ရမယ်၊ ဘယ်သူ မတက်ရဘူးဆိုတဲ့ အဆင့်မှာတောင်မှ အဓိက တပ်မတော်ရဲ့သဘောအတိုင်း ဖြစ်နေတယ်ဆိုတော့ တပ်မတော်ရဲ့ သဘောမတူညီမှုက တော်တော်လေး အရေးကြီးတယ်လို့ လူတွေ သုံးသပ်ကြပါတယ်။ ဘယ်လို ပြောလိုပါလဲ။
ဒေါက်တာ အင်ဒရူး ။ ။ ကျနော်တော့ အဲဒီလို မထင်ပါဘူး။ ပထမအကြိမ် လုပ်တုန်းက ထွက်လာတဲ့မူတွေ တပ်မတော်ဘက်နဲ့ အစိုးရဘက်တို့က တိုင်းရင်းသားလက်နက်ကိုင်တွေဘက်က အားလုံး ကြီးကြီးမားမား ကွဲလွဲတာတွေ မရှိဘူးလို့ ကျနော်က သုံးသပ်ပါတယ်။ ကျနော် သုံးသပ်ချက်က အဲဒီမှာ တင်သွင်းတဲ့ စာတမ်း (၇၂) စောင်ပေါ်မှာ အခြေခံပြီးတော့ သုံးသပ်တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီမူတွေရဲ့ နောက်ကွယ်မှာ ဘယ်လိုလုပ်မလဲဆိုတာ ပထမအကြိမ် (၂၁) ရာစု ပင်လုံတုန်းက ဘာမှ မရှိခဲ့ပါဘူး။ ဥပမာ ဖယ်ဒရယ်စနစ်ကို အကောင်အထည်ဖော်မယ့်ဟာကို မူအားဖြင့် အားလုံးက သဘောတူတယ်။ အာဏာကို ဘယ်လို ခွဲဝေမယ်။ ဘယ်လိုပုံစံမျိုးနဲ့ အခြေခံဥပဒေထဲမှာ ဖယ်ဒရယ်စနစ်တွေကို ထည့်သွင်းမယ်ဆိုတဲ့ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ အသေးစိတ် ဆွေးနွေးတဲ့ဟာတွေက အခုအချိန်အထိ မထွက်သေးပါဘူး။ အဲဒီတော့ ဒီအမျိုးသားအဆင့် ဆွေးနွေးပွဲမှာ ဒီဟာတွေ ထွက်လာနိုင်တယ် ဆိုလို့ရှိရင် နောက်တခု ပြုလုပ်မယ့် (၂၁) ရာစု ပင်လုံ ဒုတိယအကြိမ်မှာတော့ ပိုပြီးတော့ ရလဒ်ကောင်းတွေ ထွက်လာမယ်လို့ ထင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ အဲဒီစာတမ်းမှာတဲ့ အခြေခံမူတွေနဲ့ ပတ်သက်ပြီး မပြောခင်။ သိပ်သိသာထင်ရှားတဲ့ လူတွေပြောနေကြတဲ့ ကိစ္စတခုက ညီလာခံတက်မယ့်ကိစ္စ၊ NCA ကို လက်မှတ်ထိုးပြီးမှ တက်ခွင့်ပြုမယ်ဆိုပြီးတော့ တပ်မတော်ဘက်က တင်းခံနေတဲ့ကိစ္စ။
ဒေါက်တာ အင်ဒရူး ။ ။ NCA မှာ ပါတဲ့အချက်တွေအားလုံးဟာ ဆွေးနွေးညှိနှိုင်းကြတဲ့လူတွေ၊ သဘောတူထားတဲ့အပေါ်မှာ NCA က ဖြစ်လာတာ ဖြစ်တဲ့အတွက် ဘယ်သူက တက်မယ်မတက်ဘူးဆိုတာ ဟိုးအရင်ကတည်းက သဘောတူညီပြီးသာ၊ မူအားဖြင့် သဘောတူပြီးသာ ကိစ္စတွေ ဖြစ်ပါတယ်။
ဦးကျော်ဇံသာ ။ ။ အဲဒါကို အတင်းအကြပ် စုပ်ကိုင်ထားသင့်သလား။ တကယ်တော့ ငြိမ်းချမ်းရေး ရှေ့ကို တိုးနိုင်အောင် ဒီလူတွေနဲ့ အလျှော့အတင်း ညှိနှိုင်းပြီးတော့ ပြန်လည်စီစဉ်ဖို့ မသိဘူးလို ထင်သလား။
