ငြိမ်းချမ်းရေး နီးလျက်နဲ့ ဝေးနေတာ ဘာကြောင့်လဲ

Myanmar Peace conference ( Photo- Myanmar State Counsellor)

Your browser doesn’t support HTML5

ငြိမ်းချမ်းရေး နီးလျက်နဲ့ ဝေးနေတာ ဘာကြောင့်လဲ

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ အစီအစဉ်မှာ မကြာသေးမီက ပြီးဆုံးသွားတဲ့ ငြိမ်းချမ်းရေး ထိပ်သီးညီလာခံဟာ ယခင် အစည်းအဝးတွေနဲ့ စာရင် အတော်လေး အပြုသဘောဆောင်တယ်လို့ သုံးသပ်နိုင်သလို၊ ခရီးပေါက်သင့်သလောက် မပေါက်နိုင်ခဲ့ဘူးလို ယူဆရမလို ဖြစ်နေပါတယ်။ ဘာကြောင့်ပါလဲ၊ မြန်မာနိုင်ငံ တိုင်းရင်းရေးရာ သုံးသပ်သူ စိုင်းဝမ်ဆိုင် နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ အခု မြန်မာပြည်မှာ မကြာသေးမီက ပြီးဆုံးသွားခဲ့တဲ့ ငြိမ်းချမ်းရေးထိပ်သီးဆွေးနွေးပွဲ - ထိပ်သီးလို့ခေါ်တာကတော့ တကယ့်အဆုံးအဖြတ်ပေးနိုင်တဲ့ ပုဂ္ဂိုလ်တွေ တက်တယ်လို့ ဆိုပြီးတော့ ခေါ်ကြတာပေါ့။ ဒီဆွေးနွေးပွဲကနေ တချို့က အကောင်းမြင်တယ်။ နည်းနည်းအရွေ့သဘောရှိတယ်လို့ ပြောကြတယ်။ လွှမ်းခြုံပြီးတော့ ပြောမယ်ဆိုရင် အရင်ထက် သာမရိုးကျမဟုတ်ဘဲနဲ့ နည်းနည်းများ ထူးခြားမှု ရှိပါသလား။ တိုးတက်တဲ့ဘက်ကို။

စိုင်းဝမ်ဆိုင် ။ ။ ထူးခြားမှုတော့ ရှိတယ်လို့ ပြောရမယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက အဆုံးအဖြတ် ပေးနိုင်တဲ့ ခေါင်းဆောင်တွေ တဘက်က ဆယ်ဦးစီ ဒီအစည်းအဝေးကို လုပ်တဲ့အခါကြတော့ အရင်သူတို့လုပ်နေကြ NCA အစည်းအဝေးနဲ့တော့ မတူဘူး။ မတူတော့ အဆုံးအဖြတ်ပိုင်းခွင့် အနေအထားကနေကြည့်ရင်တော့ ထိရောက်မှုရှိတယ်လို့ ပြောလို့ရတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ အကြောင်းအရာအားဖြင့် ဘယ်လိုအချက်အလက်တွေကို သူတို့ သဘောတူခဲ့သလဲ။ သဘောတူဖို့ ဆုံးဖြတ်ကြသလဲ။ ဆက်လက်ဆွေးနွေးဖို့ ဆုံးဖြတ်ကြသလဲဆိုတာကို နည်းနည်းပြောပါ။

