Your browser doesn’t support HTML5
ရခိုင်ပြည်နယ်မှာ မြန်မာ့တပ်မတော်နဲ့ AA ရခိုင်တက်မတော်တို့ကြား စစ်ရေးပဋိပက္ခတွေ ကြီးထွားလာတာဟာ ဘယ်သူ့အတွက်မှ အကျိုးမရှိနိုင်ဘူး၊ အနှုတ်လက္ခဏာသာဖြစ်တယ်လို့ ဂျာမဏီနိုင်ငံ ဘာလင်တက္ကသိုလ်ကထိကဟောင်း မြန်မာ့ရေးရာသုတေသီ ဦးခင်မောင်စော က သုံးသပ်ပါတယ်။ စိတ်မအေးဖွယ် ဒီအရေးနဲ့ ပတ်သက်ပြီး ဦးခင်မောင်စောနဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။
မေး ။ ။ ဒီနေ့ ဆရာနဲ့ ဆွေးနွေးချင်တဲ့အကြောင်းအရာကတော့ ရခိုင်ပြည်မှာ အခုဖြစ်ပျက်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပါတယ်။ ပထမဦးဆုံးကတော့ ဒီကိစ္စဖြစ်ခဲ့ရတဲ့ အခြေခံအကြောင်းရင်းကို ဆွေးနွေးကြပါမယ်။
ဖြေ ။ ။ အခြေခံအကြောင်းရင်းကတော့ ရန်ဖြစ်ကြပြီဆိုရင်တော့ နှစ်ဦးနှစ်ဘက်မှာ အနည်းနဲ့အများတော့ တာဝန်ရှိကြတယ်။ တဘက်ထဲမှာတော့ လုံးဝတာဝန်မရှိပါဘူး။ ချိတ်ဆိုတာက နှစ်ဘက်ချိတ်မှာချိတ်လို့ရတယ်။ တဘက်ကချိတ်နေပြီး တဘက်က ဖြောင့်နေရင် ဘယ်လိုမှ သွားချိတ်လို့မရဘူး။ နှစ်ဦးနှစ်ဘက် မကျေနပ်တာတွေများတော့လဲ ဖြစ်မှာပေါ့။
မေး ။ ။ ပိုပြီးဝေးဝေးလံလံ ကြည့်မယ်ဆိုရင် အခုမြန်မာနိုင်ငံမှာ တိုင်းရင်းသားတွေရဲ့ မျိုးချစ်စိတ် Ethnic Nationalism ပိုပြီးတော့ ပြင်းထန်လာတယ်၊ ပိုပြီးတော့ ထွန်းတောက်လာတယ်လို့ ကျနော် စဉ်းစားမိပါတယ်။ ရခိုင်မှာလည်း ကျနော်တို့ ငယ်ငယ်တုန်းကထက် ပိုပြီးပြင်းထန်လာတယ်လို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရခိုင်ပြည်နယ်မှာ ဖွံ့ဖြိုးတိုးတက်မှုလည်း မရှိဘူး။ လူငယ်တွေအတွက် အလုပ်အကိုင်လည်း မရှိဘူး။ ဆိုတော့ လူငယ်တွေကလည်း ကျောက်စိမ်းတူးဖော်ဖို့သွားသူ၊ နိုင်ငံခြားသွား အလုပ်လုပ်သူတွေနဲ့ လုပ်လာကြရတော့ အဲဒီလို ခံပြင်းမှုတွေလည်း ပါမယ်လို့ ထင်ပါတယ်။
