မြန်မာ့ပြဿနာများ နှင့် တရုတ်အခန်းကဏ္ဍ (အပိုင်း ၁)

Myanmar State Counsellor Aung San Suu Kyi (L) shakes hands with Chinese President Xi (MOI)

Your browser doesn’t support HTML5

မြန်မာ့ပြဿနာများ နှင့် တရုတ်အခန်းကဏ္ဍ (အပိုင်း ၁)

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာဆွေးနွေးခန်းမှာ မြန်မာနိုင်ငံဟာ အိမ်နီးချင်းအင်အားကြီး တရုတ်နိုင်ငံနဲ့ ကင်းကင်းရှင်းရှင်း နေနိုင်ဖို့ မဖြစ်နိုင်သလို၊ တရုတ်တို့အတွက်လည်း မြန်မာနိုင်ငံဟာ စီးပွားရေး နဲ့ မဟာဗျူဟာအရ အချက်အခြာကျတဲ့ နိုင်ငံတနိုင်ငံ ဖြစ်ပါတယ်။ အခု စနစ်ပြောင်းခေတ်ပြောင်းချိန်မှာ မြန်မာနိုင်ငံကြုံနေရတဲ့ ပြဿနာတွေ၊ စိမ်ခေါ်မှုတွေကလည်း တရုတ်အကျိုးစီးပွားနဲ့ ဆက်စပ်နေပါတယ်။ ဒီပြဿနာတွေ ပြေလည်ရေးမှာ တရုတ်နိုင်ငံရဲ့အခန်းကဏ္ဍ က ဘယ်လိုရှိပါသလဲ။ အမေရိကန် အခြေစိုက် မူဝါဒလေ့လာရေးအဖွဲ့တခုဖြစ်တဲ့ Stimson Center က တရုတ်ရေးရာ ညွှန်ကြားရေးမှူး Yun Sun နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

မေး ။ ။ အခု ရခိုင်ပြည်နယ်မှာ တရုတ်ရဲ့ ရင်းနှီးမြှုပ်နံှမှုတွေ၊ စီးပွားရေး လုပ်ငန်းတွေဟာ တော်တော်များများ ရှိနေပါတယ်။ ရခိုင်ဒေသဟာ တနည်းအားဖြင့် တရုတ်နိုင်ငံအတွက် အတော်လေး အရေးကြီးတဲ့ ဒေသတခု ဖြစ်ပါတယ်။ အဲဒီဒေသမှာ အခုအခါ မတည်မငြိမ်မှုတွေ၊ ပြဿနာတွေ အများကြီး ဖြစ်နေတော့ ဒီဒေသ တည်ငြိမ်အေးချမ်းဖို့အတွက် တရုတ်ဘက်က ဘာတွေများ လုပ်ပေးနေပါသလဲ။ အကြမ်းမျဉ်း ပြောပါ။

ဖြေ ။ ။ ရခိုင်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် တရုတ်ဘက်က လုပ်ပေးတာ (၃) ခု ရှိတာကို တွေ့ရပါတယ်။ ပထမတခုက ရခိုင်ပြဿနာမှာ အိုးအိမ်စွန့်ခွါရသူတွေ၊ ဒုက္ခသည်တွေကို ကူညီဖို့အတွက် စာနာမှု အထောက်အပံ့တွေ မြန်မာအစိုးရနဲ့ မြန်မာအရပ်ဘက် အဖွဲ့အစည်းတွေကို ပေးပါတယ်။ ဒုတိယအချက်အနေနဲ့ နိုင်ငံရေးအရ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ကြားမှာ စေ့စပ်ညှိနှိုင်းပေးတယ်လို့ ဆိုပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးအတွက် ဖြစ်ပါတယ်။ တတိယအချက်အနေနဲ့တော့ ပြည်တွင်းမှာ ဖြစ်ပါတယ်။ မြန်မာစစ်တပ်အနေနဲ့ ရခိုင်ပြည်နယ်မှာ သူတို့ရဲ့ လုပ်ရပ်တွေကို အရှိန်အဟုန်လျှော့ဖို့၊ သက်သက်သာသာလုပ်ဖို့ ဖြောင့်ဖျတယ်လို့ ထင်ပါတယ်။

