ကေအန်ယူနဲ့ ကော်သူလေးအရေး

Karen National Union (KNU) leader Padoh Mahn Nyein Maung delivers an address during a "pre-conference" ahead of the Karen Unity and Peace Committee (KUPC) conference in Yangon on July 2, 2015.

Your browser doesn’t support HTML5

ကေအန်ယူနဲ့ ကော်သူလေးအရေး

KNU ကရင်အမျိုးသားအစည်းအရုံးရဲ့ ဗဟိုကော်မတီဝင် ပဒိုမန်းငြိမ်းမောင် လာမယ့်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့အတွက် လွန်ခဲ့တဲ့ ဇူလိုင်လက KNU က နုတ်ထွက်လိုက်ကြောင်း သိရပါတယ်။ ကရင်လက်နက်ကိုင်တော်လှန်ရေးမှာ နှစ် (၅၀) အတွေ့အကြုံရှိသူ ဖြစ်ပါတယ်။ လက်နက်ကိုင်တော်လှန်ရေးကို စွန့်လွှတ်ပြီး၊ လွှတ်တော်နိုင်ငံရေးကို ပထမဦးဆုံး ကူးပြောင်းသူဖြစ်လို့ သူအောင်မြင်တဲ့ အတိုင်းအတာပေါ်မူတည်ပြီး အခြားလက်နက်ကိုင်အုပ်စုတွေလည်း အတုယူဖွယ်ရှိတယ်လို့ ပဒိုမန်းငြိမ်းမောင် ပြောဆိုတာကို သြဂုတ်လ (၁၂) ရက်နေ့ထုတ် Frontier Myanmar စာစောင်မှာ ဖော်ပြပါတယ်။

လွတ်လပ်ရေးရတဲ့ ၁၉၄၈ ခုနှစ်မှာ ပြည်တွင်းစစ် ဖြစ်ပွားပါတယ်။ ၁၉၄၉ မှာ KNU က အစိုးရကို စစ်ကြေညာပါတယ်။ အဲဒီခေတ်က KNU တပ်နဲ့ ဗကပကွန်မြူနစ်တပ်တွေဟာ မြန်မာပြည်မှာ စစ်အင်အားအကြီးဆုံး တပ်ဖွဲ့တွေ ဖြစ်ပါတယ်။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် ဖလပအစိုးရကို အပြုတ်မတိုက်နိုင်ဘဲ တောခိုနေကြရပါတယ်။ စစ်တပ်က အာဏာသိမ်းပြီး မကြာမီ ၁၉၆၃ မှာ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကမ်းလှမ်းတော့ ရန်ကုန်ကို လာကြတဲ့ လက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့ ရှိပါတယ်။ KNU ဟာ ကွန်မြူနစ်နဲ့ ပူးပေါင်းပြီး မဒညတ (အမျိုးသားဒီမိုကရေစီ ညီညွှတ်ရေးတပ်ပေါင်းစု) ဦးဆောင်ပါတယ်။

လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလ ကရင်အဖွဲ့အစည်းအမျိုးမျိုး ရှိခဲ့သလို လက်နက်ကိုင်တော်လှန်ရေး လုပ်တော့လည်း အမျိုးမျိုးရှိလာပါတယ်။ မဒညတအဖွဲ့ကို KNU ခေါင်းဆောင် မန်းဘဇံက ဦးဆောင်ပြီး ဗိုလ်နေဝင်းအစိုးရနဲ့ ဆွေးနွေးပါတယ်။ စောဟန်တာသာမွှေး ဦးဆောင်တဲ့ ကရင်တော်လှန်ရေးကောင်စီကလည်း ဗိုလ်နေဝင်းအစိုးရနဲ့ ဆွေးနွေးပါတယ်။ နိုင်ငံရေးသဘောတူပြီးရင် စစ်ရေးသဘောတူချက် ရယူနိုင်ရမယ်ဆိုတဲ့ ကရင်အာဇာနည် စောဘဦးကြီးရဲ့မူကို စောဟန်တာသာမွှေးတို့အဖွဲ့က လက်ကိုင်ထားတယ်လို့ ဆိုပါတယ်။ တကယ်တော့ ဗိုလ်လင်းထင်နဲ့ ဗိုလ်ထရူးမင်း ခေါင်းဆောင်တဲ့ ကရင်တပ်ရင်းနှစ်ရင်း တပ်မတော်လက်အောက် သွတ်သွင်းနိုင်တာကို စစ်ရေးသဘောတူချက်လို့ ခေါ်တာပါ။ မန်းဘဇံအဖွဲ့ဟာ စစ်အစိုးရနဲ့ သဘောတူချက်မယူနိုင်ဘဲ စောဟန်တာသာမွှေးသာ ရယူနိုင်ပြီး ကရင်ပြည်နယ်ကို ‘ကော်သူလေး’ လို့ခေါ်ဖို့ ၁၉၆၄ မှာ ဗိုလ်ချုပ်နေဝင်းအစိုးရက ကြေညာပါတယ်။

