လက်ပူတိုက် ငြိမ်းချမ်းရေး မဖြစ်စေဖို့

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ အစီအစဉ်မှာ မကြာခင်က ရရှိလိုက်တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကနေ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဖြစ်ထွန်းလာနိုင်ပါ့မလားဆိုတာ လူအတော်များများ သံသယ ရှိကြတာကို တွေ့ရပါတယ်။ တကယ့်အလားအလာ ဘယ်လို ဖြစ်လာနိုင်ပါသလဲ လက်ပူတိုက် ငြိမ်းချမ်းရေး မဖြစ်ရလေအောင် ဘယ်လိုလုပ်သင့်ပါသလဲ။ ညီညွတ်သော တိုင်းရင်းသားများ မဟာမိတ်အဖွဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးစိုင်းညွန့်လွင်နဲ့ မြန်မာငြိမ်းချမ်းရေးစင်တာ (Myanmar Peace Center) အဖွဲ့ဝင် ဒေါက်တာ အင်ဒရူး ငွန်ကျုံးလျန် ("Andrew" Ngun Cung Lian) တို့နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ မကြာသေးခင်မှာ မြန်မာနိုင်ငံမှာ အပစ်အခတ်ရပ်စဲဖို့ အရေးကြီးတဲ့ သဘောတူညီမှုတခု ရတယ်လို့ သိရပါတယ်။ ဒီ သဘောတူညီချက်ဟာ ဘယ်လောက် စစ်မှန်သလဲ။ အမှန်တကယ် တိုင်းရင်းသားတွေ မျှော်မှန်းတဲ့ ငြိမ်းချမ်းရေးကို ရနိုင်တဲ့ အလားအလာ ရှိသလား။ သို့တည်းမဟုတ် မှားယွင်းသော မျှော်လင့်ချက်များ (False Hope) များ ဖြစ်နေသလားဆိုတာကို ဆန်းစစ်ချင်ပါတယ်။ ပထမဦးဆုံး ဒေါက်တာအင်ဒရူး … ဒီသဘောတူညီချက်က ဘယ်လောက်အထိ ခိုင်မာစိတ်ချရသလဲဆိုတာကို အကျဉ်းရုံး ပြောပြပါလား။

ဒေါက်တာ အင်ဒရူး ။ ။ တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲမှု မူကြမ်းအပေါ် သဘောတူညီချက်ဆိုတာ ကျနော်တို့သမိုင်းမှာ မရှိခဲ့ဘူးတဲ့ အရာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရင်ရှေ့အဆက်ဆက်က အစိုးရလက်ထက်မှာ တဖွဲ့ချင်းနဲ့ ဆွေးနွေးလာခဲ့တယ်။ ဒါပေမဲ့ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်မှာ (၁၆) ဖွဲ့ကို ဘောင်ခတ်ပြီးတော့ ဆွေးနွေးလာပြီးတော့ အခုနပြောတဲ့ NCA (Nationwide Ceasefire Agreement) ကို လက်မှတ်ရေးထိုးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ကျနော့်အမြင်မှာတော့ သဘောတူညီချက် လက်မှတ် ရေးထိုးလိုက်တာနဲ့ အကုန် လုံးက ပြည့်စုံတာ မဟုတ်ပါဘူး။ အဲဒီပြည့်စုံအောင်လို့ ကျနော်တို့စပြီး စကားပြောကြစို့ဆိုတဲ့ အနေအထားတခုကို ဖန်တီးလိုက်နိုင်တဲ့အတွက် ဒီ NCA ဆိုတာ ကျနော်တို့ မြန်မာနိုင်ငံအတွက် အနာဂတ်မှာ အကောင်းဆုံးသော သမ္မတကြီး ပြောသလို ငြိမ်းချမ်းရေး ဆွေးနွေးရေး လမ်းကြောင်းကို ရောက်နိုင်ဖို့ တံခါးဖွင့်ပါတယ်ဆိုတဲ့ ပြောဆိုချက်ကို အဲဒီလိုပဲ ရှုမြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဦးစိုင်းညွန့်လွင်ကို မေးချင်ပါတယ်။ စည်းလုံးညီညွှတ်သော တိုင်းရင်းသားမဟာမိတ်အဖွဲ့ရဲ့ ခေါင်းဆောင်တဦးအနေနဲ့ ဘယ်လို သုံးသပ်လိုပါလဲ။ ဒီသဘောတူညီချက်ကို။

