မြန်မာ့ရေဘေးနဲ့ နောက်ဆက်တွဲ အခြေအနေ

မကွေးတိုင်းဒေသကြီး ရေဘေးသင့် ပြည်သူများ (ဓာတ်ပုံ - ကိုစည်သူ ဗွီအိုအေမြန်မာပိုင်း သတင်းထောက်)

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းအစီအရင်မှာ လက်ရှိ ရေဘေးသင့်နေကြတဲ့ မြန်မာပြည်သူတွေ ကြုံတွေ့ခံစားနေရတဲ့ ဒုက္ခတွေကို သက်ဆိုင်ရာက အချိန်မီ ကြိုတင်သတိပေး ပြင်ဆင်မှုတွေ အလုံအလောက် လုပ်ကိုင်ဆောင်ရွက်နိုင်ခဲ့ကြပါရဲ့လား။ ဘေးအန္တရာယ် ကျရောက်လာပြီးတဲ့နောက် ကယ်ဆယ်ကူညီမှုတွေကော ဘယ်အတိုင်းအတာထိ ထိထိရေက်ရောက် ဆောင်ရွက်နိုင်သလဲဆိုတာကို မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်၊ သတင်းစာဆရာ ဦးကျော်ရင်မြင့် တို့ကို ဦးကျော်ဇံသာ က ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ပထမဦးဆုံး ကျနော် မေးချင်တာက မြန်မာနိုင်ငံမှာ မုန်တိုင်းတွေ မကြာခဏ ဖြစ်ပေါ်တတ်တယ်။ ဒီဖြစ်ပေါ်တဲ့ဟာကို မိုးလေဝသ ပညာရှင်တွေအနေနဲ့ ဘယ်လောက်အထိ တိတိကျကျ ကြိုတင်ခန့်မှန်းလို့ ရပါသလဲ ဆရာ။ မြန်မာနိုင်ငံမှာရှိတဲ့ နည်းပညာတွေက နိုင်ငံတကာအဆင့်မီ တော်တော်လေး တိတိကျကျ ခန့်မှန်းလို့ရပြီလို့ ဆိုနိုင်ပါလား ဆရာ။

ဦးထွန်းလွင် ။ ။ ဆိုနိုင်ပါတယ်။ ခန့်မှန်းလို့ ရပါတယ်။ နိုင်ငံတကာက အကူအညီတွေ အများကြီး ရနေတော့ ကြိုတင်ခန့်မှန်းတဲ့ လုပ်ငန်းတွေက မြန်မာနိုင်ငံမှာ ကောင်းကောင်းလုပ်နိုင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီ ကြိုတင်ခန့်မှန်းချက်အတိုင်း အာဏာပိုင်တွေ၊ တာဝန်ရှိသူတွေအနေနဲ့ အတိအကျ ပြည်သူတွေကို ကြိုတင်ပြီးတော့ သတိပေး ထုတ်ပြန်တာ အချိန်မီ ထုတ်ပြန်နိုင်ပါလား။

ဦးထွန်းလွင် ။ ။ အခု အဲဒီအတွက် ဒီဘက် ကျနော်တို့ နိုင်ငံရေးစနစ် ပြောင်းပြီးကတည်းက အကူအညီတွေက အများကြီး ရနေတယ်။ ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်ကလည်း End-to-End Early Warning System Project နဲ့ အခုနမေးတဲ့ မေးခွန်း .. ပြည်သူတွေဆီကို တိုက်ရိုက်နဲ့ မြန်မြန်ရောက်ဖို့ Project တွေလည်း လုပ်နေတော့ တိုးတက်မှုတွေ ရှိပါတယ်။ ဌာနမှာရှိတဲ့လူက ရေဒါအသုံးအနှုန်းနဲ့ ကျောက်ဖြူ၊ မင်းပြင်မှာဆိုရင် Operate တောင် စလုပ်နေပြီ။ ရန်ကုန်မှာလည်း ဆောက်နေပါတယ်။ မန္တလေးတခု ဆောက်အုံးမယ်။ ဒါတွေက အားလုံးက မုန်တိုင်း ခန့်မှန်းရေးအတွက် အများကြီးတိုးတက်လာပါတယ်။ နောက်လာမယ့်နှစ်တွေမှာ ပိုကောင်းဖို့ရှိတယ်။

