Your browser doesn’t support HTML5
မြန်မာနိုင်ငံမှာ တိုင်းရင်းသားပြဿနာပြေလည်ရေး ပြည်ထောင်စုနိုင်ငံ ဖော်ဆောင်ရေးအတွက် သမိုင်းဖြစ်ရပ်တွေကို ထိန်ချန်မထားဘဲ၊ အဲဒီထဲကအမှားတွေကို ပြန်ပြင်နိုင်မယ့် စနစ်တရပ် လိုအပ်တယ်။ တိုင်းရင်းသားးတို့ရဲ့အမျိုးသားစိ်တ်ဓါတ်ကို သိမ်သိမ်မွေ့မွေ့ကိုင်တွယ်ပြီး၊ ဒီပြဿနာတွေကို အောင်အောင်မြင်မြင် ကျော်လွှားနိုင်ခဲ့တဲ့ နိုင်ငံတွေရဲ့ နမူနာကို အတုယူသင့်တယ်လို့ အမရေိကန်ပြည်ထောင်စု Gerogetown တက္ကသိုလ် ဂုဏ်ထူးဆောင်ပါမောက္ခ David Steinberg က ဆိုပါတယ်။ အသေးစိတ်ကို ပါမောက္ခ Steinberg နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။
မေး ။ ။ အခု ရခိုင်ပြည်နယ်ဘက်မှာ အေအေနဲ့ အစိုးရစစ်တပ်နဲ့ ဖြစ်နေတဲ့ တိုက်ပွဲကိစ္စဟာ လူတော်တော်များများ စိုးရိမ်မကင်း ဖြစ်နေကြတယ်ဆိုတာကို ကျယ်ကျယ်လောင်လောင် ကြားနေရပါတယ်။ တခြားတိုင်းရင်းသား လက်နက်ကိုင်အင်အားစုတွေနဲ့ ဖြစ်နေတာထက် ပိုပြီးတော့ စိုးရိမ်တကြီး ပြောဆိုနေကြတာကို ကြားနေရပါတယ်။ ဆရာကြီးက အဲဒါကို စိုးရိမ်စရာ ဖြစ်တယ်လို့ ထင်ပါသလား။
ဖြေ ။ ။ နည်းနည်းနောက်ကြောင်းပြန်ပြီးတော့ ပြောပါရစေ။ နယူးဇီလန်မှာ ပစ်သတ်တာတွေဟာ စစ်သွေးကြွ၊ အမျိုးသားရေးဝါဒ၊ ပြည်ပဆန့်ကျင်ရေး အမျိုးသားရေးဝါဒဆိုပြီး ပြောကြတယ် မဟုတ်လား။ ဒီလိုသဘောပါပဲ မြန်မာနဲ့ အိန္ဒိယတို့မှာလည်း ဖြစ်နေပါတယ်။ အိန္ဒိယဝန်ကြီးချုပ် မိုဒီလက်ထက် Ethnic, Religious Nationalism - လူမျိုးရေး၊ ဘာသာရေး၊ အမျိုးသားရေးဝါဒ ကြီးထွားလာပါတယ်။
မြန်မာနိုင်ငံမှာလဲ မဘသ လှုပ်ရှားမှု ပေါ်လာသလို၊ ရခိုင် အေအေ လှုပ်ရှားမှုကလဲ ဒီလိုပါပဲ - ဗမာလူမျိုးတွေနဲ့ ယှဉ်ပြိုင်ပေါ်ပေါက်လာတဲ့ လူမျိုးရေးလှုပ်ရှားမှု တရပ်ပါ။ ဗမာတွေက ရခိုင်ကို ၁၇၈၄-၈၅ မှာ အောင်နိုင်ပြီးတော့ မဟာမြတ်မုနီ ရုပ်ပွားတော်ကို မန္တလေးကို လုယူသွှားကြပါတယ်။ ဒီဖြစ်ရပ်ကို ရခိုင်တွေက မမေ့ပျောက်သေးကြပါဘူး။ ဒါပေမဲ့ ဗမာတွေကတော့ ဒါကို မဖော်ပြကြတော့ပါဘူး။ မကြာသေးခင်တုန်းက New Light of Myanmar