Your browser doesn’t support HTML5
ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ အစီအစဉ်မှာ မြန်မာနိုင်ငံမှာ အရေးအပါဆုံး လူဦးရေအများဆုံးဖြစ်တဲ့ လယ်သမားလူတန်းစားတို့ ရဲ့ဘ၀ ဟာ လွတ်လပ်ရေးဒီဘက် ခေတ်အဆက်ဆက်မှာ ဘယ်လောက်ထိ တိုးတက်ရေးကောင်းမွန်လာခဲ့ပါသလဲ။ လက်ရှိမှာကော လယ်သမားတို့ ဘဝအခြေအနေ တိုးတက်ကောင်းမွန်ရေးအတွက် အစိုးရက ဘာတွေဆောင်ရွက်ပေးနိုင်သလဲဆိုတာ လယ်သိမ်းခံလယ်သမားတို့ဘက်က လိုက်ပါဆောင်ရွက်ပေးနေတဲ့ လူ့အခွင့်အရေး ရှေ့နေ ဦးသိန်းသန်းဦးနဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။
မေး ။ ။ ဒီနေ့ မြန်မာနိုင်ငံမှာ လယ်သမားတွေရဲ့ဘဝဟာ လွတ်လပ်ရေးရပြီးနောက်ပိုင်း ခေတ်တွေမှာထက် တိုးတက်လာတယ်လို့ အကြမ်းမျဉ်း သုံးသပ်လို့ရမလား။
ဖြေ ။ ။ အကြမ်းဖျဉ်းပြောမယ်ဆိုရင်တော့ ဖြစ်တယ်ပေါ့။ တကယ့်တကယ် အသေးစိတ် တချက်စီ ပြောကြရမယ်ဆိုရင်တော့ တချို့အချက်တွေက သိပ်မထူးခြားလာဘူးလို့ ပြောရလိမ့်မယ်။
မေး ။ ။ ဆိုတော့ လွတ်လပ်ရေး ရပြီးကတည်းက ဖြစ်လာခဲ့တာပေါ့။ ဒါပေမဲ့ မကြာသေးခင်ခေတ်တွေက ဆိုကြပါစို့ နဝတ၊ နအဖခေတ်တုန်းက အဲဒီတုန်းက ကျနော် BBC သတင်းထောက်အနေနဲ့ ဘဏ္ဍာရေးဝန်ကြီးတပါးကို ဒီမေးခွန်းကို မေးခဲ့ဖူးပါတယ်။ သူကပြောသွားတယ် မြန်မာနိုင်ငံလယ်သမားတွေဟာ သူတို့ခေတ်၊ နဝတခေတ်မှာလောက် ဘယ်တုန်းကမှ မချမ်းသာခဲ့ဖူးဘူး။ အခုအခါမှာ လယ်သမားတွေဆီမှာ ရေခဲသေတ္တာတွေ၊ တီဗီတွေနဲ့ဆိုပြီး သူက ပြောသွားခဲ့တယ်။ အဲဒါ အဲဒီခေတ်မှာ တကယ်တိုးတက်ခဲ့ပါလား။ မှတ်မိရင် နည်းနည်းပြန်ပြောပေးပါ။
ဖြေ ။ ။ တချို့အစိတ်အပိုင်းတွေကတော့ မြို့ပြဒေသ တည်ထောင်တဲ့အခါကြတော့ လယ်တွေကို ကုမ္ပဏီတွေက ဝယ်ခဲ့တာရှိတယ်။ ဈေးကောင်းရသွားတဲ့ လယ်သမားတွေကြတော့ သူတို့လယ်တွေရောင်းပြီးတော့ ကြီးပွားချမ်းသာသွားကြတာ ရှိပါတယ်။ ဒါက အနည်းစုပါ။ အများစုကတော့ လယ်တွေ အကုန်လုံး