ဒေါက်တာ အင်ဒရူး ။ ။ ဆရာ ပြောသလိုလည်း မှန်ပါတယ်။ တဘက်မှာလဲ ကျနော်တို့ စဉ်းစားဖို့က လက်မှတ်ထိုးတဲ့ လူတွေက ဒီလက်မှတ် ထိုးဖို့အတွက် သူတို့မှာ ပေးဆပ်မှုတွေ၊ စွန့်လွှတ်မှုတွေ လုပ်ခဲ့ရသလို၊ မထိုးတဲ့ လူတွေအနေနဲ့လည်း လိုချင်တဲ့ဆန္ဒတွေကို နားလည်ပေးတယ်လို့ ကျနော်က ယူဆပါတယ်။ အဲဒီတော့ အပြန်အလှန် နားလည်မှု မရှိသက်မဲ့ ကျနော် ထိုးထိုးမထိုးထိုး ကျနော် ဒီညီလာခံကို တက်ရမယ်ဆိုတဲ့ ပုံစံမျိုးနဲ့သွားရင်တော့ ဒီ NCA လက်မှတ်ထိုးထားတဲ့ဟာကို အနှစ်သာရ လျှော့ကျစေသလို ဖြစ်သလို ယူဆပါတယ်။ ဘယ်အဖွဲ့အစည်းကိုမှ ညွှန်းပြီးတော့ ပြောတာ မဟုတ်ပါဘူး။
ဦးကျော်ဇံသာ ။ ။ ။ အဲဒီမူတွေကို သွားမပြောခင်၊ အောက်ခြေမှာ ဖြစ်နေတဲ့ကိစ္စ။ အခုထိုးစစ်တွေ၊ တိုက်ပွဲတွေက ဖြစ်နေဆဲ။ အဲဒီကိစ္စကို စစ်ကိုဆန့်ကျင်ဖို့ လူတချို့ တောင်းဆိုဆန္ဒပြတယ်။ သူတို့လည်း အဖမ်းခံရတာ ကြားရပါတယ်။ ဘာကြောင့် အပစ်အခတ် ရပ်စဲရေး မဆောင်ရွက်နိုင်တာလဲ။ အရင်တုန်းကလည်း ဗိုလ်ချုပ်နေဝင်း ခေတ်တုန်းကတောင် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ခဲ့ရင် အပစ်အခတ်ရပ်စဲပြီးမှ ခေါ်ခဲ့တယ်။ ဆိုတော့ အဲဒီလို ပုံစံမျိုးကော မဖြစ်နိုင်ဘူးလား။ ဘာကြောင့် အပစ်အခတ်ရပ်စဲရေး မကြေညာနိုင်တာလဲ။
ဒေါက်တာ အင်ဒရူး ။ ။ လက်မှတ်ထိုးထားတဲ့ ဒေသတွေမှာ ပစ်ခတ်တိုက်ခိုက်မှုရှိတယ်ဆိုတာ ကျနော် မကြားပါဘူး။ လက်မှတ်မထိုးထားတဲ့ ဒေသတွေမှာ ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိတယ်ဆိုတဲ့ဟာတော့ ကျနော်တို့လည်း ကြားပါတယ်။ အဲဒီတော့ စစ်ရဲ့ သဘောသဘာဝကတော့ စစ်မြေပြင်မှာ တကယ်ရှိတဲ့ လူတွေက ပြောတာ ပိုပြီးတော့ သဘာဝကျပါတယ်။ ကျနော်တို့ မြို့ပေါ်မှာနေပြီးတော့ ဘာကြောင့် ဟိုမှာစစ်ဖြစ်နေတာလဲ။ အဲဒါ မကောင်းဘူးလို့ လက်ညှိုထိုးနေတာက မှားတတ်ပါတယ်။ ဒုတိယအချက်အနေနဲ့ စစ်ပွဲတွေရပ်ဖို့ ဆန္ဒပြတဲ့လူတွေကို ဖမ်းတယ်ဆီးတယ်ဆိုတဲ့ ကိစ္စကလည်း နှစ်ဘက်ကို သုံးသပ်ဖို့ လိုပါတယ်။ တပ်မတော်တဘက်ကိုပဲ ခင်များတို့ အပစ်အခတ်ရပ်စဲပါ ဆိုတဲ့ဟာ ကျနော်တို့ ပြောနေရင် ဘက်လိုက်နေသလို ဖြစ်နေမှာ။ တဘက်မှာလဲ လက်နက်ကိုင်ထားတဲ့ အဖွဲ့တွေကိုလည်း သူတို့ကိုပဲ ခင်များတို့ အရင် အပစ်အခတ်ရပ်၊ တပ်မတော်ရပ်မယ်ဆိုလဲ ကျနော်တို့ မှားမှာ။ အဲဒီတော့ နှစ်ဘက်စလုံးက အပစ်အခတ်ရပ်ဖို့ သူတို့က ဆုံးဖြတ်မှ။ အဲဒီလို နှစ်ဘက်စလုံး အပစ်အခတ်ရပ်ဖို့ တိုက်တွန်းမှာ အဲဒါမှန်ကန်မယ်လို့ ထင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ အပစ်အခတ်ရပ်စဲရေး ကြေညာတယ်ဆိုတာ အစိုးရဘက်က ကြေညာရမှာပေါ့။ အာဏာရှိသူဘက်က ကြေညာရမှာပေါ့။