စိုင်းဝမ်ဆိုင် ။ ။ သူတို့ ယေဘုယျအားဖြင့် သတ်မှတ်ထားတာ (၇) ချက် ရှိတယ်။ အဲဒီ (၇) ချက်ထဲမှာ အရေးကြီးဆုံး (၂) ချက်က သဘောတူလို့ မရဘူး ဖြစ်နေတယ်။ တစ်ချက်ကတော့ တပ်မတော်ဘက်ကနေ တောင်းဆိုတဲ့ မခွဲထွက်ရေးဆိုတဲ့ Issue တစ်ခု။ နောက်တစ်ခုက စစ်တပ်က Single Army စစ်တပ်တစ်ခုတည်း ရှိရမယ်ဆိုတဲ့ အဲဒီနှစ်ခုကို သူတို့မကျေလည်ဘူး။ မကျေလည်တော့ အဓိပ္ပါယ်က အရေးကြီးဆုံး ဒီနှစ်ခုကို သူတို့လုံးဝ ကိုင်တွယ်လို့ မရဘူးလို့ ကျနော်တို့ ပြောလို့ရတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီ ကိုင်တွယ်လို့မရတဲ့ Issue နှစ်ခုကို မပြောခင်မှာ တိုးတက်ခဲ့တယ်ဆိုတဲ့ အပိုင်းတွေက ဘယ်လိုအကြောင်းအရာအားဖြင့် ကိုင်တွယ်လို့ရခဲ့တဲ့ အပိုင်းတွေ ရှိခဲ့သလဲ။ အဲဒါကို နည်းနည်းပြောပါအုံး။

စိုင်းဝမ်ဆိုင် ။ ။ ကိုင်တွယ်လို့ရတဲ့အပိုင်းတွေက (၁) ဒီမိုကရေစီကို အခြေခံတဲ့ ဖယ်ဒရယ်စနစ်ကို သွားမယ်ဆိုတာကို သဘောတူတယ်။ နောက်တခုကြတော့ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ဒီမိုကရေစီရေးကို အာမခံတဲ့ စနစ်တခုကို သွားမယ်ဆိုတာကိုလည်း လက်ခံတယ်။ နောက်တခုက ပြည်နယ်နဲ့ တိုင်းကြီးဒေသတွေအတွက်ကို သူတို့က Power Sharing ယေဘုယျအားဖြင့် လက်ခံတယ်။ နောက် Security Reconciliation ခေါ်တဲ့ လုံခြုံမှုပေါင်းစည်းရေးကိုလည်း အကျေအလည် ဆွေးနွေးမယ်လို့ သဘောတူတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော်က အဲဒီ အဓိကအခက်အခဲ ဖြစ်နေခဲ့တဲ့ မခွဲထွက်ရေးနဲ့ တစ်ခုတည်းသော တပ်မတော်ဖြစ်ရေးကို ဆွေးနွေးမှာပါ။ အဲဒါကိုမပြောခင် ပြောစရာတစ်ခု တွေ့တာက အခုနကိစ္စတွေ သဘောတူကြပေမယ့် တိုက်ပွဲတွေက ဆက်လက်ဖြစ်နေသေးတယ်။ On the ground မှာ အဲဒါကို ဘယ်လိုပြောမလဲ။

စိုင်းဝမ်ဆိုင် ။ ။ တိုက်ပွဲဖြစ်နေရတဲ့အကြောင်းရင်းက သူတို့က NCA က ချလာတဲ့ JMC – Joint Monitoring Committee အဲဒီအဖွဲ့အစည်းက အလုပ်မလုပ်နိုင်လို့ဘဲ ဖြစ်တယ်။ အရေးကြီးဆုံးဖြစ်တဲ့ နယ်မြေပိုင်ခြားသတ်မှတ်မှုတွေ သူတို့မလုပ်နိုင်ဘူး။ နောက်ပြီး Code of Conduct လို့ခေါ်တဲ့ စည်းမျဉ်းဥပဒေတွေကို Conflict Area ပစ်ခတ်တိုက်ခိုက်မှုရှိတဲ့ နယ်မြေမှာရှိတဲ့ လူတွေကို ဘယ်လိုကိုင်တွယ်မလဲ ဆိုတာတွေကို သူတို့က လိုက်နာပြီးလုပ်ဆောင်တာ မရှိဘူး။ အဲဒါကြောင့် တိုက်ပွဲတွေက ဖြစ်နေတာ။

ဦးကျော်ဇံသာ ။ ။ အပစ်အခတ်ရပ်စဲရေး ကြီးကြပ်မှုကော်မတီရဲ့ အကိုင်အတွယ် သိပ်ပြီးတော့ မထိရောက်သေးလို့ပေါ့။

