ငြိမ်းချမ်းရေးအလားအလာ ရှေ့တိုးနိုင်သလား

myanmar peace meeting with northern alliance

Your browser doesn’t support HTML5

ငြိမ်းချမ်းရေးအလားအလာ ရှေ့တိုးနိုင်သလား

အာဏာပိုင်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင် မြောက်ပိုင်း (၄) ဖွဲ့တို့ ဒီရက်ပိုင်းအတွင်း တွေ့ဆုံခဲ့ကြတဲ့ ကျိုင်းတုံ ဒုတိယဆွေးနွေးပွဲဟာ ငြိမ်းချမ်းရေးအလားအလာအတွက် အားရဖွယ်မရှိသေးဘူးလို့ မြန်မာ့နိုင်ငံရေးသုံးသပ်သူ ဦးသန်းစိုးနိုင် က ဆိုပါတယ်။ တချိန်တည်းမှာပဲ တိုင်းရင်းသား ပြဿနာအပေါ် တရုတ်ရဲ့အရေးပါမှုကို တပ်မတော်ဘက်က မလိုလားတဲ့ သဘောတွေ့လာရတယ်လို့လည်း ဆိုပါတယ်။ အသေးစိတ်ကို ဦးသန်းစိုးနိုင်နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

မေး ။ ။ ကျနော် ဒီနေ့ ဆက်သွယ်ရတဲ့အကြောင်းကတော့ ကျိုင်းတုံမှာ ပြီးဆုံးသွားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲနဲ့ ပတ်သက်ပါတယ်။ ပထမဦးဆုံးကတော့ ဒီဆွေးနွေးပွဲဟာ အရင်လုပ်ခဲ့တဲ့ ဆွေးနွေးပွဲတွေနဲ့စာရင် အလားအလာကောင်းတဲ့ အချက်အလက်တွေ ရှိတယ်လို့ တချို့က သုံးသပ်နေကြပါတယ်။ bilateral လက်မှတ်ရေးထိုးမှုတွေ ဆောင်ရွက်နိုင်တဲ့ အနေအထားမျိုး ချဉ်းကပ်ခဲ့တာ ရှိခဲ့တယ်လို့ ပြောကြပါတယ်။ ဦးသန်းစိုးနိုင်က အဲဒီလို ယူဆပါသလား။

ဖြေ ။ ။ bilateral လက်မှတ်ရေးထိုးဖို့က အခြေခံအားဖြင့် သဘောတူညီပြီသားပါ။ သို့သော်လဲ ကျနော်တို့ စိတ်ပူတာက bilateral ကို စိတ်ပူတာ မဟုတ်ပါဘူး။ bilateral ပြီးတဲ့အခါကြတော့ NCA လမ်းကြောင်းကို သွားတဲ့အခါမှာ စစ်ရေးနဲ့ ပတ်သက်တဲ့ ပြဿနာတွေ၊ အဝန်းအဝိုင်းပြဿနာတွေနဲ့ ပတ်သက်လို့ ပြေလည်ဖို့ လိုတယ်လို့ ကျနော်အနေနဲ့ ထင်တယ်။ အဲဒါတွေ မပြေလည်လို့ရှိရင် ဆက်ပြီးတော့ တိုက်ပွဲက ဖြစ်နေအုံးမှာပဲလို့ ကျနော်အနေနဲ့ ယူဆပါတယ်။

မေး ။ ။ နောက်ပြီးတော့ ဆွေးနွေးပွဲမှာ တက်ရောက်လာတဲ့ ပုဂ္ဂိုလ်တွေထဲမှာ နိုင်ငံတော်ရှေ့နေချုပ်၊ တပ်မတော်က ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်တို့ တက်ရောက်ကြတယ်ဆိုတော့ အတော်လေး အဆင့်မြင့် ပုဂ္ဂိုလ်တွေ တက်ရောက်ကြတယ်လို့ လူတွေက သုံးသပ်ကြပါတယ်။ အဲဒါကိုကော အကောင်းမြင်လို့ ရပါသလား။