ဒေါက်တာ အင်ဒရူး ။ ။ အဲဒီလို မဟုတ်ဘူးလေ။ NCA ရဲ့ သဘောသဘာဝက NCA လက်မှတ်ထိုးပြီးတာနဲ့ သူမှာ အပစ်အခတ်ရပ်စဲရေး ဘယ်နှစ်နာရီအတွင်းမှာ အပစ်အခတ်ရပ်စဲရေး ကြေညာရမယ်။ ဘယ်နှစ်နာရီမှာ JMC ဖွဲ့ရမယ်။ နောက်ပြီးတော့ လုပ်ငန်းစဉ်တွေ ဘယ်လိုလုပ်ရမယ်ဆိုတဲ့ NCA ရဲ့ ဆွေးနွေးမှု မှတ်တမ်းထဲမှာဖြစ်ဖြစ် NCA ထဲမှာဖြစ်ဖြစ်၊ JMC လုပ်ငန်းစဉ်ထဲမှာဖြစ်ဖြစ် အကုန်ပါပြီးသာဖြစ်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ကျနော်တို့ မူနည်းနည်း ဆက်ပြောပါရစေ။ (၇၀) ကျော်ရှိတဲ့ စာတမ်းတွေထဲမှာ မူအားဖြင့် သဘောတူခဲ့ကြတယ်။ ပထမအကြိမ်တုန်းကလို ကိုအင်ဒရူး က ပြောပါတယ်။ အဲဒါ ဘယ်အချက်လဲဆိုတာ အရေးကြီးတဲ့ မူတချို့လောက် ပြောပြပါလား။
ဒေါက်တာ အင်ဒရူး ။ ။ အရေးကြီးတဲ့ အချက်တွေကတော့ ပထမ အချုပ်အခြာအာဏာနဲ့ ပတ်သက်ပြီးတော့ သဘောတူထားတာရှိတယ်။ တန်းတူရည်နဲ့ ပတ်သက်ပြီးတော့ မူအားဖြင့် သဘောတူထားတယ်။ ကိုယ်ပိုင်ပြဌာန်းခွင့်တွေနဲ့ ပတ်သက်ပြီးတော့ သဘောတူထားတယ်။ ဖယ်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကို ထူထောင်ဖို့လည်း မူအားဖြင့် သဘောတူထားတယ်။ လူနည်းစုအခွင့်အရေးတွေနဲ့ ပတ်သက်ပြီးတော့လည်း သဘောတူထားတဲ့ဟာတွေ ရှိပါတယ်။ ဒီမိုကရေစီ လူ့အခွင့်အရေးတို့ နောက်ပြီးတော့ ဘာသာရေးကို အခြေမခံတဲ့ နိုင်ငံတော်ကို ထူထောင်ဖို့ ပါတီစုံစနစ်ကို ထူထောင်ဖို့ဆိုတဲ့ဟာတွေက NCA ရဲ့ အခန်း (၁)၊ အပိုဒ် (၁) (က) ထဲမှာ ဒီဟာတွေအားလုံးက မူအနေနဲ့ သဘောတူထားပြီးသာ ဖြစ်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ကျနော် တန်းတူရေးကိုပဲ စိတ်ဝင်စားပြီး မေးချင်တာပါ။ တန်းတူရေးဟာ တိုင်းရင်းသားတွေဆီက ကြားခဲ့ရတာကတော့ လူမျိုးရေးတန်းတူမှု။ ဗမာတွေကတော့ တိုင်းနဲ့ပြည်နယ် (၇) ခုအဖြစ် ခွဲပြစ်လိုက်တယ်။ ဗမာတွေက (၇) ဆ၊ လူမျိုးစုတွေက (၁) ဆ ရတယ်။ အဲဒီလို အယူအဆမျိုးလည်းရှိခဲ့ကြပါတယ်။ အဲဒီတော့ ဗမာကိုလည်း ပြည်နယ်တခုလိုပဲ သတ်မှတ်ရင် တန်းတူဖြစ်မယ်လို့ တိုင်းရင်းသားတွေဘက်က အဲဒီစာတမ်းတွေထဲမှာတော့ မသိဘူး၊ ကျနော်တို့ အပြင်က ကြားရတာပါ။ ဆိုတော့ အဲဒီလို ပုံစံမျိုးကော ညှိနှိုင်းလို့ လွယ်ပါ့မလား။ ဖြစ်လာနိုင်မယ် ထင်ပါသလား။ အဲဒီလို လူမျိုးရေးအရ တန်းတူရေးဆိုတာ။
