မဲလိမ် မဲခိုး ဘုရားမကြိုက်

ဆရာတော် အရှင်ဆန္ဒာဓိက နဲ့ ဦးကျော်ဇံသာ

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာ ရွေးကောက်ပွဲမှာ အများပြည်သူကောင်းကျိုးကို ရည်ရွယ်ပြီး ဆန္ဒမဲပေးခြင်းဟာ ကောင်းမှုကုသိုလ်ဖြစ်ပြီး၊ မတရားသဖြင့် မဲလိမ်ခိုးခြင်းဟာ မကောင်းတဲ့ အကုသိုလ် ဖြစ်တယ်လို့ ဆရာတော်အရှင်ဆန္ဒာဓိက က မိန့်ကြားလိုက်ပါတယ်။ ဝါရှင်တန်မြို့ VOA မြန်မာဌာနကို ကြွရောက်လာတဲ့ ဆရာတော်ကို ဦးကျော်ဇံသာက တွေ့ဆုံမေးမြန်းထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ပထမဦးဆုံး လျှောက်ထားချင်တာကတော့ အခု မြန်မာနိုင်ငံမှာ တိုင်းပြည်ကလည်း အပြောင်းအလဲဖြစ်လာတယ်။ (၂၁) ရာစုမှာ လူထုရဲ့ နေမှုထိုင်မှုတွေလည်း ပြောင်းလဲလာတယ်လို့ ထင်ပါတယ်။ အထူးသဖြင့် လူငယ်ထုကြားမှာ။ ဗုဒ္ဓဘာသာရဲ့ မူရင်းအနှစ်သာရကတော့ အဘိဓမ္မာတို့ကတော့ ဒီအတိုင်းပဲ ရှိမှာပေါ့ဘုရား။ ဒါပေမဲ့ ဗုဒ္ဓသာသနာကို မြန်မာလူ့အဖွဲ့အစည်းက ယဉ်ကျေးမှုတရပ်အနေနဲ့ မြန်မာလူ့အဖွဲ့အစည်းထဲမှာ ရှင်သန်နေတယ်ဆိုရင် မှားမှာမဟုတ်ပါဘူး ဘုရား။ ပြောင်းလဲလာတဲ့ ခေတ်နဲ့အညီ မြန်မာနိုင်ငံမှာ ရှိလာခဲ့တဲ့ ဗုဒ္ဓသာသနာဟာ ဘယ်လိုများ လိုက်လျောညီထွေ ပြောင်းလဲလာတယ်လို့ သုံးသပ်မိပါလဲဘုရား။

ဆရာတော် ။ ။ ဗုဒ္ဓအဆုံးအမကတော့ မပြောင်းလဲဘူးပေါ့။ ဒါပေမဲ့ ဗုဒ္ဓအဆုံးအမကို ခေတ်လူငယ်တွေ နားလည်အောင် ရေးသားပေးရမယ်။ ဟောပြောပေးရမယ်။ အဲဒီလိုဆိုရင်တော့ လူငယ်တွေလည်း ဗုဒ္ဓအဆုံးအမကို သိပြီးတော့ လိုက်နာကျင့်သုံးနိုင်မှာပေါ့။ ကျင့်ရတဲ့ကျင့်စဉ်အနေနဲ့တော့ အတူတူပါပဲ။ အဲဒီတော့ တကယ့်လက်တွေ့ဘဝထဲမှာ ဘုရားရဲ့ အဆုံးအမတွေကို လိုက်နာကျင့်သုံးလို့ရအောင် ဘာသာရေးခေါင်းဆောင်တွေက ပြောပေးရေးပေးဖို့ လိုအပ်တာပေါ့။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ ဆရာတော်ဘုရားအနေနဲ့ စာအုပ်တွေ အမြောက်အမြားရေးနေတာ တွေ့ရပါတယ်။ ဆရာတော်ကြီးတွေ ရေးခဲ့တဲ့ စာအုပ်တွေက သိပ်ပြီးတော့ ဖတ်ရခက်ပါတယ်။ မနည်းစဉ်းစားဖတ်ရတယ်။ စာအုပ်ထူကြီးတွေ။ မိုးကုတ်ဆရာတော်ဘုရား၊ အရှင်ဇနကဘိဝံသတို့ရဲ့ စာအုပ်ကြီးတွေက ကျမ်းလေးတယ်လို့ ပြောရမှာပေါ့ဘုရား။ ဆရာတော်ဘုရားတို့ရေးတဲ့ စာအုပ်တွေက ပေါ့ပေါ့ပါးပါးဖြစ်တယ်။ လူငယ်တွေရဲ့ တုံ့ပြန်မှုသဘောထားတွေက ဆရာတော် ပြန်ကြားမိပါလား။ သူတို့ ဘယ်လိုသဘောထားပါလဲဘုရား။

