စစ်ကောင်စီအပေါ် သြစတြေးလျ သဘောထား ဘယ်လိုလဲ

Hearing on Myanmar in Australia

တာဝန်ပြီးဆုံးလို့ ပြန်ခါနီး သြစတြေးလျ သံအမတ်ကြီးက စစ်ကောင်စီအကြီးအကဲကို တွေ့ဆုံရာမှာ နှစ်နိုင်ငံအကြား ကဏ္ဍပေါင်းစုံ ဆက်ဆံရေး တိုးမြှင့်လိုကြောင်း ပြောသွားတယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒါဟာ စစ်ကောင်စီကို တရားဝင်အသီအမှတ်ပြုလိုတဲ့ သဘောလား။ သြစတြေးလျရဲ့ မြန်မာနိုင်ငံဆိုင်ရာမူဝါဒက ဘယ်လိုလဲ။ သြစတြေးလျအခြေစိုက် မြန်မာ့အရေးလှုပ်ရှားနေသူ ဒေါက်တာမြင့်ချိုနဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။

မေး ။ ။ ပြီးခဲ့တဲ့အပတ်က မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျသံအမတ် Andrea Faulkner က စစ်ကောင်စီအကြီးအကဲကို တွေ့ဆုံခဲ့ပါတယ်။ တကယ်တော့ သူ့ရဲ့တွေ့ဆုံမှုဟာ သံတမန်တယောက် တာဝန်ထမ်းဆောင်ပြီးလို့ ပြန်ခါနီးမှာ တွေ့ဆုံတဲ့ Courtesy Call သာ ဖြစ်ပါတယ်။ သို့သော်လဲပဲ စစ်ကောင်စီဘက်က ဖော်ပြတဲ့ သတင်းထဲမှာ ဘာပြောထားသလဲဆိုတော့ သြစတြေးလျနိုင်ငံဟာ မြန်မာစစ်ကောင်စီနဲ့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးကို တိုးမြှင့်သွားမယ်လို့ ပြောသွားတယ်လို့ သတင်းထုတ်ပြန်ဖော်ပြပါတယ်။ ဒါပေမဲ့ သြစတြေးလျနိုင်ငံခြားရေးရုံးက ပြောတာကတော့ ဒါက စစ်ကောင်စီကို အသိအမှတ်ပြုတာ မဟုတ်ဘူး။ အကြမ်းဖက်မှုတွေကိုရပ်ဖို့၊ ဖမ်းဆီးထားသူတွေကို လွှတ်ပေးဖို့ ပြောခြင်းသာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီကိစ္စကို Human Rights Watch (HRW) လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ဒါဟာ အသိအမှတ်ပြုဖို့ ကြိုးပမ်းခဲ့တာ ဖြစ်တယ်ဆိုပြီးတော့ ဝေဖန်ပါတယ်။ ဆိုတော့ ဒီတွေ့ဆုံမှုနဲ့ ပတ်သက်ပြီးတော့ ဆရာက သြစတြေးလျနိုင်ငံမှာ နှစ်ပေါင်းများစွာ နေထိုင်နေပြီး၊ မြန်မာ့အရေး တက်ကြွလှုပ်ရှားနေသူတဦးအနေနဲ့ ဘယ်လိုမြင်ပါသလဲ။ ဒီတွေ့ဆုံမှုကို ဘယ်လိုယူဆပါသလဲ။

ဖြေ ။ ။ သြစတြေးလျသံအမတ်တွေအနေနဲ့တော့ သူ့တာဝန်တွေ ပြီးဆုံးလို့ မပြန်ခင်၊ စစ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံတဲ့ အစဉ်အလာ ရှိပါတယ်။ ဒါဟာ သာမန်တွေ့ဆုံနေကြ၊ သံတမန်ရေး လုပ်ထုံးလုပ်နေကြ တခုပါပဲ။ သြစတြေးလျသံအမတ် တွေ့ဆုံဆွေးနွေးတာဟာ ကဏ္ဍပေါင်းစုံက ပူးပေါင်းဆောင်ရွက်ရေးကို မြှင့်တင်ဖို့ဆိုတဲ့ စစ်ကောင်စီ ပြောဆိုချက်တွေကတော့ သူ့ကို သြစတြေးလျအစိုးရက အသိအမှတ်ပြုတယ်ဆိုတဲ့ ပုံစံမျိုး၊ အများကမြင်လာအောင် ဝါဒဖြန့်ချီရေးလုပ်တဲ့ကိစ္စပါပဲ။