မကြုံစဖူး နဝတ၊ နအဖ စစ်အစိုးရလက်ထက်ကစပြီး ဆရာစံသူပုန်ထရတော့မယ့် အနေအထားမျိုးရောက်အောင် လယ်တွေမတရား အသိမ်းခံနေရတယ်။ ငွေကြေးရတဲ့ အစိတ်အပိုင်းတခုတော့ ရှိပါတယ်။ အဲဒါတွေကတော့ ပြေလည်တယ်။ ဒါပေမဲ့ အများစုကတော့ လယ်တွေက မတရားလက်လွှတ်ခဲ့ရတယ်။ ဘယ်ခေတ်နဲ့မှ မတူဘူးလို့ ပြောလို့ရတယ်။
မေး ။ ။ လယ်တွေကို မတရားသိမ်းတယ်ဆိုတော့ အဲဒီလို လယ်သိမ်းခံရတဲ့ လယ်သမားတွေဘက်က တရားဥပဒေ ရပ်တည်ထားတာ ဘယ်လောက်ခိုင်ခိုင်မာမာ ရှိပါသလဲ။
ဖြေ ။ ။ အမှန်တကယ်ကတော့ မြေသိမ်းဥပဒေရှိတယ် - ၁၈၉၄ ခုနှစ် မြန်မာနိုင်ငံ မြေသိမ်းဥပဒေ Land Acquistion Act ဆိုတာ ကိုလိုနီခေတ်က အင်္ဂလိပ်နယ်ချဲသမားက ပြဌာန်းထားခဲ့တာ နှစ်တရာကျော်ခဲ့ပြီ။ ဒါပေမဲ့ အဲဒီဥပဒေမှာ လယ်သမားအကျိုးစီးပွားအတွက် ပြဌာန်းတဲ့ ပြဌာန်းချက်တွေပါတယ်။ လယ်သမားကို မနစ်နာအောင် လျော်ကြေးပေးတဲ့အခါ လိုက်နာရမယ် နည်းဥပဒေတွေ အခိုင်အမာ ပြဌာန်းထားတာ ဒါကို မဆလခေတ်ကတည်းက ၁၉၆၂ နောက်ပိုင်း စစ်ဗိုလ်ချုပ်ကြီးတွေ တက်လာပြီးတော့ လယ်သမားဦးကြီးတွေရဲ့ လယ်တွေကို သိမ်းတဲ့အခါမှာလည်း လုံးဝလှည့်ပြီးတော့ မကြည့်ဘူး။ ဒီကိစ္စတွေကို ထည့်သွင်းစဉ်းစားတာ မရှိဘူး။ တောက်လျှောက်အစဉ်တစိုက် သိမ်းခဲ့တဲ့ လယ်တွေကလည်း ၁၈၉၄ မြေသိမ်းဥပဒေကို လိုက်နာခြင်းမရှိဘဲနဲ့ သိမ်းခဲ့ကြတာပါ။ လယ်သမားတွေက ဥပဒေရဲ့ ကာကွယ်မှုကို လုံးဝမရဘူးလို့ ပြောလို့ရတယ်။
မေး ။ ။ အခုခေတ်မှာလည်း လယ်မြေအသိမ်းခံရတဲ့ လယ်သမားတွေရဲ့ ပြဿနာကို မကြာခဏ ကြားနေရပါတယ်။ ဦးသိန်းသန်းဦးကိုယ်တိုင်လည်း လယ်သမားတွေရဲ့ အရေးကိစ္စကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေကြီးတဦး ဖြစ်ပါတယ်။ ဆိုတော့ အခုအခါမှာကော အဲဒီဥပဒေအတိုင်း သို့တည်းမဟုတ် အဲဒီဥပဒေထက်ကောင်းတဲ့ ပြဌာန်းချက်၊ ပြင်ဆင်ချက်တွေ လုပ်ပြီးတော့ လယ်သမားတွေ အသိမ်းခံရမယ့် ကိစ္စကို အကာအကွယ်ပေးတဲ့ ဥပဒေတွေ ရှိပါသလား။
