Your browser doesn’t support HTML5
ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ သုံးသပ်ချက်အစီအစဉ်မှာ မြန်မာနိုင်ငံမှာ NLD အစိုးရနဲ့ စစ်တပ် အကြားဆက်ဆံရေး ခနော်ခနဲ့ဖြစ်နေတဲ့ အတွက် ဒေါ်အောင်ဆန်းစုကြည်အဖို့ အထူးသတိထား လျှောက်လှမ်းနေရတယ်လို့ မြန်မာ့အရေးကျွမ်းကျင်သူ အမေရိကန်ပါမောက္ခ David Steinberg က သုံးသပ်ပါတယ်။ ဒါဆိုရင် မြန်မာစစ်တပ်သည် ဒီမိုကရေစီဖေါ်ဆောင်ရေးအတွက် အဟန့်အတားကြီးဖြစ်နေပါသလား။ ပါမောက္ခ Steinberg နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။
ဦးကျော်ဇံသာ ။ ။ မြန်မာနိုင်ငံ ဒီမိုကရေစီဖော်ဆောင်ရေးအတွက် စစ်တပ်ဟာ အမှန်တကယ် ပူးပေါင်းဆောင်ရွက်နေတယ်လို့ ထင်ပါသလား။
Prof. Steinberg ။ ။ ဒီမိုကရေစီ ဖော်ဆောင်ရေးဆိုတာ အင်မတန် ရှုပ်ထွေးတဲ့စကားလုံးပါ။ စစ်တပ်ဟာ ဒီမိုကရေစီ ဖော်ဆောင်ရေးကို ဘယ်တော့မှ သဘောမတူပါဘူး။ ဒီမိုကရေစီ ပေါက်မြောက်အောင်မြင်ရေးကို စည်းကမ်းနဲ့ ထိန်းချုပ်ဖို့ လိုလားပါတယ်။ ဒါက ထူးခြားပါတယ်။ တနည်းပြောရရင် ပြုပြင်ထားတဲ့ ဒီမိုကရေစီ ပုံစံမျိုးပါ။ လူအများကို ကိုယ်စားပြုတဲ့ စနစ်ပါ။ အလုပ်ဖြစ်နေတယ်။ ဒါပေမဲ့ ပြည့်စုံတဲ့ ဒီမိုကရေစီ မဟုတ်ပါဘူး။ စစ်တပ်က အရေးကြီးတဲ့ ဝန်ကြီးဌာနတွေနဲ့ အောက်ခြေအုပ်ချုပ်ရေးကို ချုပ်ကိုင်ထားလို့ ဖြစ်ပါတယ်။ ဆိုတော့ အရပ်သားတပိုင်း၊ စစ်သားတပိုင်း အုပ်ချုပ်ရေး ဖြစ်နေပါတယ်။
ဦးကျော်ဇံသာ ။ ။ ဒါကို ကောင်းတယ်ဆိုတော့ ဒီမိုကရေစီနဲ့ စစ်တပ်တို့က ပြဒါးတလမ်း သံတလမ်းပါ။ အဲဒီတော့ ဒီဆန့်ကျင်ဘက်နှစ်ခုကို သဟဇာတဖြစ်အောင် ပေါင်းစပ်နိုင်ပါ့မလား။
Prof. Steinberg ။ ။ သဟဇာတ ဖြစ်တယ်လို့ ကျနော် မဆိုလိုပါဘူး။ ဒါဟာ ပြဿနာပါ။ တဘက်နဲ့တဘက်ကြားမှာ တင်းမာမှု အတော်အသင့် ရှိပါတယ်။ ဒါက ထင်ရှားပါတယ်။ ဒေါ်အောင်ဆန်းစုကြည် က ဒီနေရာမှာ အတိမ်အစောင်း မဖြစ်အောင် အထူးသတိထား လျှောက်လှမ်းနေရပါတယ်။ ပွင့်လင်းသော လူ့အဖွဲ့အစည်း ဖြစ်စေချင်တဲ့ ဆန္ဒနဲ့ စစ်တပ်နဲ့ ပြေလည်မှု ရရှိရေးကြားမှာ ထိန်းထိန်းသိမ်းသိမ်း လုပ်နေပါတယ်။
ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ သူက စစ်တပ်ရဲ့ လုပ်ရပ်ကို မဝေဖန်ဘူးဆိုပြီးတော့ အဓိကအားဖြင့် အထူးသဖြင့် နိုင်ငံတကာ သုံးသပ်သူတွေက ဝေဖန်နေကြတာ ဖြစ်ပါတယ်။