ဖြေ ။ ။ ကျနော်ကတော့ အဲဒါနဲ့တော့ အကောင်းမမြင်နိုင်သေးဘူးလို့ ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ဆိုတာက ..ပါတယ်။ သူက အဲဒီမှာ ဥက္ကဋ္ဌ ဖြစ်တယ်။ သူက ပါကိုပါရမှာ။ နောက် ရှေ့နေချုပ်တို့ ဘာတို့ပါတယ်ဆိုတာက ဥပဒေကြောင်းသဘောအရ ဖြစ်တာ။ နောက်တခုက ယေဘုယျအားဖြင့် ပြောရမယ်ဆိုရင် bilateral လက်မှတ်ရေးထိုးရေးက ယေဘုယျအားဖြင့် အခြေခံအားဖြင့် သဘောတူပြီသာ။ အဲဒီအထဲမှာ အဓိက သူတို့ဖြစ်ကြတဲ့ ပြဿနာက လေးဖွဲ့လုံး လက်မှတ်ရေးထိုးမယ်။ တစ်ဖွဲ့ချင်း လက်မှတ်ထိုးတဲ့ ကိစ္စ ဖြစ်တယ်။ ညှိမရတာ။ အဲဒီဟာကို တဖွဲ့ချင်းပဲ ထိုးမယ်ဆိုတာ ဖြစ်မြောက်လာတာလား။ အဲဒါဆိုလဲ ဒါကနည်းနည်းကောင်းတယ်လို့ ပြောနိုင်တာပေါ့။ ဒါပေမဲ့ ပိုပြီးတော့ အခါရာကျတဲ့ ပြဿနာက bilateral လက်မှတ်ရေးထိုးပြီးလို့ရှိရင် စစ်နယ်မြေတွေ သတ်မှတ်တဲ့ကိစ္စ။ နောက်ပြီးတော့ စစ်လှုပ်ရှားမှု စည်းမျဉ်းတွေကို အဓိက ကျနော်တို့ မျှော်လင့်ချက်က ဘာလဲဆိုတော့ စစ်ရှိန်လျှော့ချရေး၊ နောက်ပြီးတော့ နှစ်ဘက်တပ်တွေ နေရာတွေ သတ်သတ်မှတ်မတ်၊ စည်းမျဉ်းစည်းကမ်းနဲ့အညီ ချမှတ်နိုင်ရေး။

မေး ။ ။ ကျနော် တခုလွှမ်းခြုံပြီးတော့ သုံးသပ်ချင်တာက အခုတလောမှာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အတော်လေး သဘောထားပျော့ပျောင်းမှုတွေကို ပြလာတယ်လို့ တွေ့ရပါတယ်။ မီဒီယာတွေ အလိုအရ။ ဆိုတော့ သူ့ရဲ့သဘောထား ပျော့ပျောင်းလာတာက နိုင်ငံရေးခြေလှမ်းတခု လှမ်းလာတာလို့လဲ သုံးသပ်စရာ ရှိလာတာပေါ့။ တကယ်လို့ သူကိုယ်တိုင်က အဲဒီလို ဘာရည်မှန်းချက်နဲ့ဖြစ်ဖြစ် အဲဒီလို ပျော့ပျောင်းတဲ့သဘောထား ပြလာတယ်ဆိုရင် ဒီငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ ကောင်းတဲ့အကျိုးသက်ရောက်မှု ဖြစ်မလာနိုင်ဘူးလား။

