Your browser doesn’t support HTML5
တပ်မတော်ဟာ သူတို့စိတ်တိုင်းကျရေဆွဲအတည်ပြုခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို တစိတ်တပိုင်းထောက်ခံမယ့် သဘောပြသလာတာ ဘာရည်ရွယ်ရှိလို့လဲ၊ ဘယ်အတိုင်းအတာထိ ပြင်ဆင်နိုင်ဖွယ် ရှိပါသလဲ၊ မြန်မာ့နိုင်ငံရေးသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်း နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။
မေး ။ ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ တပ်မတော်က သူတို့စိတ်တိုင်းကျ အတည်ပြုရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ ဖြစ်ပါတယ်။ အခုအချိန်မှာ ဖွဲ့စည်းပုံပြင်ဆင်ရေး လုပ်လာကြတယ်ဆိုတော့ တပ်မတော်ဘက်က ဒီဖွဲ့စည်းပုံကို ပြင်ဆင်ပြောင်းလဲဖို့ ဆန္ဒ အမှန်တကယ်ရှိလာတယ်လို့ ယုံကြည်နိုင်စရာအကြောင်း ရှိပါလား။ သူတို့မှာ ဘာကြောင့်များ သူတို့ စိတ်တိုင်းကျ ရေးဆွဲထားတဲ့ ဥပဒေကို အခုအခါမှာ ပြင်ရမယ်ဆိုတဲ့ ဆန္ဒ ဖြစ်ထွန်းလာစရာအကြောင်း ရှိနေပါလား။
ဖြေ ။ ။ ကျနော့်အမြင်ကတော့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲအလွန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဦးဆောင်တဲ့ အစိုးရသက်တမ်းအတွင်းမှာ တပ်မတော်ဘက်ကလည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ လိုအပ်တဲ့အပိုင်းတွေကို ပြင်ဆင်ဖို့ဆိုတဲ့ သဘောမျိုး မှတ်ချက်ပြုလာတာကို တွေ့ရပါတယ်။ နောက်ပြီးတော့ လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်း ပြည်ထောင်စုလွှတ်တော်မှာ ပြည်ထောင်စုကြံံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ဒုတိယအကြိမ် တင်သွင်းတဲ့ ဥပဒေမူကြမ်းကို တင်သွင်းတဲ့အခါမှာလဲ တပ်မတော်က လွှတ်တော်ကိုယ်စားလှယ်တွေက လက်မှတ်ရေးထိုးပြီးတော့ ပါဝင်ခဲ့တာကို တွေ့ရပါတယ်။ အဲဒီအခါကြတော့ လက်ရှိအခြေအနေမှာ တပ်မတော်အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတိုင်းအတာတခုအထိ ပြင်ဆင်လိုတဲ့ဆန္ဒ ရှိနေတယ်လို့တော့ ယေဘုယျအားဖြင့် သုံးသပ်လို့ရပါတယ်။ သို့သော်လဲ ဘယ်လောက်အထိ ပြင်ဆင်လို့တယ်ဆိုတဲ့အပိုင်းမှာတော့ ခန့်မှန်းဖို့ ခက်မယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
မေး ။ ။ အခု ဖွဲ့စည်းပုံပြင်မယ့်ကိစ္စကို အကြမ်းမျဉ်း ခွဲလိုက်မယ်ဆိုရင် တပ်မတော်ရဲ့ အာဏာကြီးစိုးထားမှုကို လျှော့ချမယ့်ကိစ္စ။ နောက်တပိုင်းကတော့ တိုင်းရင်းသားတွေရဲ့ အခွင့်အာဏာ ပို့ပေးဖို့ကိစ္စ (ပြည်နယ်တွေကို) - အဲဒီနှစ်ပိုင်းကို အကြမ်းမျဉ်း နားလည်ပါတယ်။ ဆိုတော့ အဲဒီအထဲမှာ တပ်မတော်ရဲ့ အခွင့်အာဏာ၊ တပ်မတော်ရဲ့ လုပ်ပိုင်ခွင့်ကို ထိန်းချုပ်မယ်၊ လျှော့ချမယ်ကိစ္စကတော့ အတော်လေး ခက်ခဲလိမ့်မယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ တပ်မတော်က အလျှော့ပေးချင်စရာ အကြောင်းတစုံတရာများ တွေ့မိပါသလား။