ဖြေ ။ ။ မရှိပါဘူး။ မဆလခေတ်တုန်းကမှ ၁၉၆၃ ခုနှစ် တောင်သူလယ်သမား အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး ဥပဒေဆိုပြီးတော့ ပြဌာန်းလိုက်တာရှိတယ်။ ကျွဲနွားတွေကို ဝရမ်းမကပ်ရဘူးဆိုတာ။ ဒါက အဆန်းတော့ မဟုတ်ပါဘူး။ တရားမကျင့်သုံးဥပဒေ (၆၀) မှာ ပေးထားတဲ့ အခွင့်အရေးကို ပြန်လုပ်တာ။ အဲဒီအခွင့်အရေးလေးကို ပြန်လုပ်တာပဲ ရှိတာပါ။ သို့ရာတွင် အဲဒီဟာကို ဖျက်သိမ်းပြီးတော့ သမ္မတကြီးဦးသိန်းစိန်အစိုးရလက်ထက်မှာ တောင်သူလယ်သမား အခွင့်အရေးနဲ့ ပတ်သက်တဲ့ ဥပဒေတခု ပြဌာန်းလိုက်တော့ အဲဒီမူလဥပဒေက မရှိတော့ဘူး။ မရှိတဲ့အခါကြတော့ မူးစုပဲစု ဥပဒေလေးရဲ့ ခံစားခွင့်တောင်မှ လယ်သမားတွေမှာ မရတော့ကြပါဘူး။ သူတို့ကို ကာကွယ်ပေးတဲ့ ၁၈၉၄ ခုနှစ် မြေသိမ်းဥပဒေကို ဘယ်သူကမှ မလိုက်နာဘူး။ အရေးလည်းမလုပ်ဘူး။ ဦးသိန်းစိန်ခေတ်မှာ လယ်ပံတောင်းက တောင်သူတွေရဲ့မြေကို သိမ်းတဲ့အခါမှာ ဦးပိုင်နဲ့ ဝမ်ပေါင် ပေါင်းပြီးတော့ မြေယာတွေကို ကာလပေါက်ဈေးနဲ့ မပေးဘဲနဲ့ ပြဌာန်းဥပဒေတွေ ရှိရဲ့သားနဲ့ အဲဒါကြီးကို ဘေးချိတ်ပြီးတော့ ထင်သလို နိုင်ထက်စီးနင်းလုပ်ခဲ့ကြတယ်။
မေး ။ ။ အခု လယ်သိမ်းတယ်ဆိုတဲ့ကိစ္စမှာ သိမ်းတဲ့လူတွေက ဘယ်သူတွေလဲ။ သူတို့ကို လူတန်းစားတရပ် အလွှာတရပ်အနေနဲ့ သီးခြားသတ်မှတ်ပြီး ခြုံပြောလို့ရပါသလား။ သို့တည်းမဟုတ် ဘယ်လိုကြောင့် သိမ်းကြသလဲဆိုတာကို နည်းနည်းရှင်းပြပါအုံး။
ဖြေ ။ ။ တကယ်ကတော့ ၁၉၉၉ လောက်က စတယ်ထင်တယ်။ ဧကကို ထောင်နဲ့သောင်းနဲ့ချီပြီးတော့ ကုမ္ပဏီတွေကို ပေးတာ။ ကျနော် နားလည်သလောက်တော့ မြေယာအရင်းရှင်စနစ်ကို ထူထောင်တဲ့နေရာမှာ အစိုးရက ကုမ္ပဏီတွေကို တာဝန်ပေးပြီးတော့ လုပ်ကြပါဆိုပြီးတော့ ပေးလိုက်တာကစပြီးတော့ ပေါ်လာတာ ဖြစ်မယ်။ ဒါပေမဲ့ သူခိုင်းလိုက်တဲ့ ကုမ္ပဏီတွေက လယ်မစိုက်ဘဲနဲ့ ချပေးလိုက်တဲ့ လယ်တွေကို သစ်တောတွေ ခုတ်ထွင်ရောင်းစားခဲ့ကြတာ။ အဲဒါ လူတန်းစားတရပ်ပါပဲ။ ခရိုနီ၊ ခရိုပြာ ခရိုရောင်စုံ အဘတွေကို ဦးတော်လုပ်ပြီးတော့ မြေယာအများကြီးသိမ်း၊ လယ်ယာတွေကိုရောင်းစား၊ ဗမာပြည်မှာ အရင်တုန်းကရှိခဲ့တဲ့ ဧက (၁၂) သန်းထဲက တသန်းကျော်ကျော် ပိုင်ဆိုင်တဲ့လူတွေ ရှိတယ်လို့တောင်မှ အတည်မပြုနိုင်တဲ့ သတင်းတွေအရ သိရပါတယ်။ အဲဒီတော့ အာဏာရှိတဲ့လူနဲ့ လက်သင့်တဲ့ ခရိုနီတွေ သူတို့တပည့်သားသမီးတွေ ဒါတွေက လူတန်းစားတရပ်အနေနဲ့ ပေါ်ပေါက်လာပြီး ဗမာပြည်ရဲ့မြေ၊ ဆီဦးထောပတ်တွေ အကုန်လုံးကို လက်ဝါးကြီးအုပ်ခဲ့ကြတာပါ။
မေး ။ ။ တကယ်တော့ လယ်ယာမြေလုပ်ငန်း တိုးတက်ဖွံ့ဖြိုးဖို့အတွက်ဆိုတာ လယ်ယာမြေ အရင်းရှင်စနစ်ပဲ ဆိုကြပါစို့၊ ကုမ္ပဏီကြီးတွေရဲ့ လက်ထဲမှာ ထားမှပဲ အဲဒီလယ်ယာမြေကို စက်မှုလယ်ယာမြေဖြစ်အောင် Industrial လုပ်တာတို့၊ နိုင်ငံခြားကို တင်ပို့ဖို့အတွက် ပိုပြီးတော့ အရှိန်အဟုန် မြင့်မားစေတာတို့ Foreign Export မြင့်မားစေတာတို့ ဖြစ်မယ်လို့ မူအားဖြင့်တော့ ကြားဖူးပါတယ်။ ဆိုတော့ မြန်မာပြည်မှာလည်း အဲဒီအတွက် လုပ်တယ်လို့ ထင်တာပဲ။ သို့သော်လဲ သူတို့ရဲ့ အဓိကအားနည်းချက်က သိမ်းတဲ့နေရာမှာ ထိုက်တန်တဲ့ တန်ရာတန်ကြေး မပေးဘဲနဲ့ အသိမ်းခံ လယ်သမားတွေရဲ့ အကျိုးစီးပွားကို လုံးဝမငဲ့ကွက်ဘဲနဲ့ လုပ်နေတဲ့သဘောပေါ့။
ဖြေ ။ ။ အဲဒီလိုဖြစ်တယ်။ နောက်ပြီးတော့ အဲဒီမှာ သီအိုရီတွေကလည်း ကွဲလွဲတဲ့ အယူအဆတွေ ရှိတယ်။ နိုဘယ်ဆုရထားတဲ့ ဂျိုးဆက်စတစ်ဒ်နဲ့ဆို သူတို့ Globalization ကို ဆန့်ကျင်တဲ့ အုပ်စုတွေကတော့ သူတို့က ဆယ်ဧက လယ်သမားတွေကို သွင်းအားစု Input ထည့်ပေးပြီးတော့ လုပ်တာကောင်းမယ်။ ဗမာပြည်လို နေရာမျိုးက ကုမ္ပဏီတွေကို ဧကတွေ အများကြီး ပိုင်ဆိုင်ပြီးတော့ လုပ်ခိုင်းလို့ မရနိုင်ဘူးဆိုတဲ့ အယူအဆတခုလည်း ရှိခဲ့တယ်။
