Your browser doesn’t support HTML5
ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာအစီအစဉ်မှာ တရုတ်အပေါ် မြန်မာနိုင်ငံရဲ့ မှီခိုအားထားမှု ဟာ ဘက်မလိုက်ရေးအစဉ်အလာကို ထိခိုက်နေပြီလား၊ ရှေ့မတိုးနိုင်ဖြစ်နေတဲ့ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ် အပါအဝင် မြန်မာပြဿနာတွေအတွက် တရုတ်ဟာ ဘယ်လောက်ထိအားထားးလောက်ပါသလဲ ဆိုတာ အမေရိကန်ပြည်ထောင်စု Stimson မူဝါဒလေ့လာရေးအဖွဲ့ တရုတ်ရေးရာဌာန ဒါရိုက်တာ Yun Sun နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။
မေး ။ ။ အခု မြန်မာနိုင်ငံနဲ့ အနောက်နိုင်ငံတွေရဲ့ ဆက်ဆံရေး နည်းနည်းကျဲလာတယ်လို့ ဆိုရပါလိမ့်မယ်။ ဒီအချိန်မှာ တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍဟာ မြန်မာ့နိုင်ငံရေးမှာ ပိုမိုအရေးကြီးလာတယ်လို့ ယူဆရပါတယ်။ Yun Sun ဘယ်လို သုံးသပ်လိုပါလဲ။ လွှမ်းခြုံပြီး သုံးသပ်ပြောမယ်ဆိုရင်။
ဖြေ ။ ။ ဒါ မှန်ပါတယ်။ တနည်းအားဖြင့်တော့ ဒါက မြန်မာနိုင်ငံအတွက် သတင်းကောင်းမဟုတ်ပါဘူး။ မြန်မာနိုင်ငံက ဘက်မလိုက်ဝါဒနဲ့ ချိန်ခွင်လျှာ ထိန်းညှိတဲ့ diplomacy ကို ကျင့်သုံးချင်တာပါ။ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေအားလုံးနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ထားရှိချင်ပါတယ်။ တနိုင်ငံဘက်ကို လုံးဝယိမ်းတာ မှီခိုနေရတာကို လုံးဝမလိုလားပါဘူး။ ဆိုတော့ နိုင်ငံတကာဆက်ဆံရေးမှာ မြန်မာနိုင်ငံရဲ့ အလျှော့အတင်းလုပ်နိုင်ခြင်း - အထူးသဖြင့် တရုတ်နဲ့ ဆက်ဆံတဲ့နေရာမှာ လူးလွန့်နိုင်တဲ့ အခြေအနေ ကျဉ်းမြောင်းသွားပါလိမ့်မယ်။
မေး ။ ။ အနောက်နိုင်ငံတွေကကော Yun Sun ပြောသလို မြန်မာနိုင်ငံက တဘက်ဘက်ကို ဘက်မလိုက်ပါဘူး၊ တရုတ်ဘက်ကို ယိမ်းယိုင်သွားပြီလားလို့ မပြောနိုင်ဘူးဆိုပြီးတော့ သူတို့ သတ်မှတ်ကြမယ် ထင်ပါသလား။
ဖြေ ။ ။ မြန်မာနိုင်ငံက အနည်းနဲ့အများဆိုသလို တရုတ်ဘက်ကို မှီခိုနေရပါတယ်လို့ အနောက်နိုင်ငံတွေက မြင်ပါတယ်။ ဒါက မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေးဝါဒကို ထိခိုက်စေတယ်။ နိုင်ငံပေါင်းစုံနဲ့ တပြိုင်နက်ထဲ ဆက်ဆံနိုင်တဲ့အနေအထားကို ထိခိုက်စေပါတယ်။ ဒါပေမဲ့လဲ ဘက်မလိုက်ဝါဒနဲ့ ပတ်သက်ရင်တော့ ဒေါ်အောင်ဆန်းစုကြည်အစိုးရက ယိမ်းယိုင်သွားပြီလို့တော့ မယူဆနိုင်ပါဘူး။ ဥပမာ တောင်တရုတ်ပင်လယ်ကိစ္စမှာ တရုတ်က သူတို့ကို ထောက်ခံစေချင်ပေမယ့်လဲ မြန်မာအစိုးရက ကြိုးစားပြီးတော့ ကြားနေနေတာကို တွေ့ရပါတယ်။ ဆိုတော့ ရိုဟင်ဂျာ ပြဿနာကြောင့်သာလျှင် အနောက်နိုင်ငံတွေအဖို့ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးမှာ အဖုအထစ် ဖြစ်နေရတာပါ။ မြန်မာအနေနဲ့ ပြည်တွင်းမူဝါဒ မပြောင်းသရွေ့ ဒီပြဿနာမှာ အနောက်နိုင်ငံတွေနဲ့ ဆက်ပြီးတော့ ငြိ့နေအုံးမှာ ဖြစ်ပါတယ်။
မေး ။ ။ အဲဒီ ပြဿနာကို မသွားခင်မှာ တခုမေးချင်ပါသေးတယ် - မြန်မာနိုင်ငံဟာ ဘက်မလိုက်ဝါဒကို မကျင့်သုံးတော့ဘဲနဲ့ သွေးဖီသွားပြီ၊ တရုတ်ဘက်ကို သိသိသာသာ ယိမ်းယိုင်းသွားပြီလို့ ဆိုရင်ကော ဘယ်သူကို အပြစ်တင်ရမယ်လို့ ထင်ပါသလဲ။
ဖြေ ။ ။ ဒါက လက်တွေ့မဖြစ်သေးတဲ့ မေးခွန်းပါ။ မြန်မာနိုင်ငံခြားရေးဟာ ဘက်မလိုက်ဝါဒက ယိမ်းယိုင်းသွားပြီလို့ ပြောဖို့ အထောက်အထား ရှိရပါလိမ့်မယ်။ တရုတ်နှစ်နိုင်ငံကိစ္စလိုမျိုး အရေးကြီးတဲ့ နိုင်ငံတကာပြဿနာတွေပေါ်မှာ ဘယ်လိုရပ်တည်နေတယ်ဆိုတာမျိုးကို ကြည့်ပြီးတော့မှ ပြောရမှာပါ။ ဒါက ရှင့်မေးခွန်းအတွက် နံပတ်တစ်အဖြေပါ။
နံပတ်နှစ်အနေနဲ့ဆိုရင်တော့ လက်တွေ့မဖြစ်နိုင်သေးတာကို ပြောရမယ့်ဆိုရင် မြန်မာပြည်ဟာ ဆိုကြပါစို့ တောင်တရုတ်ပင်လယ်ပြဿနာမှာ တရုတ်ကို ထောက်ခံလိုက်ပြီဆိုရင်တော့ သူ့ရဲ့ ဘက်မလိုက်မူ ယိမ်းယိုင်လာပြီလို့ ဆိုရပါမယ်။ ဒီလိုဖြစ်လာရင်လဲ နိုင်ငံတကာကို အပြစ်တင်စရာ မဟုတ်ဘူးလို့ ကျမ ပြောချင်ပါတယ်။
မေး ။ ။ အခု ရိုဟင်ဂျာ ပြဿနာက အနောက်အုပ်စုက ဖန်တီးတာဖြစ်တယ်။ ဘင်္ဂလားပင်လယ်ဒေသ အိန္ဒိယသမုဒ္ဒရာဘက်မှာ တရုတ်ကြီးစိုးလာမှာကို အနောက်အုပ်စုက စိုးရိမ်နေကြတယ်။ ဒါကြောင့် တရုတ်ရဲ့ ရင်းနှီးမြှုပ်နံှမှုတွေ၊ ဒီဒေသက စီးပွားရေးလုပ်ငန်းတွေကို ထိခိုက်သွားအောင်ဆိုပြီးတော့ ရိုဟင်ဂျာပြဿနာကို တမင်ဖန်တီးကြတယ်လို့ တချို့က Conspiracy လို့ သုံးသပ်ကြတဲ့ လူတချို့လည်း ရှိပါတယ်။ ဒီကိစ္စအပေါ် Yun Sun ဘယ်လို သဘောရပါလဲ။
