Your browser doesn’t support HTML5
ရခိုင်ပြည်နယ် ပြဿနာပြေလည်ရေးဟာ ပြည်ထောင်စုတခုလုံးရဲ့တိုင်းရင်းသားပြဿနာလိုပဲ ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်နိုင်မှပြေလည်နိုင်မယ်လို့ ရှေ့နေကြီး ဦးကြီးမြင့် က ဆိုပါတယ်။ ရခိုင်ဘက်က လူတချို့မှာ တင်းမာတဲ့ လူမျိုးရေးအယူအဆ ရှိနေသလို၊ ဗမာတချို့ကလည်း လူမျိုးရေးအမြင်နဲ့ ကြည့်နေကြတယ်လို့လဲ ပြည်ထောင်စုရှေ့နေများနှင့် ဥပဒေ အထောက်အကူပြုသူများအဖွဲ့ ဥက္ကဌ က ပြောဆိုပါတယ်။ အသေးစိတ်ကို ဦးကြီးမြင့်နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးထားပါတယ်။
မေး ။ ။ ဒီနေ့ ကျနော်မေးချင်တဲ့ အကြောင်းအရာကတော့ ရခိုင်ပြည်နယ်အခြေအနေနဲ့ ပတ်သက်ပါတယ်။ ရခိုင်ပြည်နယ်မှာ စစ်ပွဲတွေ ဖြစ်နေတဲ့အတွက် အထူးသဖြင့် ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသမှာ ဒေသခံအပြစ်မဲ့တဲ့ ပြည်သူတွေ သေဆုံးရတာ။ နောက်ပြီးတော့ စစ်တပ်ဘက်က သူတို့ကို မသင်္ကာလို့ဆိုပြီး ခေါ်ယူစစ်ဆေးမေးမြန်းပြီးတော့ သေဆုံးသွားကြတာကို မကြာခဏ ကြားနေရပါတယ်။ ဒီကိစ္စကို တရားဥပဒေနဲ့ တားဆီးနိုင်စရာအကြောင်း တစုံတရာ မရှိဘူးလား။
ဖြေ ။ ။ အခုကိစ္စကို တော်တော်ဆိုးလာပြီ။ တရားဥပဒေအရ စိုးမိုးရမှာပေါ့။ တရားဥပဒေနဲ့အညီ ဖြစ်သင့်တာပေါ့။ ကချင်ပြည်နယ်မှာ ၇၄-၇၉ အထိ (၅) နှစ်လောက် နေလာခဲ့တယ်။ သိပ်ဆိုးတဲ့အချိန်တုန်းက။ အခု ရခိုင်မှာ ဖြစ်နေသလိုပဲ ဗြောင်းဆန်နေတယ်။ ကျနော်နေတဲ့ မိုးမောက်ဆိုရင် သူပုန်က တစ်လတစ်ကြိမ် ဝင်စီးတယ်။ အဲဒီလို သူသတ်ကိုယ်သတ်နဲ့ ကျနော် (၅) နှစ်လောက် ကချင်ပြည်နယ်မှာ နေလာခဲ့တာ ၂၇(၁) နဲ့ အဖမ်းခံရပြီ။ ဗန်းမော်ထောင်ထဲ ရောက်သွားခဲ့တယ်။ ကျနော့်တပည်တွေလည်း ဒုက္ခရောက်နဲ့ အဲဒီလို ဖြတ်သန်းခဲ့တော့ ဒီပြည်တွင်းစစ်က အဲဒီလိုပဲ ဖြစ်နေတာ။ အခုဟာက ပိုမိုပွင့်လင်းလာလို့လား မသိဘူး၊ ဒီမိုကရေစီနိုင်ငံကလည်း ဖြစ်လာပြီဆိုတော့ ဒီလိုတော့ မဖြစ်သင့်တော့ဘူးလို့ ကျနော်ကတော့ ဒီလိုယူဆပါတယ်။