ဖြေ ။ ။ အဲဒါ ဦးကျော်ဇံသာနဲ့ ကျနော် အယူအဆချင်း တော်တော်လေးတူပါတယ်။ ကျနော်လည်း အဲဒါကို လက်ခံတယ်။ ကျနော်တို့ ငယ်ငယ်တုန်းကထက် အခုခေတ် တိုင်းရင်းသားတွေမှာ မျိုးချစ်စိတ် ပိုပြီးပြင်းထန်လာတယ်ဆိုတာတော့ မှန်တယ်။ ကျနော်တို့ ငယ်ငယ်က ဒီလောက်ထိ မပြင်းထန်ဘူး။ အခု ရခိုင်ပြည်အနေနဲ့ ကြည့်မယ်ဆိုရင် ရခိုင်ပြည်မှာက အရွယ်ကောင်းလူတွေ မရှိသလောက် ဖြစ်နေတယ်။ ပညာတတ်တွေလည်း မရှိသလောက် ဖြစ်နေတယ်။ ပညာတတ်တွေက နိုင်ငံခြားရောက် အလုပ်လုပ်နေတာပါတယ်။ တချို့လူငယ်လူရွယ်တွေကြတော့ စီးပွားရေးအခြေအနေကြောင့်၊ အိမ်ရဲ့အခြေအနေကြောင့် ယိုးဒယား၊ မလေးရှားတို့မှာရောက်ပြီး အလုပ်လုပ်နေကြတဲ့ ရခိုင်တွေက သိန်းနဲ့ချီနေတယ်။ တချို့ရခိုင်ရွာတွေမှာ၊ မိန်းမတွေနဲ့ အဖိုးကြီး၊ အဖွားကြီးတွေ၊ ခလေးတွေပဲ ရှိတယ်လို့ပြောတယ်။ အဲဒီလို အခြေအနေ ဖြစ်နေတယ်။
အဲဒီလို အခြေအနေ ဖြစ်နေတဲ့အချိန်မှာ မကျေနပ်ချက်တွေက အများကြီးဖြစ်နေတော့ အရင်တုန်းကတော့ စစ်အစိုးရဆိုတော့ မလှုပ်ရဲဘူး ငြိမ်နေခဲ့တယ်။ အခုက ဒီမိုကရေစီပေးတယ် ပွင့်ပွင့်လင်းလင်း ပြောခွင့်ရှိတယ်ဆိုတော့ အခွင့်အရေးများ ပိုရလာမလားဆိုပြီးတော့များ ပိုပြီးတော့ပြောလာကြသလားလို့ ကျနော် ထင်မိတယ်။
မေး ။ ။ နောက်တခုက ဆရာစောစောကပြောတဲ့ နှစ်ဘက်စလုံးကတော့ အမှားရှိမှာပဲ ဘာညာပြောတာကို ကျနော် တခုစဉ်းစားမိတာက အခု ရခိုင်ပြည်နယ်ဟာ ဘင်္ဂလီလို့ ဒေသကခေါ်တဲ့ လူတွေရဲ့ လွှမ်းမိုးမှု သိပ်များလာတယ်။ ဌာနေမှာ မွေးဖွားကြီးပြင်းလာတဲ့ လူတွေအပြင် ဒီဘက်က စိမ့်ဝင်လာတဲ့လူတွေ အများကြီးဖြစ်လာတယ်။ ဒါကြောင့်မို့ နယ်မြေဆုံးရှုံးတော့မယ်၊ ဝါးမြိုခံရတော့မယ့် အန္တရာယ်ကျရောက်နေတာ ရခိုင်လူမျိုးတွေ၊ ရခိုင်တိုင်းရင်းသားတွေ သိကြပါတယ်။ ဒီလိုအချိန်မျိုးမှာ မြန်မာ့တပ်မတော်နဲ့ တိုက်ပွဲတွေဖြစ်တယ်။ ပြည်ထောင်စုအစိုးရနဲ့လည်း ရခိုင်ပြည်နယ်ရဲ့ နိုင်ငံရေးအားဖြင့် သဟဇာတ မဖြစ်ကြတာတွေလည်း တွေ့နေရတော့ ဒီအခြေအနေက ကောင်းတဲ့လက္ခဏာ ဟုတ်ရဲ့လား။ အခုအချိန်မှာ တိုက်ပွဲဖြစ်လာတော့။