မေး ။ ။ အဓိက (၃) ချက်ပေါ့ - အိုးအိမ်စွန့်ခွါသူတွေအတွက် စာနာမှု အကူအညီပေးတယ်။ နောက်တခုကတော့ ဒုက္ခသည်များ ပြန်နိုင်ရေးအတွက် နှစ်နိုင်ငံကြားမှာ ညှိနှိုင်းပေးတယ်။ နောက် စစ်တပ်ကို လုပ်ရပ်တွေ မပြင်းထန်ဖို့ ထိန်းသိမ်းပေးတယ်။ ဆိုတော့ ဒီ (၃) ချက်မှာ ဘယ်လောက်အထိ ထိရောက်သလဲ။ အောင်မြင်မှု ဘယ်လောက်ရှိသလဲဆိုတာကို ကြည့်ရအောင်ပါ။ ပထမဦးဆုံးအချက်ကို အရင်ပြောပါ။ စာနာမှု အထောက်အပံ့ပေးတဲ့ ကိစ္စပါ။ အဲဒါဟာ ဘယ်လောက်အထိ ထိရောက်ပါသလဲ။ ဘယ်လောက်အထိ အောင်မြင်ပါသလဲ။

ဖြေ ။ ။ တရုတ်ရဲ့ လုပ်ရပ် အောင်မြင်တယ်၊ မအောင်မြင်ဘူးဆိုတာ တန်းဖိုးဖြတ်ဖို့ဆိုရင် အောင်မြင်မှုကို ဘယ်လိုတိုင်းတာသလဲဆိုတဲ့ စံ Criteria ကို အရင်သတ်မှတ်ရပါလိမ့်မယ်။ အခုကိစ္စ သုံးရပ်လုံးမှာ ဒီလိုမျိုး စံ သတ်မှတ်ဖို့ သိပ်ကိုခက်ပါတယ်။ ပထမ စာနာမှု အထောက်အပံ့မှာဆိုရင် အထောက်အပံ့တွေ ပို့သလားဆိုရင် ပို့ပါတယ်။ ဒုက္ခသည်တွေ လက်ထဲရောက်သလားဆိုရင် တချို့တဝက် ရောက်ပါတယ်။ ဒါကို အောင်မြင်တယ်လို့ ခေါ်လို့ရသလား။ တကယ်လို့ ပြဿနာ ပြေလည်မှုကို စံအဖြစ်နဲ့ သတ်မှတ်ကြမယ်ဆိုရင်တော့ ဒီပြဿနာက အခုထိ မပြေလည်သေးဘူး။ ဒီတော့ ဒီပြဿနာကို ပြေလည်မှုရအောင်လို့ ဘယ်နိုင်ငံ ဘယ်အဖွဲ့အစည်းမှလဲ မဆောင်ရွက်နိုင်သေးဘူးလို့ ဆိုရမှာပါ။

မေး ။ ။ ဒုတိယကိစ္စဖြစ်တဲ့ ဒုက္ခသည်တွေ ပြန်လာရေးအတွက် ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ နှစ်နိုင်ငံကြားမှာ တရုတ်က ကြားဝင်ဖျန်ဖြေပေးတယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်လို့။