ဦးစိုင်းညွန့်လွင် ။ ။ ကျနော်တို့အနေနဲ့ ဒါကို ကြိုဆိုရမှာပါ။ အင်ဒရူး ပြောသလိုပါပဲ တံခါးဖွင့်တဲ့ အခြေအနေတော့ ရောက်သွားပြီ။ သို့သော် ရာနှုန်းပြည့်တော့ စိတ်ချရတဲ့ အနေအထားမျိုး မရှိသေးပါဘူး။ လက်မှတ်မထိုးခင်မှာ အချိန်မရွေး တဘက်ဖက်က အမှားအယွင်းတခုခု ပြုမိခဲ့လို့ရှိရင် ပျက်သွားနိုင်တဲ့ အနေအထားရှိတယ်။ ဒီလို အခြေအနေကောင်းကြီး ရခဲ့တဲ့ဟာကို ဆက်လက်သယ်ဆောင်သွားဖို့ လိုပါတယ်။ အပြီးသတ် ဆွေးနွေးပွဲရမှ တပြည်လုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုတာ ကြေညာတယ်ဆိုရင် ပိုမှန်ပါတယ်။ အခုဆိုရင် တချို့နေရာတွေမှာ ပစ်ခတ်တိုက်ခိုက်မှုတွေက ရှိနေတုန်းပဲ။

ဦးကျော်ဇံသာ ။ ။ အခု ရရှိတဲ့ သဘောတူညီမှုနဲ့ ပတ်သက်ပြီး အခြေခံ ကွဲလွဲမှုတခု အစဉ်အလာအားဖြင့် လူတိုင်းစိတ်ထဲမှာ စွဲမြဲနေတာက တိုင်းရင်းသားတွေ လိုချင်တဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို မြန်မာနိုင်ငံအစိုးရဘက်က သဘောထား တင်းမာသူ တချို့။ အထူးသဖြင့် တပ်မတော်ပိုင်းက တချို့က သိပ်သဘောမတူဘူး။ ဘဝင်မကျဘူး။ မယုံကြည်ဘူး။ ဒါပေးလိုက်ရင် ပြည်ထောင်စု ပြိုကွဲမယ်ဆိုတဲ့စိတ် ရှိနေတယ်လို့ ယူဆခဲ့ကြပါတယ်။ ဒီကိစ္စ ဘယ်လောက်အထိ ပွင့်လင်းသွားကြပြီလဲ။ ဒီကိစ္စကို ဆက်လက်ဆွေးနွေးဖို့ လမ်းပွင့်သွားတာလား။ ဒီကိစ္စကို လက်ခံတဲ့အဆင့် ရောက်သွားပြီလား။

