Your browser doesn’t support HTML5
ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ အစီအစဉ်မှာ မြန်မာနိုင်ငံအစိုးရအနေနဲ့ ရခိုင်ပြဿနာ ကိုင်တွယ်ရာမှာ လိုအပ်ချက်တွေ ရှိခဲ့တာဟာလဲ ပြဿနာကို ပိုမိုကြီးထွားလာစေတဲ့ အကြောင်းတရပ်ဖြစ်တယ်လို့ ဥရောပရောက် မြန်မာပညာရှင်တဦးက သုံးသပ်ပါတယ်။ ဘယ်လိုပြောင်းလဲ ကိုင်တွယ်သင့်တယ်ဆိုတာကိုလည်း သူက ထောက်ပြပြောဆိုလိုက်ပါတယ်။ ဂျာမနီ နိုင်ငံ ဟွမ်းဘို့လ်ဒ် (Humboldt) တက္ကသိုလ် မြန်မာ့ရေးရာဌာန ကထိက (အငြိမ်းစား) ဦးခင်မောင်စော နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။
ဦးခင်မောင်စော ။ ။ အစောကြီးကတည်းက ဒီပြဿနာက တငွေ့ငွေ့လောင်နေတဲ့ မီး။ တငွေ့ငွေ့လောင်နေတဲ့ မီးကို ဘာသွားဖြတ်သလဲဆိုတော့ ကိုဖီအာနန် ကော်မရှင် ဖွဲ့လိုက်တဲ့ ကိစ္စက အင်္ဂလိပ်လို ပြောမယ်ဆိုရင် To open the Pandora's box ဖြစ်တယ်။ အဲဒီမှာ ထိန်းမနိုင်သိမ်းမရတွေ ဖြစ်သွားပြီးတော့ တဘက်က ထောင်ထားတဲ့ ထောင်ချောက်ထဲကို တည့်တည့်ကြီးကို သွားတိုးတယ်။ အဲဒါကြောင့်မို့ ဗမာအစိုးရ၊ ဗမာပြည်ကလူတွေ အကုန်လုံး တကမ္ဘာလုံးရဲ့ ဝိုင်းထောင်းတာကို ခံနေရတယ်။
ဦးကျော်ဇံသာ ။ ။ အဲဒီတော့ ကိုဖီအာနန်တို့ကို မခေါ်ဘဲနဲ့၊ သူတို့ကို မအပ်ဘဲနဲ့ နေလိုက်ရင်ကော ဒီပြဿနာကို နိုင်ငံတကာက မသိပဲ နေပါ့မလား။
ဦးခင်မောင်စော ။ ။ နိုင်ငံတကာကတော့ နည်းနည်းတော့ လာမှာပဲ။ အရင်အစိုးရတွေ အဆက်ဆက်မှာလည်း လာနေတာပဲ။ ဒါပေမဲ့ ဒီလောက်ကြီးအထိ ဖြစ်သွားစရာ အကြောင်းမရှိဘူး။ အခုဟာက ကိုဖီအာနန် ကော်မရှင်ကို သွားဖွဲ့လိုက်တဲ့အတွက် ကျနော့်အမြင်မှာ ပြည်တွင်းရေး ဖြစ်နေတဲ့ ပြဿနာသက်သက်ကို အပြည်ပြည်ဆိုင်ရာ ပြဿနာ ဖြစ်သွားစေတယ်။ ဒါကလဲ ဒေါ်စုအနေနဲ့က ဒီပြဿနာကို ပြေလည်ရာ ပြေလည်ကြောင်း ဒီလိုလုပ်လိုက်ရင် ကောင်းမယ်ထင်ပြီး လုပ်တာလဲ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ အဲဒါက ပေါ့စေလိုလို့ ကြောင်ရုပ်ထိုး၊ ဆေးအတွက် ပိုလေး ဖြစ်သွားတယ်။