ဖြေ ။ ။ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ကြားမှာ ရိုဟင်ဂျာတွေ ပြန်လာဖို့အတွက် သဘောတူညီချက် MOU လက်မှတ် ရေးထိုးကြပါတယ်။ အဲဒီ သဘောတူညီချက်က နိုင်ငံရေးအရ သဘောတူညီချက်ပါ။ ဒီသဘောတူညီချက်ကို ဘယ်လိုမျိုး လက်တွေ့အကောင်အထည်ဖော်မလဲ ဆိုတာကို ကြည့်ရအုံးမှာပါ။ ဥပမာအားဖြင့် ရိုဟင်ဂျာ ဒုက္ခသည်တွေက မြန်မာ့တပ်မတော်ရဲ့ နှိပ်ကွပ်မှုကိုကြောက်လို့ ဘယ်သူမှ ပြန်မသွားချင်ကြပါဘူး။ ဆိုတော့ ဒီအခြေအနေမှာ ဒီသဘောတူညီချက်ကို အောင်မြင်တယ်လို့ ပြောလို့ရမလား။ ဆုံးရှုံးတယ်လို့ ပြောရမလား။ ဒီနေရာမှာ တရုတ်ရဲ့ အခန်းကဏ္ဍကို ကြည့်မယ်ဆိုရင် မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီမှုအတွက် တရုတ် ကူညီခဲ့တယ်။ ဒါပေမဲ့လဲ ဒီသဘောတူညီမှု ရရှိစေတဲ့ တခြားအကြောင်းအရင်းတွေလည်း ရှိပါတယ်။ ဒါကြောင့် တရုတ် မစေ့စပ်ပေးလဲ နှစ်နိုင်ငံကြားမှာ သဘောတူညီမှု ရနိုင်တယ်လို့လဲ ပြောစရာရှိပါတယ်။

မေး ။ ။ Yun Sun ပြောတဲ့ သုံးချက်ထဲမှာ နောက်ဆုံးအချက်နဲ့ အရေးကြီးဆုံးအချက်ကတော့ တပ်မတော်ရဲ့ အလွန်အကျွံ လုပ်ရပ်တွေကို ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့အတွက် ဆွဲဆောင်တဲ့အချက်လို့ ထင်ပါတယ်။ ဒီကိစ္စမှာ တရုတ်က ဘယ်လောက် အောင်မြင်မှု ရှိပါသလဲ။

ဖြေ ။ ။ ဒီနေရာမှာဆိုရင်လဲ အောင်မြင်မှုဆိုတဲ့ ကိစ္စ ဘယ်လိုအဓိပ္ပါယ် ဖွင့်မလဲဆိုတဲ့ပေါ်မှာ မူတည်နေတယ်လို့ပဲ ထင်ပါတယ်။ ရခိုင်ပြည်က စစ်တပ်ရဲ့ လုပ်ရပ်တွေအားလုံးကို ရပ်ဆိုင်းပြစ်မှ အောင်မြင်တယ်လို့ ခေါ်မလားဆိုတာပါပဲ။ တပ်မတော်ရဲ့ လုပ်ရပ်ကို ရပ်ဆိုင်းပြစ်ဖို့ တရုတ်က ဖိအားပေးတယ်လို့တော့ ထင်ပါတယ်။

မေး ။ ။ စံသတ်မှတ်မှုက အရေးကြီးတယ်။ Criteria က အဓိက သတ်မှတ်ရမယ်။ ဘာကိုအောင်မြင်တယ် ခေါ်မလဲ။ ဘာကို မအောင်မြင်ဘူးလို့ ခေါ်မလဲဆိုတာနဲ့ ပတ်သက်ပြီးတော့။ ဆိုတော့ ကျနော်က စံ ကို ဒီလိုသတ်မှတ်ချင်ပါတယ်။ ဆိုကြပါစို့ … တရုတ်က မြန်မာနိုင်ငံမှာ ရခိုင်ပြည်ထဲမှာ စီးပွားရေးလုပ်မယ်၊ ရင်းနှီးမြုပ်နံှမှုတွေလုပ်ဖို့ အဓိကက တည်ငြိမ်မှုနဲ့ အေးချမ်းမှု ဖြစ်ပါတယ်။ ဆိုတော့ သူတို့ ရင်းနှီးမြှုပ်နံှမှု လုပ်နိုင်လောက်အောင် တည်ငြိမ်အေးချမ်းမှု ရှိပြီလား။ မရှိသေးဘူးလားနဲ့ စံသတ်မှတ်ပြီး မေးချင်ပါတယ်။ ဆိုတော့ ဒီရှုထောင့်က ကြည့်မယ်ဆိုရင်ကော ဘယ်လောက်အထိ အောင်မြင်ပြီလို့ ပြောနိုင်ပါလဲ။