ဦးကျော်ဇံသာ ။ ။ လာမယ့်နှစ်ဆိုလို့ နာဂစ်တုန်းက အတော်လေး သေကြေပျက်စီးမှုတွေ သိပ်များတယ်။ ဆုံးရှုံးမှုတွေ သိပ်များခဲ့ပါတယ်။ နိုင်ငံတကာ ဝေဖန်မှုတွေလည်း အများကြီး ကြုံခဲ့ရပါတယ်။ အခု မကြာခင်က ဖြစ်သွားတဲ့ ကိုမန် မုန်တိုင်းကြတော့ တော်တော်လေး ကြိုတင်ပြင်ဆင်တဲ့အပိုင်း၊ ကြိုတင်သတိပေးတဲ့အပိုင်း အဲဒီထက် အများကြီး တိုးတက်ခဲ့တယ်လို့ ပြောလို့ရပါလား။

ဦးထွန်းလွင် ။ ။ ပြောနိုင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီလို သတိပေးပြီးတော့ မုန်တိုင်းဒဏ် ခံရမယ့် ပြည်သူတွေကို ကြိုတင်ပြီးတော့ ရွှေ့ပြောင်းတာ။ အဲဒီဒဏ်ကို သက်သာအောင် medicate လုပ်ဖို့ ကြိုးပမ်းတာတွေ ဘယ်လောက်အထိ တိုးတက်မှု ရှိခဲ့ပါလဲ ဆရာ။

ဦးထွန်းလွင် ။ ။ ဒီ ဟိုပင်းမှာတော့ ဒီလောက်ထိ လုပ်စရာ မလိုဘူး။ မုန်တိုင်းကလည်း အစကတည်းက မြန်မာနိုင်ငံကို မဖြတ်ဘူးရှိတယ်။ ဒါပေမဲ့ မုန်တိုင်းရဲ့ … တော့ ရခိုင်တို့၊ ချင်းတို့မှာတော့ မိုးတော့ရွာခဲ့တယ်။ လေတော့ သိပ်ပြီးတော့ အထိုက်အလျောက်ပဲ တိုက်ပါတယ်။ မုန်တိုင်းက ဗဟိုချက်နားမှာ တစ်နာရီ ၁၇၄ မိုင်ပဲ တိုက်တော့ အစွန်းအဖျားကျတဲ့ ဒေသမှာ ကျနော်တို့ မြန်မာနိုင်ငံမှာ တိုက်တာ ကျနော်ထင်တာတော့ (၅၀) (၆၀) လောက်ပဲ ရှိပါတယ်။ ဆိုတော့ ပြောင်းရွှေ့ရမယ့် အနေအထားအထိ ကျနော်တို့က မုန်တိုင်းကို သတိပေးချက် မထုတ်ဘူး။

ဦးကျော်ဇံသာ ။ ။ ရေကြီးမယ့် သတိပေးချက်ကော မထုတ်ပြန်ခဲ့ဘူးလား။ အခုက ပြဿနာတက်တာက ရေကြီးတဲ့အတွက် ပိုပြီးတော့ ဖြစ်တယ်လို့ ထင်ပါတယ်။ လေပြင်းအားထက်။

ဦးထွန်းလွင် ။ ။ ကျနော်တို့အပိုင်းကတော့ ဇွန်လပိုင်း (၁၂-၁၃) လောက်ကတည်းက ရေကြီးတော့မယ်လို့ ပြောနေတာပဲ။ ကျနော့်ဌာနကနေ ပြောတာပဲ၊ ဒါပေမဲ့ မြေပြင်မှာတော့ ဘယ်လောက် အတိုင်းအတာအထိ ဆောင်ရွက်နိုင်ခဲ့တယ်ဆိုတာတော့ ကွင်းဆင်းလေ့လာမှပဲ သိမှာပေါ့လေ။ ဒါပေမဲ့ ကျနော်တို့ကတော့ Warning ပေးတဲ့အပိုင်းဆိုတော့ ကျနော်တို့ကတော့ Warning ကတော့ အချိန်မီ ထုန်ပြန်ပေးခဲ့တာ။ အခုအချိန်အထိလည်း ထုတ်နေတုန်းပါ။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ အာဏာပိုင်တွေအနေနဲ့ ဒီ အန္တရာယ်က ကြိုတင်ကာကွယ်ဖို့အတွက် အဲဒီ ပြည်သူတွေကို အန္တရာယ်ကျရောက်နိုင်တဲ့နေရာက ရွေ့ပြောင်းပေးတဲ့ကိစ္စနဲ့ ပတ်သက်လို့ ဆရာ အားရကျေနပ်လောက်တယ်တဲ့ အခြေအနေ ရှိပါလား။

