Your browser doesn’t support HTML5
ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာ နိုင်ငံပိုင်မီဒီယာဆိုတာ ရှိသင့်ပါသလား၊ အစိုးရရဲ့ ဝါဒဖြန့်ချီရေးယန္တရား သက်သက်ပဲလား၊ အစိုးရ လျှို့ဝှက်ချက်ဥပဒေ ဆိုတာကိုကော ဘယ်လို အဓိပ္ပါယ်ဖွင့်ဆိုပြီး ဘယ်လိုအခါမျိုးမှာ သုံးသင့်ပါသလဲ။ George Washington တက္ကသိုလ် လူထုဒီပလိုမေစီ နဲ့ လူထုဆက်သွယ်ရေး ညွှန်ကြားရေးမှူး မီဒီယာပါမောက္ခ Janet Steele နဲ့ ဦးကျော်ဇံသာတို့ တွေ့ဆုံဆွေးနွေးထားပါတယ်။
ဦးကျော်ဇံသာ ။ ။ Janet ရဲ့ အင်ဒိုနီးရှားအတွေ့အကြုံကို ကောက်ပြီးတော့ မေးခွန်းတခု မေးချင်ပါတယ်။ အင်ဒိုနီးရှားမှာ လုပ်ခဲ့တော့ Janet ပြောတဲ့ မီဒီယာအယူအဆတွေကို အင်ဒိုနီးရှား ဒေသခံသတင်းသမားတွေက ဘယ်လိုတုံ့ပြန်ကြပါလဲ။ သူတို့ လက်ခံကြပါလား။
Prof. Janet ။ ။ ယေဘုယျအားဖြင့်တော့ လက်ခံကြပါတယ်။ သူတို့ သိပ်စိတ်ဝင်စားကြပါတယ်။ အပြုသဘောနဲ့ အခြေအတင် ဆွေးနွေးကြတာ ကောင်းတဲ့အလုပ်ပါ။ ကျမ့အဖို့တော့ အမှန်တရားဆိုတာ အဲဒီက ထွက်ပေါ်လာတာပါ။ အမှန်တရားဆိုတာကို ဘယ်သူတဦးတယောက်ကမှ လက်ဝါးကြီး အုပ်ထားလို့ မရပါဘူး။ နိုင်ငံတကာ သတင်းထောက်တွေဟာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေပေါ်မှာ အထူးစိတ်ဝင်စားကြတယ်လို့ ကျမ ထင်ပါတယ်။ ဒါက တကယ်ဖြစ်နေတဲ့ ကိစ္စပါ။ တချိန်တည်းမှာပဲ ဒါဟာ မြန်မာနိုင်ငံအတွက် ပြဿနာတရပ်လည်း ဖြစ်ပါတယ်။ အဲဒီမှာနေတဲ့ လူတွေကတော့ ဒါကို လက်မခံချင်ဘဲနဲ့ … ဟေ့ နေအုံး ဒီကိစ္စက နင်တို့ ထင်နေတာထက် ရှုပ်ထွေတယ်လို့ ပြောကြပါလိမ့်မယ်။ ကျမ နားလည်နိုင်ပါတယ်။
ဒါပေမဲ့ နိုင်ငံခြားသားတွေဘက်ကလည်း သူတို့ ရှုထောင့်ကို ပြောနိုင်တယ်။ ပြောစရာ ဖြစ်နေတယ်ဆိုတာတော့ အမှန်ပါ။ ပြီးတော့ ဒီလိုမျိုး အယူအဆ ရှိနေကြတာကလည်း အနောက်နိုင်ငံကလူတွေကြီးပဲ မဟုတ်ပါဘူး။ အာဆီယံက လူတွေလည်း ဒီသဘောထား ရှိကြပါတယ်။ ကုလသမဂ္ဂ အစီရင်ခံစာ ရေးတဲ့အထဲမှာ ခေါင်းဆောင်က အင်ဒိုနီးရှားနိုင်ငံက ရှေ့နေချုပ်ဟောင်း မားဇုကီ ဒီရိုစမန် ဖြစ်ပါတယ်။ သူက ဆူဟာတို လက်ထက်မှာ ကြီးပြင်းလာသူ ဖြစ်ပါတယ်။ စစ်အစိုးရလက်အောက် အခြေအနေတွေ၊ စစ်တပ်ကြီးစိုးမှုနဲ့ အရပ်သားအစိုးရကြား ဘယ်လိုထိန်းညှိရမယ်။ လူထုနဲ့ ဘယ်လိုညှိရတယ်ဆိုတာကို သူ နားလည်ပါတယ်။ ဒီမှာ အမေရိကမှာလည်း ကျမတို့အပေါ် လူတွေ ဝေဖန်ဖို့ လမ်းဖွင့်ပေးရပါတယ်။ လူတွေရဲ့ ဝေဖန်တဲ့အတိုင်း ကျမတို့ လိုက်နာလက်ခံရမယ့် အခြေအနေတွေလည်း ရှိပါတယ်။
ဦးကျော်ဇံသာ ။ ။ သဘောတရားမေးခွန်း မေးချင်ပါသေးတယ်။ ဓမ္မဓိဌာန်ကျတယ်ဆိုတဲ့ ကိစ္စပါ။ တနည်းအားဖြင့် ပုဂ္ဂိုလ်စွဲ လူမျိုးစွဲတွေ ကင်းရမယ်ဆိုတဲ့ကိစ္စ။ Journalism က ဒီလိုအစွဲမျိုးတွေ ကင်းနိုင်တယ်လို့ ထင်ပါသလား။ Journalism က objective ဖြစ်တယ် တနည်းပြောရင်။ Journalism က objective ဖြစ်တယ်လို့ ယူဆပါသလား။
Prof. Janet ။ ။ ဒါက ကပ်သီးကပ်သတ် မေးခွန်းပါ။ လူသားတယောက်ဟာ ဘယ်ကိစ္စမှာပဲဖြစ်ဖြစ် ဓမ္မဓိဌာန်ကျဖို့ လုံးဝဥဿုံအစွဲကင်းဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒီလိုမျိုး မဖြစ်နိုင်ဘူးလို့ ဆိုလိုက်လို့လဲ ကျမတို့ Journalist တွေအနေနဲ့ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ လမ်းညွှန်မှုတွေအတိုင်း မလိုက်နာနိုင်ဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ မျှတမှုရှိဖို့ တင်ပြမယ့်သတင်းကို မှန်မမှန် စီစစ်ဖို့ ကိုယ့်ဘက်က အမြင်တခုတည်း မဟုတ်ဘဲနဲ့ တခြားဘက်ကအမြင်တွေကို ထည့်သွင်းစဉ်းစားဖို့ ဒီလိုမျိုး စည်းမျဉ်းတွေကို လိုက်နာဖို့ ဖြစ်နိုင်ပါတယ်။
ကျမအမြင်မှာတော့ Journalism ဆိုတာ Discipline of verification အမှားအမှန်ကို စီစစ်ရတဲ့ ဘာသာရပ်ပဲ ဖြစ်ပါတယ်။ ကိုယ်တင်ပြရမယ့် သတင်းကို Publish မလုပ်ခင်မှာ မှန်ကန်ကြောင်း အတည်ပြု စစ်ဆေးရတာက Verify လုပ်ရတာ ဓမ္မဓိဌာန်ကျမကျဆိုတဲ့ Objectivity ထက် ပိုပြီးတော့ အရေးကြီးပါတယ်။ ဓမ္မဓိဌာန် ကျရမယ်ဆိုတာကတော့ မဖြစ်နိုင်ဘူး ထင်ပါတယ်။ အဲဒါက အင်မတန်ကောင်းမြတ်တဲ့ မျှော်မှန်းချက်တရပ်ပါ။ အဲဒီမျှော်မှန်းချက် ရနိုင်အောင်လို့တော့ အားစိုက်ထုတ်သင့်ပါတယ်။ ဒီဘက်ပေါင်းစုံရဲ့ အမြင်တွေကို စဉ်းစားရမှာပါ။ လူအများစုမကြိုက်တဲ့ လူနည်းစုရဲ့အမြင် ဖြစ်ပါစေ ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။
ဦးကျော်ဇံသာ ။ ။ နောက်တခုက နိုင်ငံပိုင် မီဒီယာကိစ္စ ဖြစ်ပါတယ်။ အမေရိကမှာဆိုရင် VOA လို နိုင်ငံပိုင်မီဒီယာတွေ ရှိပါတယ်။ အမှီအခိုကင်းသော Independent Media လို့ ခေါ်နိုင်ပါသလား။ တချို့က State owned media ဆိုတာဟာ အစိုးရရဲ့ ဝါဒဖြန့်ချီရေး ယန္တရားလို့ ပြောနေကြတာ ရှိပါတယ်။