ဖြေ ။ ။ တပ်မတော်နဲ့ ပတ်သက်တဲ့ ပုဒ်မတွေနဲ့ ပတ်သက်ရင် လက်ရှိ ဒုတိယအကြိမ် လွှတ်တော်သက်တမ်းအတွင်းမှာ ပြင်ဆင်နိုင်ဖို့ အလားအလာကတော့ မရှိသလောက် နည်းတယ်လို့ ကျနော်မြင်ပါတယ်။ အထူးသဖြင့်တော့ အစိုးရပိုင်း၊ လွှတ်တော်ပိုင်းမှာ တပ်မတော်ရဲ့ ပါဝင်မှုနဲ့ ပတ်သက်ပြီးတော့ လျှော့ချတာပဲဖြစ်ဖြစ်၊ ပြင်ဆင်တာပဲဖြစ်ဖြစ် လုပ်ရမယ့်ခြေလှမ်းမျိုးတွေကို တပ်မတော်အနေနဲ့ ထောက်ခံဖို့အလားအလာ မရှိသလောက် နည်းတယ်လို့မြင်ပါတယ်။ အဲဒီတော့ လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းအခန်းမှာပါတဲ့ ပုဒ်မတွေနဲ့အညီ ပြင်ဆင်မယ်ဆိုရင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် (၇၅) ရာခိုင်နှုန်းကျော်ရဲ့ ထောက်ခံမှု လိုပါတယ်။ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေက မထောက်ခံရင် ဘယ်ပုဒ်မကိုမှ ပြင်လို့မရတဲ့ အနေအထားမျိုး ရှိနေပါတယ်။ တဘက်က ပြန်စဉ်းစားကြည့်ရင်တော့ အရပ်ဘက် ခေါင်းဆောင်တွေ၊ တိုင်းရင်းသာုးခေါင်းဆောင်တွေနဲ့ စစ်ဘက်ခေါင်းဆောင်တွေကြားမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်တဲ့ ထိပ်သီးချင်းဆွေးနွေးတဲ့ ဆွေးနွေးပွဲတွေ။ အဲဒီဆွေးနွေးပွဲတွေမှတဆင့် ရလာမယ့် သဘောတူညီချက်တွေပေါ်မှာ အခြေခံပြီးတော့ ရေးဆွဲတဲ့ နိုင်ငံရေးလမ်းပြမြေပုံဆိုတာမျိုးတွေကို ဖော်ဆောင်ဖို့ လိုအပ်ကောင်းလိုအပ်လိမ့်မယ်လို့ ကျနော်ကတော့ သုံးသပ်ပါတယ်။
မေး ။ ။ ကျနော် ဒီနေရာမှာ တခုမေးချင်တာက တပ်မတော်က သူတို့အာဏာလျှော့ချရေး မဟုတ်ဘဲနဲ့ တိုင်းရင်းသားအခွင့်အရေးတို့၊ ဖယ်ဒရယ်ပြည်ထောင်စုကိစ္စတို့၊ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စတို့ကို ပြင်ဆင်ဖို့ သဘောတူတဲ့ အရိပ်အရောင်ပြလာတယ်ဆိုရင်တောင်မှပဲ သူတို့ဘာကြောင့် ဒီလိုသဘောတူလာသလဲဆိုတာကို ကျနော်စဉ်းစားမိတာတခု ရှိပါတယ်။ အဲဒါက တပ်မတော်ဘက်က နိုင်ငံရေးရည်မှန်းချက်၊ အထူးသဖြင့် တပ်မတော်ရဲ့ အကြီးအကဲဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ နိုင်ငံရေးရည်မှန်းချက် ရှိနေလို့ သမ္မတအဖြစ် ရွေးကောက်ခံချင်တဲ့ ဆန္ဒရှိနေတယ်လို့ ဒီလိုတိုင်းရင်းသားတွေရဲ့ ကျေနပ်နိုင်တဲ့ ကိစ္စမျိုးမှာ လိုက်လျောဖို့ စဉ်းစားလာတယ်ဆိုရင်ကော ကျနော်တွေးတာ မှားသလား။