ဦးကျော်ဇံသာ ။ ။ ကိုဖီအာနန်ကို ခေါ်ပြီးတော့ အကြံပေးအဖွဲ့ မဖွဲ့ခဲ့ရင် ပထမတခါ ဦးသိန်းစိန်အစိုးရလက်ထက်က ဖွဲ့ခဲ့တဲ့ အကြံပေးအဖွဲ့ အစီရင်ခံစာ ထွက်ပေါ်ခဲ့ပါတယ်။ အဲဒီ အစီရင်ခံစာအတိုင်း လိုက်နာရင်ကော ပြေလည်မှု ရမယ်ထင်ပါသလား။ နိုင်ငံတကာက လက်ခံမယ် ထင်ပါသလား။
ဦးခင်မောင်စော ။ ။ ကျေနပ်သလား၊ လက်ခံမလား ဆိုတာကတော့ ငွေများ တရားနိုင်စကား ရှိတယ်။ နိုင်ငံတကာမှာလည်း OIC က ငွေတွေက တော်တော်ကို စိမ့်ရောက်ဝင်နေပြီ။ အဲဒီတော့ ဦးသိန်းစိန် ဖွဲ့တဲ့ကော်မတီအတိုင်း လိုက်လုပ်အုံး - အကုန်လုံး လိုက်လုပ်သည့်တိုင်အောင်လဲ Pressure ကတော့ လာနေမှာပဲ။ ဒါပေမဲ့ ဒီလောက်ကြီးအထိတော့ ပြင်းပြင်းထန်ထန် လာစရာ အကြောင်းမရှိဘူး။ နောက်ပြီးတော့ ဒီလောက်ကြီးအထိ သူတို့ထောင်တဲ့ ထောင်ချောက်ထဲကို ဝင်သွားစရာလည်း မရှိဘူး။
ဦးကျော်ဇံသာ ။ ။ ကိုဖီအာနန် ကော်မရှင်လို နိုင်ငံတကာကော်မရှင်တွေကို စုံစမ်းစစ်ဆေးဖို့ တာဝန်ပေးလိုက်တာဟာ မှားယွင်းတယ်လို့ ဆရာက ပြောတယ်။ အဲဒီလို မလုပ်ရင် တခြား ဒီထက်ကောင်းတဲ့ Alternative ဘာလုပ်နိုင်လဲ … နိုင်ငံတကာကို ထိုးဖောက်ဖို့အတွက်။
ဦးခင်မောင်စော ။ ။ ပြဿနာက ဘယ်မှာစသလဲဆိုတော့ ဒီ NLD အစိုးရ စထွက်လာကတည်းက အခေါ်အဝေါ်တွေကို ပြောင်းပြစ်လိုက်တယ်။ ရခိုင်ပြည်ထဲမှာ အစောကြီးကတည်းက သူ့ဘာသာသူ ခေါ်နေတာ ရှိနေပြီးပြီ။ အရပ်အခေါ်ဆိုရင် ရခိုင် နဲ့ ကုလား။ သို့မဟုတ် ရခိုင် နဲ့ ဘင်္ဂလီ။ အဲဒါကို သူက အဲဒီလို မဟုတ်ဘဲနဲ့ ရခိုင်ကို ရခိုင်မခေါ်ရဘူး။ ဗုဒ္ဓဘာသာ အသိုင်းအဝိုင်း ခေါ်ရမယ်။ ဟိုဟာတွေကို ဘင်္ဂလီ မခေါ်ရဘူး။ ရခိုင်ပြည်ထဲက မူစလင် အသိုင်းအဝိုင်း ခေါ်ရမယ်ဆိုပြီး လုပ်လိုက်တယ်။ အဲဒီလို လုပ်လိုက်ခြင်းအားဖြင့် ကမ္ဘာ့အလယ်မှာ ဗုဒ္ဓဘာသာနဲ့ မူစလင်နဲ့ ဖြစ်နေတဲ့ ပြဿနာလို့ ထင်သွားကြတယ်။ အဲဒါ မလိုအပ်ဘဲနဲ့ ပေါ်လာတဲ့ ပြဿနာ။ နာမည်သစ်တွေ ထွင်လိုက်လို့။ ဒီဟာက ဗုဒ္ဓဘာသာ နဲ့ မူစလင်တို့ ဖြစ်နေတဲ့ ပြဿနာ မဟုတ်ဘဲနဲ့ ဒေသခံတိုင်းရင်းသားနဲ့ နိုင်ငံသား မဖြစ်သေးသူများ ဖြစ်နေတဲ့ ပြဿနာဆိုတာကို