ဆရာတော် ။ ။ ကြားပါတယ် ဒကာကြီး။ ဦးပဉ္ဖင်း ရေးလိုက်တဲ့ စာအုပ်ကိုဖတ်ပြီးတော့ စာကြောင်းလေးတကြောင်းကြောင့်၊ စာပိုဒ်လေးတပိုဒ်ကြောင့်၊ စကားလုံးလေးတလုံးကြောင့်၊ အသုံးအနှုန်းလေးတခုကြောင့် သူတို့ရဲ့ စိတ်ဓါတ်နဲ့ ဘဝတွေ ပြောင်းလဲသွားတယ်အကြောင်း အများကြီး လာပြောကြပါတယ်။ ဦးပဉ္ဇင်း ရေးတဲ့အကြောင်းအရာကလည်း အကြောင်းအရာစုံတဲ့အတွက်ကြောင့်မို့ ခံစားချက်နဲ့ မတိုက်ဆိုင်တဲ့ လူတွေအတွက်တော့ တချို့အကြောင်းအရာတွေဟာ သူတို့နဲ့ ဘာမှမထူးသလိုပဲပေါ့။ မထူးရုံအပြင် ဦးပဉ္ဇင်းကလည်း တကယ့်လက်တွေ့ဘဝထဲမှာ ရှိနေတဲ့ စကားလုံးလေးတွေနဲ့ ရေးတဲ့အခါမှာ တချို့ကလည်း ပေါ့ပျက်သလိုလို၊ ကလက်သလိုလို ဝေဖန်တာမျိုးလည်း ရှိတာပေါ့။ ဦးပဉ္ဇင်း ရေးတဲ့စာအုပ်တအုပ်ဆိုရင် “လမ်းခွဲတာ ဝမ်းနည်းစရာလား” စာအုပ်လေး ရှိတယ်။ အဲဒါဆိုရင် အကြောင်းတခုခုကြောင့် လမ်းခွဲခြင်းတခုခုနဲ့ ကြုံဆုံနေရတဲ့ လူတယောက်အတွက်တော့ ခေါင်းစဉ်လေး ကြားလိုက်ရတာနဲ့ စိတ်ထဲမှာ အေးချမ်းသွားတာပေါ့။ အဲဒီလို အေးချမ်းသွားတဲ့အကြောင်းလည်း လာပြောတာတွေ ရှိပါတယ်။ တခါ အသေးစိတ် ဖတ်ကြည့်လိုက်တဲ့အခါမှာလည်း ဒီလမ်းခွဲရတဲ့အပေါ်မှာ ဘယ်လိုစိတ်ထားရမလဲ။ နှလုံးသွင်းရမလဲ၊ ဘယ်လို ကျင့်သုံးရမယ်ဆိုတာကို သိသွားတဲ့အတွက်ကြောင့်မို့ သူတို့ရဲ့ စိတ်ဓါတ်နဲ့ သူတို့ရဲ့ဘဝတွေ အများကြီး ပြောင်းလဲသွားပါတယ်။ ဗုဒ္ဓအဆုံးအမဆိုတာလဲ ဝိပဿနာတခုတည်း မဟုတ်ဘူးလေ။ ဗုဒ္ဓဘာသာရဲ့ ဘာသာတရားဆိုတာ အမှန်တရားပဲပေါ့။ အဲဒီတော့ ဗုဒ္ဓဘာသာရဲ့ ဘာသာရေးဆိုတာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ နောက်ဆုံး အချစ်ရေး၊ အိမ်ထောင်ရေး အရေးအရာအားလုံးနဲ့ သက်ဆိုင်တာပေါ့။ အရေးအရာအားလုံးနဲ့ သက်ဆိုင်တဲ့အတွက် ဦးပဉ္ဇင်း ရေးလိုက်တဲ့ အကြောင်းအရာထဲမှာလည်း တချို့အကြောင်းအရာတွေဆိုရင် အချစ်နဲ့ ပတ်သက်တာလည်းပါတယ်။ ဥပမာ စာအုပ်ခေါင်းစဉ်တခုဆိုရင် “အချစ်ကံ ခေပေမယ့် အနှစ်ကျန်စေရမယ်” ပေါ့။ ဝိပဿနာနဲ့ ပတ်သက်တဲ့ စာအုပ်လေးတွေလည်း ရေးထားတဲ့အတွက် တချို့ဆိုရင် တရားစခန်းသွားမယ်ဆိုရင် ဝိပဿနာနဲ့ ပတ်သက်တဲ့ ဦးပဉ္ဇင်းစာအုပ်လေး ရွေးပြီးယူသွားတာပေါ့။ တရားအားထုတ်ရင်နဲ့ ဒီစာအုပ်လေးကို ဖတ်ဖတ်ပြီးတော့ အားထုတ်တဲ့အတွက် ကိုယ့်လိုအပ်ချက်လေးတွေ ဖြည့်ပြီးတော့ အားထုတ်သွားတဲ့အတွက် ဝိပဿနာအလုပ်မှာလည်း ထူးထူးခြားခြား ကောင်းကျိုးတွေ ရသွားကြတာပေါ့။ ဦးပဉ္ဇင်းရဲ့ စာအုပ်တွေကို ဖတ်ပြီးတော့ ကောင်းကျိုးရကြတယ်ဆိုတဲ့ အကြောင်းတွေပြောကြတဲ့ တုံ့ပြန်မှုတွေတော့ အများကြီးရပါတယ် ဒကာကြီး။

