မြောက်ပိုင်းမဟာမိတ် နှင့် ငြိမ်းချမ်းရေးအလားအလာ

Your browser doesn’t support HTML5

မြောက်ပိုင်းမဟာမိတ် နှင့် ငြိမ်းချမ်းရေးအလားအလာ

မြောက်ပိုင်းမဟာမိတ် (၄) ဖွဲ့ နဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းရေးအဖွဲ့ (NRPC) တို့ ဆွေးနွေးပွဲက တိကျတဲ့ သဘောတူညီချက် တစုံတရာ မကြားရပေမယ့် အပြန်အလှန် တင်ပြချက်တွေကို ရယူပြီး ရှေ့ဆက်ဆွေနွေးမယ့် အစီအစဉ်ရှိတယ်လို့ သိရပါတယ်။ တဖက်သတ် ကြေညာထားတဲ့ အပစ်အခတ်ရပ်စဲရေးကိုလည်း တပ်မတော်ဘက်က သတ်တမ်းတိုးလိုက်ပါတယ်။ ဆိုတော့ ဒီတကြိမ်ဆွေးနွေးမှုဟာ ငြိမ်းချမ်းရေးမျှော်လင့်ချက်အတွက် လမ်းစဖြစ်လာနိုင်ပါသလား၊ VOA ရန်ကုန်အခြေစိုက်သတင်းထောက် ကိုမိုးဇော်နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

မေး ။ ။ ကျနော် ဒီနေ့ဆွေးနွေးချင်တဲ့ အကြောင်းအရာကတော့ မြောက်ပိုင်းအဖွဲ့တွေလို့ပြောတဲ့ KIA, ကိုးကန့်၊ တအောင်းပလောင်၊ AA ရခိုင်စတဲ့ အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးအလားအလာကို နက်နက်ရှိုင်းရှိုင်းလေး မေးချင်ပါတယ်။ ပထမဦးဆုံးကတော့ အခုပြီးဆုံးသွားပြီဖြစ်တဲ့ ဒီလေးဖွဲ့နဲ့ NRPC လို့ခေါ်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးအဖွဲ့တို့ ဆွေးနွေးတဲ့ကိစ္စ အလားအလာကို လွှမ်းခြုံပြီးတော့ ပြောပေးပါ။ ဒါဟာ ဘယ်လောက်အထိ အလားအလာကောင်းနဲ့ ပြီးဆုံးသွားတယ်လို့ ပြောနိုင်လဲ။

ဖြေ ။ ။ ဒီကနေ့ သူတို့ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းတဲ့အခါမှာ ဒီဆွေးနွေးပွဲက အရင်တုန်းကဆိုရင်တော့ အစိုးရဘက်က တောင်းဆိုတာက Deed of Commitment လို့ခေါ်တဲ့ NCA ကို လက်မှတ်ရေးထိုးဖို့အတွက် ကတိကဝတ်ပြုတဲ့ဟာမျိုးကို အစိုးရဘက်က တောင်းဆိုတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဘက်ကတော့ bilateral သူတို့မှာက အစိုးရနဲ့ နှစ်ဦးနှစ်ဘက် သဘောတူထားတဲ့ အပစ်ရပ်စာချုပ် မရှိသေးဘူး။ တခြားအဖွဲ့တွေမှာ အဲဒါပြီးမှ NCA ကို သွားတယ်။ အဲဒီအနေအထားမျိုးဆိုတော့ သူတို့က NCA မသွားခင်မှာ bilateral နဲ့ အပစ်ရပ်စာချုပ် လက်မှတ်ထိုးမယ်ဆိုတာမျိုးကို အရင်ညှိနှိုင်းကြတယ်။ ညှိနှိုင်းတယ်ဆိုတော့ ဒီကနေ့ အစည်းအဝေးမှာ ကျနော်တို့ မေးမြန်းကြည့်သလောက်ဆိုရင်တော့ အစိုးရဘက်ကလဲ ဒီ bilateral နဲ့ ပတ်သက်ပြီးတော့ ညှိနှိုင်းကြတဲ့ အပြန်အလှန်ဆွေးနွေးပြီး ဒီဟာကို အလိုက်သင့်ပြောတာမျိုးရှိတယ်လို့ သူတို့ ပြောပါတယ်။ သူတို့ဘက်ကတော့ ဒီအပေါ်မှာတော့ အလားအလာကောင်းတယ်လို့ မြင်ကြပါတယ်။