ဖြေ ။ ။ ဒါမှန်တယ်လို့ ကျမ လုံးဝမထင်ပါဘူး။ ပထမတချက်က ရိုဟင်ဂျာ ပြဿနာက ရခိုင်မှာ တရုတ် ရင်းနှီးမြှုပ်နံှမှု မဝင်ခင် အစောကြီးကတည်းက ရှိလာခဲ့ပါတယ်။ ဥပမာ ကျောက်ဖြူစီမံကိန်းအတွက် MOU ကို ၂၀၁၅ ဒီဇင်ဘာမတိုင်မီက လက်မှတ်မထိုးရသေးပါဘူး။ ဒီ စီမံကိန်းကို စတောင်မစရသေးပါဘူး။ ဒါကြောင့်မို့ ရခိုင်မှာ စပြီးတော့ မငြိမ်မသက်ဖြစ်အောင်လို့ အနောက်နိုင်ငံတွေက ဖန်တီးနေတယ်ဆိုတဲ့ စွပ်စွဲချက်က လုံးဝကို အခြေအမြစ် မရှိပါဘူး။ ရိုဟင်ဂျာတွေပေါ်မှာ တပ်မတော်က ဘယ်လိုတုံ့ပြန်လုပ်ဆောင်မယ်ဆိုတာကို အနောက်နိုင်ငံတွေက လုံးဝလွှမ်းမိုးနိုင်ခြင်း မရှိပါဘူး။ အလားတူပဲ ARSA နဲ့ တခြားအစွန်းရောက်အစ္စလာမ်မစ်တွေ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေနဲ့ ဘယ်လိုဆက်စပ်နေမယ်၊ ဗျူဟာသုံးမယ်ဆိုတာတွေကိုလဲ လုံးဝလွှမ်းမိုးနိုင်မယ့်ကိစ္စ မဟုတ်ပါဘူး။ တကယ်တမ်း မြန်မာနိုင်ငံမှာ တရုတ်အကျိုးစီးပွားကို ထိခိုက်စေချင်တယ်ဆိုရင် အနောက်နိုင်ငံတွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်ဆံရေး အထူးကောင်းမွန်အောင်လို့ တရုတ်အပေါ်မှာ အမှီအခိုလျော့နည်းအောင်လိုတော့ လုပ်ကြမှာပါ။ အခုတော့ ရခိုင်ပြဿနာနဲ့ ပတ်သက်ပြီးတော့ အနောက်နိုင်ငံတွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ လုံးဝဆန့်ကျင်ဘက် ဖြစ်နေပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကလည်း တရုတ်အပေါ်မှာ မှီခိုလာနေရတာပါ။
မေး ။ ။ မကြာသေးခင်က တရုတ်အထူးကိုယ်စားလှယ် မြန်မာနိုင်ငံကိုလာပြီးတော့ ဒေါ်အောင်ဆန်းစုကြည်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့နဲ့ တွေ့ခဲ့တာ ရိုဟင်ဂျာပြဿနာကိုလည်း ဆွေးနွေးတယ်လို့ သတင်းတွေမှာ တွေ့ရပါတယ်။ ဘာများဆွေးနွေးကြတယ်လို့ ထင်ပါသလဲ။
ဖြေ ။ ။ ရိုဟင်ဂျာပြဿနာနဲ့ ပတ်သက်ပြီးတော့ တရုတ်ကတော့ ရခိုင်ဒေသ တည်ငြိမ်ရေးကို တကယ်ပဲ လိုလားပါတယ်။ ဒါမှလဲ ရေနံနဲ့ သဘာဝဓါတ်ငွေ့ပိုက်လိုင်း တည်ဆောက်ရအုံးမယ့် ကျောက်ဖြူအထူးစီးပွားရေးဇုန်နဲ့ အခြားမျှော်မှန်းထားတဲ့ စီးပွားရေးစီမံကိန်းတွေကိုလည်း တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ နောက်တခုက ရခိုင်ပြဿနာ၊ ဒါမှမဟုတ် ရိုဟင်ဂျာပြဿနာက သူတို့အတွက် နိုင်ငံတကာ စေ့စပ်ဖြန့်ဖြေရေး စမ်းသပ်မှုလို့ တရုတ်က ယူဆပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာတုန်းက ဒီပြဿနာအတွက် အဆင့်သုံးဆင့်ပါတဲ့ လမ်းပြမြေပုံ ချပြပြီးတော့ စေ့စပ်ခဲ့တာကို နှစ်ဘက်စလုံးက လက်ခံကြတယ်လို့ အကြမ်းဖျဉ်း ပြောနိုင်ပါတယ်။ ဆိုတော့ တရုတ်က ရခိုင်ပြည်နယ်မှာ စေ့စပ်ဖြန့်ဖြေသူအဖြစ် ပဋိပက္ခဖြေရှင်းပေးသူအဖြစ်နဲ့ အရေးပါတဲ့ အခန်းကဏ္ဍကနေ အပြုသဘောနဲ့ ပါဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ ထင်ပါတယ်။
မေး ။ ။ ရခိုင်ပြဿနာအပြင် တခြားတိုင်းရင်းသားအင်အားစုတွေနဲ့ ဖြစ်နေတဲ့ ပြဿနာတွေလည်း အခုအခါမှာ အခြေအနေ ပိုဆိုးလာတယ်ဆိုရင် မှားမယ်မဟုတ်ပါဘူး။ ပင်လုံအစည်းအဝေးကိုလည်း ရွှေ့ဆိုင်းလိုက်ရပြီ ဖြစ်ပါတယ်။ ဆိုတော့ ဒီနေရာမှာကော အခု တရုတ်ကိုယ်စားလှယ်လာတဲ့အခါ ဘာများ သူလုပ်ပေးနိုင်မယ်လို့ ပြောပါ။
ဖြေ ။ ။ ပထမဦးဆုံးကတော့ မေ (၁၂) မူဆယ်မှာ ဖြစ်ခဲ့တဲ့ ကိစ္စအတွက် ဘယ်ဘက်က အဓိက တာဝန်ရှိတယ်ဆိုတာကို ပြောရခက်ပါတယ်။ TNLA နဲ့ KIA အစိတ်အပိုင်းတချို့က တိုက်တယ်ဆိုပေမယ့်လဲ သူတို့စခန်းတွေကို တပ်မတော်က လာတိုက်လို့ ပြန်တိုက်ရတယ်လို့ ဆိုကြပါတယ်။ စစ်ရေးပဋိပက္ခတွေမှာ ဘယ်သူ့ကိုဘယ်သူ တိုက်တယ်။ ဘယ်သူက တိုက်တယ်ဆိုတာတွေက ပြောရခက်ပါတယ်။ ဒီနေရာမှာ တရုတ်မကျေမနပ် ဖြစ်တာကတော့ တပ်မတော်ရဲ့ ပြန်လည်တိုက်ခိုက်မှုမှာ အမြှောက်နဲ့ တရုတ်နယ်ထဲ ပစ်ခတ်ခဲ့ပြီးတော့ တရုတ်နယ်ဘက်တွေမှာ ပေါက်ကွဲခဲ့တာတွေ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ သုံးနှစ်လောက်က ကိုးကန့်ကိစ္စ ဖြစ်တုန်းကလည်း ကျမ ရေးခဲ့ဖူးပါတယ်။ မြန်မာလေယာဉ် တရုတ်နယ်မြေထဲမှာ ဗုံးကျဲချလို့ တရုတ်အရပ်သားတွေ ထိခိုက်ခဲ့ရပါတယ်။ ဒါကို တရုတ်ကတိုင်တယ်။ ဒီနေရာမှာ တရုတ်ကို ကျမပြောချင်တာက တပ်မတော်က သူတို့ကိုတိုက်တဲ့ အင်အားစုတွေကို လိုက်လံပြီးတော့ တိုက်ခိုက်ချင်တာ ဖြစ်ပါတယ်။ တရုတ်တို့ အဓိကလိုချင်တာက နယ်စပ်လုံခြုံရေးနဲ့ လူထုရဲ့ တည်ငြိမ်မှုကို မထိခိုက်စေချင်တာပါ။ ဒါပေမဲ့ ဒီကိစ္စမှာတော့ SPNCC ဒါမှမဟုတ် TNLA တို့က စစ်ရေးလှုပ်ရှားမှု လုပ်လာတာပါ။ နိုင်ငံရေး မဟုတ်ပါဘူး။ ဆိုတော့ တရုတ်နယ်စပ်မှာ အနှောင့်အယှက် ဖြစ်ရတယ်လို့တော့ ရှောင်လွှဲလို့ မရနိုင်ပါဘူး။