ဖြေ ။ ။ ကျနော်လည်း အဲဒီကိစ္စကို စဉ်းစားကြည့်ပါတယ်။ အခုတလော တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ လှုပ်ရှားမှုတွေက နည်းနည်းပျော့ပျောင်းတယ်လို့ ကျနော် မြင်ပါတယ်။ သို့သော် ဘယ်အပေါ်မှာ ပျော့ပျောင်းတာလဲ။ ဆိုလိုတာက နိုင်ငံတကာက သူနဲ့ထိပ်တန်း စစ်ခေါင်းဆောင်တွေကို အရေးယူဖို့အတွက် IOC တို့က ဖိအားတွေများလာတဲ့အပေါ်မှာ အဲဒီလှုပ်ရှားမှုတွေ ဖော်ပြတာပါ။ သို့သော် တခြားတဘက်က ဒီနေ့ လွှတ်တော်မှာတင်တဲ့ ၅၉ (စ) ကို တပ်မတော်က တိုးချဲ့တယ်ဆိုတာ အခြေခံအရ သူတို့က အထူးသဖြင့် အန်အယ်လ်ဒီနဲ့ ပတ်သက်ပြီးတော့ ပိုပြီးတော့ ပူးပေါင်းဆောင်ရွက်မှုနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတဲ့ သဘောထားတွေကတော့ သိပ်ရှေ့တိုးပုံမရဘူးလို့ ကျနော် ယူဆပါတယ်။ ဆိုလိုတာက တချို့ဘက်တွေမှာတော့ ပျော့ပျောင်းမှုတွေ တွေ့ပါတယ်။ ဒီမှာလဲ (၂၁) ရက် တိုးချဲ့ပေးတာတို့ ဘာတို့လည်း တွေ့ပါတယ်။

သို့သော်ငြားလဲ အဲဒါက ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် သိပ်လုံလောက်တဲ့ အခြေခံတွေတော့ မဟုတ်သေးဘူး။ အခုရှိနေတဲ့ နိုင်ငံတကာဖိအားတွေနဲ့ ပြည်တွင်းပြဿနာတွေအောက်မှာ ပျော့ပျောင်းလာတယ်လို့ပဲ ကျနော်မြင်ပါတယ်။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် တိုးတက်တဲ့လက္ခဏာလို့ ကျနော် ယူဆပါတယ်။

မေး ။ ။ ဘာကြောင့်လဲဆိုတော့ ဘယ်အကြောင်းကြောင့်ပဲ ပျော့ပျောင်းပျော့ပျောင်း၊ တကယ့်လက်တွေ့မှာ ပျော့ပျောင်းမှု တကယ်ဖြစ်လာရင်တော့ ကြိုဆိုရမယ့်ကိစ္စလို့ ထင်ပါတယ်။

ဖြေ ။ ။ ကျနော်လည်း အဲဒီလိုပဲ မြင်ပါတယ်။ တချို့ဘက်တွေမှာ ပျော့ပျောင်း၊ တချို့ဘက်တွေမှာ ဆက်တင်းမာနေတယ်ဆိုရင်တော့ အနေအထားကတမျိုးပေါ့။ ကျနော်တို့အနေနဲ့ ထပ်ပြီးမျှော်လင့်ရမှာပေါ့။ ဘာပဲဖြစ်ဖြစ် ဘာပဲပျော့ပျောင်းပျော့ပျောင်း ကျနော်တို့က ကြိုဆိုပါတယ်။ သို့သော်ငြားလဲ ကျနော်တို့ ဖြစ်စေချင်တဲ့ အတိုင်းအတာအထိ ရောက်ဖို့ကတော့ ကာလတခုကို စောင့်ကြည့်ရအုံးမယ် ထင်ပါတယ်။ အထူးသဖြင့် ကျနော် ကျိုင်းတုံအစည်းအဝေးကို သိပ်ပြီးတော့ မျှော်လင့်ချက်ထားတယ်ဆိုတာက အဓိက ဒီကိစ္စက အခုဖြစ်နေတဲ့ တိုက်ပွဲတွေရဲ့ အနေအထားက စစ်ဘက်ချင်းတိုက်တဲ့ ပြဿနာထက် လူထုကို ထိခိုက်လာတဲ့၊ လူထုက ပစ်မှတ်ထဲဝင်ရောက်လာတဲ့ အနေအထားမှာ စစ်ရှိန်လျှော့ချဖို့ နှစ်ဘက်လုံးက သဘောတူသင့်တဲ့ အနေအထားတရပ်ကို ကျနော်ကတော့ စောင့်မျှော်နေတာပါ။ အဲဒီအနေအထားအထိတော့ မရောက်သေးဘူးလို့ ကျနော်ထင်ပါတယ်။