KIO ဘက်တော့ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလကတည်းက အစိုးရဘက်က တင်ပြထားတဲ့ အဆိုပြုချက်ကို အပစ်ရပ်ထားတဲ့ ကိစ္စနဲ့ပတ်သက်ပြီး သူတို့သဘောထားကို တင်ပြတယ်။ အဓိက အဲဒီအချက်တွေ ဆွေးနွေးတယ်ဆိုတော့ အလားအလာကတော့ အရင်ကထက်စာရင် အခုက နှစ်ဘက်ကြားထဲမှာ အပြန်အလှန် ညှိနှိုင်းလို့ ရလာတဲ့ အနေအထားတခုကို ရောက်လာပြီလို့ ပြောပါတယ်။

မေး ။ ။ အဲဒီ NCA နဲ့ bilateral ဘာကွာခြားလဲ အနစ်သာရအားဖြင့်။ နှစ်ခုစလုံးက အပစ်အခတ်ရပ်စဲဖို့ကိစ္စကို ဆွေးနွေးကြတယ် ထင်ပါတယ်။ ဘာများခြားနားမှုရှိလို့ တဘက်က NCA ကို လိုလားပြီးတော့ တဘက်က bilateral ကို လိုလားခဲ့ကြတာလဲ။

ဖြေ ။ ။ အဓိကတော့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေနဲ့ SPNCC လို့ခေါ်တဲ့ တရုတ်-မြန်မာ နယ်စပ်က အဖွဲ့ (၇) ဖွဲ့ - သူတို့တောင်းဆိုထားတာကတော့ NCA ပြင်ပကနေ သွားချင်တဲ့သဘောထားမျိုးကို သူတို့က တောင်းဆိုထားပါတယ်။ တောင်းဆိုထားတော့ NCA ထဲမှာ ချမှတ်ထားတဲ့ အချက်တွေကိုလည်း သူတို့က ပြုပြင်ချင်တဲ့အနေအထား၊ လက်မခံချင်တဲ့ အနေအထားတွေ ရှိတယ်ဆိုတာမျိုးတွေကို အစောကပြောတာတွေ ရှိခဲ့တယ်။ သူတို့က လောလောဆယ်မှာ bilateral ဆိုတဲ့ အပစ်အခတ်ရပ်စဲရေးကို အရင်သွားမယ်။ နောက်မှ NCA နဲ့ ပတ်သက်ပြီးတော့ သူတို့လိုချင်တဲ့ အချက်တွေကို အချိန်တခုယူပြီးတော့ ညှိနှိုင်းဆွေးနွေးမယ်။ ဆွေးနွေးပြီးမှ ဆက်သွားမယ်ဆိုတဲ့ သဘောထားလို့ သိရပါတယ်။ အဲဒီအခြေအနေကြောင့်မို့ NCA ကို တိုက်ရိုက်မသွားဘဲနဲ့ bilateral ကို အရင်သွားမးယ်။ အပစ်အခတ်ရပ်စဲရေးကို အရင်လုပ်မယ်။ နောက်မှ NCA နဲ့ ပတ်သက်တဲ့ဟာတွေမှာ သူတို့ရဲ့ လိုလားချက်တွေကို ညှိနှိုင်းပြီးမှ NCA ကို လက်မှတ်ထိုးမယ်ဆိုတာကို သိရပါတယ်။ အဲဒီ အနေအထားကြောင့်မို့ အခုက နှစ်ဘက်က NCA လက်မှတ်ရေးထိုးဖို့ကိစ္စနဲ့ bilateral စတင်ဖို့ဆိုတာကို ညှိနှိုင်းနေတယ်ဆိုတာကို သိရပါတယ်။

မေး ။ ။ ဆိုတော့ အခုဆွေးနွေးပွဲမှာ အစိုးရဘက်က bilateral ကိုလည်း လက်ခံစဉ်းစားမယ်ဆိုတဲ့ သဘောမျိုး ပြသလာတယ်ဆိုတော့ အစိုးရဘက်က နည်းနည်းပါးပါး ပျော့ပျောင်းလာတယ်လို့ မှတ်ယူရင် ရမလား။