ဒေါ်အောင်ဆန်းစုကြည်အစိုးရ အထူးသဖြင့် တပ်မတော်က အရေးပါတဲ့ လိုက်လျောမှု မလုပ်ဘဲနဲ့ ဒီစစ်ပွဲက အဆုံးသတ်နိုင်မယ် မထင်ပါဘူး။
မေး ။ ။ တကယ်တော့ ဒေါ်အောင်ဆန်းစုကြည် အစိုးရအတွက်လည်းပဲ တဘက်မှာ အင်မတန် အကျပ်အတည်းတွေ့နေရတာပါ။ စစ်တပ်ကို ပြောလို့လဲ မရဘူး။ တိုင်းရင်းသားအင်အားစုတွေကလည်း အစိုးရအပေါ် အယုံအကြည် နည်းလာကြတယ်။ ဒီလိုအခြေအနေမှာ တရုတ်က ဘာများပိုပြီးတော့ လုပ်ပေးနိုင်မလဲ။ ဘာများအခြေအနေကောင်းအောင် တိုးပြီးတော့ လုပ်ပေးနိုင်မလဲ။
ဖြေ ။ ။ ဒီကိစ္စကို တရုတ်ဘက်က အဆုံးအဖြတ်ပေးနိုင်မယ့် အပြောင်းအလဲ တစုံတရာ လုပ်လာလိမ့်မယ် မဟုတ်ဘူးလို့ပဲ ကျမကတော့ ရိုးရိုးသားသား ယုံကြည်နေပါတယ်။ တရုတ်အနေနဲ့ တိုင်းရင်းသားသူပုန်တွေ လက်လွှတ်လိုက်သင့်ပြီလားဆိုတာ တရုတ်ဘက်မှာ အခြေအတင်ဆွေးနွေးသုံးသပ်မှုတွေ အများကြီးပါ။ နိုင်ငံရေးအသိုင်းအဝိုင်းအချို့ကတော့ မြန်မာအစိုးရနဲ့ စစ်တပ်အပေါ်မှာ တရုတ်က အဖိအဖေါ့လုပ်နိုင်အောင်လို့ ဆက်ပြီးတော့ ထိန်းထားသင့်တယ်လို့ ဆိုနေကြပါတယ်။ နိုင်ငံခြားရေးဌာနကတော့ သူတို့က နှစ်ဘက်ကြားမှာ စေ့စပ်ဖြန့်ဖြေနေပါတယ်။ စစ်ပွဲရပ်ပြီးတော့ ငြိမ်းချမ်းရေးဆွေးနွေးကြဖို့ ဖျောင်းဖျနေတယ်လို့ ဆိုပါတယ်။ ဒီအတွက် အလုံအလောက် အားထုတ်မှု ရှိရဲ့လားဆိုတာကတော့ နောက်ပြဿနာတရပ်ပေါ့။ တရုတ်ကတော့ သူတို့လုပ်နေတာ လုပ်သင့်တဲ့လုပ်ရပ်လို့ ယူဆနေပါတယ်။
မေး ။ ။ အခုနောက်ဆုံး တိုက်ပွဲတွေပြီးတဲ့နောက် တရုတ်က အထူးသဖြင့် တရုတ်စစ်တပ်ဘက်က နှစ်ဘက်စလုံး အမြန်ဆုံး အပစ်အခတ်ရပ်စဲဖို့ တောင်းဆိုပါတယ်။ ဘယ်ဘက်ကမှ တုံ့ပြန်တာ မတွေ့ရပါဘူး။ ဆိုတော့ တရုတ်က စကားအဖြစ်ပဲလား။ ဘာလုပ်ညာလုပ်တောင်းဆိုတာဟာ။ ဒါထက်ပိုပြီး ထိထိရောက်ရောက် အဖြေထွက်အောင် ဘာမှမလုပ်နိုင်ဘူးလား။
ဖြေ ။ ။ တရုတ်စစ်တပ်တင်မကပါဘူး နိုင်ငံခြားရေးရုံးကလည်း အလားတူ တောင်းဆိုပါတယ်။ တပြေညီလုပ်နေတာပါ။ စစ်ပွဲရပ်ဖို့ လိုလားတယ်ဆိုတာ သေချာပါတယ်။ ဒီတိုက်ပွဲတွေဟာ မြန်မာဘက်က ဖြစ်တာပါ။ မူဆယ်နဲ့ ရှမ်းပြည်ဘက်မှာဖြစ်တယ်။ တရုတ်မြေပေါ်မှာ ဖြစ်တာတော့ မဟုတ်ပါဘူး။ ဆိုတော့ အပစ်ရပ်ဖို့ တရုတ်က တောင်းဆိုနိုင်ပါတယ်။ ရပ်မရပ်ဆိုတာတော့ တိုက်နေတဲ့ နှစ်ဘက်က ဆုံးဖြတ်ရမှာပါ။ တရုတ်က ဒီထက်ပိုပြီးတော့ လုပ်နိုင်မယ်လို့ မထင်ပါဘူး။ တရုတ်က နှစ်ဘက်စလုံးကို ဖိအားပေးနိုင်ပါတယ်။ ဒါပေမဲ့လဲ ဘယ်ဘက်က မှားတယ်၊ မှန်တယ်ဆိုတဲ့ ကိစ္စက တရုတ်ပါဝင်ဖို့ မဖြစ်နိုင်သလို၊ ပိုပြီးတော့ ရှည်လျားရှုပ်ထွေးတဲ့ ပြဿနာလည်း ဖြစ်ပါတယ်။