Prof. Steinberg ။ ။ အဲဒါက ပြဿနာပါပဲ။ သူက လူ့အဖွဲ့အစည်းတခုလုံးအတွက် တတ်နိုင်သလောက်ကောင်းအောင် လုပ်ပေးချင်တယ်။ ဒီမိုကရေစီကိုလည်း ရှေ့ဆက်တိုးစေချင်တယ်။ ဒါပေမဲ့ သူက စစ်တပ်ကို သိပ်ဝေဖန်နေရင် ဘာမှလုပ်နိုင်တော့မှာ မဟုတ်ပါဘူး။ စစ်တပ်နဲ့ ဆက်ဆံရေးက အစကတည်းက ခနော်ခနဲ့ပါ။ သူ့ကိုယ်သူ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် လုပ်လိုက်တာကို စစ်တပ်က သိပ်ကျေနပ်ခဲ့မှာ မဟုတ်ပါဘူး။
ဦးကျော်ဇံသာ ။ ။ နောက်တခုက နိုင်ငံတကာ မီဒီယာတွေက ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ကြပါတယ်။ မကြာသေးခင်က ဆောင်းပါးတခုမှာဆိုရင် ဒေါ်အောင်ဆန်းစုကြည်က အထူးသဖြင့် ရိုဟင်ဂျာမူစလင်တွေ ကိစ္စနဲ့ ပတ်သက်ပြီးတော့ မပြောတာဟာ သူရဲဘောကြောင်တယ်လို့တောင် ပြောထားပါတယ်။ ဆိုတော့ ဒီ မီဒီယာတွေအပေါ် ဆရာကြီး ဘယ်လိုမြင်သလဲ။ သူတို့ပြောတာဟာ ဘက်မလိုက်တဲ့ ပြောကြားချက်လား။ သို့တည်းမဟုတ် Lobby လုပ်နေကြတာလား။ ဘယ်လို သုံးသပ်လိုပါလဲ။
Prof. Steinberg ။ ။ ရိုဟင်ဂျာတွေအတွက် နိုင်ငံတကာက အထူးစိုးရိမ်ကြပါတယ်။ ဒါက သိပ်ထင်ရှားပါတယ်။ ရိုဟင်ဂျာအရေးမှာ တကယ့်လက်တွေ့မကျဘဲ ပြောနေတာ နှစ်ဘက်စလုံးမှာ ရှိပါတယ်။ ဒါပေမဲ့ ရိုဟင်ဂျာတွေဟာ အရှေ့အာရှမှာ အကြီးမားဆုံး အခက်အခဲ ကြုံနေရတဲ့သူတွေပါ။ ကမ္ဘာက သူတို့အပေါ် စာနာမှုတွေ အများကြီးရှိပါတယ်။ ဒီနေရာမှာ ဒေါ်အောင်ဆန်းစုကြည်က စစ်တပ်ရဲ့ လုပ်ရပ်ကို မဝေဖန်ပါဘူး။ အကြမ်းဖက်မှုကို မလိုလားဘူး။ ဆန့်ကျင်တယ်လို့ပဲ ပြောပါတယ်။ ဒါကို နိုင်ငံတကာအသိုင်းအဝိုင်းက မကျေနပ်ပါဘူး။ နိုင်ငံတကာက ဒါထက်အများကြီး ပိုပြီးမျှော်လင့်နေကြတာပါ။ ပြည်တွင်းကလည်း အများကြီး မျှော်လင့်ထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အဖို့ ကြီးမားတဲ့ ဘေးကျပ်နံကျပ် အခြေအနေပါ။
ဦးကျော်ဇံသာ ။ ။ ဆိုတော့ ဒီကိစ္စမှာ ရှေ့အလားအလာ ဘယ်လိုမြင်ပါလဲ။
Prof. Steinberg ။ ။ မေးစရာက စစ်တပ်ဟာ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကို ၂၀၂၀ မတိုင်ခင် ထိထိရောက်ရောက် လုပ်ချင်ရဲ့လားဆိုတဲ့ ကိစ္စပါ။ ၂၀၂၀ ရွေးကောက်ပွဲအထိ ဒီအတိုင်းပဲ မျောထားချင်သလား။ အဲဒီအခါမှာ ဒေါ်အောင်ဆန်းစုကြည်က အသက်အရွယ်ကြောင့် ဆက်ပြီးယှဉ်ပြိုင်ချင်မှ ယှဉ်ပြိုင်မယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒီနေရာကို စိတ်ဝင်စားတဲ့ အရိပ်အရောင်တွေ တွေ့နေရပါတယ်။ ကြံ့ခိုင်ဖွံ့ဖြိုးရေးက သူကို ရွေးလာမလား။ မသိနိုင်ပါဘူး။ ဒါက ကျနော့် ခန့်မှန်းချက်ပါ။