ဖြေ ။ ။ ကျနော်တို့အမြင်ကတော့ ဒီကနေ မေးမြန်းထားတဲ့ အချက်တွေအရဆိုရင်တော့ နှစ်ဦးနှစ်ဘက်စလုံးက အပြုသဘောဆောင်လာတယ်။ နောက် ဆွေးနွေးပွဲတွေအတွက် အလားအလာ ကောင်းလာတယ်ဆိုတဲ့ အမြင်မျိုးတွေ ရှိနေပါတယ်။ လောလောဆယ်အထိ ကျနော်တို့ သိထားရတာက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဘက်က တင်ပြလာတဲ့ အပစ်ရပ်ရေးနဲ့ ပတ်သက်တဲ့ အဆိုပြုချက်တွေကို NRPC က ပြန်ယူလာပြီး တပ်မတော်၊ အစိုးရတို့နဲ့ ညှိနှိုင်းဖို့ရှိမယ်။ နောက် KIO တင်ပြလာတဲ့ အချက်တွေမှာလဲ အစိုးရဘက်က လိုလားတာတွေကို တောင်းဆိုလိုက်တာတွေ ရှိတယ်။ အဲဒါတွေကို KIO ဘက်က သူတို့ဗဟိုမှာ ပြန်လည်တင်ပြပြီးတော့ ပြန်လည်ညှိနှိုင်းဆွေးနွေးမယ်လို့ သိရပါတယ်။ အဲဒါကြောင့် အစိုးရဘက်ကနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေဘက်က ဒီဆွေးနွေးပွဲပေါ် အပြုသဘောဆောင်တဲ့ အယူအဆမျိုးတွေ တွေ့ရပါတယ်။

မေး ။ ။ နောက်တခု ဒီနေရာမှာ မေးချင်တာကတော့ အခု (၄) ဖွဲ့နဲ့ တွေ့တဲ့ထဲမှာ ကချင်၊ ကိုးကန့်၊ တအောင်းပလောင်တို့ကတော့ သူတို့ရဲ့ လက်နက်ကိုင်အဖွဲ့တွေကတော့ သူတို့ရဲ့နယ်မြေအတွင်းမှာ ရှိနေကြတယ်။ အဲဒါကို AA ကလဲ သူတို့ဒေသဖြစ်တဲ့ ရခိုင်ပြည်နယ်အတွင်းမှာ သူတို့တပ်ဖွဲ့ တပ်စွဲနေချင်တယ်ဆိုတဲ့ ဆန္ဒဟာ တော်တော်လေး ပြင်းပြင်းပြပြ ရှိနေတယ်။ ဒီဟာကို မကြာခဏ ပြသတာကို တွေ့ရပါတယ်။ AA နဲ့ ဆွေးနွေးကြတဲ့ကိစ္စမှာ အဓိက အဲဒါဟာ အကြောင်းအရာတခု ဖြစ်လိမ့်မယ်ထင်ပါတယ်။ ပြေလည်နိုင်မယ့် အလားအလာ ဘယ်လောက်ရှိမယ်လို့ ထင်ပါလဲ။

ဖြေ ။ ။ လောလောဆယ်အခြေအနေမှာတော့ သူတို့က AA နဲ့ ဆွေးနွေးတဲ့ကိစ္စအပေါ်မှာတော့ သီးခြားထုတ်ဖော်ပြောဆိုတာတော့ မရှိသေးပါဘူး။ မရှိသေးဘူးဆိုပေမယ့် ပြီးခဲ့တဲ့ (၂၄) ရက်နေ့ကတော့ AA, တအောင်းပလောင်၊ ကိုးကန့်တို့ ထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက်အရဆိုရင်တော့ စစ်တိုင်းကြီး (၅) ခု - ရှမ်းမြောက်နဲ့ ကချင်က စစ်တိုင်းကြီး (၅) ခုမှာ အပစ်ရပ်ထားပြီးတော့ စစ်တပ်ဘက်က ရခိုင်ပြည်နယ်ထဲမှာ ထိုးစစ်တွေ ပြင်းပြင်းထန်ထန် လုပ်နေတာမျိုးကို သူတို့ဘက်က ပြောဆိုတာတွေ ရှိတယ်။ သူတို့အနေနဲ့ AA အပေါ် ထိုးစစ်တွေ မရပ်ဆိုင်းဘူးဆိုရင်တော့ သူတို့ဘက်ကလဲ တစုံတရာ တုံ့ပြန်ဖို့ဆိုတဲ့ အနေအထားမျိုးတွေ ပြောဆိုလာတာ ရှိပါတယ်။

နောက်တချက်က တပ်မတော်ဘက်က ထုတ်ပြန်တဲ့ အနေအထားမှာလဲ AA အပေါ် အကြမ်းဖက်အဖွဲ့အနေနဲ့ သတ်မှတ်ပြီးတော့ အစောပိုင်းမှာ အမြစ်ပြတ်ချေးမှုန်းရေးအထိ ပြောထားတယ်ဆိုတော့ လောလောဆယ် AA နဲ့ ပတ်သက်လို့ နှစ်ဘက်စလုံးက အလျှော့အတင်းလုပ်တဲ့ အသံတွေတော့ မကြားရသေးဘူး။