ဒေါက်တာ အင်ဒရူး ။ ။ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုတာ ၁၉၆၂ ကနေ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ စတင်တဲ့အချိန်အထိ ပြောလို့ဆိုလို့ မရတဲ့ကိစ္စ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနောက်ပိုင်းမှာက ဘာဖြစ်လဲဆို သမ္မတကြီးကိုယ်တိုင်က ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုကို တည်ထောင်မယ်ဆိုတဲ့ကိစ္စမှာ တပ်မတော်ဘက်ကလည်း အပြည့်အဝ ထောက်ခံလာတယ်။ ကျနော်တို့ အစည်းအဝေး တပ်မတော်နဲ့တွဲပြီး လုပ်တဲ့အချိန်မှာ ဘယ်တော့မှ ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုကို ကန့်ကွက်တယ်။ မလိုလားဘူး။ ဒါ ပြည်ထောင်စု ပြိုကွဲရေးဆိုတဲ့ဟာ မပြောပါဘူး။ အဲဒီတော့ ကျနော်တို့က ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စု တည်ထောင်ဖို့က ဒီ အပစ်အခတ်ရပ်စဲရေး စာချုပ် NCA မှာ သဘောတူပြီးပါပြီ။ ဒါပေမဲ့ အကောင်အထည်ဖော်တဲ့ အပိုင်းကတော့ (၁၀) နှစ်ကြာရင်ကြာမယ်။ အနှစ် (၂၀) ကြာရင်ကြာမယ်။ ဘာဖြစ်လို့လဲဆိုရင် ကျနော်တို့အားလုံးက တည်ဆောက်ရမယ့်စနစ် ဖြစ်လို့ပါ။

ဦးကျော်ဇံသာ ။ ။ ဒီကိစ္စနဲ့ ပတ်သက်လို့ ဦးစိုင်းညွန့်လွင်ရဲ့ သဘောထားကိုလည်း သိချင်ပါတယ်။ အစိုးရဘက်က ဒါကို ယုံကြည်ပြီဆိုတာ တကယ်ပဲ စစ်မှန်တဲ့ ယုံကြည်မှုလို့ ထင်ပါသလား။

ဦးစိုင်းညွှန့်လွင် ။ ။ အစိုးရဘက်က ဒီဟာကိုဖြစ်အောင် အလေးအနက်ထားပြီး လုပ်နေတယ်ဆိုတာကို ကျနော် တော်တော်လေး ယုံကြည် ပါတယ်။ သို့သော်လည်း နိုင်ငံရေးသဘောတူညီမှုရတဲ့ အချိန်အထိကို သွားဖို့ကတော့ နည်းနည်းတော့ သံသယရှိသေးတယ်။ အများကြီး ဆွေးနွေးရအုံးမှာဖြစ်တယ်။ အခု NCA မူကြမ်းမှာ တချို့ကိစ္စတွေက မကျော်လွှာနိုင်ဘူး။ ဒါကို မူဘောင်ရေးတဲ့ အချိန်မှ ဆွေးနွေးမယ်။ ဒါမှမဟုတ် နိုင်ငံရေးတွေ့ဆုံဆွေးနွေးတဲ့အချိန်မှ ဆွေးနွေးမယ်ဆိုပြီး ကျော်လွှားသွားတယ်။ ကျော်လွှားတဲ့ကိစ္စတွေက တကယ့်နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲတွေမှာ လာပြီးတော့ အခက်အခဲ ဖြစ်နိုင်တယ်။ အဲဒီအချိန်ကြရင် ကျနော်တို့ ဆွေးနွေးဘက်တွေက ဘယ်လောက်အထိ ရင့်ကျက်မှု ရှိသလဲ။ ဘယ်လောက်အထိ တိုင်းပြည်အပေါ်မှာ စေတနာ ရှိသလဲ။ ဒီအပေါ်မှာ အများကြီး မူတည်သွားပါပြီ။

ဦးကျော်ဇံသာ ။ ။ ကျနော်လည်း အဲဒါကို ပြောချင်ပါတယ်။ အခု ရွေးကောက်ပွဲ နီးကပ်လာတဲ့အချိန်မှာ ဒါလုပ်ပေးလိုက်ခြင်းအားဖြင့် အာဏာလက်ရှိ အင်အားစုဘက်က အရေးသာသွားတာပေါ့။ ဘာပဲဖြစ်ဖြစ် ဒါကို လုပ်ပေးနိုင်တယ်ဆိုတာ။ ဒီလိုကြောင့် လုပ်တယ်ဆိုတာ မပြေးသော်လည်း ကန်ရာရှိ။ အဲဒီလို လက်ပူတိုက်ပြီးတော့ လုပ်လိုက်တဲ့အတွက်ကြောင့် အရေးကြီးတာကို သဘောတူညီမှု မရဘဲနဲ့ နောက်ဆွေးနွေးမယ်ဆိုပြီ ပစ်ထားလိုက်တာလား။ တကယ်တမ်းကော နောက်ကို ဆွေးနွေးပွဲနဲ့ အဖြေရှာနိုင်မလား။ လက်နက်ကိုင်ပဋိပက္ခဆီကို ပြန်မရောက်သွားနိုင်တော့ဘူးလားဆိုတာ အရေးကြီးတယ်လို့ ထင်ပါတယ်။ ဒေါက်တာ အင်ရူး သဘောကို ပြောပါ။

ဒေါက်တာ အင်ဒရူး ။ ။ နံပါတ်တစ်အချက်က အပစ်အခတ်ရပ်စဲဖို့ လိုပါတယ်။ အပစ်အခတ်ရပ်စဲပြီးမှ နိုင်ငံရေးစားပွဲဝိုင်းမှာ အမြင်မတူတဲ့ ဖက်ဒရယ်ကိစ္စနဲ့ ပတ်သက်ပြီးတော့ အစိုးရဘက်ကအမြင်၊ တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်ဘက်ကအမြင်၊ ကျန်တဲ့အုပ်စု အဖွဲ့အစည်းတွေ အမြင်တွေအားလုံးကို ဆွေးနွေးပြီးတော့ အဖြေရှာရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလို အဖြေရှာနိုင်ဖို့ အခင်းအကျင်းတခုကို ကျနော်တို့ လွတ်လပ်ရေးရပြီးတဲ့အချိန်ကနေ ဒီနေ့အထိ မရခဲ့ပါဘူး။ အခုန အန်ကယ်ပြောတဲ့အထဲမှာ လက်ရှိ ဖြစ်နေတဲ့ အနေအထားမှာ ဦးဆောင်နေတဲ့သူတွေက အခွင့်အရေးယူတယ်ဆိုတဲ့ဟာမျိုး ဒါမှမဟုတ် သူတို့ရဲ့ ရေရှည်အကျိုးအမြတ်ဆိုတာမျိုး ကျနော် မမြင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ယူချင်လဲ ယူလို့မရဘူး။ စိတ်ထားစေတနာကောင်းနဲ့ အုတ်မြစ်ချပြီးတော့ ကျနော်တို့ ရှေ့ဆက်ပြီးတော့ သွားရမယ် ဆိုတဲ့ လမ်းကြောင်းအမှန်ပေါ်ကို တင်ပေးနိုင်တာ အခုန အန်ကယ်စိုင်းညွန့်လွင် ပြောသလိုပဲ ကျနော်ကတော့ ထောက်ခံပါတယ်။

ဦးကျော်ဇံသာ ။ ။ တချို့ကို ကျော်သွားတယ်ဆိုလို့ လက်ပူတိုက်ပြီးတော့ ပြီစလွယ်ရအောင် လုပ်သလားဆိုတဲ့ မေးခွန်းကို မေးခဲ့တာပါ။ ဦးစိုင်းညွှန့်လွင် ဘာပြောချင်ပါလဲ။