စိုင်းဝမ်ဆိုင် ။ ။ တကယ်တမ်းဆိုရင် သူက တခါမှ မထိရောက်ခဲ့ပါဘူး။ အဲဒါကြောင့်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ အဓိက Stumbling Block ဖြစ်နေတဲ့ အဓိကနှစ်ချက်ကို ပြောချင်ပါတယ်။ မခွဲထွက်ရေးဆိုတဲ့ကိစ္စ။ ပြည်ထောင်စုက ခွဲထွက်ရေးမူဟာ စာရွက်ပေါ်မှာပဲရှိတယ်။ တကယ်တမ်း တိုင်းရင်းသားတွေက လိုချင်ကြလို့လားဆိုတဲ့ ကိစ္စကို မေးချင်ပါတယ်။

စိုင်းဝမ်ဆိုင် ။ ။ ယေဘုယျအားဖြင့် ကျနော်ထင်တာ ဗမာကြီးစိုးတဲ့အစိုးရတွေကို တော်လှန်နေတဲ့ အဖွဲ့အစည်းတွေက အရင်တုန်းကလို လုံးဝလွတ်လပ်ရေးကို သူတို့ လက်လွှတ်လိုက်ပြီ။ တော်တော်ကြာပြီလို့ ကျနော်ထင်တယ်။ အရင်တုန်းကတော့ ကချင်လွတ်လပ်ရေး Kachin Independence Army, ရှမ်းတွေကလည်း SSIA – Shan State Independence Army လွတ်လပ်ရေးကို ဦးတည်ပြီးလုပ်ခဲ့တဲ့ အဖွဲ့အစည်းတွေ ဖြစ်တယ်။ အခုကြတော့ သူတို့က Regional အနေအထားအရ ခွဲထွက်နိုင်တဲ့ အနေအထားက မပေးဘူး။ အပြည်ပြည်ဆိုင်ရာ အနေအထားက မပေးဘူးဖြစ်နေတယ်။ မပေးတဲ့အခါကြတော့ ခွဲထွက်ရင်လဲ Endorse လုပ်မယ့်၊ လက်ခံမယ့် နိုင်ငံက မရှိတဲ့အတူတူ ဖယ်ဒရယ်မူက အကောင်းဆုံးဆိုပြီး သူတို့က ဒါကို ယုံကြည်လက်ခံလာတာ။ အဲဒါကြောင့် သူတို့က ဖယ်ဒရယ်မူပဲ တောင်းနေခဲ့တယ်။

ဦးကျော်ဇံသာ ။ ။ အဲဒါဆို ဘာဖြစ်လို့ ခွဲထွက်ရေးကိစ္စမှာ သဘောတူညီမှု ရရှိရေးဟာ ငြိမ်းချမ်းရေးအတွက် အခက်အခဲ ဖြစ်နေရသလဲ။ တိုင်းရင်းသားတွေဘက်က ဒါကို မလိုတော့ဘူး။ ဖယ်ဒရယ်ဆိုရင် ကျေနပ်တယ်လို့ မူအားဖြင့်လဲ ဒီမိုကရေစီအခြေခံတဲ့ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ကြရေးဆိုတာ ဖြစ်နေရဲ့သားနဲ့ ခွဲထွက်၊ မခွဲထွက်ဆိုတာ ဘာကြောင့် အရေးကြီးတဲ့ကိစ္စတခု ဖြစ်နေပါလဲ။ အခက်အခဲ ဖြစ်နေရသလဲ။