မေး ။ ။ ဦးကြီးမြင့်ယူဆသလိုပဲ တခြားပုဂ္ဂိုလ်တွေ အထူးအားဖြင့် နိုင်ငံရေးအားဖြင့် တာဝန်ရှိတဲ့ ပြည်သူ့လွှတ်တော်အမတ်တွေ၊ အဖွဲ့အစည်းအသိုင်းအဝိုင်းတွေ တော်တော်များများကလည်း ဒီကိစ္စကို ထိထိရောက်ရောက် ဟန့်တားဖို့၊ ပြောကြဆိုကြတာကို မကြားဘူး။ အဲဒီလို လှုပ်ရှားမှုတွေ ရှိပါသလား။ အထူးသဖြင့် နိုင်ငံရေးအသိုင်းအဝိုင်းက ဟန့်တားဖို့ကြိုးစားတာများ ရှိပါသလား။
ဖြေ ။ ။ ကျနော် ပြည်ထောင်စုအရေးလို့ပြောဖို့ နှစ်ကြိမ်လောက် တက်ပါတယ်။ တက်တဲ့အခါကြတော့ မေးခွန်းမေးတဲ့ ရခိုင်အသင်းအုပ်က - လူလတ်ပိုင်းပါ၊ သူက နိုင်ငံရေးအကျဉ်းသားလို့ ပြောတယ်။ ရခိုင်အရေးသည် ပြည်ထောင်စုအရေးဆိုတဲ့ ဆွေးနွေးပွဲဟာ ကျနော်တို့ ရခိုင်ပြည်နယ် လွတ်လပ်သွားမှာကိုကြောက်လို့ လုပ်တာလားဆိုပြီးတော့ အဲဒီလို တဘက်ကလဲ တင်းမာတဲ့လူတွေ ရှိတယ်။ ဒီဘက်ကလဲ အဲဒီလိုပဲ ရခိုင်တွေဟာ လူမျိုးရေးနဲ့ အုပ်ချုပ်ရေးကို ဘယ်ပေးလို့ရမလဲဆိုတဲ့ အုပ်စုရှိတယ်။ ဟိုဘက်ကလဲ ငါတို့အနိုင်တိုက်မှာ၊ မင်းတို့မရှုပ်နဲ့ဆိုတဲ့ ပြောစကားတွေလည်း ရှိတယ်။ ကျနော်ကတော့ ဘာပြောလိုက်လဲဆိုတော့ ကျနော် ကချင်ပြည်နယ်မှာ (၅) နှစ် အတွေ့အကြုံရှိခဲ့တယ်။ အဲဒီတော့ ဆွေးနွေးကြပြီး အဖြေရှာမှရမယ်၊ ဒီအတိုင်းတော့ မဖြစ်သေးဘူးလို့ ကျနော်က အဲဒီလိုပြောလိုက်တယ်။
နောက်တခုက ဘာပြောချင်လဲဆိုတော့ အကြိမ်ကြိမ်အထပ်ထပ် စဉ်းစားပြီးပြီ။ ဘာလဲဆိုတော့ ခေါင်းဆောင်တွေအဆက်ဆက် စစ်အာဏာရှင်တွေပါ ခေါင်းဆောင်တွေ လက်ထဲကို ပုံအပ်ထားလို့တော့ မရတော့ဘူး။ သူတို့က သူတို့အချင်းချင်းသာ မတည့်ဘူး၊ အာဏာလုနေကြတော့ ပြည်ထောင်စုအရေး ဆိုလို့ရှိရင် ဖယ်ဒရယ်ကိုပေးပြီးတော့ ကိုယ့်ပြည်နယ်နဲ့ကိုယ် Constitution ရှိလိမ့်မယ်။ အုပ်ချုပ်မှ ဖြစ်တော့မယ်။ အဲဒီလမ်းကလွဲလို့ အခြားလမ်းတော့ ကျနော် မမြင်တော့ဘူး။ ကျနော် အပွင့်လင်းဆုံး ပြောတာပါ။ ကချင်ပြည်နယ်မှာလည်း ဒီစကားပဲ ပြောခဲ့တယ်။ အခုလည်း ဒီစကားကို ထပ်ပြောပါတယ်။