ဦးစိုင်းညွှန့်လွင် ။ ။ အပစ်အခတ်ရပ်စဲပြီးမှ နိုင်ငံရေးဆွေးနွေးတယ် စသဖြင့် ဒီအယူအဆကို မငြင်းဆန်လိုပါဘူး။ တယောက်နဲ့တယောက် ပစ်ခတ်တိုက်ခတ်တာတွေ ရပ်သွားပြီးမှ ဆွေးနွေးတာ အကောင်းဆုံးပေါ့။ တကယ်လို့သာ အဲဒီလို အခြေအနေမျိုးမပေးဘဲ ဆွေးနွေးပွဲတွေ လုပ်လို့ရပါတယ်။ ကမ္ဘာစစ်ကြီးတွေမှာလည်း ဆွေးနွေးပွဲတွေပြီးမှ အပစ်အခတ်ရပ်စဲသွားတာတွေလည်း ရှိခဲ့ဖူးပါတယ်။ အဓိကတော့ နိုင်ငံတော်ပေါ် ဘယ်လို စေတနာထားလဲ။ တယောက်နဲ့တယောက် ဘယ်လောက်အထိ အမြင်တွေ ဖလှယ်နိုင်မလဲ။ အပေးအယူတွေ ဘယ်လောက်အထိ မျှနိုင်မလဲ။ တယောက်က အသာစီးယူပြီး တယောက်ကို နှိမ်ထားရင်တော့ ဒါက မဖြစ်နိုင်ဘူး။ ဒီလို အနေအထားတွေကို ကျော်လွှားနိုင်ရင်တော့ ကျနော်ထင်တယ် ကောင်းတဲ့အနေအထားကို ရောက်သွားမယ်လို့ ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒီလို အပစ်အခတ်ရပ်စဲရေးကို ဒေါက်တာအင်ဒရူး က ပြောတယ် မြန်မာ့သမိုင်းမှာ လွတ်လပ်ရေးရပြီးကတည်းက ဒီလို အခွင့်အလမ်းမျိုး မရခဲ့ဘူး။ တကယ်တော့ နဝတ၊ နအဖ လက်ထက်ကလဲ တိုင်းရင်းသား အင်အားစုတချို့နဲ့ အပစ်အခတ်ရပ်စဲရေး နှစ်အတော်ကြာ (၁၄) နှစ်၊ (၁၇) နှစ်ကြာ ရခဲ့တယ်ဆိုတာကို သိပါတယ်။ အဲဒီတုန်းက အပစ်ရပ်စဲရေးအဖွဲ့တွေကို နောက်မကြာခင်မှာ အစိုးရတွေ့မယ်။ ငြိမ်အဖွဲ့ဆိုပြီး ဆိုင်ဘုတ်တပ်လိုက်တယ်။ နောက်ပိုင်းမှာ နိုင်ငံရေးသဘောတူညီမှုအဆင့်ကို တိုးတက်မလာခဲ့ဘူး။ ဆိုတော့ အခုအခြေအနေဟာ ယခင်လို မဖြစ်တော့ဘဲနဲ့ တကယ်ရှေ့ကို တိုးသွားမယ်ဆိုတာ ဘယ်ဖက်က ပိုပြီးပြောင်းလဲလာလို့လဲ။

ဒေါက်တာ အင်ဒရူး ။ ။ အရင် တပ်မတော်အစိုးရလက်ထက်တုန်းက လုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ အခုလုပ်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်က တော်တော်ကွာပါတယ်။ နံပါတ်တစ်အချက်က ဘာလဲဆိုရင် အရင် တပ်မတော်အစိုးရလက်ထက်တုန်းက လုပ်ထားတဲ့ကိစ္စက နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းအရ ဖြေရှင်းနိုင်တဲ့ အနေအထား မရောက်မချင်း ဘာမှ နိုင်ငံရေးကိစ္စကို မဆွေးနွေးဘူး။ အခုကတော့ နိုင်ငံရေး ပြဿနာကို အခုအချိန်ကနေ စပြီဆွေးနွေးမယ်။ ဘာကွာလဲဆိုတော့ အရင်တုန်းက Disarmament လက်နက်ကို အရင်ဖြုတ်ပြီးမှ ဒါမှမဟုတ် တပ်မတော်ရဲ့အောက်ကို ဝင်ပြီးမှ နိုင်ငံရေးဆွေးနွေးမယ်။ အခုအချိန်မှာ ဖြစ်နေတဲ့ ဆွေးနွေးပွဲက SSR လိုခေါ်တဲ့ Security Sector Reform ကို base လုပ်ပြီးတော့ ခင်များတို့လက်ထဲမှာ သေနတ်ကိုင်ထားပါ။ ကျနော်တို့ နိုင်ငံရေးကို အရင်ဆွေးနွေးပြီးမှ အားလုံးသဘောတူတဲ့ အခါကျရင် ကျနော်တို့တိုင်းပြည်မှာ နိုင်ငံရေးပြဿနာကို ဘယ်လို ဖြေရှင်းမလဲဆိုတဲ့ ကိစ္စ အဲဒီနှစ်ချက်က ကွာပါတယ်။ တကယ်တမ်း ပြောရရင် လက်နက်ကိုင်နေတဲ့လူ နှစ်ဘက်ရှိနေသေးတော့ ငြိမ်းချမ်းရေး ဘယ်လောက် စာချုပ်ထိုးထိုး ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိမှာပါ။ ဒါပေမဲ့ အရင်တုန်းကလို မဟုတ်ဘဲနဲ့ ထိတွေ့ရင်ဆိုင်မှုလေးတွေ ကျနော်တို့ ကြုံတွေ့ရအုံးမှာပါ။