မေး ။ ။ ဒုတိယနောက်ဆုံး မေးပါရစေ … လောလောဆယ်မှာ ICC နိုင်ငံတကာရာဇဝတ်မှုခုံရုံးက မြန်မာနိုင်ငံအစိုးရကို အရေးယူဖို့ဆိုပြီးတော့ စီစဉ်နေပါတယ်။ ဒီကိစ္စမှာ တရုတ်နိုင်ငံက ဘယ်လိုများ ကူညီနိုင်မယ် ထင်ပါသလဲ။ မြန်မာဘက်က ကူကောကူညီမယ်လို့ ထင်ပါသလား။
ဖြေ ။ ။ ဒါကတော့ ဖြေရခက်တဲ့ မေးခွန်းပါ။ တရုတ်က ICC ရဲ့ တရားစွဲဆိုမှု ခံရတဲ့ နိုင်ငံရေးခေါင်းဆောင်တချို့ကို အကာအကွယ်ပေးဖူးပါတယ်။ မကြာသေးခင်ကဆိုရင် Darfur တုန်းက ဆူဒန်သမ္မတ al-Bashir ကို ICC က အရေးယူဖို့လုပ်တော့ al-Bashir ကို တရုတ်က ကာကွယ်ပြီးတော့ ICC ဘက်လိုက်တယ်၊ ဓမ္မဓိဋ္ဌာန် မကျဘူးလို့ ပြောခဲ့ပါတယ်။ ဆိုတော့ အခုလဲ မြန်မာနိုင်ငံအတွက် ဒီလိုမျိုး ရပ်တည်မယ်ဆိုရင်တော့ အံ့သြစရာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုရင် ရိုဟင်ဂျာ ပြဿနာက သမိုင်းအခြေခံ အကြောင်းတရားနဲ့ ဆက်စပ်နေလေ၊ စီးပွားရေးဖွံ့ဖြိုးမှု ပြဿနာနဲ့ ပတ်သက်တယ်။ အပစ်ရပ်ရုံနဲ့ မလုံလောက်ဘူးလို့ အမြဲပြောနေတာပါ။ ဒါကြောင့်မို့ ICC နဲ့ တွေ့ရင်လဲ တရုတ်က မြန်မာဘက်က ရပ်တည်မယ်လို့ မြင်ပါတယ်။
မေး ။ ။ နောက်ဆုံးမေးခွန်းကတော့ လူတွေသိချင်နေတဲ့ မေးခွန်းဖြစ်ပါတယ်။ မြစ်ဆုံစီမံကိန်းကို ပြန်လည်စတင်မယ်လို့ ထင်ပါသလား။
ဖြေ ။ ။ မြစ်ဆုံစီမံကိန်း ပြန်စနေပြီလို့ ကျမ မထင်ပါဘူး။ ဒါပေမဲ့လဲ ဒီအတွက် လျော်ကြေးပေးရမလား။ စီမံကိန်းပြန်စမလားဆိုတဲ့ ဆွေးနွေးမှု မစရသေးပါဘူး။ ဒီနှစ်နိုင်ငံကြားမှာ မညှိရသေးတဲ့ကိစ္စ ဖြစ်နေပါတယ်။ လူထု ထင်ယောင်ထင်မှား မဖြစ်အောင်လို့ အမြန်ဆုံး ဖြေရှင်းသင့်တယ်လို့ ကျမ ယူဆတယ်။ တရုတ်က မြန်မာကို ကူညီတယ်ဆိုတာ အပြန်အလှန်လိုချင်လို့ဆိုတာ မြန်မာအစိုးရနဲ့ ပြည်သူတွေ သိသင့်ပါတယ်။ ပြဿနာရှိနေတဲ့ မြစ်ဆုံစီမံကိန်း မဟုတ်ရင်တောင်မှ တရုတ်က တခုခုတော့ လိုချင်နေတာပါ။ ရိုဟင်ဂျာကိစ္စမှာ ကူညီမယ်ဆိုတာလဲ တစုံတခု လိုချင်နေလို့ပါ။