မေး ။ ။ အဲဒါကတော့ နောက်ဆုံးပိတ်အဖြေပေါ့။ အဲဒီအဖြေကို ရောက်ဖို့ကလဲ ဒီအဆင့်တွေကို နိုင်ငံရေးသမားတွေ၊ လွှတ်တော်တွေ ဒါကို ဖြတ်သန်းသွားရမှာ။ အဲဒါကို ဖြတ်သန်းဖို့ကော လွယ်ပါ့မလား။ ဒီသဘောထား - ကိုကြီးမြင့် စောစောကပြောတဲ့ မျှော်မှန်းချက် ဖယ်ဒရယ်ပြည်ထောင်စု ဖြစ်လာဖို့ အကောင်အထည်ဖော်ဖို့။
ဖြေ ။ ။ ကျနော်တို့ကတော့ မမှိတ်မသုန် ယုံကြည်တယ်။ ကျနော်တို့ကတော့ စပြောနေပြီ။ ကျနော်တို့ ဗမာတွေလည်း လက်ခံကြပြီ။ ဖယ်ဒရယ်ကို ဒေါ်အောင်ဆန်းစုကြည်က လက်ခံပြီ။ စစ်တပ်ကလည်း လက်ခံပြီ။ သို့သော်လဲပဲ အပြောတွေပဲ ရှိသေးတယ်။ လက်တွေ့လုပ်ဖို့ကိုပဲ တဆင့်တက်ဖို့ ရှိတော့တယ်။ တော်တော်များများ လက်ခံကြပြီ။ ဒီဟာကလွဲလို့ ကိုယ့် Constitution နဲ့ကိုယ် အုပ်ချုပ်တာကလွဲလို့ ဖယ်ဒရယ်စနစ်ကလွဲလို့ ကုစရာဆေးမရှိဘူး။ အဲဒါကတော့ အတိအကျပဲ။ အဲဒီလိုပဲ ရှေ့ဆက်ကြရမှာပဲ။
မေး ။ ။ အဲဒီကိုမရောက်ခင် လောလောဆယ် ဖြစ်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ပြန်ကောက်ချင်ပါတယ်။ အခုရခိုင်ပြည်နယ်မှာ ပြည်သူတွေ ခံနေရတဲ့ ဒုက္ခတွေ၊ ငြိမ်းချမ်းမှု ရရှိဖို့အတွက် ဦးအေးသာအောင် ခေါင်းဆောင်တဲ့အဖွဲ့တခုကို တာဝန်ပေးထားတာကို တွေ့ရပါတယ်။ အဲဒီအဖွဲ့ရဲ့ လုပ်ပိုင်ခွင့်တွေ၊ အဲဒီအဖွဲ့ဟာ ဘယ်လောက်အထိ လုပ်နိုင်စွမ်း ရှိမယ်လို့ ဦးကြီးမြင့် သုံးသပ်မိပါလဲ။
ဖြေ ။ ။ ဦးအေးသာအောင်တို့လည်း စိတ်ထဲမှာတော့ တကယ်ရှိပါတယ်။ ဒီစနစ်နဲ့တော့ မဖြစ်တော့ဘူး။ ဒီနိုင်ငံရေးစနစ်နဲ့တော့ မဖြစ်တော့ဘူး။ ၂၀၀၈ ကိုလည်း သူမကြိုက်ဘူး။ အကြိမ်ဖန်များစွာ ပြောပါတယ်။ ပြောပြီးတော့ သူကတော့ ဖယ်ဒရယ်စနစ်ကိုပဲ သေသေချာချာလေးမို့လို့ ပြောပါတယ်။ ကျနော် သူနဲ့ အင်မတန်ခင်ပါတယ်။ လူပုဂ္ဂိုလ် တယောက်ချင်းအနေနဲ့ ဦးအေးသာအောင် က ချွင်းချက်မရှိ တကယ်ကောင်းတဲ့လူပါ။ ရခိုင်တွေပေါ်မှာ တကယ်စေတနာရှိတဲ့ လူပါ။ သို့သော်လဲ သူမှာလဲ ၂၀၀၈ အောက်မှာ ဘာမှလုပ်မရဘူး။ အဲဒါကြောင့်မို့ ၂၀၀၈ ကို ကျနော်တို့က ဖယ်ဒရယ်စနစ်နဲ့ ကိုက်ညီတဲ့ ပုံစံမျိုး မလုပ်မရခြင်းတော့ ဘာမှလုပ်လို့မရဘူး။ ဦးအေးသာအောင်လည်း စေတနာရှိတာပဲရှိမယ်၊ ကုလို့မရဘူး။
မေး ။ ။ အဲဒီတော့ ၂၀၀၈ ကို ပြင်ဖို့ဆိုပြီးတော့ တလောက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြန်ပြီးတော့ လှုပ်ရှားတယ်ဆိုတာကို တွေ့ရပါတယ်။ ဘယ်အထိ ခရီးပေါက်နေပါပြီလဲ။
ဖြေ ။ ။ ကျနော်တို့က သေသေချာချာ စာအုပ်များစွာကို လေ့လာတယ်။ ဥပေဒသမားလည်း ဖြစ်တယ်။ နိုင်ငံရေးသမားလည်း ဖြစ်တယ်။ နိုင်ငံရေးအကျဉ်းသမားဟောင်းလည်း ဖြစ်လေတော့ ၂၀၀၈ ကို လွှတ်တော်နည်းနဲ့ ပြင်လို့တော့ ဘယ်လိုမှ မရဘူး။ အဲဒါကို ကျနော်ကတော့ စဉ်းစားလို့တောင် မရဘူး။ သို့သော်လဲ ဘယ်လိုဖြစ်နေသလဲဆိုတော့ … ဒီကိစ္စက ကြာလိမ့်အုံးမယ်လို့ ကျနော်ထင်တယ်။ ဒီကြားထဲ ဘုန်းကြီးတွေက ပြဿနာတွေ ရှိနေသေးတယ်။ ဘုန်းကြီးတွေက နိုင်ငံတော်အစိုးရကို ဆန့်ကျင်တယ်၊ တော်လှန်မယ်လုပ်တယ်။ အဲဒီဘုန်းကြီးအဖွဲ့တွေကို တပ်မတော်က ငွေသွားလှူတယ်။ အဲဒီအတိုင်းဖြစ်နေတော့ ကျနော်က Facebook မှာရေးတယ် - တိုင်းပြည်တော့ ပျက်ပါပြီ၊ တယောက်နဲ့တယောက် ဆန့်ကျင်ဘက်တွေ ဖြစ်နေပြီ။ ကျနော်တို့နိုင်ငံရဲ့ ပြည်တွင်းရေးက အဲဒီလို ဖြစ်နေတဲ့အခါကြတော့ ရခိုင်ကိစ္စမှာလဲ စစ်တပ်က ကျနော်တို့ ဒီမှာနှစ်ပေါင်းများစွာ အတူနေခဲ့တာ - စစ်တပ်က ဖြစ်ပြီဆို သတ်တာပဲ - ဘုန်းကြီးလည်းမချန်၊ ဘယ်သူမှ မခံနိုင်ဘူး။ ရွှေဝါရောင်မှာဆို ဘုန်းကြီးကျောင်းတွေကို ဝင်စီးတာ။ ဘုန်းကြီးတွေကို ခြေထောက်နဲ့ကန်၊ ဘုရားတွေရိုက်ခွဲ အဲဒါမျိုးတွေ လုပ်ခဲ့တာ။ ဒေါ်အောင်ဆန်းစုကြည်လည်း ကြိုးစားရှာပါတယ်။ သူလည်း မလွယ်ဘူး အဲဒီလို ဖြစ်နေတယ်။ ကျနော်တို့လည်း စိတ်ရောကိုယ်ရော နစ်ပြီးတော့ နိုင်ငံအတွက် အသက်ပေးရပေးရဆိုပြီး စိတ်ကတော့ နစ်ထားပါတယ်။ ပြောစရာရှိလဲ ရဲရဲတင်းတင်း ပြောနေပါတယ်။ အဲဒီလောက်ပဲ ကျနော်တို့ လုပ်နိုင်တယ်။