ဒီရက်ပိုင်းအတွင်း AA ရဲ့ ထုတ်ပြန်ချက်မှာလဲ ရခိုင်ဒေသအတွင်းမှာ ဘူးသီးတောင်ဒေသတဝိုက်မှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်တယ်ဆိုတဲ့ သတိပေးချက်တွေအရဆိုရင် AA နဲ့ ဖြစ်နေတဲ့အပေါ်မှာ တိုက်ပွဲတွေအပေါ်မှာ လျှော့ချမယ့်အလားအလာ မမြင်ရသေးပါဘူး။

မေး ။ ။ အခုပြီးသွားတဲ့ ဆွေးနွေးပွဲကာလအတွင်းမှာလဲ တိုက်ပွဲတွေက အရှိန်မလျော့ဘူးဆိုတဲ့ သဘောလား။ ဆက်ပြီးတိုက်နေကြတယ်ပေ့ါ။

ဖြေ ။ ။ ကျနော်တို့ သိရသလောက်ဆိုရင်တော့ တိုက်ပွဲတွေ အရှိန်မလျော့ဘူး။ AA ဘက်လဲ ထုတ်ပြန်ချက်တွေမှာဆိုရင် AA ဘက်က မိုင်းထောင်တာတွေလည်း ရှိတယ်။ အဲဒီလို ထုတ်ပြန်ချက်တွေအရဆိုရင် အရှိန်လျော့တာကို မတွေ့ရသေးပါဘူး။

မေး ။ ။ နောက် Body Language အရ ဒီနေ့ Facebook မှာ တက်လာတဲ့ ပုံထဲမှာတော့ AA ဘက်က တက်လာတဲ့ ကိုယ်စားလှယ်တွေနဲ့ အစိုးရဘက်က တပ်မတော်က ကိုယ်စားလှယ်တွေနဲ့အတူတူ စားသောက်နေကြတာလဲ တွေ့ရပါတယ်။ ဒီသတင်းကို ကြည့်ကြတဲ့ ပရိသတ်တချို့တောင် မှတ်ချက်ပေးကြတယ် - သူတို့ကတော့ အဲဒီမှာ ဟုတ်နေကြတာပဲ၊ ဘာညာဆိုပြီးတော့ - အဲဒါကိုကြည့်ရင်ကော သူတို့ရဲ့ အလားအလာက ဘယ်လို အဓိပ္ပါယ်ဖွင့်လို့ရမလဲ။ အဲဒီလို အဓိပ္ပါယ်ကောက်ယူတာကော မှန်ပါ့မလား။

ဖြေ ။ ။ AA ရဲ့ သတင်းစာရှင်းလင်းပွဲတွေကို တက်ရောက်ကြည့်တဲ့ အခြေအနေအရဆိုရင် ဒါက သူတို့တွေရဲ့ သံတမန်ရေးရာအရ ဆက်ဆံရေးကတော့ အထူးသဖြင့် PR ပြောမလား။ အဲဒီမှာတော့ သူတို့ဘက်က တော်တော်လေး လိုက်လျောညီထွေ ဆက်ဆံတတ်တဲ့ အနေအထားတွေ တွေ့ရတယ်ဆိုတော့ အဲဒါတခုထဲနဲ့တော့ ဆုံးဖြတ်လို့ရနိုင်တဲ့ အနေအထားတော့ မရှိဘူးလို့ မြင်ပါတယ်။

မေး ။ ။ နောက်ဆုံးတခု မေးချင်တာကတော့ ပြည်ပ ပယောဂဆိုတဲ့ တရုတ်ရဲ့ ပံ့ပိုးမှုကိုပဲ သုံးသင့်တယ် ထင်ပါတယ်။ အကောင်းဘက်ကို တွန်းပေးတယ်ဆိုရင်တော့ အဲဒါကော ဘယ်လောက်ပါမယ် ထင်ပါလဲ။ ဒီတကြိမ်မှာ နည်းနည်းပြေလည်နိုင်မယ့် အလားအလာရှိတယ်ဆိုတော့ ဒီညှိနှိုင်းဆွေးနွေးမှု မတိုင်မီလဲ တရုတ်ကိုယ်စားလှယ်နဲ့ တွေ့ဆုံကြတာကိုလည်း ကြားပါတယ်။