မေး ။ ။ ၈၈ ပြီးနောက် နဝတ တက်လာတဲ့အခါမှာလဲ ကျန်တဲ့ ဒီမိုကရေစီနိုင်ငံတွေက မြန်မာနိုင်ငံအစိုးရကို တော်တော်လေး ပစ်ပယ်ထားတဲ့အချိန်မှာ သြစတြေးလျဟာ မြန်မာနိုင်ငံနဲ့ တော်တော်လေး ရင်းရင်းနှီးနှီး ဆက်ဆံတယ်။ နဝတ၊ နအဖအစိုးရနဲ့ ပြီးတော့ မြန်မာနိုင်ငံ အကျဉ်းဦးစီးဌာန၊ ပြည်ထဲရေးဌာနက လူတွေကို လူ့အခွင့်အရေး သင်တန်းပေးမယ်၊ ဘာညာဆိုပြီးတော့ လုပ်ခဲ့ပါတယ်။ အဲဒီတော့ နိုင်ငံတကာက လူ့အခွင့်အရေး လှုပ်ရှားသူတွေရဲ့ အသိုင်းအဝိုင်းကြားမှာ သြစတြေးလျနိုင်ငံဟာ မြေခွေးကို ကြက်ခြံစောင့်ခိုင်းတာနဲ့ တူတယ်ဆိုပြီးတော့ လှောင်ပြောင်ပြောခဲ့ကြပါတယ်ဆိုတော့ ကျနော့်အနေနဲ့ အဲဒါကို ပြန်ပြီးစဉ်းစားမိပြီး၊ အခုကော အဲဒီလို ဖြစ်နေသလား။

ဖြေ ။ ။ နိုင်ငံတိုင်းက သူတို့ရဲ့ အမျိုးသားအကျိုးစီးပွားကို အဓိကထားပြီးတော့ တခြားနိုင်ငံတွေနဲ့ ဆက်ဆံလေ့ ရှိသလိုပဲ၊ သြစတြေးလျနိုင်ငံကလည်း သူ့နိုင်ငံက သတ်မှတ်ထားတဲ့ အမျိုးသားအကျိုးစီးပွားကို၊ ရှေ့ရှုပြီးတော့ မြန်မာနိုင်ငံနဲ့ ဆက်ဆံတာပါပဲ။ ဒါပေမဲ့ သြစတြေးလျနိုင်ငံအဖို့ကတော့ မြန်မာနိုင်ငံဟာ မဟာဗျူဟာကျတဲ့၊ အရေးပါတဲ့ နိုင်ငံမဟုတ်ပါဘူး။ ဒါကြောင့်မို့ သြစတြေးလျအစိုးရအဆက်ဆက်က စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုတွေကို အားပေးကူညီခဲ့တာလဲ မလုပ်ခဲ့ဘူး၊ စစ်အာဏာရှင်စနစ်နဲ့ အုပ်ချုပ်ခဲ့တာတွေကိုလဲ ဝေဖန်ကန့်ကွက် ရှုတ်ချတာတွေ မလုပ်ခဲ့ဘူး။ သူတို့ကတော့ ခြံစည်းရိုးကို ခွထိုင်ပြီးတော့ စောင့်ကြည့်တဲ့ မူဝါဒကိုပဲ တလျှောက်လုံး ကျင့်သုံးခဲ့တာကို တွေ့ရပါတယ်။ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီးမှာ စစ်တပ်က ရက်ရက်စက်စက် သတ်ဖြတ်ဖြိုခွဲတာကိုတောင်မှ အနောက်တိုင်းနိုင်ငံတွေလို ထိရောက်တဲ့ ပြစ်ဒဏ်ခတ်မှုတွေ ဘာမှမလုပ်ဘူး။ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို စစ်ကောင်စီက အသိအမှတ်ပြုပေမယ့်၊ အာဏာမလွှဲပေးတဲ့အခါကြတော့ သြစတြေးလျအစိုးရကတော့ လူအနည်းငယ်ကို ဗီဇာပိတ်စို့တာ၊ လက်နက်ရောင်းချမှု ပိတ်ပင်တာကလွဲရင် ဘာမှထိထိရောက်ရောက် မလုပ်ခဲ့ဘူး။