မေး ။ ။ အဲဒီတော့ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဖို့အတွက် လွှတ်တော်ကို အားကိုးလို့ မရဘူး။ လွှတ်တော်ကတဆင့်သွားဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူးဆိုရင် ဘယ်နည်းနဲ့ သွားသင့်ပါသလဲ။
ဖြေ ။ ။ နည်းလမ်းတခုတော့ ရှိတယ်။ အဲဒါကတော့ NLD အစိုးရအနေနဲ့ အဲဒီအဆင့်က မလိုပါဘူး၊ ဒါက လုပ်ရိုးလုပ်စဉ်ပါ။ အဲဒါက ဘာလဲဆိုရင် လွှတ်တော်မှာ သူက ဆုံးဖြတ်ချက်တခု ချလိုက်ရမယ်။ ဘာလဲဆိုတော့ ၂၀၀၈ ကို ပြည်သူတွေ ကြိုက်မကြိုက် - ပြည်သူ့ဆန္ဒခံယူပွဲ လုပ်ချလိုက်။ မကြိုက်ဘူးဆိုရင် ဖျက်ပယ်ပြီး၊ လူထုက ကြိုက်တယ်ဆိုရင် ဆက်အုပ်ချုပ်။ ဒီအတိုင်း နောက်အစိုးရတက်သွား။ အဲဒီအချိန်ကျရင် လုံးဝထောက်ခံပြီး ပူးပေါင်းဆောင်ရွက်မယ်။ ပြည်သူကြိုက်တဲ့အတွက်။ ပြည်သူမကြိုက်ဘူးဆိုရင် ဘာလုပ်သင့်သလဲဆိုတာကို ကျနော်တို့ တဆင့်ခံ စဉ်းစားမှရမယ်။ သူတို့က ၉၈ ရာခိုင်နှုန်းက ထောက်ခံထားတာနဲ့ လုပ်နေတာ။ အဲဒီတော့ လွှတ်တော်နည်းနဲ့ မရတော့ဘူးဆိုရင် လွှတ်တော်နည်းနဲ့ သွားနိုင်တဲ့လမ်း အဲဒီတလမ်းပဲ ရှိတယ်။ အဲဒါက ဘာလဲဆိုရင် လွှတ်တော်အများဆုံးဖြတ်ချက်နဲ့ ၂၀၀၈ ကို ပြည်သူကြိုက်မကြိုက် - ဖျက်ဖို့အတွက် မဟုတ်ဘူး - ပြည်သူ့ဆန္ဒခံယူပွဲဆိုပြီး ဆုံးဖြတ်ချက်ချလိုက် - ပြည်သူကြိုက်မကြိုက်ပေါ် မူတည်ပြီးတော့ တဆင့်စဉ်းစားမှ ရတော့မယ်။ တိုက်ရိုက်ကတော့ မရဘူး။
မေး ။ ။ ဒီလမ်းကြောင်းကို ဦးကြီးမြင့်အပါအဝင် တချို့ ပုဂ္ဂိုလ်တွေကလည်း အရင်ကလဲ ပြောဖူးတယ် ထင်ပါတယ်။ လူထုဆန္ဒခံယူပွဲ လုပ်ပြီးတော့ ဒီလိုလုပ်သင့်တယ်ဆိုတဲ့ကိစ္စ။ NLD ခေါင်းဆောင်တွေရဲ့ နားကိုလည်း ပေါက်ပါလိမ့်မယ် ဒီစကား။ သူတို့ ဒီဟာကိုလုပ်ဖို့ ဘာကြောင့်များ မဖြစ်သေးတာလဲ။ လုပ်ကောလုပ်လာနိုင်မယ့် အခြေအနေ ရှိပါသလား။ သုံးသပ်ပါအုံး။