ဦးထွန်းလွင် ။ ။ ဒါတွေကတော့ အများကြီးလုပ်ဖို့ လိုပါသေးတယ်။ အမှန်အတိုင်း ပြောရရင်တော့ ကျနော်တို့ ကြိုးစားရအုံးမယ်။ သိပ်တော့ ရာနှုန်းပြည့်တော့ အားရမှု မရှိသေးပါဘူး။

ဦးကျော်ဇံသာ ။ ။ နောက်တခု ပြောချင်တာက ကယ်ဆယ်ရေးအပိုင်း။ ဖြစ်သွားပြီးတဲ့နောက်မှာ ကယ်ဆယ်တယ့်အပိုင်းကို ဆရာအနေနဲ့ ဘာပြောချင်ပါလဲ။ တော်တော်လေး တိုးတက်လာတယ်လို့ ဆိုနိုင်ပါလား။ နာဂစ်ထက် စာရင်။

ဦးထွန်းလွင် ။ ။ ကယ်ဆယ်ရေးကတော့ လုပ်နေကြတာပဲ။ နည်းနည်းတော့ ရောနေတာပေါ့။ ပုဂ္ဂလိက နဲ့ အစိုးရ။ အစိုးရကလည်း သူတတ်နိုင်၊ နိုင်တဲ့အပိုင်းကနေ လုပ်နေတာကို တွေ့ပါတယ်။ ဒါပေမဲ့ ပိုပြီးအားရတာကတော့ ပြည်သူတွေကလုပ်တဲ့ ပရဟိတအဖွဲ့တွေကတော့ တနိုင်လုံးနီးပါး လုပ်နေတယ်။ တခုကောင်းသွားတာက ဗမာပြည်မှာ ကွန်ရက်အချိန်အဆက်တွေလုပ်တဲ့ စနစ်လေးက နည်းနည်းကောင်းလာတယ်။ ပြည်သူတွေကြားမှာ၊ ပရဟိတအဖွဲ့တွေကြားမှာ။ ဘာကြောင့်လဲဆိုတော့ နည်းပညာတွေကလည်း တိုးတက်လာတော့ သတင်းဖြန့်ဝေမှုတွေလည်း Facebook, Website တို့က တော်တော်လေး တိုးတက်လာတော့ နာဂစ်ထက်တော့ အများကြီး ပိုကောင်းလာတယ်လို့ သုံးသပ်မိပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်တခု ၆၈ မုန်တိုင်းတုန်းက ရခိုင်မှာ ကျနော်တို့လည်း ငယ်ငယ်တုန်းက မုန်တိုင်း ကြုံခဲ့ဖူးပါတယ်။ အဲဒီကတည်းကစပြီးတော့ ဘာတခု နားထဲမှာ စွဲနေသလဲဆိုတော့ နိုင်ငံတကာ က ပေးလာတဲ့ အကူအညီတွေဆိုရင် အဲဒီ အကူအညီတွေကြောင့် ဘယ်ပုဂ္ဂိုလ်တွေဖြစ် ချမ်းသာကြီးပွားသွားတယ်ဆိုတာ။ အဲဒီ သတင်းပဲ ကြားလိုက်ရပြီးတော့ ပြည်သူတွေ လက်ထဲကို အကူအညီတွေ အမှန်တကယ် မရောက်ရှိခဲ့တဲ့ကိစ္စ ဖြစ်ပါတယ်။ အခုကိစ္စမှာကော နိုင်ငံတကာအပါအဝင် အလှူရှင်တွေ လှူတဲ့ဟာတွေ လိုအပ်နေတဲ့ ဒုက္ခသည်တွေ လူထုတွေ လက်ထဲကို ဘယ်လောက် ရောက်ပါသလဲ။ ဒီကိစ္စကော ကျေနပ်လောက်တဲ့ အတိုင်းအတာ ရှိပါလား။

