ရွေးကောက်ပွဲ နဲ့ မီဒီယာ အခန်းကဏ္ဍ

အမေရိကန်ပြည်ထောင်စု George Washington တက္ကသိုလ် မီဒီယာနဲ့ လူထုရေးရာဌာန တွဲဘက်ပါမောက္ခ Janet Steele

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ သုံးသပ်ချက်အစီအစဉ်မှာ မြန်မာနိုင်ငံရဲ့မီဒီယာပွင့်လင်းလာမှုဟာ အားတက်စရာကောင်းပေမဲ့ သတင်းထောက်က သတင်းထောက်အလုပ်လုပ်လို့ ထောင်ချခံရမယ့် အခြေအနေမျိုးတော့ လုံးဝမဖြစ်သင့်ဘူးလို့ အမေရိကန်ပြည်ထောင်စု George Washington တက္ကသိုလ် မီဒီယာနဲ့လူထုရေးရာဌာန တွဲဘက်ပါမောက္ခ Janet Steele က ပြောကြားလိုက်ပါတယ်။ မြန်မာ့မီဒီယာ အဆင့်အတန်းကို ကျန်အရှေ့တောင်အာရှ မီဒီယာတွေနဲ့လည်း နှိုင်းယှဉ်ထားပါတယ်။ မြန်မာနိုင်ငံ ရွေးကောက်ပွဲအကြို အထူးအစီအစဉ်အဖြစ် ပါမောက္ခ Steele နဲ့ ဦးကျော်ဇံသာရဲ့ ဆွေးနွေးခန်း ပထမပိုင်းကို တင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ပထမဦးဆုံး မေးချင်တာကတော့ ရွေးကောက်ပွဲတခု ကျင်းပမယ်ဆိုရင် အဲဒီမှာ မီဒီယာရဲ့ အခန်းကဏ္ဍက ဘယ်လောက် အရေးပါပါလဲ။

Prof. Steele ။ ။ မီဒီယာရဲ့ အခန်းကဏ္ဍက မရှိမဖြစ်ပါဘဲ။ လူထုအနေနဲ့ မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်ဖို့အတွက် ခိုင်လုံစိတ်ချရတဲ့ သတင်းအချက်အလက်တွေကို ရဖို့လိုပါတယ်။ ဒီလို သတင်းအမှန်တွေ ရရှိဖို့ဆိုတာ အကောင်းဆုံးကတော့ မီဒီယာကတဆင့်ပဲ ဖြစ်ပါတယ်။ မှန်ကန်တဲ့ သတင်းအချက်အလက်တွေ မရှိဘဲနဲ့တော့ လူထုဟာ မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်မှာ မဟုတ်ပါဘူး။

ဦးကျော်ဇံသာ ။ ။ သတင်းအချက်အလက် အမှန်အကန် ပေးနိုင်ရေးဟာ အဓိကကျတဲ့ အခန်းကဏ္ဍပေါ့လေ။ ဒါကို နည်းနည်းလောက် အသေးစိတ် ထပ်ပြောပြပါလား။ ရွေးကောက်ပွဲကာလ၊ ရွေးကောက်ပွဲ ပြုလုပ်နေတဲ့ကာလ၊ ရွေးကောက်ပွဲပြီး ကာလတွေမှာ မီဒီယာ က ဘာတွေလုပ်သင့်သလဲဆိုတာကို နည်းနည်းအသေးစိတ် ပြောပေးပါ။

Prof. Steele ။ ။ ရွေးကောက်ပွဲ ဝင်မယ့်သူတွေအားလုံးနဲ့ ပတ်သက်ပြီးတော့ မျှမျှတတ ရေးသားထုတ်ဝေ တင်ပြဖို့ ဖြစ်ပါတယ်။ မတူညီတဲ့ ပြိုင်ပွဲဝင်တွေအားလုံးကို နေရာအတူတူ၊ အချိန်အတိုင်းအတာ အတူတူ ပေးပြီးတော့ သူတို့ရဲ့ အမြင်တွေ၊ အယူအဆတွေကို တင်ပြဖို့ လိုအပ်ပါတယ်။ ဒါမှ လူထုက အမှန်အတိုင်း ဆုံးဖြတ်ရွေးချယ်နိုင်ဖို့အတွက် လိုအပ်တဲ့ အချက်အလက်တွေကို ရကြမှာ ဖြစ်ပါတယ်။ သိတဲ့အတိုင်းပဲ ဒီမိုကရေစီဆိုတာ အဆုံးအဖြတ်ကို လူထုက လုပ်ရတာပါ။ သူတို့မှာ အာဏာရှိပါတယ်။ သူတို့အဖို့ မှန်ကန်တဲ့ အချက်အလက်တွေ မရနိုင်ရင်တော့ ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်လည်း ချနိုင်မှာ မဟုတ်ပါဘူး။