Prof. Janet ။ ။ ကျမတို့ဆီမှာ အဲဒီလိုမျိုး အဲဒီလိုမျိုး မရှိဘူးလို့ မျှော်လင့်ပါတယ်။ မရှိပါဘူး။ နိုင်ငံပိုင်ဝါဒဖြန့်ချီရေးလိုမျိုး ရုရှားက RT လိုမျိုး မရှိပါဘူး။ ကျမတို့ဆီက Public media အများပြည်သူဆိုင်ရာ မီဒီယာ ရှိပါတယ်။ ကွန်ဂရက်လွှတ်တော်က ငွေကြေးထောက်ပံ့ပါတယ်။ ဒါပေမဲ့လဲ အများပြည်သူဆိုင်ရာ အသံလွှင့်ကော်ပိုရေးရှင်း Corporation for Public Broadcasting ကတဆင့် အမှီအခို ကင်းရှင်းအောင် ထိန်းသိမ်းထားပါတယ်။ National Public Radio (NPR) ကို နားထောင်ရင် ဒါမှမဟုတ် Public Television ကိုကြည့်ရင် Corporation for Public Broadcasting ကတဆင့် ဒီအစိုးရက ထောက်ပံ့တာဖြစ်ပြီးတော့ စီးပွားဖြစ် Commercial Media နဲ့ မတူပါဘူး။
Commercial Media တွေ မတင်ပြချင်တဲ့ကိစ္စတွေကို လွတ်လွတ်လပ်လပ် တင်ပြနိုင်ပါတယ်။ ဆိုကြပါစို့ Commercial Media တွေက Kim Kardashian လိုမျိုး အရမ်းကျော်ကြားတဲ့ တီဗီမင်းသမီးတွေအကြောင်း တင်ပြကြတာ ရှိပေမယ့် နိုင်ငံပိုင်မီဒီယာတွေကတော့ ပိုပြီးတော့ အရေးကြီးတဲ့ လူထုအရေးကိစ္စတွေကို ရေးသားတင်ပြနိုင်ပါတယ်။ ဒါက လွတ်လပ်မှုရှိသော အထောက်အပံ့ခံ Public Media ရှိဖို့ လိုအပ်တယ်ဆိုတဲ့ အချက်တရပ်ပါ။ အစိုးရဝါဒဖြန့်ချီရေးနဲ့ မတူပါဘူး။
ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ လွှတ်တော်အမတ်တချို့က ဒီမှာ နိုင်ငံရေးသမားတချို့လည်း ရှိပါတယ်။ VOA ဟာ အမေရိကန်ရဲ့ အကျိုးစီးပွားကို ဘယ်လောက်ဖော်ဆောင်နိုင်သလဲ။ ဘယ်လောက် ဖော်ဆောင်သလဲလို့ မေးတာကို မကြာခဏ ကြားရပါတယ်။ ဝါဒဖြန့်ချီရေး ယန္တရား မဟုတ်ဘူးဆိုရင် သူတို့က ဘာကြောင့် ဒီလိုမေးကြတာလဲ။
Prof. Janet ။ ။ ဟုတ်ကဲ့ ဒီကိစ္စ ရှင်ပြောတာ မှန်ပါတယ်။ VOA က အစိုးရအတွက် ဝါဒဖြန့်တာ မြင်ချင်တဲ့ နိုင်ငံရေးသမားတချို့ ရှိပါတယ်။ သမ္မတ Trump တောင်မှ ဒီလိုမျိုး ဖြစ်စေချင်တာပါ။ ကျမတို့လို လူတွေက ဒါကို လုံးဝဆန့်ကျင်ပါတယ်။ ဒါက လုံးဝမှားယွင်းပါတယ်။ အမေရိကန်အစိုးရရဲ့ ဝါဒဖြန့်ချီရေး မဟုတ်တဲ့အတွက်လည်း Voice of America ကို ကမ္ဘာတလွှားက တန်းဖိုးထားကြတာပါ။ VOA က အမေရိကန်ပြည်ထောင်စုကို ဝေဖန်ရမယ့် ကိစ္စတွေကိုလည်း ထုတ်လွှင့်နေပါတယ်။ သမ္မတ Trump နဲ့ ပတ်သက်ပြီးတော့လည်း ဒီလိုပဲ ထုတ်လွှင့်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဥပမာ ကျနော်တို့ VOA ဆိုရင် ကျနော်တို့ဆီမှာ Editorial ဆိုတဲ့ အစိုးရအာဘော်ကို စနေ၊ တနင်္ဂနွေနေ့ကလွဲပြီးတော့ နေ့တိုင်းထုတ်လွှင့်ရပါတယ်။ ကျနော်တို့ကတော့ ဒါဟာ အမေရိကန်အစိုးရရဲ့ အာဘော် ဖြစ်ပါတယ်။ VOA အာဘော် မဟုတ်ဘူးဆိုတာကို နောက်ဆုံးမှာ ပြန်ပြောပါတယ်။ Disclaimer လုပ်တယ်။ ဒါပေမဲ့လို့ အဲဒီလို အစိုးရသဘောထားတွေ ထည့်သွင်းရတာကို အစိုးရဝါဒ ဖြန့်ချီရေးပဲလို့ ပရိသတ်တွေက ထင်နိုင်စရာအကြောင်း မရှိဘူးလို့ ထင်ပါသလား။
Prof. Janet ။ ။ ကျမတို့ကတော့ အဲဒီလိုမျိုး ထင်ကြတာ မမှန်ဘူးလို့ ထင်ပါတယ်။ VOA ရဲ့ ညွှန်ကြားရေးမှူးက ရှင်းရှင်းလင်းလင်း ပြောကြားထားတာကို ကြားရပါတယ်။ ဒါက စိတ်ဝင်စားစရာကောင်းတဲ့ အချက်ပါ။ ဒီ ဝါရှင်တန်မှာဆို Washington Post သတင်းစာဆိုတာ ရှိပါတယ်။ တခါတခါ အဲဒီမှာ China Daily ဆိုတဲ့ အချပ်ပို ပါရှိပါတယ်။ တရုတ်အစိုးရရဲ့ စရိတ်နဲ့ ထည့်သွင်းတာ ဖြစ်ပါတယ်။ အဲဒါကို ဘယ်သူမှ မဖတ်ကြပါဘူး။ အဲဒါ တရုတ်အစိုးရရဲ့ ဝါဒဖြန့်ချီမှုဆိုတာ လူတိုင်းသိပါတယ်။ ကမ္ဘာတဝှမ်းက ပရိသတ်တွေ၊ သောတရှင်တွေလည်း သိကြပါတယ်။ မြန်မာပြည်မှာဆိုရင်လည်း VOA က လူကြိုက်အများဆုံးစာရင်း နံပတ် (၇) မှာ ရှိနေတာပါ။ VOA က အစိုးရဝါဒဖြန့်ချီမှု မဟုတ်ဘူးဆိုတာ လူတွေ သိကြပါတယ်။ တကယ်လို့သာ VOA က အစိုးရဝါဒဖြန့် ယန္တရားတရပ် ဖြစ်လာခဲ့ရင် ဒါက အင်မတန် ဆိုးဝါးသွားပါပြီ။ ကျမ ထောက်ခံမှာ မဟုတ်တော့ပါဘူး။ လက်မခံတော့ပါဘူးရှင့်။
ဦးကျော်ဇံသာ ။ ။ အခု မြန်မာနိုင်ငံမှာ လောလောဆယ် ပြဿနာတခုကတော့ Official Secret Act လို့ ခေါ်တဲ့ အစိုးရလျှို့ဝှက်ချက် ဥပဒေ ဖြစ်ပါတယ်။
Prof. Janet ။ ။ ဒါ အင်မတန်ကို ဆိုးရွားပါတယ်။ ဆိုးပါတယ်။ အလွန်အမင်း ဆိုးရွားတာပါ။ မလေးရှားမှာလည်း အဲဒီဥပဒေ ရှိခဲ့ပါတယ်။ ဒါက ဒေသခံပြည်သူလူထုကို ထိန်းချုပ်ဖို့ လုပ်ခဲ့တဲ့ ဗြိတိသျှ ကိုလိုနီခေတ် ဥပဒေ ဖြစ်ပါတယ်။ လွတ်လပ်တဲ့ မြန်မာနိုင်ငံက ဒီဥပဒေရှိဖို့ မလိုအပ်ဘူးလို့ ကျမ ထင်ပါတယ်။ မလေးရှားမှာလည်း မလိုအပ်ပါဘူး။ မှားယွင်းတဲ့ကိစ္စပါ။ နိုင်ငံတော်လျှို့ဝှက်ချက် ဆိုတာကိုလည်း အဓိပ္ပါယ်ဖွင့်တဲ့နေရာမှာ အစိုးရက လူထုကို မသိစေချင်တဲ့အခါမှာ လုပ်တတ်ပါတယ်။ မမှန်ကန်ပါဘူး။
ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ အမေရိကမှာလည်း Leak of Classified Documents ဆိုတာ ရှိတယ် မဟုတ်ဘူးလား။ လျှို့ဝှက်ချက် ပေါက်ကြားလို့ဆိုပြီးတော့ FBI က စစ်ဆေးအရေးယူတာတွေ မကြာခဏ ကြားနေရပါတယ်။