ဦးထွန်းလွင် ။ ။ မေးခွန်းကတော့ ကောင်းပါတယ်။ ဒါပေမဲ့ ဆရာ မေးတဲ့လူ မှားနေတယ်။ ကျနော့် အလုပ်မဟုတ်ဘူး။ ကျနော်လည်း မသိဘူး။ ကျနော်တို့က Early Warning ပဲ လုပ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆရာကျော်ရေ .. ကြားတဲ့အတိုင်းပဲ ကျနော်က ဆရာကျော်ရင်မြင့်ကိုပဲ ဒီမေးခွန်းကို မေးပါရစေ။ မြန်မာနိုင်ငံမှာ ကယ်ဆယ်ရေးပစ္စည်းတွေ နိုင်ငံတကာကလည်း ပေးကြတယ်။ စေတနာရှိတဲ့ အလှူရှင်တွေကလည်း အမြောက်အမြား တော်တော်ကို ဝမ်းမြောက်ကြည်နူးစရာကောင်းလောက်တဲ့ ပမာဏအထိ ပေးကြတယ်ဆိုတာကို ကျနော်တို့ တွေ့ရပါတယ်။ ဒီလို ပစ္စည်းတွေဟာ လိုအပ်နေတဲ့ ဒုက္ခရောက်နေတဲ့ ပြည်သူတွေ လက်ထဲကို အမှန်တကယ် ရောက်တယ်လို့ ဆရာတို့ သတင်းသမားတွေအနေနဲ့ ဘယ်လို သုံးသပ်မိလဲ။


ဦးကျော်ရင်မြင့် ။ ။ တော်တော်များများကတော့ အမှန်တကယ် ရောက်တယ်လို့ ကျနော် ထင်ပါတယ်။ ဘာကြောင့်လဲဆိုရင် ကူညီတဲ့လူတွေ၊ အရပ်သူအရပ်သားတွေက မိမိ အစီအစဉ်နဲ့ လှူဒါန်းသူတွေဆီက အလှူရှင်တွေဆီက ပစ္စည်းတွေကိုယူတယ်။ ယူပြီးလို့ရှိရင် တိုက်ရိုက်သွားပြီးတော့ လက်ထဲရောက် လှူနေကြတာကို တွေ့ရတယ်။ အဲဒီတော့ လိုအပ်နေတဲ့လူတွေရဲ့ လက်ထဲကိုတော့ တော်တော်များများ ရောက်ပုံရပါတယ်။ တော်တော်များများ အလှူရှင်တွေက အစိုးရကတဆင့်၊ ဌာနဆိုင်ရာကတဆင့် သိပ်မလှူကြဘူး။ တိုက်ရိုက်သွားပြီးတော့ လှူနေကြတာကို တွေ့ရတယ်။ နောက်တခုကတော့ ကျနော်ကိုယ်တိုင်ရဲ့ အတွေ့အကြုံပေါ့။ ကျနော်တို့ စာပေသမားတွေလည်း စုပြီးတော့ ဆန်တွေ၊ ငွေကြေးတွေ စုဆောင်းပြီးတော့ လှူကြတာပေါ့။ ကျနော်တို့က ဘယ်ကို လှူသလဲဆိုတော့ ဟားခါးမြို့က အခြေအနေ တော်တော်ဆိုးတယ်ဆိုလို့ ဟားခါးမြို့ကို လျူဖို့ ကြိုးစားတယ်။ ဟားခါးကို ဆက်သွယ်တဲ့အခါမှာ တောင်ဇလပ်ဆိုတဲ့ လူမှုကူညီရေးအသင်းကတဆင့် ဆက်သွယ်လို့ရတယ်။ သူတို့ကတော့ ဆန်အိတ်တွေ ကူမယ်ဆိုတော့ သူတို့ ဆန်အိတ်တွေကို ဒုသမ္မတက တပ်မတော်လေကို ဟားခါးကို ဆန်တွေ ဟယ်လီကော်ပတာနဲ့ ပို့ပေးမယ်ပြောလို့ သူတို့ ယုံယုံကြည်ကြည်နဲ့ တပ်မတော်လေကို ဆန်အိတ် (၃၀၀) လွှဲပေးထားတယ်။ (၁၂၀) ကတော့ သယ်သွားပြီလို့ ပြောတယ်။ ဒါပေမဲ့ ဟားခါးကိုလည်း ဆန်တွေက မရောက်။ ကျန်တဲ့ဆန်တွေကလည်း တံတားဦးမှာပဲ သောင်တင်။ မုံရွာကို ကားနဲ့ပို့မယ်။ ဟိုဘက်ကို မော်တော်နဲ့ ပို့မယ် စသည်နဲ့ လိုရင်းဒဲ့ပြောရရင်တော့ လိုအပ်နေတဲ့ နေရာတွေကို ချက်ချင်းမရောက်ဘဲနဲ့ ပစ္စည်းတွေ ဘယ်ရောက်နေမှန်း မသိတဲ့ ပြဿနာမျိုးတွေလည်း ရှိတော့ရှိနေပါတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော် အဓိက မေးချင်တဲ့ မေးခွန်းကို ဆက်မေးမမေးခင်။ ရဟတ်ယာဉ်ဆိုလို့ ကျနော်တို့ သတင်းသမားတွေလည်း တွေ့ရပါတယ်။ ရဟတ်ယာဉ်ကနေ ဆန်အိတ်တွေကို ရေထဲကို ပစ်ချတဲ့ကိစ္စ။ အဲဒီ ကိစ္စကိုလည်း လူတော်တော်များများ ဝေဖန်ကြတယ်။ အဲဒါက ဘယ်လိုဖြစ်လဲ။