ဖြေ ။ ။ ဒီရခိုင်ပြည်နယ်မှာ တရုတ်စီးပွားရေး၊ တရုတ်ရဲ့ ရင်းနှီးမြှုပ်နံှမှုတွေက အဓိကအားဖြင့် တောင်ပိုင်းကမ်းရိုးတန်းဒေသဘက်မှာ ဖြစ်တယ်လို့ ပြောချင်ပါတယ်။ ဒီတော့ ရခိုင်မြောက်ဖျားက မြို့နယ်နှစ်ခုမှာ အခြေမပြုပါဘူး။ ဒါကြောင့်မို့ ရိုဟင်ဂျာ ပြဿနာမှာ စစ်တပ်ရဲ့ လုပ်ရပ်တွေက လူမှုဒုက္ခ ပြဿနာကြီးတရပ် ဖြစ်ပေမယ့်လဲ၊ ရခိုင်ဒေသက တရုတ်ရင်းနှီးမြှုပ်နံှမှုတွေနဲ့ တိုက်ရိုက်မပတ်သက်ဘူးလို့ တရုတ်တို့က ပြောနိုင်ပါတယ်။ ဒါလဲ မှန်ပါတယ်။ ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို ကြည့်ပါ။ တရုတ်-မြန်မာ ရေနံနဲ့ သဘာဝဓါတ်ငွေ့ပိုက်လိုင်းကလည်း မောင်းတောကို ဖြတ်သွားမှာ မဟုတ်ပါဘူး။

မေး ။ ။ အဲဒီလိုဆိုတော့ ဘူးသီးတောင်၊ မောင်းတောမှာ ဘာပဲဖြစ်နေဖြစ်နေ တရုတ်အနေနဲ့ သူတို့ရဲ့ လုပ်စရာရှိတာကို ဆက်ပြီးတော့ လုပ်သွားမယ်ဆိုတဲ့ သဘောဖြစ်နေတာပေါ့။

ဖြေ ။ ။ ဟုတ်ပါတယ် ကျောက်ဖြူမှာ တရုတ်စီမံကိန်းတွေ ဆက်လုပ်မယ့်ကိစ္စက ရိုဟင်ဂျာ ပြဿနာနဲ့ ဘာမှမဆိုင်ပါဘူး။

မေး ။ ။ ဒါပေမဲ့ ကျောက်ဖြူက တရုတ်စီမံကိန်းတွေကိုလည်း အခုထိ မစနိုင်သေးဘူး မဟုတ်လား။ ထိထိရောက်ရောက် လုပ်နေတာ မတွေ့ရသေးပါဘူး။

ဖြေ ။ ။ ၂၀၁၅ နှောင်းပိုင်း သဘောတူညီချက် ရပြီးကတည်းက အခုအချိန်အထိ ကျောက်ဖြူဖွံ့ဖြိုးရေး စီမံကိန်း မစရသေးပါဘူး။ ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန် ဘာမှ မစရသေးပါဘူး။ ဆိုတော့ ရှင် ပြောမယ်ဆိုလဲ ပြောနိုင်ပါတယ်။ ရိုဟင်ဂျာ ပြဿနာက ပိုပြီးပြင်းထန်လာပြီးတော့ တောင်ပိုင်းအထိ ပျံ့သွားမယ်။ ရခိုင်ပြည်နယ်တခုလုံး ဖြစ်လာမယ်ဆိုရင်တော့ တရုတ် ရင်းနှီးမြှုပ်နံှမှုကို ထိခိုက်လာဖို့ ရှိပါတယ်။ ဒါပေမဲ့လဲ လောလောဆယ်မှာတော့ ရခိုင်မြောက်ပိုင်း ပြဿနာက တရုတ်ကို တိုက်ရိုက်မထိခိုက်နိုင်သေးပါဘူး။