ဗိုလ်ချုပ်ကြီးစောဗိုလ်မြလက်ထက်မှာ KNU ဟာ ကွန်မြူနစ်နဲ့ လက်တွဲဖြုတ်လိုက်ပါတယ်။ မဆလဆိုရှယ်လစ်ခေတ်က အစိုးရစီးပွားရေး ချွတ်ခြုံကျချိန်မှာ KNU ဟာ စီးပွားရေး၊ စစ်အင်အား တောင့်တင်းပါတယ်။ ဒါပေမဲ့ DKBA ကရင်ဗုဒ္ဓဘာသာတပ် ခွဲထွက်သွားပြီး မယ်နာပလော ဌာနချုပ် ကျဆုံးသွားခဲ့တဲ့ ၁၉၉၅ ကစပြီး၊ KNU အင်အားကျဆင်းလာပါတယ်။ ကွန်မြူနစ်အန္တရာယ်ကြောင့် အရင်က ထောက်ခံအားပေးခဲ့တဲ့ ထိုင်းအစိုးရမူ ပြောင်းသွားခဲ့ပါတယ်။ ၁၉၉၇ မှာ အာဆီယံအသင်းဝင် ဖြစ်လာတဲ့ မြန်မာနိုင်ငံက လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ကို ထောက်ခံလို့ မဖြစ်တော့ပါဘူး။

ဒါပေမဲ့ မယ်နာပလော ကျဆုံးသွားတဲ့နောက်ပိုင်းမှာ KNU ဌာနချုပ်ဟာ ထိုင်းနိုင်ငံ မဲဆောက်နယ်ခြားမြို့ကို ပြောင်းရွှေ့အခြေစိုက်ရပါတယ်။ ထိုင်းအခြေစိုက် KNU ဌာနချုပ်ရဲ့ မြန်မာပြည်တွင်းမှာ လှုပ်ရှားကြတဲ့ KNU တပ်ဖွဲ့တွေကြား ဆက်ဆံရေးမပြေလည်တာတွေ ရှိလာပါတယ်။ KNU အဖွဲ့မှာ ဗဟိုချုပ်ကိုင်မှု အားနည်းပြီး တပ်ရင်းတွေဟာ သူ့နည်းသူ့ဟန်နဲ့ လှုပ်ရှားကြတာမို့ ကရင်တပ်ဖွဲ့အမျိုးမျိုး ပေါ်ထွက်လာပါတယ်။ ဗိုလ်ချုပ်ထိန်မောင် ဦးစီးတဲ့တပ်ဖွဲ့ဟာ ၂၀၀၇ မှာ KNU တပ်မဟာ (၇) က ခွဲထွက်ပြီး၊ စစ်အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးတဲ့အတွက် KNU ငြိမ်းချမ်းရေးကောင်စီ ဖြစ်လာပါတယ်။ DKBA ကရင်ဗုဒ္ဓဘာသာတပ်ဖွဲ့ကို တပ်မတော်လက်အောက်ခံ နယ်ခြားစောင့်တပ်အဖြစ်၂၀၁၀ မှာ အသွင်ပြောင်းတဲ့အခါမှာ DKBA တပ်သားအများအပြား KNU ဘက်ကို ပြန်ဝင်လာကြပါတယ်။ ၂၀၁၂ မှာ KNU နဲ့ အစိုးရအပစ်ရပ်ကြပြီး ၂၀၁၅ မှာ တပြည်လုံးအပစ်ရပ်တဲ့ NCA စာချုပ်ဝင် ဖြစ်လာပါတယ်။
တပြည်လုံးမှာ တပ်မတော်တခုသာ ရှိရမယ်လို့ အခြေခံဥပဒေမှာ ပြဌာန်းထားပါတယ်။

ဒါကြောင့် တိုင်းရင်းသားလက်နက်ကိုင်တွေကို တပ်မတော်လက်အောက်ခံ နယ်ခြားစောင့်တပ် ဖြစ်လာအောင် စည်းရုံးသိမ်းသွင်းပါတယ်။ အင်အားသုံးရာကျော်ရှိတဲ့ နယ်ခြားစောင့်တပ်ရင်းတရင်းမှာ အစိုးရတပ်သားက (၃) ရာခိုင်နှုန်း ပါဝင်ပါတယ်။ လက်နက်ကိုင်အဖွဲ့လေးတွေကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းနိုင်တာကြောင့် ကချင်၊ ရှမ်း၊ ကယား၊ ကရင် စတဲ့ပြည်နယ်တွေမှာ တပ်မတော်လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့တွေ ရှိလာပြီး၊ စီးပွားရေး လုပ်ကြပါတယ်။

တပ်မတော်နဲ့ ပူးပေါင်းတဲ့ ကရင်နယ်ခြားစောင့်တပ်ဟာ တရုတ်လောင်းကစားမြို့ တည်ထောင်ပြီး စီးပွားရှာလာပါတယ်။ အစိုးရတပ်နဲ့ တိုင်းရင်းသားတပ် ဝေစားမျှစားလုပ်တဲ့ အစီအစဉ်ပါ။ ဒါပေမဲ့ KNU လို ဝါရင့်လက်နက်ကိုင် တပ်ဖွဲ့ကြီးတွေကတော့ အပစ်ရပ်စာချုပ် လက်မှတ်ထိုးထားပေမယ့် တပ်မတော်လက်အောက်ခံလုပ်ဖို့ မစဉ်းစားသေးပါဘူး။ မိမိရည်ရွယ်ချက်ကို စစ်အင်အားနဲ့ အရယူဖို့ အလှမ်းဝေးနေသေးပေမယ့် တပ်မတော်ကို ယုံကြည်စိတ်ချဖို့ KNU အတွက် ခက်ခဲနေပုံ ရပါတယ်။


==Unicode==