ဦးကျော်ရင်မြင့် ။ ။ တပ်ဖက်က အကြောင်းပြတာကတော့ သူတို့ အခက်အခဲရှိလို့ ဒီလို ဖြစ်သွားရတယ်လို့ သတင်းထုတ်ပြန်တာတော့ တွေ့ပါတယ်။ ဒါပေမဲ့ ဂရုတစိုက် စေတနာပါပါနဲ့ လုပ်မယ်ဆိုရင်တော့ အဲဒီလောက် ဆိုးဆိုးဝါးဝါး မဖြစ်နိုင်ဘူးလို့ ထင်ပါတယ်။ နောက်တခုက စာနာမှုပါ ပါသင့်တယ်လို့ ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆရာ စောစောကပြောတာ ပြည်တွင်းက အလှူရှင်တွေက ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းကြတာတွေကို အဓိက ပြောသွားပါတယ်။ ပြည်ပက ပြည်ပမှာရောက်နေတဲ့ မြန်မာအလှူရှင်တွေလည်း အမြောက်အမြားလှူတာလည်း တွေ့ရပါတယ်။ ငွေကြေးပမာဏ အတော်များများ။ အဲဒါတွေကော ဘယ်လို ဖြစ်မယ် ထင်ပါလဲ။ အဲဒါတွေက လိုအပ်တဲ့လူတွေလက်ထဲ တကယ်ရောက်မယ်လို့ ဆရာ ထင်ပါလား။

ဦးကျော်ရင်မြင့် ။ ။ ကျနော်ကတော့ သိပ်လက်လှမ်းမမီဘူး။ ပြည်ပအလှူရှင်တွေကတော့ အစိုးရကတဆင့်ပဲ လှူခွင့်ရမယ်ထင်တယ်။ ဒီကိစ္စ အခက်အခဲတွေ ပြဿနာတွေ ဖြစ်နေတဲ့ရက်ကတော့ Facebook ပေါ်မှာ ဆရာဦးကျော်ဇံသာလည်း သိပါတယ်။ လူကယ်ပြန်ဝန်ကြီးဌာန ပျောက်နေလို့ဆိုပြီးတော့ ဟား ကြတာတွေ။ အဲဒီတော့ လူတွေကတော့ နည်းနည်း အယုံအကြည် နည်းနေတယ်ပေါ့။