မေး ။ ။ ဒီနေရာမှာ တရုတ်က မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ကြား စေ့စပ်ညှိနှိုင်းဆွေးနွေးပေးတယ် ဆိုတဲ့ကိစ္စကို နည်းနည်းပြန်ကောက်ချင်ပါတယ်။ အနောက်နိုင်ငံတွေကတော့ ဒီဒုက္ခသည်အရေးမှာ ဒုက္ခသည်တွေကို လက်ခံထားတဲ့ ဘင်္ဂလားဒေ့ရှ်ဘက်ကို ပိုပြီးစာနာတဲ့သဘော ပြသကြပါတယ်။ တရုတ်အနေနဲ့ ဒီနှစ်နိုင်ငံကြားမှာ ယိမ်းယိုင်းဘက်လိုက်မှု မရှိဘဲ တည့်တည့်မတ်မတ် ကြားနေ နေတယ်လို့ ထင်ပါသလား။

ဖြေ ။ ။ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြားမှာ တရုတ်က ဘက်လိုက်တယ်လို့ ကျမ မထင်ပါဘူး။ ကြိုတင်တိမ်ညွှတ်မှု တစုံတရာရှိတယ်လို့ မထင်ပါဘူး။ ရိုဟင်ဂျာပြဿနာ ကိုင်တွယ်မှုနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံက နိုင်ငံတကာရဲ့ ပြင်းထန်တဲ့ ရှုတ်ချမှု ခံနေရတဲ့အချိန်မှာ တရုတ်က နိုင်ငံရေးအရ အကာအကွယ်ပေးတာ၊ နိုင်ငံရေးအရ ထောက်ခံမှု ပေးနေတဲ့ နိုင်ငံတခု ဖြစ်ပါတယ်။ မြန်မာအစိုးရ အခက်အခဲ ကြုံတိုင်းမှာ တရုတ်က ကာကွယ်ထောက်ခံပေးပါတယ်။ တခြားတဘက်မှာဆိုရင်တော့ ဘင်္ဂလားဒေ့ရှ်နဲ့ တရုတ်ကြားမှာ ဘာပြဿနာမှ ကြီးကြီးမားမား မရှိပါဘူး။ ဒါကြောင့်မို့ မြန်မာ-ဘင်္ဂလားဒေ့ရှ်ကြားမှာ တရုတ်ဘက်လိုက်စရာအကြောင်း မရှိပါဘူး။

မေး ။ ။ တချိန်တည်းမှာ ဘင်္ဂလားဒေ့ရှ်က တရုတ်နိုင်ငံ ဦးဆောင်လုပ်နေတဲ့ One Belt One Road ခါးပတ်လမ်းမကြီးကိုလည်း ဘင်္ဂလားဒေ့ရှ်က တက်တက်ကြွကြွ ထောက်ခံထားတယ် မဟုတ်လား။

ဖြေ ။ ။ ဟုတ်လဲဟုတ်တယ်။ မဟုတ်လဲ မဟုတ်ပါဘူး။ အိန္ဒိယကလွဲလို့ တောင်အာရှနိုင်ငံတွေကို ကြည့်လိုက်မယ်ဆိုရင် ဒီနိုင်ငံတွေအားလုံးက တရုတ်ရဲ့ One Belt One Road Initiative လို့ခေါ်တဲ့ ခါးပတ်လမ်းမကြီး စီမံကိန်းမှာ ပါဝင်ကြဖို့ သဘောတူညီကြတာပါ။ ဒါပေမဲ့လဲ တကယ့်သဘောတူညီချက်တွေအတွက် လက်မှတ်ရေးထိုးတဲ့နေရာမှာတော့ အိန္ဒိယနိုင်ငံရဲ့ ကန့်ကွက်မှုကြောင့် တောင်အာရှနိုင်ငံတွေဘက်က တွေဝေမှုတွေ ရှိနေခဲ့ပါတယ်။