အခုန ဆရာဦးကျော်ဇံသာ ပြောသလိုပဲ ကျနော်ထင်တယ် ကုမ္ပဏီတွေကိုပေးတဲ့ ရည်ရွယ်ချက်က အဲဒါဖြစ်မယ် မြေယာအရင်းရှင်စနစ်ကို ကုမ္ပဏီတွေကို တာဝန်ပေးပြီးတော့ ထူထောင်ခိုင်းတာ။ ဒါပေမဲ့ ကုမ္ပဏီတွေက လယ်မစိုက်ဘဲနဲ့ အဲဒီမြေတွေမှာ ငါးကန်တွေ တူးတာတို့၊ ပတ်သက်ရာ ဂရမ်ခံပြီးတော့ သစ်တောတွေခုတ် ရောင်းစားတာစတဲ့ အလုပ်တွေလုပ်ကြတော့ ဒီမှာ ဘာမှမရဘဲနဲ့ လယ်သမားတွေ မြေဆုံးတဲ့ဟာပဲ အဖတ်တင်ကျန်ခဲ့တယ်လို့ ထင်ပါတယ်။
မေး ။ ။ နောက်တခုက ဒီလိုလုပ်လိုက်ခြင်းအားဖြင့် အခုလောလောဆယ်မှာ မြန်မာနိုင်ငံရဲ့ ဆန်စပါးပြည်ပတင်ပို့မှု ပိုပြီးတော့ မြင့်မားလာတယ်လို့ စာရင်းဇယားတွေက ဖော်ပြနေပါတယ်။ ဒါကိုကြည့်ရင်တော့ တဘက်ကတော့ တိုင်းပြည်အတွက် ကောင်းတဲ့သဘောလို့တော့ ပြောလို့ရမလား။
ဖြေ ။ ။ အဲဒီ စာရင်းဇယားကိုတော့ ကျနော်က မယုံဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဗမာပြည်မှာ ဒီနေ့အချိန်အခါအထိ စာရင်းဇယားဆိုတာ ယုံကြည်ကိုးစားနိုင်လောက်တဲ့ အချက်အလက်တွေ မဟုတ်ဘူး။ သူတို့ လိုရင်လိုသလို၊ မလိုရင်မလိုသလို လုပ်နေတယ်။ ဒီတိုင်းပြည်မှာ ရှိနေတဲ့ စာရင်းဇယားတွေကို ကျနော် သဘောရိုးနဲ့ ကျနော့်တသက်လုံးနဲ့ရင်းပြီး ပြောရရင် မယုံကြည်နိုင်ပါဘူး။
မေး ။ ။ ဆန်စပါး နိုင်ငံခြားကို တင်ပို့မှု ပိုတိုးတက်လာတယ်ဆိုတာကို ဦးသိန်းသန်းဦး မယုံဘူးဆိုတော့ မြန်မာနိုင်ငံရဲ့ စပါးဈေး၊ လယ်သမားတွေရရှိတဲ့ စပါးဈေးက ငွေကြေးဖောင်းပွမှုနှုန်းကိုပါ ထည့်တွက်အုံးတော့ အရင်ထက်ပိုပြီးတော့ လယ်သမားတွေက တန်ရာတန်ကြေး ပိုရလာတယ်လို့ မပြောနိုင်ဘူးလား။
ဖြေ ။ ။ လယ်ယာမြေဈေးနှုန်းအရ ရလာတာတော့ မှန်တယ်။ ဒါပေမဲ့ ကုန်ကျစရိတ် လယ်တဧကအတွက် ကုန်ကျစရိတ်နဲ့ ရိုးရိုးကောက်စိုက်၊ ပျိုးနုတ် အလုပ်သမားစရိတ်တွေနဲ့ တွက်မယ်ဆိုရင် ကျနော်ထင်တယ် လယ်သမားတွေက Degrade တောင်ဖြစ်တာ ထမင်းမဝနိုင်ဘူး၊ မကြီးပွားနိုင်တဲ့အတွက် ကိုယ့်မြေကို သိပ်မက်မောတဲ့ လူတွေကလွဲပြီး ကျန်တဲ့လူတွေက