ဖြေ ။ ။ အဲဒါကတော့ လုံးဝမကောင်းတဲ့ လက္ခဏာပါ။ ဗမာပြည်မှာ ရခိုင်ပြည်နယ်ကို ဒုတိယအဆင်းရဲဆုံး ပြည်နယ်လို့ ပြောကြတယ်။ ဒါပေမဲ့ ကျနော့်အမြင်မှာတော့ အဆင်းရဲဆုံးပြည်နယ် ဖြစ်လိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ အဆင်းရဲဆုံးပြည်နယ်လို့ ပြောထားတဲ့ ချင်းတွေက နိုင်ငံခြားမှာ ပညာတော်သင်ရထားတဲ့ ချင်းတွေက အများကြီးရှိတယ်။ ပညာတတ်ချင်းတွေ အများကြီးရှိတယ်။ ရခိုင်မှာ ပညာတတ် အရမ်းကိုနည်းတယ်။ ဦးကျော်ဇံသာလည်း သိမှာပါ လက်ညိုးထိုးရေတွက်လို့ရတဲ့ အခြေအနေကို ရောက်နေပြီ။ အဲဒါလဲ တခုပါတယ်။ နောက်တခုက ဘယ်လိုဖြစ်နေလဲဆိုတော့ ရခိုင်မှာလည်း မကျေနပ်ချက်တွေ တော်တော်လေး များနေကြပြီထင်တယ်။
စပြောရမယ်ဆိုရင်တော့ ၂၀၁၅ ရွေးကောက်ပွဲနိုင်တော့ အများစုနိုင်တဲ့ ပါတီအစိုးရ မဖွဲ့လိုက်ရဘူး။ အဲဒီမှာ ရခိုင်တွေစိတ်ထဲမှာထင်မယ် ငါတို့ကို နှိမ်တယ်။ ဒီမှာ ငါတို့လူမျိုးစု အများစုနိုင်တယ် ငါတို့ အစိုးရဖွဲ့ခွင့် မရဘူး။ ဗဟိုအစိုးရ ချုပ်ကိုင်တာကို ခံနေရတယ်။ ဘာမှလွတ်လပ်ခွင့်မရှိဘူး၊ ပြည်နယ်ဆန္ဒမဲပဲရှိတယ်။ အဲဒီတော့ အခုအချိန်မှာ တိုင်းရင်းသားတွေ မကျေနပ်မှု ပိုများလာတယ်ဆိုတာကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ကျနော်တို့ လက်ခံရမယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ငယ်ငယ်တုန်းက စီးပွားရေးက အင်မတန်ကောင်းတယ်။ ပိုက်ဆံလေး တမတ်လောက်ရှိရင် အဝစားနိုင်တဲ့ အခြေအနေ။ ဆိုတော့ ဘယ်သူမှ အူမတောင့်ရင် ပြဿနာ၊ ဒီအပြင်ဟာကို ဘယ်သူမှ မစဉ်းစားဘူး။ အခုဟာက ဆင်းရဲတွင်းက နက်သထက်နက်တော့ အစိုးရပေါ် မကျေနပ်မှုတွေ များသထက် ပိုပိုများလာတယ်။ ကျနော်ကတော့ အဲဒီလိုပဲမြင်တယ်။