ဦးကျော်ဇံသာ ။ ။ ဦးစိုင်းညွှန့်လွင် သဘောတူပါလား။ အရင်တုန်းက ရခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်နဲ့ အခု သဘောတူညီချက် မတူတော့ဘူး။ အခုက သိပ်သာတယ်ဆိုတဲ့ ဒေါက်တာအင်ဒရူးရဲ့ ပြောကြားချက်ကို လက်ခံပါလား။

ဦးစိုင်းညွှန့်လွင် ။ ။ ကျနော် မငြင်းလိုပါဘူး။ ဒါကိုပဲ ထောက်ခံပါတယ်။ ကြိုလည်းကြိုဆိုပါတယ်။ သို့သော် ကျနော် တချက်ပြောလိုတာက ဟိုအရင်အစိုးရနဲ့ အခုအစိုးရက ပုဂ္ဂိုလ်တွေက သိပ်မကွာဘူး။ နဂိုကလူတွေ ဖြစ်နေတယ်။ အဲဒီတချက်ကတော့ ကျနော်ထင်တယ် ပြည်သူလူထုနဲ့ ဆွေးနွေးဘက် လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ သံသယဖြစ်စရာ ရှိတယ်။ အဲဒီမှာ ယုံကြည်ဖို့ တည်ဆောက်ဖို့ အများကြီးလိုတယ်လို့ ကျနော်ထင်တယ်။

ဦးကျော်ဇံသာ ။ ။ လူမပြောင်းဘဲနဲ့ မူလောက်ပြောင်းပြနေတဲ့ သဘောလို့ ဟုတ်ပါတယ်။ မှန်ပါတယ်။ လူတော်တော်များများ အဲဒီလို ထင်ကြပါတယ်။ ဒီ သံသယကို ပျောက်အောင် တကယ်လုပ်နိုင်မယ် ထင်ပါသလား။ ကိုအင်ဒရူး တိုတိုလေး ပြောပေးပါ ဒီကိစ္စကို။

ဒေါက်တာ အင်ဒရူး ။ ။ အရင် အစိုးရနဲ့ အခု အစိုးရ လူကတော့ တူပါတယ်။ ဒါပေမဲ့ လူတူပေမယ့် မူဝါဒ ပေါ်လစီ အတွေးအခေါ် ပြောင်းသွားတယ်ဆိုတာ ခေတ်ကာလရေစီးကြောင်း ပြောင်းလဲပုံကို ကြည့်ပြီးတော့ အရင်တုန်းကရှိတဲ့ဟာကို ပြောင်းမယ့်လူတွေ ဒီစနစ်ထဲမှာ ဝင်လာတဲ့အတွက် အခုအချိန်အထိ (၃) နှစ် (၄) နှစ်အတွင်းမှာ ငြိမ်းချမ်းရေးဖြစ်စဉ်တွေ ဒီလောက် တိုးတက်တာ ဖြစ်ပါတယ်ဆိုတာကို ပြောချင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော် နောက်ဆုံးတခု မေးချင်တာက အပစ်ရပ်စဲမှု သဘောတူညီမှုမှ ငြိမ်းချမ်းရေးလမ်းကြောင်းကို ချီတက်တဲ့နေရာမှာ အဓိက စိန်ခေါ်မှုက ဘာကို ရင်ဆိုင်ရတယ်လို့ ထင်ပါလဲ။