ရှင်းလင်းအောင် ပြနိုင်ရမယ်။ အဲဒီလို ပြနိုင်ဖို့ ဘာလုပ်ရမလဲဆိုတော့ International Level မှာ Lobbyists တွေ ငှားရတော့မယ်။ Lobbyists တွေ မငှားဘဲနဲ့ မရဘူး။ Lobbyists တွေ ငှားတဲ့နေရာမှာလဲ အမေရိကန်နဲ့ ကနေဒါအတွက်ကို အုပ်စုတစု ငှားရမယ်။ ဒီ ဥရောပတိုက်အတွက်ကို လောလောဆယ်မှာ EU နဲ့ UK အတွက်ကို တွဲငှားလို့ရတယ်။ နောက်ပိုင်း UK က EU ထဲက ခွဲထွက်သွားတဲ့အချိန်မှာ အဲဒါဆို နောက်တဖွဲ့သက်သက် ဖွဲ့ရမယ် EU နဲ့ UK အတွက်။
နောက်ပြီးတော့ ဒီဘက်ရောက်နေတဲ့ မြန်မာနိုင်ငံသားဟောင်းတွေ တော်တော်များများ စစ်အစိုးရခေတ်မှာတုန်းက ဒေါ်အောင်ဆန်းစုကြည် နာမည်ကို အသုံးချပြီးတော့ ကျနော်တို့၊ ကျမတို့ ဗမာပြည်မှာနေရင် ဘာဖြစ်မယ်ဆိုပြီးတော့ Refugee ခံယူထားသူတွေ အများကြီးရှိပါတယ်။ အဲဒီလူတွေက အခုအချိန်မှာ ဗမာပြည်အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အကျပ်အတည်းကြုံနေချိန်မှာ သူတို့အနေနဲ့ Solidarity ဖြစ်ဖို့ အရေးကြီးတယ်။ တချို့နိုင်ငံတွေမှာဆို ဆန္ဒပြပေးတဲ့ လူတွေ ရှိပါတယ် … We stand up with Daw Suu ဆိုပြီးတော့။ ဒါပေမဲ့ တော်တော်နည်းတယ်။ အဲဒါမျိုးတွေ မြန်မြန်များများထွက်အောင် လုပ်ရမယ်။
နောက်ပြီးတော့ ပြည်တွင်းမှာ ဘာသာပေါင်းစုံ ချစ်ကြည်ရေးဆိုပြီးတော့ ချစ်ကြည်ရေးဆိုပြီးတော့ လျှောက်ပြီးတော့ ပွဲတွေလုပ်တယ်။ အဲဒါတွေက မလိုအပ်ဘူး။ လုပ်စရာကို မလိုဘူး။ အဲဒါတွေက တကယ်ကို ဘာနဲ့တူသလဲဆိုရင် လုပ်ပြနေတဲ့ ပွဲတွေမှန်း သိသာပါတယ်။ အဲဒီလိုပွဲတွေ မလုပ်ဘဲနဲ့ ဗုဒ္ဓဘာသာနဲ့ ဒီအပြင်ဘာသာတွေ ချစ်ချစ်ခင်ခင် ရှိတယ်ဆိုတာလဲ ပြစရာက အလွယ်ဆုံးနည်း ဘာရှိသလဲဆိုရင် မြန်မာနိုင်ငံမှာရှိတဲ့ မူစလင်အသင်းတွေအနေနဲ့ ဒါက ဗုဒ္ဓဘာသာ နဲ့ မူစလင်တို့ ဖြစ်နေတဲ့ ပြဿနာ မဟုတ်ပါဘူး။ ကျနော်တို့ ဗမာ-မူစလင် အများစု နိုင်ငံပြည်တွင်းမှာ ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်ပါတယ်။ ကောင်းကောင်း ဗလီ တက်နိုင်ပါတယ်။ ကိုယ်လုပ်ချင်တာ လုပ်နိုင်ပါတယ် ဆိုတာတွေကို သူတို့တွေအနေနဲ့ ဗမာလိုရေးပြီး စာတွေထုတ်နေလို့က အပိုပဲ။ အင်္ဂလိပ်လို၊ Uradu, Arabics လို အဲဒါတွေနဲ့ ထုတ်ပေးရမယ်။ အဲဒါတွေနဲ့ ထုတ်ပေးပြီးမှ ဒီအစ္စလာမ်နိုင်ငံတွေမှာ တကယ့်တကယ် အမှန်တွေကို သိပြီးတော့ ဗမာပြည်ပေါ် ရုတ်တရက် ဖိအားတွေ ကျသွားမယ်။