ဖြေ ။ ။ ဒါကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထဲမှာပဲ အဖွဲ့အစည်းနဲ့ ပြင်လို့ရမယ်။ လက်ရှိ သူတို့လုပ်နေတဲ့နည်းနဲ့ ပြင်လို့ရမယ်လို့ တင်မှာပဲ။ တင်တော့ ရှုံးပြီဆိုတဲ့အခါကြမှ ဒေါ်အောင်ဆန်းစုကြည်က စကားလေးတခုခံထားတယ်။ အဲဒီအခါကြရင်တော့ ပြည်သူ့နည်းနဲ့ လုပ်ရင်လုပ်ရလိမ့်မယ်လို့ သူပြောထားတယ်။ အဲဒီပြည်သူ့နည်းဆိုတာ ကျနော်တို့ပြောတဲ့နည်း ဖြစ်ပါစေလို့ပဲ ဆုတောင်းရတယ်။
မေး ။ ။ ဆိုတော့ ပြန်ချုပ်ရမယ်ဆိုရင် အခုပြောခဲ့သမျှ ရခိုင်ကိစ္စအစ ဒီကိစ္စကို ဆွေးနွေးဖို့ ကျနော်တို့ စလိုက်တာ အခု ၂၀၀၈ ဖွဲ့စည်းပုံပြင်ရမယ့် နေရာမှာ ဇာတ်သိမ်းသွားတာပေါ့။ အဓိက ၂၀၀၈ ဖွဲ့စည်းပုံကို မပြင်ရင်၊ ကျန်တဲ့ငြိမ်းချမ်းရေးတို့ ပြည်ထောင်စုသားအချင်းချင်း ချစ်ခင်ရင်းနှီးရေးတို့ဆိုတာ သိပ်ဖြစ်မလာနိုင်ဘူးဆိုတဲ့ သဘောပေါ့။ လမ်းပိတ်နေတဲ့ သဘောပေါ့။
ဖြေ ။ ။ အဲဒီ ၂၀၀၈ အခြေခံဥပဒေက တပ်မတော်က အကုန်လုံး အခွင့်အာဏာ အားလုံးကိုယူထားတဲ့အခါကြတော့ ကျနော်တို့က အမည်ခံ ဒီမိုကရေစီအစိုးရပဲ ဖြစ်နေတယ်။ တကယ့် အရေးကြီးတဲ့အရာတွေကို ဆုံးဖြတ်ချက် မချနိုင်ဘူး။ အဲဒါမျိုးတွေ ရှိတယ်။ ရခိုင့်အရေးကိစ္စမှာလဲ အခုနပြောသလိုပဲ ဆွေးနွေးပွဲမှာ ပြောပြီးပြီ။ ရခိုင်တွေ သူပုန်ထတာ မပြောနဲ့ သူတို့ဆီမှာ အလုပ်လဲမရှိ၊ ဘာလဲမရှိ၊ ရတာနဲ့လဲမလောက် အဲဒီလို ဖြစ်နေတာ။ ကျနော်တောင် ဟိုတုန်းကလိုဆိုရင် - အခုပြောတာ မဟုတ်ပါဘူး - ဗမာသူပုန်မရှိဘူး။ ဗမာသူပုန်ရှိရင် ဗမာသူပုန်နဲ့ လိုက်တယ်။ အဲဒီလောက်တောင် ကျနော်ပြောတာ။ ဘာဖြစ်လို့လဲဆိုရင် ကျနော်တို့ ပြည်ထောင်စုစိတ်ဓါတ်နဲ့ ပြောမယ်ဆိုရင် ကိုယ့်ညီတွေ၊ ညီအကိုရင်းတွေပါ။ ကျနော်တို့ကတော့ အဲဒီလို ခိုင်ခိုင်မာမာ ခံယူပါတယ်။ အဲဒီလို ကျနော်တို့လို ခံယူတဲ့ ပြည်တွင်းမှာရှိတဲ့ နိုင်ငံရေးသမားတွေ အများကြီးရှိပါတယ်။