ဖြေ ။ ။ တရုတ်နဲ့ ပါဝင်ပတ်သက်မှုကြတော့ အခု ဒေါ်အောင်ဆန်းစုကြည် တရုတ်ကိုသွားတဲ့ကိစ္စ။ ဒေါ်အောင်ဆန်းစုကြည် မတိုင်မီက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သွားတဲ့ အနေအထားအရ တရုတ်ဘက်ကတော့ ငြိမ်းချမ်းရေးကိစ္စတွေ ပြီးမြောက်ဖို့ကိစ္စတွေ လိုလိုလားလား ရှိတယ်။ နောက် ခေတ်သစ်ပိုးလမ်းမကြီးကိစ္စတွေမှာလဲ စတင်အကောင်အထည်ဖော်မယ့် အနေအထားတွေ ရှိလာတဲ့အပေါ်မှာတော့ တရုတ်ဘက်က ငြိမ်းချမ်းေးရးကိစ္စတွေကို တိုက်တိုက်တွန်းတွန်း လုပ်လာတော့မယ့် အနေအထားမျိုးကို သုံးသပ်တာတွေရှိတယ်လို့ လေ့လာသုံးသပ်သူတွေက ဒီအပေါ်မှာအဲဒီလို သုံးသပ်ထားကြပါတယ်။

မေး ။ ။ နောက်တကြိမ် ဆွေးနွေးပွဲက နောက်တလမှာလား။

ဖြေ ။ ။ မေလ တတိပတ်အထဲလောက်ကို သူတို့ ရက်အကြမ်းမျဉ်း သတ်မှတ်ထားတယ်လို့ ပြောပါတယ်။

မေး ။ ။ ဒီလူတွေ ဒီနေရာမှာပဲ ဆွေးနွေးကြမှာလား။ အဲဒီအတွက် အဆင်အပြင်၊ ကြိုတင်ပြင်ဆင်မှု တစုံတရာ ထူးခြားတာတွေ ကြားမိပါလား။

ဖြေ ။ ။ အဲဒီကျန်တဲ့အပိုင်းတွေကတော့ သူတို့ထုတ်ပြန်ထားတာ မရှိသေးပါဘူး။ အချိန်ကိုပဲ အကြမ်းမျဉ်းသတ်မှတ်ထားတာပဲ သိရပါတယ်။ နေရာတွေ သတ်မှတ်တာတော့ ပြောဆိုတာ မရှိသေးပါဘူး။

မေး ။ ။ ဆိုတော့ အဲဒီပွဲမှာတော့ အလားအလာ ပိုကောင်းလိမ့်မယ်လို့ မျှော်လင့်ရတာပေါ့။

ဖြေ ။ ။ ဒီနေ့ သူတို့ရဲ့ သုံးသပ်ချက်တွေအရဆိုရင်တော့ ဒီအနေအထားကတော့ အရင်ဆွေးနွေးပွဲတွေထက်လဲ ကောင်းလာတယ်။ အပြုသဘောလည်း ပိုဆောင်လာတဲ့ အနေအထားမျိုးတွေ ပြောလာတယ်ဆိုတော့ တစုံတရာ ဆုံးဖြတ်နိုင်မယ့် အနေအထားတခုတော့ ရောက်လာလိမ့်မယ်လို့ ကျနော်တို့ ခန့်မှန်းလို့ ရပါတယ်။

နိဂုံးသုံးသပ်ချက် ။ ။ မြန်မာနိုင်ငံရဲ့ နှစ် (၇၀) ကြာ ပြည်တွင်းစစ်မီးဟာ အခုအချိန်အထိ တနေရာကနေ တနေရာကို တောမီးပမာကူးစက်လောင်းကျွမ်းဆဲ ဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ အခြေအနေအရပ်ရပ် ရှေ့တိုးဖို့ဟာလဲ ပြည်တွင်းငြိမ်းချမ်းရေးအပေါ်မှာ အဓိကမူတည်နေတယ်ဆိုရင်လဲ မှားမယ်မဟုတ်ပါဘူး။ အဲဒါကြောင့် ပြည်သူတွေ လိုလားတောင့်တဆုံးဖြစ်တဲ့ ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းပေးနိုင်သူတွေအဖို့ မြန်မာ့သမိုင်း စာမျက်နှာပြင်ပေါ်မှာ လွတ်လပ်ရေးရယူပေးခဲ့သူတွေနဲ့ ကပ်ရပ်နေရာမှာ ကွက်လပ်တခုရှိနေကြောင်း ယူဆမိပါကြောင်း ပြောကြားလိုပါတယ်။