မေး ။ ။ ဒီနေရာမှာ ကျနော် နည်းနည်းရှင်းပြပါရစေ။ ကျနော် ဒီနေ့ဆွေးနွေးတဲ့ ဆွေးနွေးခန်းက မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေပေါ်မှာ တရုတ်ရဲ့ အခန်းကဏ္ဍကို လွှမ်းခြုံပြီး ဆွေးနွေးချင်တာပါ။ အခု ရခိုင်ပြဿနာကို ဆွေးနွေးပြီးတော့ မြန်မာနိုင်ငံမှာ တိုင်းရင်းသားအင်အားစုတွေနဲ့ ငြိမ်းချမ်းရေး တည်ဆောက်တဲ့နေရာမှာ တရုတ်ရဲ့ အခန်းကဏ္ဍကို ဆက်ပြီးတော့ မေးချင်ပါတယ်။ အထူးသဖြင့် မြန်မာအစိုးရနဲ့ တရုတ်နယ်စပ်က တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေရဲ့ ငြိမ်းချမ်းရေး တည်ဆောက်တဲ့ကိစ္စမှာ တရုတ်ရဲ့ အရေးပါမှုက ဘယ်လောက်အထိ ထိရောက်မှု ရှိပါသလဲ။ တရုတ်ရဲ့ အခန်းကဏ္ဍက ဘယ်လောက်အထိ အရေးကြီးပါသလဲ။

ဖြေ ။ ။ တရုတ်အစိုးရ၊ ဒါမှမဟုတ် တရုတ်နိုင်ငံခြားရေးဌာနရဲ့ အာရှရေးရာ အထူးသံတမန် ဆန်ဂိုဆောင် က မြန်မာမြောက်ပိုင်း တိုင်းရင်းသားတွေဆီကို မကြာခဏ သွားရောက်ပါတယ်။ မြန်မာအစိုးရနဲ့ ဒီတိုင်းရင်းသားတွေကြားမှာ တွေ့ဆုံဆွေးနွေးရေးကို တွန်းအားပေးဖို့။ မြန်မာအစိုးရနဲ့ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့အတွက် ဖြစ်ပါတယ်။

မေး ။ ။ ဒါပေမဲ့ အခုလောလောဆယ် အခြေအနေအထိကတော့ အခြေအနေ သိသိသာသာ တိုးတက်လာတာ တစုံတရာ မတွေ့ရပါဘူး။ ရှေ့ကိုရွေ့တာ မတွေ့ရပါဘူး။ ဒီအတွက် တရုတ်အနေနဲ့ ပိုအားစိုက်ပြီး ဆောင်ရွက်နိုင်တဲ့ အခြေအနေ၊ တွန်းအားပေးနိုင်တဲ့ အခြေအနေတွေ မရှိဘူးလား။

ဖြေ ။ ။ ဘယ်အခြေအနေရောက်အောင် တွန်းရမှာလဲဆိုတာ ရှိပါတယ်။ တိုင်းရင်းသားအင်အားစုတွေကို လက်နက်ချအောင်လို့ ဖိအားပေးရမလား။ ဒါမှမဟုတ် မြန်မာအစိုးရက ဒီတိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး ရအောင်လို့ တကယ်လုပ်ဆောင်နိုင်တဲ့ စွမ်းရည်ကော ရှိမလား။ သူတို့က သဘောတူညီမှု လက်မှတ်ထိုးရင် အဲဒီသဘောတူညီချက်ကို စစ်တပ်လိုက်နာအောင် လုပ်နိုင်ပါ့မလား။ ကျမ အထင်ဆိုရင်တော့ မြန်မာအစိုးရနဲ့ မြန်မာစစ်တပ်တို့အနေနဲ့ သိပ်ပြီးတော့ မျှော်လင့်ချက် ကင်းမဲ့နေပါတယ်။ အဲဒီသဘောတူညီချက် ရရှိဖို့လဲ အလားအလာ မရှိသလောက်ပါပဲ။ ဒီတော့ ဒီလိုအခြေအနေမှာ တိုင်းရင်းသားအင်အားစုတွေဘက်က သဘောတူညီလာအောင်လို့ အလျှော့ပေး၊ အောက်ကျို့လာအောင်လို့ တရုတ်ဘက်က တာဝန်ယူစေမယ်ဆိုတဲ့ ကိစ္စက သိပ်ပြီးတော့ မျှမျှတတရှိတဲ့ ကိစ္စတော့ မဟုတ်ဘူးလို့ ထင်ပါတယ်။