ဦးကျော်ဇံသာ ။ ။ အခုပြောင်းလဲလာတဲ့ လူနေမှုဘဝထဲမှာ ပကာသနတွေ၊ ဂုဏ်တွေလည်း ပိုပြီးတော့ များလာတယ် ထင်ပါတယ်။ အဲဒီ ဂုဏ်ပကာသနတွေ။ လောကီကိစ္စတွေက ဗုဒ္ဓအဆုံးအမနဲ့ သိပ်မသက်ဆိုင်ဘူးလို့ တပည်တော် ထင်ပါတယ်။ အဲဒီကိစ္စတွေကို ဘယ်လို ရှောင်လွှဲပါလဲဘုရား။ အဲဒါတွေ နည်းနည်းပါးပါး ဆရာတော် မကြုံရဘူးလားဘုရား။

ဆရာတော် ။ ။ ဘာသာရေးနဲ့ ပတ်သက်တဲ့ ပကာသနကိစ္စတွေကို မေးတာလား။

ဦးကျော်ဇံသာ ။ ။ တင်ပါ့ .. ဘာသာရေးမှာ ပကာသနကို ဦးစားပေးပြီးတော့ လုပ်လာတဲ့ကိစ္စတွေ။ တကယ့် အနစ်သာရအပိုင်း မဟုတ်ဘဲနဲ့။