ဦးကျော်ဇံသာ ။ ။ အခု နိုင်ငံတကာက မြန်မာနိုင်ငံအပေါ်မှာ သူတို့ရဲ့ အမြင်က အင်မတန်ကို ပြင်းထန်ဆိုးဝါးနေပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ Repution ဟာ သိပ်ပြီးတော့ ဆုတ်ယုတ်နေတဲ့သဘော ရှိနေတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။ ဆိုတော့ ဒီအခြေအနေကနေပြီး ပြန်လည်ရုန်းထွက်နိုင်ဖို့အတွက်ကို ဘယ်လို စဉ်းစားမိပါလဲ။
ဦးခင်မောင်စော ။ ။ ဒီအခြေအနေကနေ ပြန်လည်ရုန်းထဖို့ဆိုတာကတော့ သူတို့လည်း အခုလုပ်နေတာပဲ။ သူတို့သဘောနဲ့ ပြန်လာတဲ့လူကို အကုန်လက်ခံပါမယ်။ ဘာညာ ပြောနေတာပဲ။ အဲဒါ ဘယ်လောက်အထိ အောင်မြင်မလဲဆိုတာကို ကျနော် မသိဘူး။ ကျနော့်အမြင်အားဖြင့် ပြောရရင်တော့ သိပ်တော့အောင်မြင်မယ်လို့ မထင်ဘူး။
ဦးကျော်ဇံသာ ။ ။ ဘာဖြစ်လို့လဲ ဆရာ။
ဦးခင်မောင်စော ။ ။ ဘာဖြစ်လို့လဲဆိုတော့ ဒီလူတွေ ထွက်ပြေးရတဲ့ အကြောင်းရင်းကိုက တဘက်ကနေ သူတို့ကို မြူဆွယ်ပြီး ခေါ်နေတာကို “မင်းတို့ ဗမာပြည်ထဲမှာ မနေနဲ့၊ နေရင် မင်းတို့ သေလိမ့်မယ်။ ဒီဘက်ကို လာခဲ့။ လာလို့ရှိရင် မင်းတို့ကို တတိယနိုင်ငံတွေကို ရောက်အောင်ပို့ပေးမယ်။ ချမ်းသာတဲ့ နိုင်ငံတွေကို သွားလို့ရမယ်။ ဘာညာဆိုတာ” အဲဒီအတွက်ကြောင့် ထွက်သွားတဲ့လူတွေကို ကြည့်လိုက် ချက်ချင်းကို နေ့ချင်းညချင်းကို သိန်းနဲ့ချီသွားတယ်။ အဲဒီ သိန်းနဲ့ချီတဲ့ လူတွေကို တကယ့်တကယ် ပြန်စစ်လို့ရှိရင် အခု သူတို့စာရင်းပေးတဲ့ ခြောက်သိန်းရှစ်သောင်း ဘယ်လောက်ဆိုတာ အဲဒီထဲက တကယ့်တကယ် ဗမာပြည်ထဲမှာ နေခဲ့ဖူးတဲ့ လူက ဘယ်လောက်ထွက်လာအုံးမလဲ ကျနော်တို့ မသိဘူး။
ဦးကျော်ဇံသာ ။ ။ အဲဒီတော့ သူတို့သဘောနဲ့ သူတို့ ပြန်မလာဘူး။ ဗမာပြည်ဘက်ကတော့ တံခါးဖွင့်ထားတယ်။ ကြိုဆိုနေပါတယ် လုပ်နေရက်နဲ့ မလာရင်ကော အဲဒါကို မြန်မာပြည်အပြစ်လို့ ဝိုင်းပြောမယ်လို့ ဆရာ ယူဆပါလား။