ဖြေ ။ ။ ဆရာတွေးတဲ့အပေါ်မှာတော့ ကျနော့်အမြင်အားဖြင့်တော့ အမြင်ကွဲလွဲမှုတွေတော့ ရှိနိုင်ပါတယ်။ ဥပမာအားဖြင့် လက်ရှိအခြေအနေမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေကို တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေကနေ ခန့်အပ်တာဝန်ပေးအပ်ဖို့ လိုအပ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်မှုကို တပ်မတော်က လွှတ်တော်ကိုယ်စားလှယ်တွေက ထောက်ခံခဲ့တယ်ဆိုတာကို လွှတ်တော်ထဲမှာ ဥပဒေကြမ်းတင်သွင်းတာကိုကြည့်ရင် သိသာပါတယ်။ အဲဒီတော့ ပုဒ်မ (၂၆၁) ပြင်ဆင်ရေးကို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေက ထောက်ခံမယ်ဆိုရင် ဒါဟာ အထမြောက်လာနိုင်တယ်လို့ ပြောလို့တော့ရပါတယ်။ အဲဒီလို အထမြောက်လာနိုင်တာဟာ တိုင်းရင်းသားလူမျိုးစုတွေရဲ့ အခွင့်အရေးကို အတိုင်းအတာတခုအထိ ချဲ့ထွင်းပေးလိုက်တယ်လို့ ဆိုနိုင်ပါတယ်။ သို့သော်လဲပဲ တိုင်းရင်းသားလူမျိုးစုအများစု လိုလားနေတာက ဒီမိုကရေစီ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးပါ။
နောက်ပြီးတော့ ပြည်တောင်စုတပ်မတော် တည်ဆောက်ရေးပါ။ ဒီအဓိကကျတဲ့ မူဝါဒလမ်းစဉ်၊ လုပ်ငန်းစဉ်တွေအပေါ်မှာ ညှိနှိုင်းပြီးတော့ အလျှော့အတင်း မလုပ်ပေးနိုင်ဘူးဆိုရင် တိုင်းရင်းသားတွေရဲ့ ယုံကြည်မှုနဲ့ လေးစားတန်းဖိုးထားမှုကို ရယူနိုင်ဖို့ဆိုတာ ခဲယဉ်းလိမ့်မယ်လို့ ကျနော်ကတော့ အဲဒီလို သုံးသပ်ပါတယ်။
မေး ။ ။ တချိန်တည်းမှာပဲ တိုင်းရင်းသားပြည်နယ်တွေမှာ ဒေသခံတိုင်းရင်းသားပါတီတွေက မဲအများစု ရပေမယ့် NLD အစိုးရက သူတို့ရွေးချယ်တဲ့ လူကိုသာ ဝန်ကြီးချုပ်ခန့်ရမယ်ဆိုတာ အဓိကထိပ်တိုက်တွေ့နေကြတာ တိုင်းရင်းသားတွေနဲ့။ ဒီကိစ္စမှာတော့ NLD အစိုးရနဲ့ တိုင်းရင်းသားတွေကြားမှာ ဖြစ်မယ်လို့ထင်ပါတယ်။ ဆိုတော့ ဒီကိစ္စမှာ တပ်မတော်က တိုင်းရင်းသားတွေဘက်က လိုက်လျောပြီး ပြောပြလိုက်တဲ့အတွက် တိုင်းရင်းသားတွေဆန္ဒအတိုင်း ဖြစ်စေချင်တယ်ဆိုတာကို သူတို့လက်ခံလိုက်တဲ့အတွက်ကြောင့် တိုင်းရင်းသားတွေနဲ့ သူတို့ ပိုပြီးရင်းနှီးလာအောင် ကြိုးပမ်းမယ်လို့ဆိုရင်ကော။
ဖြေ ။ ။ ပုဒ်မ (၂၆၁) ကို ပြင်ဆင်ပြီးတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေကနေ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေကို ရွေးချယ်လာနိုင်မယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရတွေကို ဖွဲ့စည်းလာနိုင်မယ်ဆိုရင်တော့ ဒါဟာ တိုင်းရင်းသားတွေ လိုလားနေတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ြ့ကမ္မာကိုယ်ဖန်တီးပိုင်ခွင့်ကို အတိုင်းအတာတခုအထိ ဖော်ဆောင်ပေးနိုင်တာ ဖြစ်တဲ့အတွက်ကြောင့်မို့ တပ်မတော်အနေနဲ့ အတန်အသင့် အမှတ်ရနိုင်တယ်လို့ အဲဒီလိုသုံးသပ်လို့ရပါတယ်။