မေး ။ ။ နောက်တခုက အေအေတပ်ကို သူတို့ရဲ့ဇာတိ ရခိုင်ဒေသမှာ အခြေချခွင့်ပေးမယ့်ကိစ္စက ဘယ်လောက်အရေးကြီးပါသလဲ။ အဲဒီကိစ္စ မပြေလည်ရင် ဒီဆွေးနွေးပွဲ ရှေ့တိုးနိုင်မယ် ထင်ပါသလား။

ဖြေ ။ ။ ကျနော်ပြောတဲ့ တပ်တွေပြဿနာကို အခိုင်အမာ မပြောသေးလို့ပါ။ အခိုင်အမာပြောရလို့ရှိရင် အဲဒီပြဿနာကို တပ်မတော်က လက်တွေ့ကျကျ၊ အသိအမှတ် မပြုဘူးဆိုရင် ဒီဆွေးနွေးပွဲက ဆက်ပြီးလုပ်ဖြစ်မှာ မဟုတ်ပါဘူး။ အဲဒီတော့ ရခိုင်ပြည်နယ်ဟာ အဖြူရောင်နယ်မြေ ဖြစ်တယ်။ ဒါကြောင့်မို့ သူတို့ကို ကချင်ပြည်နယ်ကို ပြန်ရမယ်၊ ပြန်လွှတ်ရမယ် ဆိုတဲ့ကိစ္စဟာ သဘာဝလည်း မကျဘူး။ လက်တွေ့လည်း မကျဘူး။ အဲဒီကိစ္စမှာ တပ်မတော်က ပျော့ပျောင်းစွာ သဘောထားသင့်တယ်လို့ ကျနော်ထင်တယ်။ အဲဒီကိစ္စမှာ ပျော့ပျောင်းမှု မရှိဘူးဆိုလို့ရှိရင် အခု ဒီဆွေးနွေးပွဲတွေ ဆက်တိုးဖို့က အတော်ခက်ပါလိမ့်မယ်။ အလားတူပါပဲ TNLA ဒေသလည်း အဲဒီလိုပါပဲ။

မေး ။ ။ အေအေကို ကချင်က အစတုန်းကတော့ ကချင်မှာပဲ ပြန်နေရမယ်။ နောက်တော့ ရှမ်းဘက်ကို နေခွင့်ပေးတယ်လို့လဲ တလောကတုန်းက ကြားလိုက်ရပါတယ်။ ဘယ်လောက်ထိရောက်တဲ့ လိုက်လျောမှုလား - တကယ်ကော အဲဒီလိုလိုက်လျောခဲ့သလား။

ဖြေ ။ ။ အဲဒီကိစ္စတော့ ကျနော်က အေအေ က ရှမ်းမြောက်နဲ့ ရည်ရွယ်ချက်အရ၊ သူတို့လက်ရှိ အနေအထားအရရော အဲဒါသဘာဝမကျဘူးလို့ ထင်ပါတယ်။ အဲဒီတော့ အခုက အဖြူရောင်နယ်မြေကော ဟုတ်သေးရဲ့လား။ အခုက ရခိုင်မြောက်ပိုင်းမှာ ရှိနေတဲ့ (၇) မြို့နယ်လုံးမှာ စစ်လှုပ်ရှားမှုတွေက ဖြစ်နေတယ်။ အဲဒီအဖွဲ့တွေအားလုံးကို ရှမ်းမှာသော်လည်းကောင်း၊ ကချင်မှာသော်လည်းကောင်း နေရပ်ပြန်ရမယ်ဆိုတဲ့ ကိစ္စရပ်တွေ လက်တွေ့မကျပါဘူး။ အဲဒီတော့ သူတို့ထိန်းချုပ်နိုင်တဲ့ ဧရိယာ - ဆိုလိုတာက (၇) မြို့နယ်လုံး မဟုတ်တာ၊ ပလက်ဝ တောင်ပိုင်းလောက်မှာ နေရာတချို့ အသိအမှတ်ပြုမယ်ဆိုရင်တော့ အဲဒီလို ပျော့ပျောင်းမှုရှိရင်တော့ အဆင်ပြေနိုင်ပါတယ်။