မလေးရှားသွားပြီးတော့ ရော်ဘာခြံသွားမယ်။ နောက် ငါးဖမ်းသင်္ဘောတွေ လိုက်မယ်ဆိုပြီးတော့ လူအင်အားကလည်း အများကြီး လိုလာတဲ့ အဲဒီလိုအနေအထားမျိုးတွေ ဖြစ်လာတယ်။ ဈေးက မရဘူးမဟုတ်ဘူး Inflation ကြောင့် အရင်ကထက် ရနိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ မဆလခေတ်မှာတော့ ကမ္ဘာ့စပါးပေါက်ဈေးထက် နည်းနည်လေး ကျနော်တို့ကြားဖူးတာ ဆယ်ရာခိုင်နှုန်းလောက်ကိုပဲ စစ်အစိုးရက ပေးတဲ့အပြင် လယ်ခွန်မြေခွန်တွေကိုလည်း သီးနံှနဲ့ကောက်ပြီးတော့ ဂုပ်သွေးစုပ်ခဲ့တဲ့ အခြေအနေမျိုးရှိတော့ ဒီဘက်ခေတ်မှာတော့ လွတ်လွတ်လပ်လပ် စိုက်လို့ရလို့၊ ရောင်းချခွင့်လေးတွေ ရလာလို့ တစုံတရာ အကျိုးရှိလာတယ်လို့တော့ ပြောနိုင်တယ်ထင်ပါတယ်။
မေး ။ ။ လယ်သမားတွေအတွက် အရေးကြီးတဲ့ကိစ္စတခုက စိုက်ပျိုးစရိတ် ထုတ်ချေးတဲ့ကိစ္စ။ အဲဒီကိစ္စကော ဘယ်လောက်လွယ်လွယ်ကူကူ လယ်သမားတွေလက်ထဲ ရောက်ပါသလဲ။ လယ်သမားတွေကို ပြန်လည်ပေးဆပ်ဖို့အတွက် ဘယ်လောက်အထိ အလျှော့အတင်း လုပ်ထားသလဲဆိုတာကို ပြောပြပါ။
ဖြေ ။ ။ အဲဒီမှာလဲ ပြဿနာတွေ တော်တော်ရှိတယ်။ တသက်လုံး ကြုံခဲ့ရတဲ့ အမတော်ကြေးနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ပြဿနာတက်ခဲ့တာ ဖဆပလခေတ်ကတည်းက ဗိုလ်ချုပ်ကြီးနေဝင်းခေတ်ကတော့ မရသလောက်ပါပဲ။ အမတော်ကြေးဆိုတာ ဘာမှမဟုတ်ဘူး မရလဲ ဝိုင်းချုပ်စနစ်နဲ့ ပူးတွဲလေး အကုန်လျော်ရတဲ့ဘဝ - သူတို့ခိုင်းတာ အကုန်လုပ်ရတော့။ ဒီဘက်မှာလဲ လုံလောက်တဲ့ အမတော်ကြေးတော့ မရဘူးထင်တယ်။ ဦးသိန်းစိန်လက်ထက် မတိုင်မီ စစ်အစိုးရလက်ထက်ကတည်းက မြေယာအရင်းရှင်စနစ် ထုတ်ဖို့အတွက် သွင်းအားစုတွေကို လယ်သမားတွေနဲ့ပေါင်းတဲ့ ကုမ္ပဏီတွေကို မြေဧကထောင်နဲ့ချီပြီးတော့ ချပေးခဲ့တာဟာ အဲဒီရည်ရွယ်ချက်လို့ထင်တယ်။ အစိုးရအပေါ် တာဝန်မပိဘဲနဲ့ ပေါင်းစည်းမြေယာဆိုတာ ပေါ်လာသေးတယ်။ ဗိယက်နမ်ပုံစံဆိုပြီးတော့ နောက်ချက်ချင်း