စိုင်းဝမ်ဆိုင် ။ ။ အမှန်အတိုင်းက အရေးမကြီးဘူး။ အခုလွန်ခဲ့တဲ့ သုံးလေးရက်လောက်က ဗိုလ်ချုပ်ကြီး ရော်ဒ်ဆက် RCSS ရှမ်းတော်လှန်ရေးဥက္ကဋ္ဌလည်း ပြောသွားတယ် - ကျနော်တို့က ခွဲထွက်ခွင့်ထက် ဘယ်လိုပေါင်းစည်းမလဲဆိုတဲ့ ရည်ရွယ်ချက်နဲ့ စကားလာပြောတယ်။ ခွဲထွက်ခွင့်ကို လုံးလုံးကိုင်တွယ်တာ မဟုတ်ဘူး။ ဒါပေမဲ့ တပ်မတော်ဘက်က အထူးသဖြင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က မခွဲထွက်ရေးဆိုတဲ့ မူကိုကိုင်ပြီးတော့ စားပွဲပေါ် တင်လာတာကို သဘောထားမမှန်ကန်ဘူးလို့ တိုင်းရင်းသားတွေက မြင်တယ်။ အဲဒီလိုလုပ်ခြင်းအားဖြင့် NCA အခြေခံနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဖျက်လိုဖျက်ဆီး လုပ်တယ်လို့ သူတို့က အဲဒီလိုစွပ်စွဲတယ်။

ဦးကျော်ဇံသာ ။ ။ တကယ်တော့ ဒါက တပ်မတော်ဘက်က လက်လိမ်ချိုး အပေါ်စီးလုပ်တယ်ဆိုတဲ့ သဘောကို တိုင်းရင်းသားတွေက မခံချင်ကြတာ။

စိုင်းဝမ်ဆိုင် ။ ။ အဲဒီလိုသဘောမျိုးလည်းပါတယ်။ နောက်တခုကလဲ ၁၉၄၈ ခု Union of Burma ပြည်ထောင်စုမြန်မာနိုင်ငံ ဖွဲ့စည်းတဲ့အချိန်မှာတုန်းက အဲဒီအခွင့်အရေးက ပါပြီသာ ဖြစ်နေတယ်။ ဒါကြောင့်မို့ ဖွဲ့စည်းအုပ်ချုပ်ပုံက ခွဲထွက်ခွင့်အပိုဒ်တွေ ပါခဲ့တာ။ ဆိုတော့ ၁၉၄၈ ခု ပြည်ထောင်စုကို တည်ဆောက်တုန်းက သူတို့က စိတ်ပါလက်ပါ Voluntrily ပါဝင်ကြတာ။ အတင်းအဓမ္မကြောင့် လုပ်တာမဟုတ်ဘဲ ကိုယ့်ဘာသာကိုယ် ပါဝင်လုပ်ကြတာ။ အဲဒီအခွင့်အရေးကို ဗိုလ်ချုုပ်မှူးကြီးမင်းအောင်လှိုင် က ဒါကို ခင်များတို့ စွန့်လွှတ်ရမယ်လို့ ပြောတဲ့အချိန်မှာ သူ့လက်ထဲမှာလည်း ဖယ်ဒရယ်အခွင့်အရေးတွေကို အာမခံထားတဲ့ မူကလည်း လုံးဝမရှိသေးဘူး။ မရှိသေးဘဲနဲ့ ဒီလိုပြောတာကို တိုင်းရင်းသားတွေက လက်မခံနိုင်တာကို လက်မခံဘူးလို့ပြောတာ။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ ဒီဟာက တကယ်တမ်း အနစ်သာရထက် အပေါ်ယံအပြောအဆို၊ အကိုင်အတွယ်နဲ့ ပတ်သက်နေတဲ့ကိစ္စတခုလို့ သတ်မှတ်လို့ ရပါသလား။

စိုင်းဝမ်ဆိုင် ။ ။ အဲဒီလို သတ်မှတ်လိုက်ရင် မှန်နိုင်တယ်။ ဘာကြောင့်လဲဆိုတော့ လူတွေက ခွဲထွက်ဖို့အတွက် သူတို့က စကားပြောနေကြတာ မဟုတ်ဘူး။ ဘယ်လိုပေါင်းစည်းမလဲအတွက် စကားပြောကြတာ။

ဦးကျော်ဇံသာ ။ ။ နောက်ပြီးတော့ ၄၇ ခုနှစ် ဥပဒေထဲမှာ အခန်း (၁၀) ခွဲထွက်ပိုင်ခွင့်ဆိုတာကိုလည်း တိုင်းရင်းသားတွေဘက်က တခါမှ သုံးမယ်လို့ မပြောခဲ့ဘူး။ အဲဒါ ဘာအတွက်သာ အသုံးကျသလဲဆိုရင် ကျနော်ထင်တာ ဗိုလ်ချုပ်နေဝင်း အကြောင်းပြပြီးတော့ ယမယ်ရှာပြီး အာဏာသိမ်းဖို့ ဖြစ်ခဲ့တဲ့ ပုဒ်မလို့ ထင်ပါတယ်။

စိုင်းဝမ်ဆိုင် ။ ။ ကျနော်တို့ အဲဒီလိုမြင်လို့ ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တကယ်တမ်းက ၁၉၄၈ ခုနှစ်မှာ ရှိခဲ့တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံမှာ သူတို့က အဲဒီလိုမျိုး ထည့်ထားရုံသက်သက်ပဲ ဖြစ်ခဲ့ပြီး တိုင်းရင်းသားတွေဘက်ကလည်း အသုံးချဖို့ တခါမှ မစဉ်းစားခဲ့ဘူး။ ဗိုလ်ချုပ်ကြီးနေဝင်းကတော့ အသုံးချခဲ့တယ်။

ဦးကျော်ဇံသာ ။ ။ နောက်တချက်ကတော့ တစ်ခုတည်းသော တပ်မတော်ဖြစ်ရေး - တစ်ခုတည်းသော တပ်မတော်ဖြစ်ရေးကိစ္စနဲ့ ပတ်သက်လိုကော ဘာများအခက်အခဲ ရှိသလဲ။ ဘယ်နိုင်ငံမှာမှ တိုင်းရင်းသားလူမျိုးတခုစီ တပ်မတော်တခုစီ ထားရှိတာလည်း မသင့်တော်ပါဘူး။ သူတို့ဒေသဆိုင်ရာ ရဲတို့ဘာတို့ပဲ ရှိကြတယ်။ အခုဟာ ဘာကြောင့် မြန်မာပြည်မှာ အခက်အခဲ ဖြစ်နေတာလဲ။

စိုင်းဝမ်ဆိုင် ။ ။ အခက်အခဲက တကယ်တမ်း မဖြစ်ဘူးလို့ ကျနော်ထင်တယ်။ ဒါပေမဲ့ သူတို့က သေချာစားပွဲဝိုင်းမှာထိုင်ပြီး သူ့ဘက်ကိုယ့်ဘက် ဖဲတွေကို မပြဘဲနဲ့ တယောက်နဲ့တယောက် မှန်းချက်နဲ့ ပြောနေကြလို့ ဖြစ်ရတာ။ ကျနော် စကားပြောဖူးတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေက ပြောတာဆိုရင် သူတို့က အိုကေ ပြည်နယ်တခုစီရဲ့ Interior ပြည်နယ်အရေးကို ကိုင်တွယ်တဲ့နေရာမှာ သူတို့ရဲတပ်ဖွဲ့တွေ သူတို့ဘာသာသူတို့ ရှိမယ်။ လုံခြုံရေးကို သူတို့ ကိုင်တွယ်သွားမယ်။ ဒါပေမဲ့ အားလုံးနဲ့ဆိုင်တဲ့ ပြည်ထောင်စုတပ်မတော် ဖြစ်တဲ့အခါမှာ သူတို့ အဲဒီအထဲမှာ အချိုးအကျ ပါဝင်ဖို့ အဆင်သင့် ရှိကြတယ်။ ဆိုတော့ ဗမာလူမျိုးစုအများစု အုပ်စီးတဲ့ တပ်မတော်တခုထက် တကယ်ကို ပြည်ထောင်စုသားတွေအားလုံး ပါဝင်တဲ့ တပ်မတော်တခု လိုလားလို့ သူတို့က တောင်းဆိုနေကြတာ။ ဆိုတဲ့အခါကြတော့ ဒါက အပေးအယူလုပ်ဖို့လိုတယ်။