မေး ။ ။ နောက်တပ်မတော်ရဲ့ အာဏာထိန်းချုပ်ထားတဲ့ အပိုင်းနဲ့ ပတ်သက်ရင် ကိစ္စတော်တော်များများပေါ့ - ဖွဲ့စည်းပုံပြင်ဖို့ (၇၅) ရာခိုင်နှုန်းကျော်တွေကအစ ဒါကသိပ်ခဲယဉ်းတဲ့ကိစ္စတွေပါ။ လွှတ်တော်မှာ (၂၅) ရာခိုင်နှုန်း။ ဒါပေမဲ့ တခုများ ဖြစ်နိုင်တာများ ရှိမလားလို့ ကျနော် စဉ်းစားမိပါတယ်။ ဥပမာ ဝန်ကြီး (၃) ယောက်ကို တပ်မတော်က ရွေးချယ်ခန့်အပ်ပေးမယ်။ ရာထူးလက်ခံပြီးရင် ဒီဝန်ကြီးတွေက တပ်မတော်ရာထူးက ထွက်ရမယ်ဆိုတဲ့ ကိစ္စမျိုးလောက် ယုတ်စွအဆုံးကော ဖြစ်လာနိုင်မယ့် အခြေအနေကို မြင်မိပါသလား။
ဖြေ ။ ။ ပွင့်ပွင့်လင်းလင်း သုံးသပ်ရရင်တော့ လက်ရှိအခြေအနေမှာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ်တာဝန်ပေးတဲ့ ကာကွယ်ရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးနဲ့ ပြည်ထဲရေးဝန်ကြီးတွေကို ခန့်အပ်တာဝန်ပေးပြီးတဲ့အချိန်မှာ တပ်မတော်ကနေ အငြိမ်းစားယူရမယ်ဆိုတဲ့ ပြင်ဆင်မှုမျိုးတောင်မှ အတည်ပြုနိုင်ဖို့ အလားအလာကတော့ နည်းတယ်လို့ ကျနော်ကမြင်ပါတယ်။ ဒီထက်ပိုပြီး အရေးကြီးတဲ့ ဥပမာ လွှတ်တော်ထဲကနေ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ရာခိုင်နှုန်းကို တဆင့်ချင်း လျှော့ချဖို့ဆိုတဲ့ ပြင်ဆင်မှုမျိုးကြတော့ ပိုလိုတော့အလှမ်းဝေးသွားနိုင်တယ်လို့ ကျနော်ကတော့ သုံးသပ်ပါတယ်။
မေး ။ ။ ကျနော်တို့ တပ်မတော်နဲ့ ပတ်သက်တဲ့အပိုင်းတော့ တော်တော်လေးပြောကြပြီးပါပြီ။ NLD ဘက်က ကိစ္စကို နည်းနည်းပြောချင်ပါတယ်။ NLD ဟာ အခုအချိန်မှာ ဒီဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးလေသံ ပစ်လာတယ်။ စတင်လှုပ်ရှားလာတာဟာ တကယ်တမ်း ဖြစ်ဖြစ်မြောက်မြောက် ပြောင်းလဲနိုင်စရာ မရှိဘူးဆိုတာ သူတို့သိပြီးသာဖြစ်တယ်။ ဒါ ရွေးကောက်ပွဲအတွက် Campaign လုပ်တဲ့ကိစ္စတခုသာ ဖြစ်တယ်လို့ တချို့ကပြောကြပါတယ်။ ဒီကိစ္စကို ဒေါက်တာရန်မျိုးသိမ်း ဘယ်လိုပြောချင်ပါလဲ။
ဖြေ ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ခြေလှမ်းကို ကျနော်ကတော့ ၂၀၂၀ ရွေးကောက်ပွဲကို ဦးတည်တဲ့ Campaign လို့ တဘက်သတ် သုံးသပ်ဖို့ ခက်တယ်လို့ မြင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပဲဖြစ်ဖြစ်၊ တခြားနိုင်ငံရေးပါတီကြီးတခုပဲဖြစ်ဖြစ် လက်ရှိအခြေအနေမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အကျပ်အတည်းကတော့ တပ်မတော်က မထောက်ခံရင် ဘယ်ပုဒ်မကိုမှ ပြင်လို့မရတဲ့ အကျပ်အတည်းကြီး ဖြစ်နေပါတယ်။ အဲဒီအတွက်ကြောင့်မို့ ဒီအကျပ်အတည်းကို