အသံပျောက်သွားခဲ့တယ်။ သူတို့က တကယ်တမ်းကြတော့ ပေါ်ပင်တွေကို လိုက်လုပ်ပြီးတော့ အခြေအမြစ်ကျကျ ဥပဒေ ပြောင်းလဲဖို့ စိတ်ကူးမရှိတဲ့အခါကြတော့ ရည်ရွယ်ချက်ကောင်းပေမယ့် လက်တွေ့ ဒီဘက်မှာ အကောင်အထည်မဖော်ဖြစ်တော့ အခုလဲပဲ လုံလောက်တဲ့ အမတော်ကြေး မရဘူး။ လယ်သမားတွေလက်ထဲ အကုန်လုံး မရောက်ဘူးလို့ ကျနော်ထင်တယ်။
မေး ။ ။ အခုန ဆရာပြောတဲ့အထဲမှာ လက်တွေ့အကောင်အထည်ဖော်တဲ့ နေရာမှာ အဲဒါသိပ်အရေးကြီးတဲ့ကိစ္စပါ။ မူအားဖြင့် ဘယ်လောက်ကောင်းကောင်း - အဲဒါ ဘာများ အားနည်းချက် ရှိနေသလဲ - မြန်မာနိုင်ငံမှာ။ ဘယ်ကိစ္စမှာမဆို မူတော့ ကောင်းပါရဲ့ လက်တွေ့ဖြစ်မလာဘူးဆိုတာ ဘာလုပ်ရမလဲ။ လူတွေကို လဲပြစ်ရမလား။ တနည်းအားဖြင့် ဘယ်လိုလုပ်ရင် ကောင်းမယ် ထင်ပါသလဲ။
ဖြေ ။ ။ လယ်သမားတွေက ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် - လယ်သမားသမဂ္ဂတွေ ဒါမျိုးတွေ ဖွဲ့ပေးရမယ်။ အဲဒီကတဆင့် တကယ့်လယ်လုပ်တဲ့ လယ်ပိုင်ရှင်တွေ လက်ထဲကိုပေးတဲ့ အမတော်ကြေးတွေ၊ သွင်းအားစုတွေကို Inputs တွေကို ရအောင်လုပ်ရမယ်။ အဲဒီတော့ လယ်ယာမြေပြဿနာတွေကို စီမံခန့်ခွဲဖို့ ကျနော်တို့ NLD အစိုးရက ၂၀၁၇ မှာ လယ်ယာမြေပြဿနာကို ဖြေရှင်းဖို့ဆိုပြီး ဇောင်းပေးခဲ့တာ တကယ်တမ်းကြတော့ မလုပ်နိုင်သေးဘူး။ လယ်ယာမြေ စီစစ်တဲ့ကော်မတီတွေ၊ လယ်စစ်ကော်မတီတွေက … လယ်သမားအစစ်တွေကို ကိုယ်စားပြုမှုက Percentage အတော်နည်းတယ်။ အခု ဒီအစိုးရလက်ထက်မှာတောင်မှ လယ်သမားတွေကို တင်းပြည့်ကျပ်ပြည့် ကိုယ်စားပြုတယ်လို့ မပြောနိုင်ဘူး။ အဲဒီတော့ လယ်ယာမြေအကြောင်း မသိတဲ့လူတွေ၊ အစိုးရဌာနက လူတွေက ဒီဟာကို စီမံခန့်ခွဲတဲ့အခါကြတော့ အခုနလို Mismanagement စီမံခန့်ခွဲမှု မမှန်တာတချက်၊ လယ်သမားတွေရဲ့ ဘဝကို တကယ်မသိတော့ လယ်လုပ်ကိုင်နေတဲ့ လယ်သမားတွေမပါတဲ့ ကိုယ်စားပြုမှု နည်းတဲ့အခါ မလိုလားအပ်တဲ့ ပြဿနာတွေ ပေါ်လာတယ်လို့ ကျနော်မြင်တယ်။