ဦးကျော်ဇံသာ ။ ။ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ (၂၇) ရက်နေ့တုန်းက စစ်အရာရှိတွေနဲ့ တွေ့ဆုံတဲ့နေရာမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရွေးချယ်ခံအစိုးရဟာ သူ့ပါတီမူဝါဒအတိုင်း အကောင်အထည်ဖော်နေတယ်။ ဒါ မအောင်မြင်ရင် ပြည်သူက ကြိုက်မှာမဟုတ်ဘူး။ ဒီမိုကရေစီဟာ ထင်သလောက် ရှေ့ကို မတိုးဘူးဖြစ်နေတယ်။ သူတို့စစ်တပ်ကတော့ လုံခြုံရေးသာမကဘူး၊ သစ်တော၊ သယံဇာတ ခိုးထုတ်တာကအစ အကုန်လုံးကို တာဝန်ယူထိန်းသိမ်းထားတယ်လို့ ပြောသွားပါတယ်။ ဒါကို တချို့က သူသည် ဒီမိုကရေစီအင်အားစုတွေကို ပုတ်ခတ်ပြီးတော့ စစ်တပ်ကိုသာ ရှေ့တန်းတင်ပြောနေတယ်လို့ သုံးသပ်ကြပါတယ်။ ဘယ်လို သဘောရပါလဲ။
Prof. Steinberg ။ ။ ဒါကတော့ နည်းနည်းချဲ့ကားရာ ရောက်ပါတယ်။ စစ်တပ်ဆိုတာ တိုင်းပြည်ကို ကာကွယ်ရမှာပဲ။ ပြည်တွင်းရန်ပဲ ရှိပါတယ်။ အခုပြည်ပအန္တရာယ် တစုံတရာ ရှိတယ်လို့ ကျနော် မမြင်ပါဘူး။ ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် စစ်တပ်ဆိုတာ တိုင်းပြည်အန္တရာယ်ကို ကာကွယ်ရစမြဲပါ။ မဆန်းပါဘူး။ NLD က သူ့မူဝါဒအတိုင်း လုပ်နေတယ်ဆိုတာလည်း ကျနော် မထင်ပါဘူး။ NLD မှာ Ideology လို့ခေါ်တဲ့ မူဝါဒသဘောတရားရယ်လို့ ရှိတယ် မထင်ပါဘူး။ မြင်ရတာကတော့ ခေါင်းဆောင်မှုက အရေးကြီးတာတွေကို ထိပ်ပိုင်းက အတင်းဆုံးဖြတ်ပြီး အောက်ခြေမှာ သိပ်အရည်အချင်း မပြည့်တဲ့အပိုင်းက လက်တွေ့အကောင်အထည် ဖော်နေရပါတယ်။ ဒါဟာ အဓိကပြဿနာလို့ ထင်ပါတယ်။ အုပ်ချုပ်ရေး ပြဿနာပါ။ ခေါင်းဆောင်မှုပုံစံဟာ အထက်အောက် Top-Down ပုံစံ ဖြစ်နေပါတယ်။ သိပ်မထိရောက်ပါဘူး။ စစ်တပ်က ပြောသလို NLD ဟာ သူ့မူဝါဒအတိုင်း တကယ်လုပ်မယ်ဆိုရင် နောက်ဆက်ခံမယ့် လူငယ်တွေကို ဒေါ်အောင်ဆန်းစုကြည်က စနစ်တကျ ပျိုထောင်ပေးဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ ဒီအုပ်ချုပ်ရေး ထိရောက်အောင်မြင်မှု မရှိဘူးဆိုတဲ့ ကိစ္စမှာတော့ စစ်တပ်လည်း တာဝန်မကင်းပါဘူး။ အရေးကြီးတဲ့ ဝန်ကြီးဌာနတွေ အောက်ခြေအထိ အုပ်ချုပ်ရေးတွေကို စစ်တပ်က ထိန်းချုပ်ထားတာပါ။ ဒီဘက်မှာ တိုးတက်မှုရှိအောင် သူတို့က လုပ်ရမှာပါ။ သူတို့မှာ တာဝန်ရှိပါတယ်။