ဦးကျော်ဇံသာ ။ ။ နောက်တခု ကျနော် မေးချင်တာက မီဒီယာတွေ နိုင်ငံရေး ဘက်လိုက်မှု Political Bias ရှိတဲ့ မီဒီယာတွေ ဖြစ်နေတယ်ဆိုရင်ကော အဲဒါကို လက်ခံနိုင်ပါလား။

Prof. Steele ။ ။ လက်မခံနိုင်ပါဘူး။ နိုင်ငံရေး ဘက်လိုက်မှုဆိုတာ မရှိသင့်ပါဘူး။ ဘက်လိုက်မှုဆိုတဲ့ နေရာမှာ တခြားဘက်လိုက်မှု ပုံစံတွေလည်း အမျိုးမျိုး ရှိနေပါသေးတယ်။ နိုင်ငံရေး ဘက်လိုက်မှုသာ မကပါဘူး။ ပိုင်ဆိုင်မှုနဲ့ ပတ်သက်တဲ့ ဘက်လိုက်မှု၊ မီဒီယာကို ဘယ်သူကပိုင်တယ်။ ဘယ်သူက ချုပ်ကိုင်နေတယ်ဆိုတာကို သိဖို့ လိုအပ်ပါတယ်။ ဒီဟာကို ထုတ်ဝေတဲ့ နောက်ကွယ်မှာ စီးပွားရေး အကျိုးအမြတ် တစုံတရာ ရှိနေသလား။ ဒါကြောင့် ဟိုပါတီကို ပစ်ပယ်ပြီး ဒီပါတီကို ထောက်ခံနေသလား။ ဒါကြောင့် ဒီမိုကရေစီ ထွန်းသစ်စ နိုင်ငံတွေမှာ စိန်ခေါ်မှုတရပ်ကတော့ သတင်းတရပ်ရဲ့ အရင်းအမြစ်ကို ပရိသတ်က စမ်းစစ်သိရှိနိုင်ဖို့ ဖြစ်ပါတယ်။ ဒီသတင်းဟာ နိုင်ငံရေး ဘက်လိုက်မှု၊ စီးပွားရေး ပယောဂတွေကြောင့် ပေါ်ထွက်လာတာလားဆိုတာ သိရှိနိုင်ဖို့က အရေးကြီးပါတယ်။

ဦးကျော်ဇံသာ ။ ။ တခုက မီဒီယာအနေနဲ့ လူထုကို သတင်းအချက်အလက် မှန်မှန်ကန်ကန် ပေးနိုင်ဖို့ဆိုတဲ့နေရာမှာ ဒီ မီဒီယာတွေ ဘယ်လောက် လွတ်လပ်မှု ရှိသလဲဆိုတာလဲ အရေးကြီးမယ် ထင်ပါတယ်။ ဒီနေရာမှာ မီဒီယာ လွတ်လပ်ခွင့်က ဘယ်လောက်အထိ အရေးကြီးသလဲ။ မီဒီယာ လွတ်လပ်ခွင့်ရဲ့ အတိုင်းအတာဟာ ဘယ်လောက်အထိ ရှိသင့်သလဲဆိုတာကို ပြောပါ။