Prof. Janet ။ ။ မှန်ပါတယ်။ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နိုင်တဲ့ လျှို့ဝှက် Classified အထောက်အထား အချက်အလက်ဆိုရင်တော့ ဒါကို ပေါက်ကြားစေတာ မှားယွင်းစေပါတယ်။ ဒါပေမဲ့လဲ တဘက်မှာ အမျိုးသားလုံခြုံရေး ချိုးဖောက်မှု Violation of National Security ဆိုတာ ဘာလဲဆိုတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်က သိပ်ကိုရှင်းလင်း ပီပီပြင်ပြင် ဖြစ်ဖို့ လိုပါတယ်။ မလေးရှားမှာ နမူနာတခု ပြောရရင် ပြီးခဲ့တဲ့ ရွေးကောက်ပွဲမတိုင်ခင် အစိုးရဟောင်း လက်ထက်တုန်းက လွှတ်တော်ထဲမှာ ဆွေးနွေးတဲ့ ဥပဒေကြမ်းကိစ္စကို အစိုးရလျှို့ဝှက်ချက်လို့ သတ်မှတ်ထားပါတယ်။ ဒါက အဓိပ္ပါယ် မရှိပါဘူး။ ဒါက လူထုစီးပွားရေးကိစ္စပါ။ သူတို့ သတ်မှတ်ချက်အရဆိုရင် နိုင်ငံတော်ဘတ်ဂျက်ကို လွှတ်တော်မှာ မဆွေးနွေးခင် လူထု သိခွင့်မရှိပါဘူး။ ဒါတွေက Official Secret ရဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်ပါပဲ။ တကယ့်လျှို့ဝှက်တဲ့ စစ်ရေးအထောက်အထား၊ အချက်အလက်တွေကို Official Secret လို့ သတ်မှတ်တာနဲ့ မတူပါဘူး။ ဒါက အမြဲတမ်း အချေအတင် ဖြစ်ရတဲ့ကိစ္စပါ။ အမေရိကမှာလည်း ဒီလိုမျိုး ဖြစ်တတ်ပါတယ်။ ဒီကိစ္စက လူထုကြားမှာ ဆွေးနွေးရမယ့်ကိစ္စ အစစ်အမှန်ပါ။ အရပ်သားအစိုးရနဲ့ ပြည်သူလူထုက ညှိနှိုင်းဆွေးနွေးကြရမှာ ဖြစ်ပါတယ်။ စစ်တပ်တခုတည်းက ဆုံးဖြတ်သတ်မှတ်ရမယ့်ကိစ္စ မဟုတ်ပါဘူး။
ဦးကျော်ဇံသာ ။ ။ နောက်ဆုံးမေးချင်တာက မြန်မာပြည်မှာ သတင်းထောက်နှစ်ယောက် မကြာခင်က ထောင်ဒဏ် (၇) နှစ်ဆီ ပြစ်ဒဏ်ချမှတ်ခံရတာ ကြားပြီဖြစ်ပါလိမ့်မယ်။ ဒီအပေါ်မှာ Janet ရဲ့ သဘောထားကို ကြားချင်ပါတယ်။
Prof. Janet ။ ။ ကျမ တဦးချင်းရဲ့ အမြင်မှာတော့ ဘယ်သတင်းထောက်ကိုမှ သတင်းအလုပ်လုပ်တယ်ဆိုပြီးတော့ ဘယ်တော့မှ ထောင်မချသင့်ပါဘူး။ ဘယ်တော့မှ မလုပ်သင့်ပါဘူး။ Journalist က ခိုးမှုကျူးလွန်တယ်ဆိုရင်တော့ ဒါကတော့ ရာဇဝတ်မှုပါ။ ဒါပေမဲ့လဲ သတင်းထောက်တယောက်က သတင်းရေးတယ်၊ သူ့ရဲ့အလုပ်ကိုလုပ်တယ်၊ Journalism ကို ရာဇဝတ်မှု လုပ်ပြစ်တာ မှားယွင်းပါတယ်။ ဒီ သတင်းထောက်နှစ်ယောက်အပေါ်မှာ ပြစ်ဒဏ်ချထားတာကို အထက်တရားရုံးရောက်ရင် ပယ်ဖျက်ပေးလိမ့်မယ်လို့ အထူးပဲ မျှော်လင့်ပါတယ်။