အနောက်ဘက်နိုင်ငံတွေက စစ်အာဏာရှင်ကို အာဏာလက်လွှတ် ဖြစ်သွားအောင် သူ့ဘဏ္ဍာရေးကျောရိုးကို ဖြတ်တောက်ဖို့ စီးပွားရေးဒဏ်ခတ်မှုတွေ လုပ်တာတောင်မှ သြစတြေးလျက အဲဒါကို ဆန့်ကျင်ပြီးတော့ မလုပ်သင့်ဘူးဆိုပြီးတော့ စောဒကတက်ခဲ့သေးတယ်။ ဆိုတော့ နောက်ဆုံးကြတော့ ပြောရရင်တော့ ဦးကျော်ဇံသာ ပြောသလိုပါပဲ ကျနော်တို့အားလုံး ကန့်ကွက်နေတဲ့ကြားထဲကနေ လူ့အခွင့်အရေး ချိုးဖောက်နေတဲ့ စစ်ကောင်စီရဲ့ အလယ်အလတ်အရာရှိတွေကို လူ့အခွင့်အရေး သင်တန်းကို သွားပေးမယ်၊ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို ဖွဲ့စည်းဖို့အတွက် ကူညီမယ်ဆိုပြီးတော့ ၂၀၀၀ ခုနှစ်လောက်မှ သူတို့လုပ်ခဲ့ကြတယ်။ ဒီပဲယင်းအရေးအခင်း ဖြစ်လာတဲ့အခါကြမှ လူ့အခွင့်အရေး သင်တန်းတွေကို ရပ်ဆိုင်းခဲ့တာကို တွေ့ရပါတယ်။ အဲဒီတော့ ပြောရမယ်ဆိုရင်တော့ တလျှောက်လုံးပဲ ခြံစည်းရိုး ခွထိုင်တဲ့ မူဝါဒကို ကျင့်သုံးတယ်။ အပြုသဘော ဆက်ဆံရေးကို တလျှောက်လုံး ကြိုးစားခဲ့တယ်။ အနောက်ပိုင်းနိုင်ငံတွေရဲ့ အထီးကျန်ရေး မူဝါဒနဲ့ ပိတ်စို့ဒဏ်ခတ်တဲ့ ကိစ္စတွေကို အလုပ်မဖြစ်ဘူးဆိုပြီး ဒီလိုတောင် သူက ဝေဖန်လိုက်သေးတယ်။ နောက်ဆုံးကြတော့ ရွှေဝါရောင် လှုပ်ရှားမှုကြီးကို ရက်ရက်စက်စက် ဖြိုခွင်းတဲ့အခါကြမှ စစ်ကောင်စီခေါင်းဆောင်တွေနဲ့ အပေါင်းအပါမိသားစုတွေ လေးရာကျော်ကို ဗီဇာပိတ်တာနဲ့ ဘဏ္ဍာရေးပိတ်စို့ဒဏ်ခတ် အရေးယူတာတွေ လုပ်ခဲ့တာပါ။ အခုလဲပဲ အာဏာသိမ်းလိုက်တဲ့အခါမှာ ဘာမှထူးခြားတဲ့ အရေးယူမှုတွေကို မတွေ့ရဘူး။ ဗမာစစ်တပ်နဲ့ သြစတြေးလျစစ်တပ်ကြားထဲမှာ လုပ်နေတဲ့ အင်္ဂလိပ်စာသင်တန်းနဲ့ သဘာဝကပ်ဘေးတွေကို စီမံခန့်ခွဲတဲ့ သင်တန်းတွေကို ပေးနေတာကို ရပ်ဆိုင်းလိုက်တာ တခုပဲ ရှိပါတယ်။