ဦးကျော်ဇံသာ ။ ။ ဒီနေရာမှာ ဒေါ်အောင်ဆန်းစုကြည်ဘက်ကတော့ မျိုးဆက်သစ်ခေါင်းဆောင်တွေကို ပြုစုပျိုထောင်တာမျိုး မရှိဘူး။ တဘက်မှာ စစ်တပ်ကတော့ အစဉ်အဆက် ခေါင်းဆောင်မှုတွေ အဆင့်ဆင့် စနစ်တကျ လုပ်ထားတယ်ဆိုတော့ ဒီအတိုင်းသာ ဆက်သွားရင် နိုင်ငံရေးအလားအလာဟာ ဒီမိုကရေစီအရေးထက် စစ်တပ်ဘက်က ပိုပြီးတော့ လွှမ်းမိုးလာနိုင်တဲ့ အခြေအနေ ဖြစ်လာနိုင်ပါသလား။
Prof. Steinberg ။ ။ စစ်တပ်က ပိုကြီးဆိုးလာမယ်လို့တော့ ကျနော် မထင်ပါဘူး။ ပြန်ကြည့်မယ်ဆိုရင် ၂၀၁၁ တုန်းကထက် ၂၀၁၁ တုန်းက ရှေ့တိုးလာတာ တွေ့ရပါလိမ့်မယ်။ လူ့အဖွဲ့အစည်းဟာ ပိုမိုပွင့်လင်းလာတယ်။ စစ်တပ်ရဲ့ ထိန်းချုပ်မှုမပါဘဲ တိုးတက်ထွန်းကားလာတဲ့ လူတွေအဖွဲ့အစည်းတွေကို တွေ့လာရပါတယ်။ ဒါပေမဲ့ ကန့်သတ်ချက်တွေတော့ ရှိနေဆဲပါ။ ဥပမာ တိုင်းရင်းသားတွေ၊ ခရစ်ယာန်တွေ၊ မူစလင်တွေ စစ်တပ်မှာ ဗိုလ်မှူးကြီးအထက်အဆင့်အထိ ရောက်တာ မတွေ့ရသေးပါဘူး။ ဒါပေမဲ့ စီးပွားရေး၊ ပညာရေး၊ NGO နိုင်ငံရေးစတဲ့ ဘက်တွေမှာ ပိုမိုပွင့်လင်းလာပါတယ်။ ဒီဘက်မှာ မျိုးဆက်သစ်တွေ ထိထိရောက်ရောက် ဖြစ်လာချိန် စစ်တပ်နဲ့ ဆက်ဆံရေးလည်း အသွင်ပြောင်းလာပါလိမ့်မယ်။ အင်ဒိုနီးရှားမှာလည်း ဒီလိုပဲ ဖြစ်ခဲ့တာပါ။ လူ့အဖွဲ့အစည်းတရပ်ကို ညတွင်းချင်း ပြောင်းလဲလို့ မရပါဘူး။ အချိန်ယူရပါတယ်။
ဦးကျော်ဇံသာ ။ ။ ဒီနေရာမှာ ရခိုင်ပြည်နယ်အခြေအနေနဲ့ ပတ်သက်ပြီး နည်းနည်းပြန်တောက်ချင်ပါတယ်။ ရိုဟင်ဂျာမူစလင် ပြဿနာကြောင့် မြန်မာနိုင်ငံရဲ့ ပုံရိပ်ဟာ နိုင်ငံတကာမှာ ဘယ်လောက်အထိ ဆိုးဆိုးရွားရွား ဖြစ်လာနိုင်မယ်လို့ ထင်မိပါသလဲ။
Prof. Steinberg ။ ။ ထိခိုက်စေမယ်လို့ ထင်ပါတယ်။ ဒီပြဿနာက ပြည်တွင်းတည်ငြိမ်မှုကိုတော့ မထိခိုက်စေနိုင်ပါဘူး။ နိုင်ငံတော်ကို ခြိမ်းခြောက်နိုင်မယ့် အခြေအနေတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ နိုင်ငံတော်ရဲ့ ပုံရိပ်ကို ထိခိုက်စေပါတယ်။
ဦးကျော်ဇံသာ ။ ။ နိုင်ငံတကာ အထောက်အပံ့ကို ဆိုလိုတာလား။