မေး ။ ။ နိုင်ငံရေးမကျေနပ်မှုထဲမှာ ဆရာ စောစောကပြောတယ် ရွေးကောက်ပွဲမှာ ရခိုင်ပါတီက အများစုနိုင်တယ်။ ဒါပေမဲ့ အစိုးရဖွဲ့ခွင့် မရှိဘူး။ ဗဟိုအစိုးရက ဗဟိုအာဏာရပါတီကပဲ အဓိကချုပ်ကိုင်ပြီး လုပ်တယ်ဆိုတော့ ဒီကိစ္စကလည်း မကျေနပ်စရာလည်း ဖြစ်နေတယ်လို့ပြောရင် မှားမလား။ တကယ်တော့ ရွေးကောက်ပွဲလည်း ကျင်းပပေးတယ်။ နိုင်လည်းနိုင်တယ်။ နိုင်ပေမယ့်လဲ သူတို့မှာ ဘာမှစီမံခွင့်မရဘူး။ သူတို့တိုင်းဒေသအတွက် အရေးကြီးဆုံးဖြစ်တဲ့ ဘင်္ဂလီကိစ္စမှာတောင်မှ သူတို့ရဲ့ ပြောရေးဆိုခွင့်တခွန်းမှ မရှိဘူးဖြစ်နေတယ်ဆိုတော့ ခံပြင်းတာကို အဆန်းလို့ပြောကြမလား။
ဖြေ ။ ။ အဲဒါမှန်ပါတယ်။ ကျနော်လည်း ဦးကျော်ဇံသာ မြင်သလိုပဲ မြင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့အကြောင်းပြတာက ဖွဲ့စည်းပုံအခြေခံဥပဒေက ပြည်နယ်ဝန်ကြီးချုပ်ကို သမ္မတက ခန့်ထားမည်ဆိုလို့ သူတို့ ခန့်ထားတယ်ပေါ့။ ဒါပေမဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ရေးထားတာက ပြည်နယ်ဝန်ကြီးချုပ်ကို နိုင်ငံတော်သမ္မတက ခန့်ထားမည်လို့ပဲ ပြောတာ။ ပြည်နယ်ဝန်ကြီးချုပ်ကို
မိမိပါတီကလူကိုပဲ ခန့်မည်လို့ မရေးထားဘူး။ ဆိုတော့ အများနိုင်တဲ့ပါတီကလူကို တင်ပြီးခန့်ထားလိုက်ရင်လဲ ပြီသွားမှာပဲ။ ကျနော် သိသလောက် ရခိုင်ပြည်နယ်တင်မဟုတ်ဘူး ရှမ်းပြည်နယ်မှာလည်းပါတယ်။ အဲဒါတွေက တိုင်းရင်းသား ပြည်နယ်သားတွေ မကျေနပ်တာလည်းပါမယ်။
မေး ။ ။ အခု ရခိုင်ပြည်နယ်တခုတည်းကိုကြည့်ပြီး ပြောမယ်ဆိုရင် စောစောကပြောတဲ့ ဘင်္ဂလီလို့ခေါ်တဲ့ ဒီဘက်လူတွေ ကျူးကျော်လာမှုကလည်း အများကြီးဖြစ်နေတယ်။ ပြည်ထောင်စုအစိုးရနဲ့လည်း သိပ်ပြီးတော့ ပနာမစားဘူးဆိုတော့ ဘယ်လိုဖြစ်လာနိုင်သလဲ။ ရခိုင်ပြည်နယ်လူငယ်တချို့ရဲ့ စိတ်ထဲမှာ သိပ်နာကျည်းခံပြင်းပြီးတော့ ငါတို့ သီးခြားနေမယ်၊ ဘာညာတို့ တွေးကောင်းတွေးလာကြပါလိမ့်မယ်။ အဲဒီအတွေးက အန္တရာယ် မများဘူးလား။