မေး ။ ။ ပြီးခဲ့တဲ့ စစ်အစိုးရလက်ထက်တုန်းကတော့ ဒီပဲယင်းအရေးအခင်းတွေ ဖြစ်လာတဲ့အခါမှ သူတို့ဟာ နောင်တရပြီးတော့ သူတို့ရဲ့ လုပ်ရပ်ကို သူတို့ရပ်ဆိုင်းခဲ့တဲ့ဆိုတော့ အခုတက်လာတဲ့ စစ်ကောင်စီဟာ လူတွေက နှိုင်းယှဉ်ကြတယ်။ ၈၈ မှာ တက်လာခဲ့တဲ့ စစ်အစိုးရထက်၊ အခုစစ်ကောင်စီရဲ့ လုပ်ရပ်က ပိုပြီးတော့ ပြင်းထန်တယ်၊ ပိုပြီးကြမ်းကြုတ်တယ်၊ ပိုပြီးရက်စက်တယ်လို့ ပြောကြပါတယ်။ ဒီအခြေအနေကို ကြည့်ပြီးတော့ သြစတြေးလျအစိုးရက သင်ခန်းစာ မယူသေးဘူး။ နောင်တမရသေးဘူး။ ပေါ်လစီပြောင်းဖို့ စိတ်ကူးမရသေးဘူးဆိုတဲ့ သဘောများလား။

ဖြေ ။ ။ အဲဒီကိစ္စကတော့ ဘယ်ပါတီက အာဏာရတယ်ဆိုတဲ့အပေါ် မူတည်ပါတယ်။ အဲဒီတော့ စီးပွားရေးကို အဓိကဇောင်းပေးတဲ့ လစ်ဘရယ်ပါတီ (Liberal Party) ဦးဆောင်တဲ့ ညွှန့်ပေါင်းအစိုးရလက်ထက်မှာ တလျှောက်လုံး စီးပွားရေးဒဏ်ခတ် ပိတ်စို့မှုတွေကို ကန့်ကွက်ခဲ့တယ်။ စစ်ကောင်စီနဲ့ စီးပွားရေး လုပ်ဖို့ကိုလည်း အားပေးတယ်။ ရင်းနှီးမြုပ်နံှမှုလုပ်ဖို့ကိုလည်း ကြိုးစားတယ်။ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေကို ရက်ရက်စက်စက် စစ်တပ်က တိုက်ခိုက်သတ်ဖြတ်တာတွေ လုပ်ခဲ့တာကြောင့် ဗိုလ်ချုပ် (၅) ယောက်ကို ဗီဇာပိတ်ပင်တာနဲ့ ဘဏ္ဍာရေးအရ ပိတ်စို့ဒဏ်ခတ်မှုတွေကို ၂၀၀၈ အောက်တိုဘာလမှာ လုပ်ခဲ့တာ တခုပဲ လုပ်ပြခဲ့တယ်။ အဲဒီတော့ ကျနော်ပြောချင်တာက လစ်ဘရယ်ပါတီ ဦးဆောင်နေတဲ့ ညွှန့်ပေါင်းအစိုးရ ရှိနေသမျှ ကာလပတ်လုံးကတော့ ဒီလိုပဲ အပြုသဘောဆောင်တဲ့ ဆက်ဆံရေးမျိုးနဲ့ ခြံစည်းရုံးခွထိုင်နေမှာပဲ။ အဲဒီတော့ ကျနော်တို့ မျှော်လင့်လို့ရတာ တခုပဲ ရှိတယ်။ လာမယ့်မေလ ရွေးကောက်ပွဲမှာ လေဘာပါတီ (Labor Party) ကသာ အာဏာရလာမယ်ဆိုရင်တော့ လေဘာပါတီက အစဉ်အလာအရ မြန်မာ့ဒီမိုကရေစီအရေးကို တောက်လျှောက်ကူညီအားပေးပြီးတော့ စစ်ကောင်စီကို ဖိအားပေးတဲ့ အစိုးရဖြစ်တဲ့အတွက်ကြောင့် သူတို့အာဏာရလာတဲ့အခါကြရင်တော့ တစုံတရာ အပြောင်းအလဲ ရှိလာလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။

မေး ။ ။ နိုင်ငံတွေဟာ သူတို့ရဲ့ အမျိုးသားအကျိုးစီးပွားကိုသာ မူတည်ပြီးတော့ နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးတတ်တယ်၊ ချမှတ်တတ်တယ်ဆိုတာတော့ မှန်ပါတယ်ဆိုတော့၊ အခုစစ်ကောင်စီနဲ့ သူတို့ ဆက်ဆံပြီးတော့ အဆင်ပြေအောင် လုပ်နေခြင်းအားဖြင့် လုပ်ခဲ့မယ်ဆိုရင် သြစတြေးလျနိုင်ငံအတွက် လောလောဆယ် ဘယ်လိုအကျိုးစီးပွားများ ရှိနိုင်ပါသလဲ။