ဦးခင်မောင်စော ။ ။ ယူဆမှာပါ။ ပြောမှာပါ။ ကျနော့်အမြင်ကို ပြောရင်တော့ အရှင်းဆုံးကို ပြောလိုက်မယ် … တဘက်က လုပ်နေတာကတော့ ဗမာပြည်၊ အထူးသဖြင့် ရခိုင်ပြည် အနောက်မြောက်ပိုင်း မောင်းတောဒေသကို သူတို့က အာရှတိုက်ရဲ့ ကိုဆိုဗိုလို့ ကြံနေတာ။ အဲဒီတော့ သူတို့ဘက်ကတော့ အဲဒါ မဖြစ်ဖြစ်အောင် ကြံဖန်ပြီး လုပ်လိမ့်မယ်။ ကိုယ့်ဘက်ကလဲ လည်လည်ပတ်ပတ်နဲ့ ရှောင်နိုင်တိမ်းနိုင်မှ ရမယ်။
ဦးကျော်ဇံသာ ။ ။ ဘယ်လိုများ ရှောင်နိုင်တိမ်းနိုင်မယ်အုံးမယ်လို့ ထင်ပါလဲ။
ဦးခင်မောင်စော ။ ။ တဘက်က ကိုယ့်ကို စွပ်စွဲနေတာက လူသတ်တယ်။ မုဒိမ်းကျင့်တယ်။ ရွာတွေကို မီးရှို့တယ်။ ကိုယ့်ဘက်က ပြောတာက မသတ်ဘူး၊ မီးမရှို့ဘူး၊ မုဒိမ်းမကျင့်ဘူး ပြောတယ်။ အဲဒါတွေကို မှန်ကန်ကြောင်း ကိုယ့်ဘက်က ပြသနိုင်ရမယ်။ “ကောင်းပြီ .. ဘယ်နေ့ဘယ်ရက်က ဘယ်ရွာမှာ ဘယ်သူတွေ ဘယ်လောက်အသတ်ခံရတယ်။ ဘယ်မှာလဲ အတိအကျ စာရင်းပေးပါ။ အဲဒီ သူတို့ပေးတဲ့ စာရင်းအတိုင်းကို ရန်ကုန်မှာရှိတဲ့ သံတမန်အဖွဲ့ဝင်တွေ အကုန်လုံး၊ ကုလသမဂ္ဂအဖွဲ့ဝင်တွေကို ခေါ်သွားပြီး အဲဒီနေရာတွေမှာပြပါ။ တကယ်ဟုတ်လား မဟုတ်လားဆိုတာကို ကြည့်ပါဆိုပြီး အဲဒီနည်းနဲ့ သံသယကို ဖြေရှင်းနိုင်မယ့်လိုင်းရှိမယ်။ အပြင်ကနေ အဖွဲ့တွေကို အဝင်မခံနိုင်ဘူး။ ဘာညာဆိုတာကတော့ သူတို့အကြောင်းတွေနဲ့ သူတို့ ရှိလိမ့်မယ်။ အဲဒီကိစ္စကိုတော့ ဘာမှမပြောလိုဘူး။ ဒါပေမဲ့ အနည်းဆုံး ဗမာပြည်ထဲမှာရှိတဲ့ နိုင်ငံခြားသံတမန်တွေ၊ ကုလသမဂ္ဂအဖွဲ့ဝင်တွေကို သွားကြည့်ခွင့် ပေးလိုက်ပါ။ ပေးပြီးတဲ့အခါ သူတို့ သေချာကြည့်ပါစေ၊ အကုန်လုံး ကြည့်ပြီးတော့ ဟုတ်လားမဟုတ်လား ပြန်ပြီးတော့ Press Conference လုပ်ခိုင်းပါ။
အဲဒီလိုနည်းနဲ့မှ သံသယက ပြန်ဖြေရှင်းလို့ရမှာ။ မဟုတ်လို့ရှိရင် သွားကြည့်ခွင့် မပေးဘူး။ မလုပ်ဘူးဆိုတာတွေက တခုပြီတခု စွပ်စွဲချက်တွေက တက်နေအုံးမှာ။ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ..