ဒါပေမဲ့ အခုနပြောတဲ့ ရှမ်းမြောက်လည်း အေအေ လှုပ်ရှားမှုနဲ့ တကယ်တမ်းတော့ ဘာမှမဆိုင်ဘူး။

မေး ။ ။ နောက်တခု မေးချင်တာက ဦးသန်းစိုးနိုင် စောစောက ပြောခဲ့သလိုပဲ နိုင်ငံတကာဖိအားတွေကြောင့် ဘာညာလို့ ပြောတဲ့နေရာမှာ အနောက်နိုင်ငံတွေကတော့ ဖိအားပေးသလို၊ တရုတ်ပြည်ကတော့ တွန်းအားပေးတယ်လို့ပဲ ဆိုရမယ်ထင်ပါတယ်။ ဆိုတော့ တရုတ်ရဲ့ တွန်းအားကရော ဒီတကြိမ်မှာ ပိုပြီးထိရောက်နိုင်ပါလဲ။ အနောက်နိုင်ငံတွေရဲ့ ဖိအားနဲ့ တရုတ်ရဲ့ တွန်းအား - ဘယ်ဟာက ပိုပြီးတော့ မြန်မာနိုင်ငံရေးအခင်းအကျင်းမှာ ပိုပြီးခရီးရောက်စေမယ်လို့ ထင်ပါသလား။

ဖြေ ။ ။ အဲဒါနဲ့ ပတ်သက်လို့ အနောက်တိုင်းနိုင်ငံကကြားတာက ရခိုင်ပြည်နယ်မှာ ARSA, AA တို့ လှုပ်ရှားမှုတွေနဲ့ ပတ်သက်တဲ့ ပြဿနာပါ။ တရုတ်ရဲ့ OBOR အခင်းအကျင်းနဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်းကို အခိုင်အမာ ထူထောင်ရေး - အဲဒီလမ်းကြောင်းဖောက်ရေးကို အဓိက ဦးတည်တာပါ။ အဲဒီတော့ ဗမာပြည်ရဲ့ ငြိမ်းချမ်းရေးပြဿနာကို လက်တွေ့အားဖြင့်ပြောရင် ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ မြောက်ပိုင်းမှာရှိတဲ့ အဖွဲ့အစည်းအားလုံးဟာ တရုတ်ရဲ့ ဖိအားနဲ့ တရုတ်ရဲ့ သဘောထားကို သိပ်ကျော်လွှန်နိုင်တဲ့ အနေအထားမရှိပါဘူး။ အဲဒီတော့ အနောက်နိုင်ငံက ဗမာပြည်အပေါ်ရှိတဲ့ ထိရောက်မှုနဲ့ တရုတ်ရဲ့ ထိရောက်မှုက ပိုလိမ့်စုံတယ် - စီးပွားရေး၊ စစ်ရေး၊ လုံခြုံရေး။ ဒါကတော့ ကျနော်တို့ ခြံစည်းရိုး ဟိုဘက်ဘေး၊ ဒီဘက်ဘေး ဖြစ်နေတဲ့ အိမ်နီးနားချင်း ပြဿနာ ဖြစ်တဲ့အခါကြတော့ သမိုင်းဆိုင်ရာ ပြဿနာတွေလည်း အများကြီး ရှိပါတယ်။ အဲဒီတော့ ဒီပြဿနာတွေဟာ အနောက်တိုင်းက ပါဝင်ပတ်သက်နိုင်တယ်ဆိုတာ ARSA, AA တို့နဲ့ ပတ်သက်ကောင်း ပတ်သက်ပါတယ်။ သို့သော်ငြားလဲ တရုတ်ရဲ့ ပါဝင်ပတ်သက်မှုကတော့ ကျနော်ထင်တယ် တကယ်လို့ မင်းတို့ ဒီ OBOR လမ်းကြောင်းမှာ ဖယ်ကြ၊ မင်းတို့ဟိုဟာလုပ်ကြ၊ မင်းတို့အတွက် ဘာလုပ်ပေးမယ်၊ ညာလုပ်ပေးမယ် ဖိအားတွေ ဒီထက်တဆင့် များလာလို့ရှိရင် အဲဒီအင်အားစုတွေ မလွန်ဆန်နိုင်ဘူးလို့ ကျနော်က ယူဆပါတယ်။