ဆရာတော် ။ ။ ဒါကတော့ ဘာသာရေး အဆုံးအမရဲ့ အနစ်သာရကို နားမလည်ကြလို့၊ သဘောမပေါက်ကြလို့ ဖြစ်မှာပေါ့။ ဥပမာ ဓနဆိုရင်ပဲ ဓနရဲ့ အနစ်သာရကတော့ တဖက်သားရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးတဲ့ အလုပ်။ တချို့က တဖက်သားမှာ လိုအပ်ချက်တွေ ရှိနေတယ်။ ဆင်းရဲဒုက္ခရောက်နေတယ်ဆိုတာကို သိတယ်။ သိရဲ့သားနဲ့ အဲဒီလိုအပ်ချက်ကို ဖြည့်ဆည်းမပေးဘဲနဲ့ ထင်ပေါ်ကျော်ကြားဖို့တွေ၊ အများရဲ့ အချီးမွမ်းခံရမှုတွေကိုပဲ ကြည့်ပြီးလုပ်ကြတာတွေ ရှိတာပေါ့။ ဥပမာ ဘုရားတည်၊ ကျောင်းဆောက်တဲ့ အလုပ်ဆိုတာလည်း ကောင်းတဲ့အလုပ်ပါပဲ။ ဒါပေမဲ့ အဲဒီလိုမျိုး အဆောင်အယောင်သဘောမျိုး၊ အခမ်းအနားသဘောမျိုး ဖြစ်နေတဲ့ ဘာသာရေးကိစ္စတွေမှာတော့ ပါဝင်ဆောင်ရွက်နေပြီးတော့ ဒီဘာသာရေးရဲ့ တကယ့်အနှစ်သာရက စိတ်ဓါတ်ဖြူစင်ဖို့ အဓိက။ ဘုရားအဆုံးအမ လိုရင်းနှစ်ချက်က “မကောင်းမှုရှောင် ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကူးထား” ဆိုထားတယ်။ ကုသိုလ်ကိစ္စလို့ နံမည်တပ်ထားတဲ့ ကိစ္စတွေ၊ ခမ်းနားကြီးကျယ်တဲ့ အလုပ်တွေကို လုပ်နေပေမယ့် နောက်ဆုံး တကယ့်အနှစ်သာရဖြစ်တဲ့ ဝိပဿနာအလုပ်ကို လုပ်တယ်ပဲထားအုံး။ တချို့ဆိုရင် တနေ့ကုန် လေးငါးခြောက်နာရီ တရားထိုင်တဲ့အတွက်ကြောင့် ဘာသာရေး ကိုင်းရှိုင်းပါတယ်ဆိုပြီး ပြောကြတာရှိတယ်။ လေးငါးခြောက်နာရီ တရားတော့ ထိုင်နေပါရဲ့ ဒါပေမဲ့ ကိုယ့်ကြောင့် တဖက်သား စိတ်ဆင်းရဲမယ့်အလုပ်တွေ၊ ကိုယ့်ကြောင့် တဖက်သား ဆိုးကျိုးဖြစ်မယ့်အလုပ်တွေ။ ကျယ်ကျယ်ပြန့်ပြန့် ပြောရရင် ကိုယ့်ကြောင့် တိုင်းသူပြည်သား ဆင်းရဲဒုက္ခ ရောက်ရမယ့်အလုပ်တွေ၊ ကိုယ့်ကြောင့် တိုင်းပြည်မဖွံ့ဖြိုး မတိုးတက်မယ့် အလုပ်တွေကို လုပ်နေမယ်ဆိုရင်တော့ ဘာသာတရားကိုင်းရှိုင်းတယ်လို့ ပြောလို့မရဘူး။