ဖြေ ။ ။ ဒီနေရာမှာ သြစတြေးလျနိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားကို ချဉ်းကပ်ဖို့ လိုပါတယ်။ အဓိကတော့ ပြည်ပတိုက်ခိုက်မှုရန်ကနေ သြစတြေးလျနိုင်ငံရဲ့ လုံခြုံရေးနဲ့ အချုပ်အခြာအာဏာကို ထိန်းသိမ်းကာကွယ်ဖို့။ နောက်တခုက လူနေမှုအဆင့်အတန်း ပိုမြင့်မားတဲ့ အခြေအနေတွေကို ဆက်လက်ပြီးတော့ ထိန်းသိမ်းထားဖို့။ နောက် သြစတြေးလျနိုင်ငံရဲ့ ဒီမိုကရက်တစ် လူနေမှုဘဝနဲ့ နိုင်ငံသားအခွင့်အရေးတွေနဲ့ လွတ်လပ်မှုအခွင့်အရေးတွေကို ထိန်းသိမ်းထားဖို့။ သြစတြေးလျနိုင်ငံရဲ့ အခြေခံလူထုစရိုက်လက္ခဏာကို ထိန်းသိမ်းထားဖို့ဆိုတဲ့ အမျိုးသားအကျိုးစီးပွားက အဓိကတွေပါပဲ။ ဒီအကျိုးစီးပွားတွေကို သူတို့ အကောင်အထည်ဖော်တဲ့ နေရာမှာလဲ သူ့နိုင်ငံတခုတည်း သက်သက်လုပ်လို့မရဘဲနဲ့ တခြားနိုင်ငံတွေရဲ့ လုံခြုံရေး၊ လူမှုဖူလုံရေး၊ ငြိမ်းချမ်းရေးအပေါ်တွေ ဆက်စပ်နေတာကြောင့် ဒေသနိုင်ငံတွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ရမယ်ဆိုတဲ့ မူဝါဒမျိုးကို ချမှတ်ထားပါတယ်။ ဒါပေမဲ့ ဒီနေရာမှာ မြန်မာနိုင်ငံဟာ နေရာဒေသအရ၊ စစ်ရေးအရ၊ နိုင်ငံရေးအရ၊ စီးပွားရေးအရ သြစတြေးလျနိုင်ငံအတွက် မဟာဗျူဟာကျတဲ့ အဓိကနိုင်ငံ မဟုတ်ပါဘူး။ ဒါကြောင့်မို့ သူ့ရဲ့ အမျိုးသားအကျိုးစီးပွားကို ရှေ့ရှုပြီးတော့ လုပ်ဆောင်တဲ့နေရာမှာ မြန်မာနိုင်ငံဆီကနေ ဘာမှသိပ်ပြီးတော့ ဆိုးကျိုးကောင်းကျိုးတွေ၊ အလားအလာ ဘာမှမမျှော်လင့်ထားပါဘူး။

တခုပဲရှိတာက သြစတြေးလျမှာ မြန်မာနိုင်ငံသားဟောင်းတွေက သောင်းနဲ့ချီပြီး ရှိနေတဲ့အတွက်ကြောင့် ဒီလူတွေရဲ့ မဲဆန္ဒကိုရဖို့အတွက်နဲ့ ဒီလူတွေရဲ့ စိုးရိမ်ချက်တွေကို သူတို့အလေးထားပါတယ်ဆိုတာကို ပြဖို့အတွက်ကိုတော့ ကျနော်တို့ တောင်းဆိုချက်တွေကို သူတို့နားထောင်တာမျိုးတွေ လုပ်နိုင်သလောက် လုပ်ပေးတာမျိုးတွေလောက်ပဲ ရှိပါတယ်။ သူတို့အဓိကထားတာကတော့ သူတို့ရဲ့ အမျိုးသားအကျိုးစီးပွားကို မထိခိုက်ဖို့နဲ့ အမျိုးသားအကျိုးစီးပွားကို အထောက်အကူပြုဖို့ပဲ ဖြစ်ပါတယ်။ ဆိုတော့ မြန်မာ့နိုင်ငံရေးနဲ့ မြန်မာ့အခြေအနေတွေက သြစတြေးလျအတွက်ကို ဘာမှကြီးမားတဲ့၊ မဟာဗျူဟာကျတဲ့ အကျိုးစီးပွားတွေ မရှိဘူးလို့ သူတို့အနေနဲ့ ဒီလိုပဲ ယူဆပုံ ရပါတယ်။