ဖြေ ။ ။ အဲဒါတော့ တော်တော်များများ တွေးနေကြတယ်။ သူတို့ အင်တာနက်စာမျက်နာ (website) တို့ကို သွားကြည့်၊ Facebook တွေ တက်ကြည့်ရင် လွတ်လပ်ရေးယူရမယ်။ လွတ်လပ်ရေးရမှ ရမယ် ဘာညာ အဲဒါမျိုးတွေ ဖြစ်နေတယ်။ ဒါပေမဲ့လဲ အဲဒါကလဲ သွေးပူတဲ့အချိန်မှာတွေးတဲ့ အတွေးတခုလိုပဲ ကျနော် ယူဆတယ်။ ဘာဖြစ်လို့လဲဆိုတော့ လွတ်လပ်တဲ့ နိုင်ငံတခုကို ထူထောင်မယ်ဆိုလို့ရှိရင် လွတ်လပ်တဲ့နိုင်ငံ ထူထောင်နိုင်မယ့် အခြေအနေ ရှိနေပြီလား။ အဲဒါကို ကြည့်ရမယ်။ ကိုယ့်မှာ ကိုယ့်ရဲ့အခြေအနေအင်အားက ဘယ်လောက်ရှိသလဲ။ လူဦးရေအင်အား၊ ပညာတတ် ဘယ်လောက်၊ အုပ်ချုပ်မှု စီမံခန့်ခွဲမှုတွေမှာ လူဘယ်လောက်ရှိနိုင်သလဲ။ အဲဒါမျိုးတွေ ရှိသလား၊ မရှိဘူးလားဆိုတာကို စဉ်းစားပြီးမှ လွတ်လပ်တဲ့နိုင်ငံ ထူထောင်ဖို့ကို ပြောနိုင်တယ်။ ဗမာပြည်မှာလည်း လွတ်လပ်ရေးမရခင်တုန်းက ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ပြောသွားတယ် မဟုတ်လား … လွတ်လပ်ရေးပင် ရသော်ရငြားလည်း ဘယ်ပါတီတက်တက်၊ ဘယ်အစိုးရတက်တက် ကောင်းကောင်းမွန်မွန် မလုပ်လို့ရှိရင် အဲဒါ ဟိုဟာလို့နိုင်ငံ ဖြစ်နေမှာပဲလို့ ပြောသွားတယ်။ အခုအနေအခါမှာလဲ ရခိုင်ပြည် လွတ်လပ်ရေး ဘာညာမှန်းမယ့်အစား ကျနော့်အမြင်ကို ပြောရမယ်ဆိုရင်တော့ ဗမာပြည်မကြီးထဲမှာပဲ နေပြီးတော့ ပြည်နယ်သားအခွင့်အရေး၊ ပြည်နယ်အခွင့်အရေးတွေကို ဗမာတွေနဲ့အတူ တန်းတူရသင့်တယ်လို့ ထင်တယ်။
အဲဒါကို ဗဟိုအစိုးရက ရခိုင်တွေတင် မဟုတ်ဘူး ကျန်တဲ့တိုင်းရင်းသားတွေ အကုန်လုံး ပေးသင့်တယ်လို့ ကျနော် ယူဆတယ်။
မေး ။ ။ AA က ထုတ်ပြန်တဲ့အထဲမှာလည်း သူတို့ဟာ ခွဲထွက်မယ်၊ လွတ်လပ်ရေး ယူမယ်လို့ တခါမှ မပြောပါဘူး။ စစ်မှန်တဲ့ ဖယ်ဒရယ် ဒီမိုကရေစီပြည်ထောင်စုကိုပဲ လိုချင်တယ်လို့ သူတို့က ပြောတာပါ။ ဒါပေမဲ့ တဘက်မှာတော့ အစိုးရရဲ့ ပြောကြားချက်တွေမှာ ဒီလူတွေက ခွဲထွက်ဖို့လုပ်နေတယ်။ အတင်းတွန်းပို့တာ ARSA နဲ့ ပူးပေါင်းနေတယ်လို့ ပြောတာတွေလည်း ထွက်လာတယ်ဆိုတော့ လောလောဆယ် ကိုင်တွယ်ဖြေရှင်းပုံကလည်း ပြောစရာ ဖြစ်နေတယ်။