Prof. Steele ။ ။ ဒါဟာ သိပ်ကောင်းတဲ့ မေးခွန်းဖြစ်သလို၊ အင်မတန် ရှုပ်ထွေးတဲ့ မေးခွန်းလည်း ဖြစ်ပါတယ်။ ဒီကိစ္စမှာ မျက်နှာစာ အများကြီး ရှိပါတယ်။ အကောင်းဆုံး ဖြစ်သင့်တာကတော့ မီဒီယာအပေါ်မှာ ထိန်းချုပ်ထားတဲ့ ဥပဒေ ပြဌာန်းချက် လုံးဝမရှိတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။ လုပ်ပိုင်ခွင့်လိုင်စင် လျှောက်ထားရမယ်ဆိုတဲ့ ကိစ္စ။ ပိုင်ဆိုင်ခွင့် တောင်းခံရတာတို့၊ နိုင်ငံတော် လျှိူ့ဝှက်ချက်ဆိုတာတို့၊ ခိုင်လုံစိတ်ချရတဲ့ သတင်းအချက်ကို မီဒီယာတွေ ရယူခွင့် မရှိတာတို့၊ တကယ်တော့ ဒီလို သတင်းအချက်အလက်တွေကို အစိုးရကိုယ်တိုင်က ထုတ်ဖော်ပြောပြရမယ့် ကိစ္စပါ။ မြန်မာနိုင်ငံမှာတော့ အစိုးရပိုင်းက မပြောတဲ့အတွက် မီဒီယာတွေက ဖြစ်ရပ်မှန်ကို မသိရှိနိုင်တာတွေ မကြာခဏ ဖြစ်တယ်လို့ သိရပါတယ်။ ခြုံပြောရရင်တော့ မီဒီယာ လွတ်လပ်ခွင့်ဆိုတာ တရားဥပဒေနဲ့ ထိန်းချုပ်မှုနဲ့ အများကြီး ပိုမိုရှုပ်ထွေးပါတယ်။ ဖုံးကွယ်မထားဖို့၊ ပွင့်လင်းမြင်သာမှု ရှိဖို့လည်း လိုအပ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ မြန်မာနိုင်ငံရဲ့ အခုလက်ရှိ မီဒီယာ လွတ်လပ်ခွင့် အခြေအနေကို အိမ်နီးချင်း အရှေ့တောင်အာရှနိုင်ငံတွေအနေနဲ့ နှိုင်းယှဉ်ပြီးတော့ ကြည့်ပေးပါ။ ဘယ်လို တွေ့ရပါလဲ။ မြန်မာနိုင်ငံရဲ့ မီဒီယာ လွတ်လပ်ခွင့် အဆင့်အတန်းဟာ။

Prof. Steele ။ ။ မြန်မာနိုင်ငံရဲ့ အပြောင်းအလဲတွေကို တွေ့မြင်ရတာ ကျမတော့ သိပ်အံ့သြသင့်ရပါတယ်။ သိပ်ပြီးတော့ မြန်ဆန်တယ်။ ၂၀၁၀ တုန်းက ကျမ မြန်မာပြည်ကို ရောက်ပါသေးတယ်။ အဲဒီတုန်းက မီဒီယာတွေက တစုံတရာရေးမယ်ဆိုရင် ကြိုတင်ခွင့်ပြုချက်ယူဖို့ လိုအပ်ပါတယ်။ ၂၀၁၂ မှာ ကျမ ထပ်သွားတော့ စာပေစီစစ်ရေးကို ဖျက်သိမ်းလိုက်ပါပြီ။ မထုတ်ဝေခင် ဘာမှကြိုတင်ခွင့်ပြုချက်ယူဖို့ မလိုတော့ပါဘူး။ ကိုယ်ထုတ်ဝေတာကိုတော့ ကိုယ်တာဝန်ယူရတာပေါ့။ ဒါပေမဲ့ ဒါဟာ သိပ်ကိုကြီးကျယ်တဲ့ အပြောင်းအလဲပါ။ ရှင် ပြောတဲ့ self-censorship ကိုယ့်ဟာကို ဆင်ဆာလုပ်ရတာတော့ ရှိပါတယ်။ မီဒီယာ ဥပဒေသစ်၊ အသံလွှင့်ဥပဒေသစ်တွေ ရှိတာတော့ သိပါတယ်။ ဒီလို စိန်ခေါ်မှုတွေကတော့ ရှိနေဆဲပါ။ ကျမရဲ့ ကျွမ်းကျင်မှုနယ်ပယ်က တကယ်တော့ အင်ဒိုနီးရှား ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်လာတာတွေဟာ အင်ဒိုနီးရှားနဲ့ သိပ်တူညီနေတာကိုလည်း စိတ်ဝင်စားဖွယ် တွေ့နေရပါတယ်။ မလေးရှား၊ ကမ္ဘောဒီးယားတို့မှာ အလားတူ ဖြစ်ထွန်းမှုတွေ ရှိပါတယ်။ အရှေ့တောင်အာရှရဲ့ အသွင်တခုလို့ ဆိုနိုင်မယ် ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ လက်ရှိ အခြေအနေကို ကြည့်မယ်ဆိုရင်တော့ အဲဒီနိုင်ငံတွေထက်စာရင် မြန်မာနိုင်ငံရဲ့ အခြေအနေက နောက်ကျကျစ်ရစ်နေသေးတယ်လို့များ ဆိုနိုင်ပါလား။