ဒေါက်တာအင်ဒရူး ။ ။ ရှစ်ပြည်နယ် ထူထောင်မှ တန်းတူမယ်ဆိုတာက တော်တော်ကို ဒီခေတ်ဒီအခါနဲ့ မသင့်လျော်တဲ့ အယူအဆလို့ ကျနော်ကတော့ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရှစ်ပြည်နယ် ထူထောင်တာနဲ့ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော် ဖွဲ့စည်းမှုတွေက လုံးဝတခါတည်း ပုံစံပြောင်းသွားမှာ မဟုတ်ပါဘူး။ ဒုတိယအချက် လူမျိုးရေးတန်းတူတယ်ဆိုတာ လူမျိုးရေးက ဘာကိုပြောသလဲ။ ဗမာပြည်မှာ လူမျိုးဘယ်နှစ်ခု ရှိသလဲ။ အဲဒီလူမျိုးစု သေးသေးလေးတွေ၊ အကြီးကြီးတွေ တန်တူမှုကို ပြောနေတာလား။ အသေးစိတ် အဲဒီစာတမ်းတွေထဲမှာ ကျနော် မတွေ့ရပါဘူး။ တန်းတူရေးကို မူအားဖြင့် လက်ခံတယ်။ ဒါပေမဲ့ နိုင်ငံရေးအရ တန်းတူရေး၊ လူမျိုးရေးအရ တန်းတူရေးဆိုတဲ့ဟာတွေကို တခုချင်းဆီ အသေးစိတ် လာမယ့် (၂၁) ရာစု ပင်လုံ ဒုတိယအကြိမ်မှာ ဆွေးနွေးနိုင်ရင်တော့ အဖြေထွက်နိုင်မယ်လို့ ကျနော်ကတော့ မျှော်လင့်ချက်ရှိပါတယ်။
ဦးကျော်ဇံသာ ။ ။ အဖြေဆိုတာ သဘောတူညီတဲ့အဖြေလို့ ယူဆပါသလား။
ဒေါက်တာ အင်ဒရူး ။ ။ ဒီ (၇၂) စာတမ်းထဲမှာ ကျနော် တော်တော်အလေးထားတဲ့ကိစ္စက ပြည်ထောင်စုလွှတ်တော်ကို ထားသင့်သလား၊ ဖျက်သင့်သလားဆိုတဲ့ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ တိုင်းရင်းသားအဖွဲ့အစည်းတွေက တင်ပြတဲ့အထဲမှာ ပြည်သူ့လွှတ်တော်ဟာ ပြည်သူကို အခြေခံတဲ့အတွက် ဗမာအမျိုးသားတွေ အများစုဖြစ်မယ်။ အမျိုးသားလွှတ်တော်မှာ တိုင်းရင်းသားတွေကို ကိုယ်စားပြုတဲ့ ပြည်နယ်တွေ၊ တိုင်းဒေသကြီးတွေကို ကိုယ်စားပြုတဲ့အတွက် အဲဒီမှာ အားလုံးတန်းတူ၊ ပြည်နယ်အလိုက် တန်းတူမှု ရှိရမယ်။ အခုရှိပြီးသာကိစ္စတွေမှာ နောက်တခါ ပြည်ထောင်စုလွှတ်တော် လုပ်လိုက်တော့ ဗမာတွေက ဒုတိယအကြိမ်အနေနဲ့ ပိုပြီးတော့ အများစုဖြစ်သွားတယ်။ အဲဒီတော့ ပြည်ထောင်စုလွှတ်တော် မလိုဘူး၊ အမျိုးသားလွှတ်တော် နဲ့ ပြည်သူ့လွှတ်တော်ကို ဥပဒေပြုခွင့်အာဏာ ပေးလိုက်ခြင်းအားဖြင့် (၈) ပြည်နယ်တို့၊ (၁၀) ပြည်နယ်တို့ (၁၂) ပြည်နယ်၊ (၁၁) ပြည်နယ်ဆိုတဲ့ အဆိုတွေကို ပြန်ပြီးတော့ ချလို့ရတဲ့ အတွေးအခေါ်မျိုးနဲ့ တင်သွင်းတဲ့ စာတမ်းတွေ ရှိပါတယ်။ အဲဒီဟာတွေကို အသေးစိတ် ဆွေးနွေးမယ်ဆိုရင် ပြည်နယ်ဘယ်နှစ်ခု ရှိရမယ်ဆိုတဲ့ကိစ္စတွေပါ တခါတည်းနဲ့သွားပြီးတော့ အဖြေထုတ်နိုင်မယ်လို့ ကျနော်ကတော့ မျှော်လင့်ပါတယ်။