မေး ။ ။ တရုတ်က ဘာဖြစ်လို့ ငြိမ်းချမ်းရေး သဘောတူညီမှုရတဲ့အထိ မတွန်းသလဲ။ တရုတ်ရဲ့ ဖိအားကို အခုန တိုင်းရင်းသားအင်အားစုတွေက မလွန်ဆန်နိုင်သော်လဲပဲ အာဏာပိုင်တွေဘက်က လွန်ဆန်နေလို့များ။ သို့တည်းမဟုတ် တရုတ်ကိုယ်တိုင်က ခရီးဆုံးအထိ ပန်းတိုင်ရောက်တဲ့အထိ တွန်းမပို့တာများဆိုတာကို ပြောပါ။ ဘယ်လိုသဘောရပါလဲ။

ဖြေ ။ ။ အဲဒီသဘောသဘာဝ နှစ်ခုစလုံးလို့ ပြောနိုင်ပါတယ်။ တရုတ်က မင်းတို့ ဒီလှုပ်ရှားမှုတွေ မလုပ်နဲ့။ ဘာညာလို့ ပြောရမယ်ဆိုရင် တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ သူရဲ့ ဆက်ဆံရေးက တလျှောက်လုံး ဒီသဘောထား မရှိခဲ့ပါဘူး။ မရှိတဲ့အတွက် အဲဒီအခြေအနေအထိလဲ သူက တွန်းပို့မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ အခုက သူ့အကျိုးစီးပွားနဲ့ ပတ်သက်လာလို့သာ သူက ပြောတာဖြစ်တယ်။ ဒါပေမဲ့ အဲဒီလို ပြောဆိုလာမှုအပေါ်မှာ လက်တွေ့အားဖြင့် ဘာဖြစ်နေလဲဆိုတော့ တပ်မတော်က တရုတ်ပြည်နဲ့ ပတ်သက်တဲ့ သဘောထားက အရင်ကထက်စာရင် ပိုပြီးတင်းမာလာတယ်။ ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး နေရာကို ရွေးချယ်တဲ့အခါမှာလဲ တရုတ်ပြည်ကို ရွေးချယ်မှုနဲ့ ပတ်သက်ပြီး တပ်မတော်က တော်တော်ခါးခါးသည်းသည်း ဖြစ်လာတယ်။ ဆိုလိုတာကတော့ ဗမာပြည် ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး တရုတ်ရဲ့ ပါဝင်စွက်ဖက်မှုက နည်းနည်းလွန်လာပြီလို့ တပ်မတော်ကလည်း အကဲဖြတ်ပုံရပါတယ်။ တစုံတရာ ဟန့်တားလိုတဲ့ သဘောလက္ခဏာတွေ တွေ့လာရပါတယ်။ ဒါက အခုလက်ရှိ ဆက်ဆံရေးနဲ့ ပတ်သက်လို့ ကျနော် နောက်ဆုံးသိတဲ့ အနေအထားပါ။