Prof. Steele ။ ။ တခြားနိုင်ငံတွေနည်းတူ ရွေ့လျှားနေတယ်လို့ပဲ ထင်ပါတယ်။ အဲဒီအုပ်စုနဲ့ ရောပါနေပါတယ်။ ကျမတို့ ကြိုတွက်နိုင်တာတွေ ရှိပါတယ်။ ဥပမာ ကျမအနေနဲ့ လွတ်လပ်တဲ့ မီဒီယာတွေ၊ စိတ်ပျက်စရာတွေ ကြုံရတာ၊ ပွင့်လင်းမှု ရှိလာပြီ။ လွတ်လပ်တဲ့အသံတွေ ကြားရပြီလို့ ဝမ်းသာရပေမယ့် ပြဿနာက မီဒီယာ ပွင့်လင်းလာသလို၊ စီးပွားရေးလည်း ပွင့်လင်းလာပါတယ်။ ဒီမှာ စီးပွားရေး ပွင့်လင်းဒဏ်ကို ခံကြရတယ်။ လူတွေက အရည်အသွေးကောင်းကောင်း လိုချင်တယ်။ အရည်အသွေးကောင်းကောင်းလုပ်ဖို့ စီးပွားရေးအရ ကြန့်ကြန့်ခံနိုင်ရမယ်။ အဲဒါဟာ အခက်အခဲကြီးတရပ်ပါပဲ။ အင်ဒိုနီးရှားမှာ ဒီအတိုင်းပါပဲ။ မြန်မာပြည်မှာဆို ကျမ တွေ့ရသလောက် မီဒီယာတချို့ဟာ အစိုးရနဲ့ နီးစပ်တဲ့ ခရိုနီတွေက ပိုင်ဆိုင်ထားကြတယ်။ ဆိုတော့ သူတို့က သတင်းပိုရယူနိုင်တယ်။ အရင်းအနှီး ပိုတောင့်တယ်။ ဒါဟာ ပြဿနာလို့ ကျမ ထင်ပါတယ်။ ဒါပေမဲ့ မြန်မာမီဒီယာလောကဟာ ဒီလို အရှုပ်အထွေးတွေနဲ့ကို ဆက်ပြီးတော့ ရွေ့လျားနေတာကို တွေ့နေရတာ ကောင်းတဲ့အချက်ပါပဲ။

ဦးကျော်ဇံသာ ။ ။ ဟုတ်ပါတယ် ပုဂ္ဂလိက မီဒီယာတွေ၊ တကယ်လွတ်လပ်တဲ့ မီဒီယာတွေဟာ ငွေကြေးအင်အား သိပ်စိုက်မထုတ်နိုင်ကြဘူး။ အဲဒီအတွက် မြန်မာနိုင်ငံမှာ ခရိုနီ မီဒီယာတွေကပဲ လွှမ်းမိုးနေတယ်။ အစိုးရ မီဒီယာကို ပုဂ္ဂလိ မီဒီယာတွေက မယှဉ်နိုင်ဘူး ဖြစ်နေတယ်။ ဆိုတော့ ပုဂ္ဂလိ မီဒီယာတွေ ပိုမိုပြီး တွင်ကျယ်လာဖို့ ထွန်းကားလာဖို့အတွက် အစိုးရဘက်က နောက်ဆုတ်ပေးသင့်တယ်၊ သူတို့ရဲ့ လွှမ်းမိုးမှုကို ထင်ပါသလား။

Prof. Steele ။ ။ သိတဲ့အတိုင်းပါပဲ ဒီ အမေရိကမှာတော့ ကျမတို့က အစိုးရကို မီဒီယာအပေါ် ထိန်းချုပ်ခွင့်အာဏာ ဘယ်နည်းနဲ့မှ မပေးချင်ကြပါဘူး။ ဆိုတော့ အစိုးရဆိုတာ မီဒီယာကို ထိန်းချုပ်ခွင့် မရှိသင့်ပါဘူး။ အဲဒီလိုပြောရင် အမေရိကန် အယူအဆကို ပြောသလို ဖြစ်နေပါလိမ့်မယ်။ ပိုင်ဆိုင်မှုကို ထိန်းချုပ်တာလည်း ဒီသဘောပါပဲ။ ခရိုနီတွေကို ပိုင်ဆိုင်ခွင့် မပေးနဲ့လို့ အစိုးရက တားမြစ်လိုက်ရင်လည်း ဒါဟာ မီဒီယာပိုင်ဆိုင်ခွင့်ကို ထိန်းချုပ်တဲ့သဘော ဖြစ်သွားပါတယ်။ အလားတူစွာပဲ မူစလင်မို့လို့ ပိုင်ဆိုင်ခွင့် မရှိဘူး။ ဘယ်သူက အယူအဆတွေ ပြင်းထန်လွန်လို့ မပိုင်ဆိုင်ရဘူးဆိုတာမျိုုးလည်း ဖြစ်လာနိုင်ပါတယ်။ လွတ်လပ်တဲ့ ဈေးကွက်စနစ်ကိုပါ ထိခိုက်လာစရာ ရှိလာပါလိမ့်မယ်။