ဦးကျော်ဇံသာ ။ ။ အပေးအယူလုပ်နိုင်ဖို့ကလဲ အပြန်အလှန် ယုံကြည်မှုကလည်း အခုက ပိုရှိလာတယ်လို့ ယူဆရင် ရမလား။ ဒါထက်ပိုပြီးတော့ ကောင်းဖို့ိ လိုသေးသလား။

စိုင်းဝမ်ဆိုင် ။ ။ အများကြီးပိုလုပ်ဖို့ လိုတယ်။ တကယ်တမ်းကတော့ တိုင်းရင်းသားတွေဘက်ကနေ Initiative လုပ်တဲ့ အစိုးရနဲ့ တပ်မတော်ဘက်က ဆယ်ယောက်၊ တိုင်းရင်းသားတွေဘက်က ဆယ်ယောက် ဆုံးဖြတ်နိုင်တဲ့လူတွေ တွေ့ပြီး စကားပြောနိုင်ရင်ကောင်းတဲ့ အခြေခံပါ။ ဒါပေမဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အဖွင့်မိန့်ခွန်းမှာပင် RCSS ကို တိုက်ခိုက်လာလို့ .. ကျနော်တို့ လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူး။ ခင်များတို့ ဒီလိုလုပ်ရင် ဘာညာ အဲဒါတွေနဲ့ NCA ကို အသုံးချပြီး တပ်ဖြန့်တယ်၊ နယ်ချဲ့တယ် .. အဲဒီလို သူက တာထွက်တဲ့အခါကြတော့ အလုပ်မဖြစ်ဘူး ဖြစ်သွားတယ်။ နောက်တခုက အဲဒါပြီးတဲ့နောက်ပိုင်းမှာ သူက အစည်းအဝေး မတက်ဘဲနဲ့ အင်းလေးဖောင်တော်ဦးတို့ ဘာတို့ သွားလိုက်တယ်ဆိုတော့ ဗိုလ်ချုပ်ကြီးရော့ဒ်ဆက်ကလည်း ပြောတာက သူမတက်ရင် သူလည်းမတက်ဘူးဆိုပြီး နေလိုက်တယ်။ အရင်တုန်းက ခေါင်းဆောင်တွေအချင်းချင်း ညှိပြီးလုပ်မယ်ဆိုတဲ့ အလုပ်က မပီပြင်တော့ဘူးဆိုပြီး နောက်ဆုတ်လိုက်တယ်ဆိုပြီး သူက ပြောတာ။

ဦးကျော်ဇံသာ ။ ။ နိုဝင်ဘာမှာ သူတို့ပြန်တွေ့ဖို့ အစီအစဉ်ရှိတယ်။ အဲဒီမှာ ဒီထက်အခြေအနေကောင်း ရှေ့ကိုတိုးလာနိုင်မယ်လို့ မျှော်လင့်ပါသလား။

စိုင်းဝမ်ဆိုင် ။ ။ တကယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အရင်ဖွင့်ပွဲမှာပြောတဲ့ ပုံစံနဲ့ မထွက်ဘူးဆိုရင်တော့ တိုးတက်လာနိုင်တဲ့အပိုင်းတော့ ရှိပါတယ်။ သူဘက်က နည်းနည်းလျှော့ဖို့ လိုမလားလို့။

ဦးကျော်ဇံသာ ။ ။ တိုင်းရင်းသားတွေဘက်ကတော့ အစွမ်းကုန်လျှော့ထားပြီပေါ့။

စိုင်းဝမ်ဆိုင် ။ ။ တိုင်းရင်းသားတွေဘက်ကတော့ သူတို့လျှော့ပြီသားပါ။ ဘာမှထပ်လျှော့ဖို့ မရှိဘူး။