ဘယ်ပါတီပဲဖြစ်ဖြစ် ကြီးကြီးငယ်ငယ် ရင်ဆိုင်ရမယ့်အနေအထားမျိုးမှာ ရှိနေပါတယ်။ အဲဒီအတွက်ကြောင့်မို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒီလိုမဖြစ်နိုင်တဲ့ ကိစ္စတခုကို နိုင်ငံရေးအရ ပုံဖော်ပြီးတော့ ရွေးကောက်ပွဲ Campaign အနေနဲ့ ဖော်ဆောင်တယ်လို့ သုံးသပ်မယ်ဆိုရင်တော့ ဒါက နည်းနည်းလေး ကျနော့်အမြင်အားဖြင့် မျှတမှုမရှိနိုင်ဘူးလို့ ကျနော်မြင်ပါတယ်။
မေး ။ ။ နောက်တခု မေးချင်တာက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင်၊ အာဏာမရခင်ကတည်းက ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စကို ပြောခဲ့ပေမယ့် အာဏာရလာပြီးတဲ့နောက်ပိုင်းမှာ အမျိုးသားပြန်လည်သင့်မြတ်ရေး - သူတို့အခေါ် - အမျိုးသားရင်ကြားစေ့ရေး - အဲဒီသဘောမျိုးနဲ့ တပ်မတော်နဲ့ သူတို့ အများကြီးအပေးအယူလုပ်တယ်။ တချို့ကလည်း Compromise လုပ်လွန်တယ်။ အလျှော့ပေးပြီး နေလာခဲ့တယ်။ ဒီကိစ္စကို မပြောဘဲနဲ့ နေလာခဲ့တယ်လို့ ဆိုကြပါတယ်။ ဆိုတော့ NLD ဟာ ဒီကိစ္စမှာ တပ်မတော်နဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့ မကြိုးစားခဲ့တဲ့အတွက်ကြောင့် တပ်မတော်နဲ့ NLD အစိုးရကြားမှာ ပြန်လည်ရင်ကြားစေ့ရေးက ဘယ်လောက်အထိ အောင်မြင်ခဲ့တယ်။ လက်တွဲပြီးတော့ ဘယ်လောက်အထိ လုပ်ခဲ့နိုင်တယ်လို့ သုံးသပ်လိုပါလဲ။ သုံးသပ်လို့ရပါသလဲ။
ဖြေ ။ ။ ၂၀၁၆ NLD အစိုးရ ဖွဲ့ပြီးတဲ့နောက်ပိုင်းမှာ အစိုးရအနေနဲ့ အလျှော့ပေးတာတွေ၊ လိုက်လျောတာတွေ ရှိတယ်ဆိုတဲ့ အသံတွေတော့ ကြားရပါတယ်။ ဒါပေမဲ့ တဘက်က ကျနော်မြင်တာကတော့ အစိုးရအကြီးအကဲပိုင်းတွေအနေနဲ့ တပ်မတော်အကြီးအကဲပိုင်းတွေကြားမှာ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးတာမျိုးကို မတွေ့ရသလောက်ပဲလို့ ကျနော်မြင်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အစိုးရဖြစ်လာတဲ့အချိန်မှာ အဲဒီနိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကို တပ်မတော်နဲ့ ဆက်ဆံတဲ့အပိုင်းမှာ တိုင်းရင်းသားပါတီတွေနဲ့ ဆက်ဆံရေးအပိုင်းမှာ၊ အခြားနိုင်ငံရေးပါတီတွေနဲ့ ဆက်ဆံတဲ့အပိုင်းတွေမှာ တော်တော်လျော့တိလျော့ရဲနိုင်စွာနဲ့ ဖော်ဆောင်ခဲ့တာကို သတိပြုမိပါတယ်။ အဲဒီအတွက်ကြောင့်မို့ လွန်ခဲ့တဲ့ အစိုးရသက်တမ်းအတွင်းမှာ တပ်မတော်နဲ့ ဆက်ဆံရေး၊ တိုင်းရင်းသားပါတီတွေနဲ့ ဆက်ဆံရေး၊ အခြားပါတီတွေနဲ့ ဆက်ဆံရေးတို့မှာ မှန်းချက်နဲ့နှမ်းထွက် မကိုက်ခဲ့ဘူး။ အမျိုးသားပြန်လည်သင့်မြတ်ရေးကိုလည်း ထိထိရောက်ရောက် စွမ်းဆောင်နိုင်မှုအပိုင်းမှာ အားနည်းချက်၊ လိုအပ်ချက်တွေ ရှိခဲ့တယ်လို့ ကျနော်မြင်ပါတယ်။