အစိုးရသတင်းစာမှာ ရခိုင်အကြောင်း သတင်းဆောင်းပါးတပုဒ် ဖတ်လိုက်ရပါတယ်။ အဲဒီမှာ ဗမာတွေ ရခိုင်ကို အောင်မြင်သိမ်းပိုက်တဲ့ သမိုင်းဖြစ်စဉ်တခုလုံးကို လုံးဝဖော်ပြမထားပါဘူး။ အင်္ဂလိပ်တွေအကြောင်းကိုတော့ ပြောထားပါတယ်။ ဒါက မမှန်ပါဘူး။ ရှမ်း၊ ကချင်၊ ကရင် တိုင်းရင်းသားတွေရဲ့ အမျိုးသားရေးစိတ်ဓါတ်မှာ ဒါတွေအရေးကြီးပါတယ်။
မေး ။ ။ သမိုင်းမှာ အင်အားကြီးတဲ့ လူမျိုးက အင်အားနည်းတဲ့အုပ်စုကို အောင်မြင်ခဲ့တယ်။ ရက်ရက်စက်စက် ပြုမှုခဲ့တယ်ဆိုတာတွေကို အမှန်အတိုင်း အခုမှ ပြန်လည်ဖော်ထုတ်နေလို့ကော ပြဿနာ ပြေလည်သွားလိမ့်မယ်။ ပြည်ထောင်စုစိတ်ဓါတ် ရှင်သန်လာနိုင်စေတယ်လို့ ထင်ပါသလား။
ဖြေ ။ ။ ပြန်ပြောရုံလောက်နဲ့တော့ ဘယ်ပြဿနာကိုမှ ပြေလည်စေမှာ မဟုတ်ပါဘူး။ ပြောရမှာက သမိုင်းမှာ ဒီလိုအချက်အလက်တွေ ရှိခဲ့တယ်။ လျစ်လျူရှုထားလို့ မရနိုင်ဘူး။ ဒီအမှားတွေကို ပြန်ပြင်ကြရအောင်လို့ ပြောရမှာပါ။ ပြန်ပြင်နိုင်မယ့် စနစ်တခုလဲ လိုပါတယ်။ တိုင်းရင်းသားလူနည်းစုတချို့အတွက် ဖယ်ဒရယ် အခွင့်အရေးတွေ ဖန်တီးပေးရမယ်။ ပြည်ထောင်စုထဲမှာ တစုတဝေးထဲ နေထိုင်းနိုင်ဖို့အတွက်ဆိုရင် အတိတ်ရဲ့ အမှားတွေကို အသိအမှတ်ပြုပြီးတော့ အပေါင်းလက္ခဏာ ဆောင်လာအောင် လုပ်သွားကြရမှာ ဖြစ်ပါတယ်။
မေး ။ ။ အဲဒီဖြစ်ရပ်တွေက ရာစုနှစ်နဲ့ချီပြီး ကြာမြစ်ခဲ့ပြီ ဖြစ်ပါတယ်။ ပြန်ကောက်ရမှာ သိပ်နောင့်မကျမနေဘူးလား ဆရာကြီး။
ဖြေ ။ ။ သိပ်နောက်မကျပါဘူး။ ဒီစိတ်ဓါတ်တွေက ကြီးထွားမြင့်မာလာနေပါတယ်။ ၂၀၁၇ ခုနှစ်တုန်းက ရခိုင်အမျိုးသားနေ့ မြောက်ဦးမြို့မှာ အဓိကရုဏ်းဖြစ်လို့ လူဒါဇင်ဝက်လောက် သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်ကိုကြည့်ပါ။ ဒီဖြစ်ရပ်မှာ ဘယ်ဘက်က မှားတယ်။ ဘယ်သူမှာ တာဝန်ရှိတယ်ဆိုတာကိုတော့ ကျနော် မသိပါဘူး။ ကျနော် သိတာကတော့ ဗမာကြီးစိုးမှုကို ဆန့်ကျင်တဲ့ ရခိုင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ပြသတယ်ဆိုတာပါပဲ။ ဒါတွေဟာ အကြုံဝင်နေတုန်းပါပဲ။ ယုတ်စွအဆုံး ရခိုင်ဗုဒ္ဓဘာသာတချို့က ဒီကိစ္စတွေကို သိပ်ကိုအလေးထားနေတုန်းပါပဲ။ ဒီစိတ်ဓါတ်တွေဟာ သူတို့ သားသမီးတွေ ဆိုတော့ ဒီသမိုင်းဖြစ်ရပ်မှန်တွေဟာ သိပ်ဟောင်းနွှမ်းနောက်ကျနေခဲ့ပြီး ဆိုတာတော့ မဟုတ်ပါဘူး။ အထူးသတိထား ကိုင်တွယ်ဖြေရှင်းရမယ့်ကိစ္စတွေ ဖြစ်နေတုန်းပါ။