Prof. Steinberg ။ ။ နိုင်ငံတကာပုံရိပ် ဂုဏ်သတင်းကို ဆိုလိုတာပါ။ တနည်းပြောရရင် အစိုးရအနေနဲ့ ဒီပြဿနာကို အပြုသဘောနဲ့ မဆောင်နိုင်ရင် ထိခိုက်နိုင်ပါတယ်။ စာနာစိတ်နဲ့ နိုင်ငံတကာက ကူညီနေတာဟာ ရိုဟင်ဂျာတွေသာမက ဗုဒ္ဓဘာသာ ရခိုင်တွေအတွက်လည်း ထိရောက်မှု ရှိစေပါတယ်။ စစ်တပ်က ဒါကိုဖြေရှင်းဖို့ ကြိုးစားပါတယ်။ ရိုဟင်ဂျာတွေကို ဖယ်ထုတ်ပြီး ဖြေရှင်းလို့ မရပါဘူး။ ဒါဟာ မြန်မာ့လူ့ဘောင်ရဲ့ အဆိပ်သင့်နေတဲ့ ပြဿနာပါ။ ကမ္ဘာတဝှမ်း အဖိနှိပ်ခံတွေကို စာနာစိတ်ရှိသူတွေအတွက် စိတ်ပျက်စရာ ဖြစ်နေပါတယ်။
ဦးကျော်ဇံသာ ။ ။ တကယ်တော့ Dr. Steinberg ခင်များ ဒီကိစ္စမှာ ပြည်သူအများစုကလည်း နိုင်ငံတကာနဲ့ အမြင်မတူကြဘူးခင်များ။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နိုင်ငံတကာအကြိုက် လိုက်ပြီးလုပ်ဖို့ဆိုတာကော လက်တွေ့ကျပါသလား။
Prof. Steinberg ။ ။ မှန်ပါတယ်။ ဒါ သိပ်ခက်ခဲပါတယ်။ သူ့ရဲ့ပြဿနာက ကျနော် သိသလောက် စစ်တပ်ရဲ့ လုပ်ရပ်တွေကို မဝေဖန်ပါဘူး။ ဝေဟင်က ရိုက်ထားတဲ့ ပုံတွေအရ စစ်တပ်က အလွန်အကျွံ လုပ်ထားပုံ ရပါတယ်။ ဒါပေမဲ့ စစ်တပ်နဲ့ ဆက်ဆံရေးက အတိမ်းအစောင်း မခံနိုင်တော့ သူက ဘာမှမဝေဖန်နိုင်ဘူး။ ဘေးကျပ်နံကျပ်ပါပဲ။ ကျနော်ကတော့ ထွက်ပေါက်မမြင်ဘူး။ ဒီအခြေအနေကို ပြောင်းလဲဖို့ မလွယ်ပါဘူး။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောသလို စစ်တပ်ဟာ ပြည်တွင်းမှာ သိပ်အရေးကြီးတယ်ဆိုတော့ နောက်ဆုတ်မှာလည်း မဟုတ်ပါဘူး။ NLD ဟာ မျှော်လင့်သလောက် သိပ်မလုပ်ဆောင်နိုင်ဘူးလို့ သူတို့က မြင်ပါတယ်။ တဘက်မှာ NLD က စစ်တပ်ကို မယုံပါဘူး။ ပူးပေါင်းဆောင်ရွက်မှုကလည်း အထူးသတိထားနေရတဲ့ အဆင့်လို့ ထင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဆိုသည် စစ်တပ်သည် ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် အဟန့်အတား ဖြစ်တယ်လို့ နိဂုံးဆွဲလို့ရမလား။
Prof. Steinberg ။ ။ မရပါဘူး။ အဟန့်အတားတွေ အဘက်ဘက်မှာ ရှိနေပါတယ်။ အုပ်ချုပ်ရေးကို အောက်ခြေအထိ စစ်တပ်က ထိန်းချုပ်ထားတာဟာ အဟန့်အတား ဖြစ်နေပါတယ်။ အစိုးရအဖွဲ့ရဲ့ အစီအမံခန့်ခွဲမှု ပုံစံကလည်း အဟန့်အတားတရပ်ပါပဲ။ တိုင်းရင်းသားအင်အားစုတွေ ဖယ်ဒရယ်ကိစ္စနဲ့ ပတ်သက်ပြီး သဘောထား ကွဲနေကြတာလည်း အဟန့်အတား ဖြစ်နေပါတယ်။ စစ်တပ်ကိုကြီးပဲ တဘက်သတ် အပြစ်ပြောလို့တော့ မရပါဘူး။ ဘက်ပေါင်းစုံက ပူးပေါင်းဆောင်ရွက်မှု မရှိကြရင်တော့ ပြဿနာ ပြေလည်နိုင်မယ်လို့တော့ မထင်ပါဘူးဗျာ။