ဦးကျော်ဇံသာ ။ ။ တကယ်တော့ မြန်မာ့မီဒီယာကို အမေရိကန် မီဒီယာနဲ့ နှိုင်းယှဉ်မယ်ဆိုတာကတော့ အဝေးကြီးပါ။ ဒါကို ကျနော်တို့လည်း နားလည်ကြပါတယ်။ အမေရိကန်နိုင်ငံ မီဒီယာ လွတ်လပ်ခွင့်နဲ့ နှိုင်းယှဉ်လို့လည်း မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ ကျနော် အဓိက ပြောစေချင်တာ အိမ်နီးချင်းတွေနဲ့ နှိုင်းယှဉ်ကြည့်တာကိုပဲ အဓိက သိချင်ပါတယ်။ အိမ်နီးချင်းနိုင်ငံတွေမှာကော မြန်မာနိုင်ငံလို ပြန်ကြားရေးဝန်ကြီးဌာန ဆိုတာမျိုး ရှိသေးသလား။ မြန်မာနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာနလို မီဒီယာတွေကို မျက်စိဒေါက်ထောက် ကြည့်နေတဲ့ ဌာနကော ရှိပါလား။

Prof. Steele ။ ။ အင်ဒိုနီးရှားနိုင်ငံမှာတော့ မီဒီယာအပေါ် ထိန်းချုပ်မှုတွေကို လုံးဝဖျက်သိမ်းလိုက်ပါပြီ။ အင်ဒိုနီးရှားမှာ မီဒီယာသမားတွေက စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရတယ်ဆိုပေမယ့် ဒါဟာ အစိုးရဆီကလာတဲ့ စိန်ခေါ်မှုတွေ မဟုတ်တော့ပါဘူး။ အဓိက စိန်ခေါ်မှုတွေက ပိုင်ရှင်တွေနဲ့ ဖြစ်တဲ့ကိစ္စ၊ ဈေးကွက်ကိစ္စတွေသာ ဖြစ်ပါတယ်။ မလေးရှားမှာတော့ အာဏာရှိတဲ့ ပြန်ကြားရေးဝန်ကြီးဌာန ရှိပါသေးတယ်။ ပြီးတော့ သတင်းထောက်တွေကို လှုံဆော်မှုနဲ့ စွဲဆိုနိုင်တဲ့ ပြည်ထဲရေးဝန်ကြီးဌာနလည်း ရှိပါတယ်။ မြန်မာနိုင်ငံမှာတော့ ကျမ သတိထားမိတာကတော့ အမျိုးသားလုံခြုံရေးကို ထိခိုက်စေတယ်ဆိုတဲ့ ကိစ္စတွေကို မရေးသားမိဖို့လဲ သိပ်သတိထားနေရတယ်ဆိုတဲ့ ကိစ္စ ဖြစ်ပါတယ်။ ဒါဟာ မြန်မာမီဒီယာလောကရဲ့ အဓိက စိန်ခေါ်မှုပါပဲ။ တဖြည်းဖြည်း ကျော်လွှားသွားနိုင်လိမ့်မယ်လို့တော့ ကျမ မျှော်လင့်ပါတယ်။ အခြေအနေက အတော်ရှုပ်ထွေပါတယ်။ မှန်ကန်ကောင်းမွန်တဲ့ ဥပဒေတွေ လိုအပ်ပါတယ်။ သတင်းထောက်တွေအပေါ် ပြစ်မှုဆိုင်ရာ ကန့်သတ်ထားတာ မရှိသင့်ပါဘူး။ သတင်းထောက်တယောက် ကြက်ခိုးစားရင်တော့ ပြစ်မှု ဖြစ်ရမှာပါ။ ဒါပေမဲ့ အစိုးရ မကြိုက်တာတခုကို ရေးသားထုတ်ဝေတယ်ဆိုတာကတော့ ဒါဟာ ပြစ်မှုမဟုတ်ပါဘူး။ သတင်းထောက်က သတင်းထောက်အလုပ်လုပ်တာ ထောင်ကျမလားဆိုပြီး စိုးရိမ်နေစရာအကြောင်း မရှိပါဘူး။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ ဒီလို မြန်မာနိုင်ငံရဲ့ မီဒီယာ အပြည့်အဝ လွတ်လပ်ခွင့် မရှိသေးဘူး၊ အင်အားခိုင်မာ မတောင့်တင်းသေးတဲ့ မီဒီယာဟာ အခုကြုံတွေ့နေရတဲ့ သမိုင်းဝင် အပြောင်းအလဲကြီးကို ကောင်းကောင်းမွန်မွန်၊ အောင်အောင်မြင်မြင် ကိုင်တွယ်နိုင်ကြလိမ့်မယ်လို့ တွက်ပါသလား။ ဘာကြောင့်လဲဆိုတော့ အခုလာမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး လူတွေက တော်တော်ကို မျှော်လင့်နေကြတာပါ။ ဒီ ရွေးကောက်ပွဲသည် မြန်မာနိုင်ငံကို လွတ်လပ်တဲ့ လူ့အဖွဲ့အစည်း ဖြစ်လာစေလိမ့်မယ်။ ဒီမိုကရေစီစနစ် ထွန်းကားလာစေလိမ့်မယ်ဆိုပြီ တွက်နေကြတာပါ။ ဆိုတော့ ဒီ ရွေးကောက်ပွဲမှာ အမျိုးမျိုး ဖြစ်လာမယ်ဆိုပြီး တွက်တဲ့လူတွေလည်း ရှိပါတယ်။ ဒီပြဿနာ၊ ဒီဖြစ်ရပ်ကြီးကို မြန်မာမီဒီယာ ခနော်ခနဲ့ မီဒီယာက ကိုင်တွယ်နိုင်မယ်လို့ ထင်ပါသလား။