မေး ။ ။ အဲဒီတော့ ဆရာပြောတဲ့ မြန်မာနိုင်ငံက လာရောက်နေထိုင်တဲ့ မြန်မာနွယ်ဖွားတွေ သောင်းနဲ့ချီပြီးရှိတဲ့ လူတွေရဲ့ မဲဆန္ဒဟာ သူတို့အစိုးရတွေ၊ အာဏာရလာဖို့၊ သူတို့ပါတီတွေ အာဏာရဖို့အတွက် အရေးကြီးတယ်ဆိုတော့ အဲဒီမြန်မာနွယ်ဖွားတွေရဲ့ သဘောထားက ဘယ်လိုရှိပါသလဲ။ အခု သြစတြေးလျနိုင်ငံရဲ့ စစ်ကောင်စီနဲ့ ခြံစည်းရိုးခွထိုင်နေတယ်ဆိုတဲ့ ဆရာပြောတဲ့သဘောမျိုး ဆက်ဆံနေတဲ့အရေးကို အဲဒီမှာရှိတဲ့ မြန်မာ့အရေး တက်ကြွလှုပ်ရှားနေသူတွေ၊ မြန်မာနွယ်ဖွားတွေက ဘယ်လိုယူဆကြပါသလဲ။ သူတို့လက်သင့်ခံပြီး နေကြပါသလား။ သို့တည်းမဟုတ် တစုံတခုများ လုပ်ကြအုံးမလဲ။ အဲဒါကို သုံးသပ်ပြပါ။

ဖြေ ။ ။ ဒီကိုရောက်လာတဲ့ မြန်မာတွေအကုန်လုံးကတော့ စစ်အာဏာရှင်စနစ်ကို လုံးဝဆန့်ကျင်တယ်။ ဒီမိုကရေစီအုပ်ချုပ်ရေးကို လိုလားတယ်။ အခု အရေးအခင်း ဖြစ်လာတဲ့အခါကြတော့ ကျနော်တို့ လှုပ်ရှားမှုတွေက ပိုအားကောင်းလာပြီးတော့ သြစတြေးလျအစိုးရ၊ သြစတြေးလျလွှတ်တော်၊ သြစတြေးလျ ကုလသမဂ္ဂတွေနဲ့ အကူအညီပေးရေး အဖွဲ့အစည်းတွေကို ကျနော်တို့ မြန်မာအသိုင်းအဝိုင်းတွေက စုစုစည်းစည်းနဲ့ စည်းရုံးလှုံဆော်ခဲ့တဲ့အတွက်ကြောင့် သြစတြေးလျနိုင်ငံရဲ့ မြန်မာအပေါ်ထားရှိတဲ့ သဘောထားတွေ တဖြည်းဖြည်းပြောင်းလဲလာတာကို တွေ့ရပါတယ်။ လေဘာပါတီ တက်လာတဲ့အခါကြတော့ ကျနော်တို့ လိုလားတဲ့ တောင်းဆိုချက်တွေကို တော်တော်များများ အကောင်အထည်ဖော်ပြီးတော့ ဆောင်ရွက်ပေးလာတာကို တွေ့ရပါတယ်။ ဒါကြောင့်မို့ ချုပ်ပြောရရင် ကျနော်တို့ သြစတြေးလျမှာရှိတဲ့ မြန်မာအသိုင်းအဝိုင်းကသာ ဘာမှမပြောဘူး၊ ဘာမှမတောင်းဆိုဘူး၊ ဘာမှမလုပ်ဘူးဆိုရင် သြစတြေးလျအစိုးရဟာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီးတော့ ဒီလိုပဲ ခြံစည်းရိုးခွထိုင်ပြီး ဘာသိဘာသာနေမယ့်သဘောမျိုး တွေ့ရပါတယ်။

==Unicode==