မေး ။ ။ အခုမြန်မာနိုင်ငံမှာ တပ်မတော်ရဲ့ ဆောင်ပုဒ်တခုက ပြည်ထောင်စု မပြိုကွဲရေး ဖြစ်ပါတယ်။ ဒီဆောင်ပုဒ်ကို အတိုက်အခံရော၊ တိုင်းရင်းသားအားလုံးကပါ သဘောတူလက်ခံကြပါတယ်။ လက်တွေ့မှာကော တိုင်းရင်းသားအရေးကို ဒီဆောင်ပုဒ်နဲ့အညီ ကိုင်တွယ်နေတယ်လို့ ဆရာကြီးသုံးသပ်မိပါသလား။
ဖြေ ။ ။ မလုပ်ဆောင်ပါဘူး။ အစကတည်းက အမှားမှားအယွင်းယွင်း ကိုင်တွယ်လာခဲ့တာပါ။ မူလတုန်းက ပင်လုံမှာ ဖယ်ဒရယ်အစိုးရ တည်ထောင်ဖို့ ပြောခဲ့ကြပေမယ့် ဦးနုလက်ထက်မှာ အရပ်သားအစိုးရဟာလည်း ဖယ်ဒရယ်အစိုးရ မဟုတ်ခဲ့ပါဘူး။ နာမည်သာ ပြည်ထောင်စု မြန်မာနိုင်ငံ Union of Burma ဖြစ်နေပေမယ့် ပြည်ထောင်စုအစစ်အမှန် မဟုတ်ခဲ့ပါဘူး။ ကျနော် အမြဲတမ်း ပြောခဲ့သလိုပါပဲ လွတ်လပ်ရေးရပြီးကတည်းက မြန်မာနိုင်ငံရဲ့ အခြေခံပြဿနာဟာ ဒီမိုကရေစီ မဟုတ်ပါဘူး။ တိုင်းရင်းသားဆက်ဆံရေးသာ ဖြစ်ပါတယ်။ ဗမာတချို့ကတော့ ဒါဟာ သင့်တော်မျှတတဲ့ ဆက်ဆံရေးပဲလို့ ယူဆကြပါလိမ့်မယ်။ ဘာကိုမျှတသလဲဆိုတာတော့ ကျနော် မသိပါဘူး။ ကျနော်တို့ ပြင်ပက ကြည့်နေသူတွေအတွက်တော့ ဒီလိုမယူဆကြပါဘူး။ ဒါကို တနည်းနည်းနဲ့ ပြေလည်အောင် လုပ်ရမှာပါ။
ဒေါ်အောင်ဆန်းစုကြည်လည်း ဒီကိစ္စဟာ သူ့အတွက် ထိပ်တန်းဦးစားပေးလို့ ပြောခဲ့ပါတယ်။ ပြီးတော့ သူဟာ ပင်လုံစိတ်ဓါတ် အစဉ်အလာကို သူ့ရဲ့ဖခင်ဆီကနေ ဆက်ခံရခဲ့သူပါ။ ဒါပေမဲ့ အခုထိ အလုပ်မဖြစ်သေးပါဘူး။ ဒီကိစ္စကို စစ်တပ်က သံသယ ရှိနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို သူတို့ မယုံပါဘူး။ ဆိုတော့ တိုင်းရင်းသားေးတွအနေနဲ့ ပြေလည်မှု ရရှိရေးဟာ ဘယ်ကိုမှ ခရီးမပေါက်ဘဲ ဖြစ်နေပါတယ်။ အခု ဖွဲ့စည်းပုံပြင်ဆင်ရေး လုပ်ဆောင်ဖို့ ဖြစ်လာတဲ့ကိစ္စမှာ ပထမဦးဆုံး လုပ်ရမယ့် အဓိကအကြောင်းကလည်း ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး မဟုတ်ပါဘူး။ ဖယ်ဒရယ်စနစ်ကို လက်တွေ့အကောင်အထည် ဖော်ရေးသာ ဖြစ်ပါတယ်။ ဒီအထဲမှာ အရေးကြီးတဲ့ အချက်တခုအဖြစ် ကျနော် စဉ်းစားမိတာကတော့ ပြည်နယ်တိုင်းရင်းသားနယ်ပယ်တွေမှာ အုပ်ချုပ်ရေးအကြီးအကဲကို ဒေသခံပြည်သူတွေက ရွေးချယ်သူတွေကို ခန့်ထားရေး ဖြစ်ပါတယ်။ ဗဟိုအစိုးရက ကြိုက်တဲ့လူကို မခန့်သင့်ပါဘူး။
မေး ။ ။ တချို့က သုံးသပ်ကြပါတယ်။ ဒီနေရာမှာ ကြားဝင်စေ့စပ်ပေးမယ့်လူ လိုအပ်တယ်။ အထူးသဖြင့် တရုတ်က ကြားဝင်ဖြန့်ဖြေပေးရင် ရနိုင်မယ်လို့ ယူဆကြတာ ရှိပါတယ်။ ဆရာကြီး ဘယ်လိုသဘောရပါသလဲ။ ဖြစ်နိုင်ပါသလား။
ဖြေ ။ ။ ဒါက သိပ်ဖြစ်နိုင်မယ်လို့ ကျနော် မထင်ပါဘူး။ နိုင်ငံခြားသားတွေရဲ့ ကြားဝင်စွက်ဖက်မှုတွေကို မြန်မာတွေက ယုံလည်းမယုံကြည်ကြပါဘူး။
မေး ။ ။ ဒါပေမဲ့ တရုတ်က လက်ရှိမှာ မြန်မာနိုင်ငံကို နိုင်ငံတကာမျက်မှောက်မှာ ကာကွယ်ပေးနေတယ်။ စီးပွားရေး အားဖြင့်လဲ အဓိကကျတဲ့ နိုင်ငံတခု ဖြစ်နေတယ်ဆိုတော့ တရုတ်နိုင်ငံရဲ့ မြန်မာအပေါ် သြဇာလွှမ်းမိုးမှုက အတော်ကြီးမားနေတယ် မဟုတ်ဘူးလား။
ဖြေ ။ ။ ဟုတ်ပါတယ် ဒါကတော့ မှန်ပါတယ်။ လောလောဆယ်မှာ လုံးဝမှန်ပါတယ်။ ဒါပေမဲ့အတိတ်ကို ပြန်ကြည့်ရင် တရုတ်ဟာ မြန်မာအပေါ် ဖိအားသုံးတဲ့နေရာမှာ မြန်မာဘက်က ခံစားချက်သဘောထားကို ဂရုမစိုက်ဘဲ လုပ်တတ်ပါတယ်။ ယေဘုယျအားဖြင့် နိုင်ငံခြားသားတွေဟာ မြန်မာတို့ရဲ့ သဘောထားကို နားလည်ခံစားခြင်း မရှိကြပါဘူး။ ဆိုတော့ တရုတ်ရဲ့ အခန်းကဏ္ဍဟာ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ အမေရိကန်ရဲ့ အခန်းကဏ္ဍဟာလည်း မေးခွန်းထုတ်စရာပါပဲ။ ဒါပေမဲ့ မြန်မာနိုင်ငံအနေနဲ့ Scandinavia နိုင်ငံတွေ၊ ဒါမှမဟုတ် အမေရိကန်၊ တရုတ် စသဖြင့် နိုင်ငံတွေရဲ့ ကြံစည်တိတ်တစိတ်ပဲ ရယူသင့်တယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ ဒီအကြံအစည်လောက်နဲ့ပင် မရနိုင်ပါဘူး။ တကယ်လက်တွေ့ဖြစ်အောင် ဥပဒေတွေ လုပ်ရပ်တွေကို ပြင်ရမှာ ဖြစ်ပါတယ်။