ဦးကျော်ဇံသာ ။ ။ နောက် အရေးကြီးတဲ့ကိစ္စတခုကတော့ ဒီ မုန်တိုင်းက မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲဆိုရင် မုန်တိုင်းက လာလာတတ်သလား မသိဘူး။ ၂၀၀၈ တုန်းကလည်း နာဂစ်က ဝင်လာတော့ အဲဒီ ရလဒ်ကို နာဂစ်ကို အကြောင်းပြုပြီးတော့ ပုံစံမျိုးစုံနဲ့ မလိမ့်တပတ် လုပ်သွားတာကို လူတိုင်းပြောနေကြပါတယ်။ အခုလဲ ရွေးကောက်ပွဲ နီးလာပြီဆိုတော့ မုန်တိုင်းက ဖြစ်လာတယ်။ ဒီ မုန်တိုင်းရဲ့ နိုင်ငံရေး impact – ဒီ မုန်တိုင်းကို ဘယ်လို နိုင်ငံရေးမှာ တစုံတရာ အမြတ်ထုတ်နိုင်တဲ့ အခြေအနေ ရှိပါလား။

ဦးကျော်ရင်မြင့် ။ ။ ကျနော်ကတော့ မမြင်ဘူး။ အခုလို ကိစ္စမျိုး ပေါ်လာတဲ့အခါမှာ တကယ် သိပ်စေတနာရှိတဲ့လူတွေ၊ ပြည်သူလူထုက ယုံကြည်တဲ့လူတွေက အရှေ့ကို အလိုလို ထွက်လာတာပဲ။ ပြည်သူလူထုက သိပ်အယုံအကြည် မရှိတဲ့လူတွေကတော့ ကျနော်ကတော့ ကူညီမှာပါ။ ကူညီဖို့ လုပ်တယ်ဆိုရင်တော့ ဝိုင်းလှူကြမယ် မထင်ဘူး။ အခုဆိုရင် မြင်သာတာကတော့ တကယ်ကို လုပ်နေတဲ့ လူတွေက ရှေ့မှာ ပေါ်ပေါ်ထင်ထင်နဲ့ လူတွေရဲ့ လေးစားမှု၊ ယုံကြည်မှု၊ ကူညီရမှုကို ဆောင်ရွက်နိုင်တဲ့အတွက်ကြောင့်မို့ နိုင်ငံရေး အမြတ်ထုတ်ချင်တဲ့လူက ဒီလုပ်ငန်းနဲ့တော့ အမြတ်ထုတ်လို့ မရဘူးလို့ ထင်ပါတယ်။ နောက်တခုကတော့ ရေဘေးတွေ သင့်နေတဲ့ လူတွေကို ကျနော် စာနာပါတယ်။ မစာနာလို့ ပြောတဲ့စကားမဟုတ်ပါဘူး။ တချို့ကတော့ ဒီကိစ္စပေါ်လာတာ မြန်မာနိုင်ငံအတွက် တော်တော်ကံကောင်းတယ်လို့ ပြောကြသေးတယ်။ ဘာကြောင့်လဲဆိုတော့ ဒီကိစ္စသာ ပေါ်မလာဘူးဆိုရင် မူစလင်-ဗုဒ္ဓဘာသာ အဓိကရုဏ်းတို့ကို ဒီအချိန်လောက်ဆို ဖန်တီးချင်တဲ့လူတွေက မီးစပျိုးနေလောက်ပြီ ထင်တယ်။ ဒီကိစ္စ ပေါ်လာတဲ့အတွက်ကြောင့်မို့ သူတိုတွေ နောက်တွန့်သွားတယ်လို့ ပြောကြတယ်ဗျ။

ဦးကျော်ဇံသာ ။ ။ နောက်တခုက ရွေးကောက်ပွဲကတော့ တော်တော်လေး လှမ်းသေးတော့ ကြိုတင်မဲတို့ဘာတို့နဲ့ မသမာလုပ်မယ့် အခြေအနေတော့ မရှိနိုင်ဘူးပေါ့။

ဦးကျော်ရင်မြင့် ။ ။ သိပ်ရှိနိုင်မယ် မထင်ပါဘူး။ တခုပဲရှိပါတယ်။ အခု ရေကြီးရေလျှံဒေသတွေက မှတ်ပုံတင်တို့လို အထောက်အထားတွေ ပျောက်ဆုံးတဲ့ ပြဿနာတော့ ရှိမယ်။ အဲဒီ အထောက်အထား ပျောက်ဆုံးတာကို လဝက တကယ် စေတနာပါပါနဲ့ ပြန်လုပ်ပေးရင်တော့ ချက်ချင်းလုပ်ပေးရင်တော့ ရပါတယ်။