ဖြေ ။ ။ အစိုးရကြေညာချက်တွေထဲမှာ AA က ARSA တွေနဲ့ သွားပေါင်းတယ်။ အကြမ်းဖက်အဖွဲ့နဲ့ ဘင်္ဂလားဒေ့ရှ်ပြည်ထဲမှာ စခန်းတွေ ရှိတယ်လို့ပြောတယ်။ ဘင်္ဂလားဒေ့ရှ်က ချက်ချင်းပြန်ငြင်းတယ်။ သူတို့ပြည်ထဲမှာလဲ မရှိဘူး။ AA ကလည်း သူတို့နဲ့ ARSA နဲ့ ဘာမှ အဆက်အသွယ်မရှိဘူးလို့ ငြင်းတယ်။ ကျနော်ဆိုလိုတာက ဥပမာအားဖြင့် ကိုယ်က တခုခုကိုပြောမယ်ဆိုရင် … reasons ရှိရမယ်။ ဥပမာ သူတို့ပြောတယ် AA က ARSA နဲ့ ပေါင်းတယ်။ ဘယ်နေ့ဘယ်ရက်က ဘယ်မှာပေါင်းတယ်ဆိုတာကို အထောက်အထားတွေပြ။ ဘယ်မှာ သူတို့ ဘာတွေဆွေးနွေးတယ်၊ ဘာတွေရှိတယ်ဆိုတာကိုပြ။ နောက်တခါ ဒါမှမဟုတ် ဘင်္ဂလားဒေ့ရှ်ပြည်ထဲမှာ AA နဲ့ ARSA စခန်းတွေ ရှိတယ်ဆိုတာကို ကောင်ကင်ဓါတ်ပုံတွေနဲ့ ပြနိုင်ရင်တော့ ကောင်းတာပေါ့။ ဘယ်နေရာမှာ ဘယ်လိုစခန်းတွေ ရှိတယ်ဆိုတာကို ဓါတ်ပုံတွေနဲ့ ရထားတယ်ဆိုတာကို .. အဲဒီလိုမျိုး မပြနိုင်ဘဲနဲ့ စွပ်စွဲလို့ရှိရင်တော့ တယောက်ပြောတာကို သူပြောချင်သလိုပြော၊ တယောက်ကလဲ ငြင်းချင်သလိုငြင်းဆိုတဲ့ သဘောမျိုးတွေ ဖြစ်နေလိမ့်မယ်။
မေး ။ ။ ဆိုတော့ ဒီကိစ္စ ပြေလည်လာနိုင်မယ့် အလားအလာကော ဆရာ မြင်ပါသလား။ ပြည်ထောင်စု အတိုင်းအတာ အင်အားစုတွေက ဝင်ပြီးတော့ ညှိနှိုင်းပြောဆိုဖြောင့်ဖြတာကို နှစ်ဘက်စလုံး လက်ခံကြမယ့်သဘောကော ရှိပါသလား။
ဖြေ ။ ။ အမှန်ကတော့ ဗမာပြည်ရဲ့ ပြည်တွင်းစစ်ဆိုတာကတော့ ကျနော်တို့ ငယ်ငယ်ကတည်းက စလာတဲ့ ပြည်တွင်းစစ်က အခုထိ မဆုံးသေးဘူး။ လွတ်လပ်ရေးရပြီး (၃) လအကြာမှာ စဖြစ်တဲ့ ပြည်တွင်းစစ်။ ဆိုတော့ ဗမာပြည်လွတ်လပ်ရေးရတဲ့ သက်တမ်းက (၄၈) ခုနှစ်ကစတယ်။ အခုက ၂၀၁၉ ခုဆိုတော့ (၇၁) နှစ် ရှိပြီ။ အဲဒါလဲ အခုထက်ထိ ငြိမ်းချမ်းရေးလည်း မရနိုင်သေးဘူး။ ဆိုတာက ကျနော်တို့ငယ်ငယ်တုန်းက ကိုမြတ်လေးဆိုသွားတဲ့ “စစ်ဆိုသည်မှာ အနုတ်လက္ခဏာ၊ ငြိမ်းချမ်းရေးဆိုတာ အပေါင်းလက္ခဏာ” စစ်ရှိနေသမျှကာလပတ်လုံးက တိုင်းပြည်က ဘယ်တော့မှ ချမ်းသာမှာမဟုတ်ဘူး။ နားလန်ထူမှာလည်း မဟုတ်ဘူး။ ပြည်သူလူထုလည်း ကောင်းကောင်းမွန်မွန် နေရမှာ မဟုတ်ဘူး။ စစ်ကြောင့်မို့ သေတဲ့လူတွေ အများကြီးရှိမယ်။ ကလေးတွေ အကုန်လုံး မိဘမဲ့ ဖြစ်မယ်။ မိန်းမတွေ မုဆိုးမတွေ ဖြစ်မယ်။ စစ်ဆိုတာ ကောင်းတာမဟုတ်ဘူး။ စစ်ကို စစ်တိုက်နေကြမယ့်အစားကို နှစ်ဦးနှစ်ဘက် သူလွန်တာရှိရင်ရှိမယ်၊ ကိုယ်လွန်တာရှိရင်လည်း ရှိမယ်။ မျက်နှာစုံညီချပြီးတော့ ဆွေးနွေးကြပြီးတော့ ငြိမ်းချမ်းရေးယူကြတာ မကောင်းဘူးလားလို့ ကျနော်ထင်တယ်။
မေး ။ ။ ကျနော် တခုဆက်မေးချင်ပါတယ်။ ဆရာနဲ့ ကျနော် ပြောတာကို အထူူးသဖြင့် ရခိုင်ပရိသတ်က ကြိုက်ချင်မှ ကြိုက်ကြလိမ့်မယ်။ အဲဒီမှာ လူအများစုရဲ့ တုံ့ပြန်မှုနဲ့ ပတ်သက်လို့ ဆရာ ဘယ်လိုသဘောထားလဲ။
ဖြေ ။ ။ ဆဲချင်ရင်လဲ ဆဲကြပါစေ။ ဒါပေမဲ့ ကျနော့်အနေနဲ့ အမှန်ကိုပြောတာက စစ်ဖြစ်နေတာကို မကြိုက်လို့ပြောတာပါ။ စစ်ဖြစ်ရင် ဘယ်သူနာမလဲ။ အခုပဲကြည့် ရခိုင်ပြည်ထဲမှာ လူတွေ လေးထောင်လောက် အိုးမဲ့အိမ်မဲ့ ဖြစ်နေပြီ။ အဲဒါ ကောင်းသလား။ အဲဒါကို ကျနော် ပြောတာပါ။ ကျနော် ရှင်းရှင်းပဲပြောမယ် ၁၉၄၉ ခုနှစ် ပြည်တွင်းစစ်ဖြစ်တဲ့အချိန်မှာ ကျနော့်အဖေ အသတ်ခံရတယ်။ ကျနော့်အမေ မုဆိုးမ ဖြစ်တယ်။ အဲဒါတွေ ကျနော် မြင်ထားတယ်။ ကိုယ်တိုင်လည်း ခံလာခဲ့ရတယ်။ အဲဒါကြောင့် စစ်ဆိုတာကိုတော့ ကျနော် မကြိုက်ဘူး။ ဖြစ်နိုင်ရင် တတ်နိုင်ရင် နှစ်ဦးနှစ်ဘက် ညှိနှိုင်းကြပြီး ငြိမ်းချမ်းရေး လုပ်ကြပါ။ ဒါပဲ ကျနော် ပြောချင်တယ်။ အဲဒါကို ပြောလို့မကြိုက်လို့ ကျနော်ကို ဝိုင်းပြီးဆဲကြရင်လဲ ဆဲကြပါ ပြဿနာ မရှိပါဘူး။