မေး ။ ။ အိန္ဒိယအနေနဲ့ သူတို့တိုင်းပြည်မှာ ဒီလိုလူမျိုးစု ပြဿနာတွေ အများကြီးနဲ့ ရင်ဆိုင်ခဲ့ရတယ်။ ပြဿနာ မဖြစ်အောင် ထိန်းနိုင်ခဲ့တယ်။ တဘက်မှာလည်း မြန်မာနိုင်ငံမှာ သူတို့ရဲ့ စီးပွားရေးအရ ရင်းနှီးမြှုပ်နံှမှုတွေ အများကြီး ရှိနေသေးတယ်ဆိုတော့ သူတို့ရဲ့ တိုင်းပြည်အတွေ့အကြုံကို မြန်မာနိုင်ငံအတွက် အသုံးချ၊ အကြံပြုတာမျိုး၊ ဝင်ရောက်စွတ်ဖက်တာမျိုးတွေ မလုပ်နိုင်ဘူးလား။
ဖြေ ။ ။ ခင်များ ပြောသလိုပါပဲ မြန်မာနိုင်ငံအတွင်းမှာ အိန္ဒိယနိုင်ငံရဲ့ အကျိုးစီးပွားဟာ အင်မတန်မှ အရေးကြီးပါတယ်။ ကုလားတန်မြစ်နဲ့ ပတ်သက်တဲ့ စီမံကိန်းဟ မဏိပူရ၊ အာသံ၊ နာဂဒေသတွေလို အိန္ဒိယအရှေ့မြောက်ပိုင်း ဒေသအတွက် သိပ်ကိုအရေးကြီးပါတယ်။ ဒီဒေသမှာ အိန္ဒိယကို တိုက်ခိုက်နေတဲ့ သူပုန်အဖွဲ့၊ `(၁၁) ဖွဲ့လောက် ရှိနေပါတယ်။ တချို့က အိန္ဒိယ-မြန်မာ နှစ်နိုင်ငံမှာ နေကြတဲ့ လူမျိုးစုသူပုန်တွေပါ။ အိန္ဒိယ ဒီဒေသကို ငြိမ်းချမ်းစေချင်တာ.တရုတ်သြဇာလက်အောက်ကနေ လွတ်မြောက်စေချင်တာပါ။ ဆိုတော့ အိန္ဒိယက တိတ်တဆိတ် ကူညီနိုင်ပါတယ်။ ဒါပေမဲ့ ဝန်ကြီးချုပ် နရသိန် မူဒီဟာ ဟိန္ဒူအမျိုးသားရေးစိတ်ဓါတ်ကို နှိုးစွနေပါတယ်။ ဒါဟာ အိန္ဒိယအတွက် စိုးရိမ်စရာပါ။ အိန္ဒိယမှာ မူစလင်က သန်း (၁၅၀) ကျော်လောက် ရှိပါတယ်။ သိပ်အကဲဆတ်တဲ့ ကိစ္စပါ။
မေး ။ ။ မြန်မာ့ရှေ့ရေးကို ပြန်ကြည့်မယ်ဆိုရင် အဆိုးဝါးဆုံး ဖြစ်နိုင်မယ့် အခြေအနေက ဘယ်လိုလုပ်လို့ ထင်ပါသလဲ။ အေအေ က အခုအခါမှာ ဝကို အားကျပြီးတော့ ကွန်ဖယ်ဒရေးရှင်း ယူချင်တယ်လို့ ပြောလာပါတယ်။ ဒါကို ကျန်တဲ့တိုင်းရင်းသားတွေကလည်း ကြိုက်တယ်လို့ မပြောတောင်မှ ဘာမှဝေဖန်ခြင်း မပြုဘဲနဲ့ နှုတ်ဆိတ်နေကြပါတယ်။ ဆိုတော့ ဒီကိစ္စ ကျယ်ပြန့်လာရင် ပြည်ထောင်စုပြိုကွဲရေးအထိ ဦးတည်သွားနိုင်မယ်လို့ ဆရာကြီး ယူဆပါသလား။
ဖြေ ။ ။ နည်းနည်းတော့ ကွဲပြားပါတယ်။ ဘာကြောင့်လဲဆိုတော့ ရခိုင်က ပြည်နယ်အဆင့် ရှိနေပြီသာပါ။ ဝ က ရှမ်းပြည်နယ်ရဲ့ အစိတ်အပိုင်းတခုမျှသာ ဖြစ်ပါတယ်။ ဒါက ဝ က သီးခြားပြည်နယ် လိုချင်နေတာပါ။ ဒါကို ရှမ်းက မကြိုက်ပါဘူး။ ရခိုင်က ပြည်နယ်ရပြီးသာပါ။ ရိုဟင်ဂျာကိစ္စက သီးခြားပြဿနာပါ။ ဒါပေမဲ အေအေ အင်အားကြီးထွားလာတာကတော့ သိပ်ပြီးတော့ အရေးကြီးတဲ့ ကိစ္စ ဖြစ်ပါတယ်။ ဒါဟာ ဗမာတို့ သဘောပေါက် နားလည်ရမယ့် ရခိုင်အမျိုးသားရေးစိတ်ဓါတ် ဖြစ်ပါတယ်။ သိမ်မွှေ့တဲ့နည်းနဲ့ ကိုင်တွယ်သင့်ပါတယ်။ ဒါပေမဲ့ စစ်တပ်က ဒီလိုသိမ်မွှေ့တဲ့နည်းနဲ့ ကိုင်တွယ်လိမ့်မယ်လို့ ကျနော် မယုံကြည်ပါဘူး။ အရပ်ဘက်အစိုးရကလည်း လောလောဆယ်မှာ ဒီလိုလုပ်လိမ့်မယ်လို့ မထင်ပါဘူး။ ဒီလိုလုပ်ဖို့ဆိုတာကလဲ အချိန်ယူပြီးတော့ ဘက်စုံလုပ်ရမယ့် ကိစ္စပါ။ တချိန်တည်းမှာပဲ အေအေတွေ နယ်မြေသိမ်းပိုက်မယ့်ကိစ္စ။ စခန်းတွေကို ပစ်ခတ်တိုက်ခိုက်နေတဲ့ကိစ္စတွေကိုလည်း လက်ခံနိုင်စရာ မရှိပါဘူး။ ဒီအထဲမှာ ရိုဟင်ဂျာပြဿနာ ရှိနေတဲ့အတွက်လဲ အခြေအနေတွေက ပိုပြီးတော့ ရှုပ်ထွေးစရာ ဖြစ်နေပါတယ်။
မေး ။ ။ စိုးရိမ်စရာ အကောင်းဆုံးလို့ထင်တဲ့ ကိစ္စတခုကို ကျနော် မေးချင်ပါတယ်။ အစိုးရစစ်တပ်နဲ့ အေအေတို့ တိုက်နေတာအပြင် ဒီကိစ္စဟာ ကျယ်ပြန့်လာပြီးတော့ ဗမာနဲ့ ရခိုင် လူထုချင်းကြားမှာ အမုန်းပွားစရာ ဖြစ်လာလေမလား။ အဲဒီလို မဖြစ်လာနိုင်အောင် ဘယ်လို ထိန်းသိမ်းရမလဲဆိုတဲ့ ကိစ္စ ဖြစ်ပါတယ်။ ဆရာကြီး ဘယ်လို လုပ်နိုင်မယ် ထင်ပါသလဲ။
ဖြေ ။ ။ ဒါကတော့ ပညာရေးက စပြီးတော့ လုပ်ရမယ့်ကိစ္စ ဖြစ်ပါတယ်။ တန်းတူညီမျှရေး စိတ်ဓါတ်ကို ဖန်တီးနိုင်တဲ့ ပညာရေး ဖြစ်ရပါမယ်။ ကျောင်းသင်ခန်းစာတွေကို ပြင်ရမယ်။ လက်တွေ့မှာလည်း ဒီလိုဖြစ်အောင် လုပ်ပေးရပါမယ်။ လူတိုင်းနဲ့ သက်ဆိုင်တဲ့ ပြည်ထောင်စုနိုင်ငံဆိုတာကို လုပ်ရပါမယ်။ ဒီ အမေရိကန်ပြည်ထောင်စုမှာလည်း ရှိခဲ့ပါတယ်။ လူဖြူတွေဟာ လူမဲတွေထက် အခွင့်ထူးရခဲ့တယ်။ လက်တီနိုတွေထက် ပိုအကျိုးခံစားခွင့် ရှိခဲ့တယ်။ အရင်တုန်းကဆိုရင် Protestants တွေက ရိုမန်ကတ်သလစ်တွေ၊ ဂျူးတွေထက် အခွင့်ထူးရခဲ့တယ်။ ဒါတွေကို တဖြည်းဖြည်းချင်း ကျော်လွှာနိုင်ခဲ့တာပါ။ အလားတူ ထပ်မဖြစ်အောင်လဲ အပြောင်းအလဲတွေလုပ်ဖို့ ကြိုးပမ်းခဲ့ရပါတယ်။ မြန်မာနိုင်ငံမှာလည်း သူ့နည်းသူ့ဟန်နဲ့ ဒီလိုလုပ်ရမှာ ဖြစ်ပါတယ်။ ဒီလိုပြဿနာမျိုး ကျော်လွှားနိုင်တဲ့ နိုင်ငံတွေရဲ့ အတွေ့အကြုံတွေကိုလည်း တိတ်တဆိတ် လေ့လာပြီးတော့ နမူနာယူသင့်ပါတယ်။