ဦးကျော်ဇံသာ ။ ။ NLD အစိုးရရဲ့ ဒီပြဿနာ ကိုင်တွယ်မှုအပေါ်မှာလည်း အထူးသဖြင့် ရခိုင်ပြည်က လူထု၊ ရခိုင်ပြည်က နိုင်ငံရေးပါတီတွေ သိပ်ဘဝင်မကျဘူး ဆိုတာမျိုး ကြားရပါတယ်။ အထူးသဖြင့်တော့ သူတို့ရဲ့ လူထုဆန္ဒ သဘောထားကို ထည့်သွင်းမစဉ်းစားဘူးလို့ ပြောနေကြတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ဘယ်လို ပြောချင်ပါလဲ။
ဦးခင်မောင်စော ။ ။ NLD နဲ့ တိုင်းရင်းသားပါတီတွေ ဆက်ဆံရေးကလည်း ပြင်ရမယ်။ တိုင်းရင်းသားပါတီတွေ တော်တော်များများကလည်း မကျေနပ်ချက်တွေ အများကြီးရှိတယ်။ အဲဒါတွေက ဘာကြောင့် ဖြစ်ရသလဲဆိုတော့ အရင် ကျနေ်ာတို့ငယ်ငယ်တုန်းက ဖဆပလခေတ်မှာဆိုရင် ပြည်နယ်တွေမှာ ဖဆပလအဖွဲ့တွေ မထားဘူး။ ဖဆပလ က သွားမရွေးဘူး။ အဲဒီအစား ပြည်နယ်သားတွေကို သူတို့က ရွေးခိုင်းတယ်။ ပြည်နယ်သားတွေက ဖဆပလအဖွဲ့နဲ့ မဟာမိတ်ဖွဲ့ထားတယ်။ ရွေးကောက်ပွဲနိုင်လို့ တက်လာတာဖြစ်ဖြစ်၊ လွှတ်တော်ထဲမှာ မဟာမိတ်အဖွဲ့ဆိုတော့ သူတို့ ဖဆပလ အစိုးရကိုပဲ မဲပေးတယ်။ ဥပမာ ကျနော်တို့ ဂျာမဏီမှာဆိုရင် အစိုးရအဖွဲ့အနေနဲ့ CTO ပါတီဟာ ..ပြည်နယ်မှာဆို CTO လုံးဝ မရှိဘူး။ CSU ဆိုတဲ့ နာမည်ပဲရှိတယ်။ အဲဒီ CSU ဆိုတာ မဟာမိတ်။
ကျနော်တို့ ငယ်ငယ်တုန်းကတော့ ရခိုင်ပြည်နယ်မှာ ဖဆပလ ဝင်ရွေးတယ်။ အဲဒီမှာ ရခိုင်က ပြည်နယ်အမှတ် မရသေးဘူး။ တကယ့်ပြည်နယ် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်တို့မှာတော့ ဖဆပလ သွားမရွေးဘူး။ တခုကတော့ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်မှာဆိုရင် တိုင်းရင်းသားပါတီတွေက အမတ်တွေက အများစုနိုင်တယ်။ ဒါပေမဲ့ အစိုးရဖွဲ့ခွင့် မရခဲ့ဘူး။ အခြေခံဥပဒေ ဘာညာတို့ကို အကြောင်းပြပြီးတော့ ဖွဲ့ခွင့်မပေးဘူး။ ကျနော်ကတော့ အခြေခံဥပဒေကို သေသေချာချာတော့ မဖတ်ဖြစ်ဘူး။ ကျနော် ဖတ်ရသလောက်၊ သိရသလောက် နိုင်ငံတော်သမ္မတက ပြည်နယ်ဝန်ကြီးချုပ်ကို ခန့်အပ်ပိုင်ခွင့် ရှိပြီလို့ သူ ရေးထားတယ်။ နိုင်ငံတော်သမ္မတက ပြည်နယ်ဝန်ကြီးချုပ်ကို မိမိပါတီထဲမှာ ခန့်ပြီလို့ ရေးမထားဘူး။ အဲဒါတွေလည်း ပါနိုင်တယ်။ တိုင်းရင်းသားပါတီတွေနဲ့ ဗဟိုအစိုးရကို အယုံအကြည်မရှိ ဖြစ်နေတာ။ အထူးသဖြင့် ရခိုင်ပြည်နယ်မှာဆိုရင် အရင်ကြံ့ဖွတ်အစိုးရတုန်းကတောင် ဒီလောက် ရခိုင်ပါတီနဲ့ အစိုးရတို့ ထိပ်တိုက်မတွေ့ခဲ့ဘူး။ စစ်အစိုးရ ဘောင်ဘီချွတ်တယ် ဘာပဲပြောပြော အခု NLD နဲ့ကြမှ တကယ့်ကို ထိပ်တိုက်ကြီး တွေ့နေတာကတော့ ရှင်းရှင်းပြောရရင် ချိတ်ဆိုတာ နှစ်ဘက်စလုံး ချိတ်မိမှ ချိတ်မိတယ်။ တဘက်ကနေ သွားချိတ်လို့တော့ ဘယ်တော့မှ မချိတ်မိဘူး။
ဦးကျော်ဇံသာ ။ ။ ဆရာနဲ့ ကျနော် ဆွေးနွေးခဲ့တာဟာ ရခိုင်ပြဿနာနဲ့ ပတ်သက်ပြီးတော့ အစိုးရ ကိုင်တွယ်ပုံ။ ဘယ်လိုလုပ်ခဲ့ရင် ကောင်းတယ်ဆိုတဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ ဆိုတော့ ပြဿနာရဲ့ ဇစ်မြစ်ဖြစ်တဲ့ ရခိုင်ဒေသအတွင်း လူ့အဖွဲ့အစည်းနှစ်ခုကြားမှာ သဟဇာတ ဖြစ်ရေး။ ကျနော်တို့ ငယ်ငယ်တုန်းကလို မူစလင်တွေနဲ့ ကျနော်တို့တွေ လက်ပွန်းတသီ ဆက်ဆံနေခဲ့ကြတယ်။ အဲဒီလို အခြေအနေမျိုး ရောက်နိုင်မယ့် အလားအလာကို မြင်ပါသလား။ ဘယ်လို လုပ်သင့်တယ် ထင်ပါသလဲ။
ဦးခင်မောင်စော ။ ။ အဲဒီလို ရောက်ဖို့ဆိုတာ ဒီလိုရှိတယ်။ ကျနော်တို့ ငယ်ငယ်တုန်းက သိခဲ့တဲ့ မူစလင်တွေနဲ့ အခုအချိန်မှာ နယ်ခြားမှာနေနေတဲ့ မူစလင်တွေက မတူဘူး။ ကျနော်တို့ ငယ်ငယ်တုန်းက ရှိခဲ့တဲ့ မူစလင်တွေက စစ်တွေမှာနေနေ ဘယ်မှာနေနေ သူတို့က အဲဒီဒေသခံစကားကို ကောင်းကောင်းတတ်ကြတယ်။ ပေါင်းသင်းဆက်ဆံရေးကလည်း ဘာမှမရှိဘူး။ ကိုးကွယ်တဲ့ဘာသာ ကွဲတာကလွဲလို့ ကျန်တာတွေက ဘာမှ ပြဿနာ မရှိဘူး။ အကုန်လုံး ဘယ်သူကိုမှ ဘယ်သူ တစိမ်းလို့ မထင်ဘူး။ အခုနောက်ပိုင်း ဝင်လာတဲ့လူတွေက ဒေသခံစကားကို မတတ်ကြဘူး။ ဘူးသီးတောင်၊ မောင်းတော သွားကြည့် - အထူးသဖြင့် မောင်းတောမှာ သူတို့စကား မတတ်လို့က ဘာမှလုပ်လို့ မရတော့ဘူး။ ရခိုင်စကားလည်း သူတို့ မသင်ကြဘူး။ ဗမာနိုင်ငံသား ဖြစ်ချင်တယ်ပြောတယ် ဗမာနိုင်ငံသား ဖြစ်ချင်ရင် သက်ဆိုင်ရာ နိုင်ငံရဲ့ ဘာသာစကားကိုတော့ တတ်ရမယ်။ ဘယ်နိုင်ငံမှာမဆို ထုံးစံဖြစ်တယ်။ ဘယ်လို ပြန်ဖြေရှင်းရင် ကောင်းမလဲဆိုတော့ နှစ်ဘက်စလုံးက အပေးအယူ လုပ်ကြရမယ်။ လျှော့ရမယ်။ နှစ်ဘက်စလုံးက မလျှော့ဘဲ၊ တင်းနေရင်တော့ ဘယ်လိုမှ ဆက်လုပ်လို့ မရဘူး။