ဒေါက်တာ အင်ဒရူး ။ ။ ကျနော် ထင်တာကတော့ အစိုးရ နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အပြင် ပါဝင်ထိုက်ပါဝင်သင့်တဲ့ လူတွေက ကိုယ်ဘယ်အခန်းကဏ္ဍ၊ ဘယ်လိုက ပါဝင်မယ်ဆိုတာ နားမလည်ပြီတော့ ငါ မပါရကောင်းလား။ သူမပါရ ကောင်းလားဆိုပြီး ကျနော်တို့ ပြဿနာတွေတွေ့တယ်။ ဒီဟာက ကျနော်တို့ရဲ့ အဓိက စိန်ခေါ်မှုပါ။

ဦးကျော်ဇံသာ ။ ။ ဦးစိုင်းညွှန့်လွင် ဘယ်လို မြင်ပါလဲ။

ဦးစိုင်းညွှန့်လွင် ။ ။ ဘယ်နှစ်ဖွဲ့နဲ့ အပစ်အခတ်ရပ်စဲတယ်။ ကမ္ဘာ့စံချိန်သစ်တင်လို့ ဂရင်းနစ်စံချိန်တင်ဖို့ ကြိုးစားတာထက် တပြည်လုံးမှာ သေနတ်သံတချက်မှ မဖောက်ဘဲနဲ့ အပစ်အခတ်ရပ်စဲမယ်ဆိုရင် ပိုကောင်းပါတယ်။ အဲဒါကို ပိုကြိုးစားသင့်တယ်လို့ ထင်တယ်။ ဘယ် နှစ်ဖွဲ့တော့ ကျနော်တို့ ရသွားပြီ။ ကျန်တဲ့အဖွဲ့တော့ ကျန်ရင်ကျန်ပါစေဆိုတာကိုတော့ ကျနော် သိပ်မကြိုက်ပါဘူး။ ကျနော် ပုဂ္ဂိုလ်ရေး အနေနဲ့ ပြောမယ် Stakeholders အားလုံးကိုတော့ ဖိတ်ခေါ်ဆွေးနွေးသင့်တယ်။ ညှိနှိုင်းသင့်တယ်။ ကိုယ်လိုဘတခုတည်း မဟုတ်ဘဲနဲ့ နိုင်ငံတော်အတွက် နိုင်ငံတော်မှာ ဘာတွေလိုသလဲဆိုတဲ့ကိစ္စပေါ်မှာ အဲဒီအထိုင်နဲ့ စဉ်းစားသင့်ပြီ။ ကိုယ့်အထိုင်နဲ့ စဉ်းစားခဲ့တာ မှားခဲ့ကြပြီ။ ဒီနေ့ ဘယ်သူမှားလဲ ငါမှားလား၊ မင်းမှားလား မပြောတော့ဘူး။ အားလုံးသည် ကိုယ်အထိုင်နဲ့ကိုယ် မထိုင်တော့ဘဲနဲ့ နိုင်ငံတော်ကောင်းဖို့၊ တိုင်းပြည်နဲ့လူမျိုးကောင်းဖို့ အဲဒီအထိုင်ပေါ်မှာ ထိုင်သင့်တယ်လို့ ကျနော်တော့ ယူဆပါတယ်။