Prof. Steele ။ ။ သိပ်ကို စိတ်ဝင်စားဖို့ကောင်းတဲ့ ကာလလို့ ကျမတော့ ထင်ပါတယ်။ ကျမရဲ့ မိတ်ဆွေမြန်မာ မီဒီယာသမားတွေကတော့ အခု သတင်းရေးသားချက်တွေနဲ့ ပတ်သက်ပြီးတော့ စိတ်အားထက်သန်နေကြပါတယ်။ အခုအခါ နိုင်ငံရေးပါတီတွေရဲ့ ရပ်တည်ချက်ကို ဖတ်ရှုနိုင်ပါတယ်။ ပါတီတွင်း ပဋိပက္ခတွေကို ဖတ်နိုင်တယ်။ ပြည်ခိုင်ဖြိုးပါတီအတွင်း၊ NLD ပါတီအတွင်းက ပြဿနာတွေ ဖတ်နိုင်တယ်။ အရင်တုန်းကဆို ဖတ်ဖို့မဖြစ်နိုင်တဲ့ ကိစ္စတွေကို အခု မီဒီယာတွေမှာ ဖတ်ရှုနိုင်ပါပြီ။ တချိန်တည်းမှာပဲ ကိုယ့်ဟာကိုယ် ဆင်ဆာလုပ်နေရတဲ့ ကိစ္စတွေကလည်း ရှိနေဆဲပါ။ အဲဒီလိုမျိုးတွေ သိပ်မရေးကြပါဘူး။ ဥပမာ မူစလင် ဆန့်ကျင်ရေးကိစ္စတွေဆိုရင် သိပ်မတွေ့ရပါဘူး။ အဲဒီလိုမျိုးပဲ ကိုယ့်ဟာကိုယ် ဆင်ဆာလုပ်နေကြရတဲ့ ကိစ္စတွေလည်း ရှိနေကြသေးပါတယ်။ ဆိုတော့ အခုအခြေအနေဟာ ကောင်းတာတွေ၊ မကောင်းတာတွေ ရှိနေပါသေးတယ်။ တခါ အခု Social Media လူမှုမီဒီယာ ကွန်ရက်တွေ ရှိလာကြပါပြီ။ သိပ်ခိုင်လုံ၊ စိတ်ချရတာမျိုးတော့ မဟုတ်ပါဘူး။ စွဲဆောင်မှုအား ကောင်းပြီးတော့ ကောလာဟလတွေ၊ ပြဿနာတွေလည်း ဖြစ်စေနိုင်ပါတယ်။