ဦးကျော်ဇံသာ ။ ။ တချို့ နိုင်ငံရေးသမားတွေ၊ နိုင်ငံရေး အင်အားစုတွေက ဘာသာတရားကို အသုံးချကြပြီးတော့ မဲနိုင်ဖို့ ကြိုးစားကြနေတယ်ဆိုပြီးတော့ ပြောဆိုသုံးသပ်ချက်တွေ အများကြီး ကြားနေရပါတယ်ဘုရား။ အဲဒီကိစ္စတွေကို သံဃာထုအနေနဲ့ ဘယ်လို ဆောင်ရွက်နိုင်မယ် ထင်ပါလဲ။ ဆောင်ရွက်နိုင်ကြပါလား ဘုရား။

ဆရာတော် ။ ။ ဆောင်ရွက်နိုင်အောင် ကြိုးစားကြရမှာပေါ့။ ဘာသာရေးအလုပ်ကို နိုင်ငံရေးရဲ့ အသုံးချစရာ မဖြစ်အောင်။ လက်ကိုင်တုတ် မဖြစ်အောင် ရှောင်ကျဉ်နိုင်ရမှာပေါ့။ ဘာသာရေးဆိုတာတော့ အရေးအားလုံးနဲ့ သက်ဆိုင်တဲ့အတွက် အသုံးချတယ်လို့ ပြောလို့မရပေမယ့်လို့ ဆက်စပ်မှုတော့ ရှိပါတယ်။ ဘယ်လို ဆက်စပ်သလဲဆိုရင်တော့ နိုင်ငံရေးနယ်ပယ်မှာ ကျင်လည်နေကြတဲ့ ပုဂ္ဂိုလ်တွေကို နိုင်ငံရေးအလုပ်ကို မှန်မှန်ကန်ကန်၊ တရားမျှမျှတတ လုပ်ပါဆိုတဲ့ အဆိုအမမျိုးတော့ ပေးရမှာပေါ့။ တရားမမျှတတဲ့ အလုပ်တွေကို လုံးဝရှောင်ကျဉ်ပါ။ တရားမျှတတဲ့ အလုပ်ကို လုပ်ပါ။ တရားမျှတအောင် လုပ်ချင်တဲ့ စိတ်ဓါတ်မျိုး မွေးမြူးပါဆိုတဲ့ တရားအဆုံးအမမျိုးကိုတော့ ပေးရမှာပါ။ အဲဒီတော့ မမှန်မကန် လုပ်တာတွေရှိရင် မှန်မှန်ကန်ကန်လုပ်အောင် လမ်းညွှန်ပေးတဲ့အလုပ်၊ ဆုံးမသြဝါဒ ပေးတဲ့အလုပ်ကတော့ ဆရာတော် သံဃာတော်တွေ၊ ဘာသာရေးခေါင်းဆောင်တွေအနေနဲ့ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်ပါ။

ဦးကျော်ဇံသာ ။ ။ အခု မြန်မာနိုင်ငံ လက်ရှိ ပြောင်းလဲလာတဲ့ အစိုးရရဲ့ သံဃာတွေအပေါ်မှာ၊ သာသနာအပေါ်မှာ သဘောထားကို ဘယ်လို သုံးသပ်ပါလဲဘုရား။

ဆရာတော် ။ ။ ဒါကတော့ လူအမျိုးမျိုး စိတ်အထွေထွေလို့ပဲ ပြောရမှာပေါ့လေ။ ကာယကံရှင်တွေရဲ့ စိတ်ထားကတော့ ဘယ်လိုလဲမသိဘူး။ တနည်းပြောရရင်တော့ ဗုဒ္ဓရဲ့ဝါဒကိုက ဒီမိုကရေစီဝါဒပါပဲ။ လွတ်လပ်မှုကို တန်းဖိုးထားတယ်။ သတိပဌာန် ဝိပဿနာကို အားထုတ်တယ်ဆိုရင်တောင်မှ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ရှိတယ်။ ကိုယ်ဘယ်အရှူခံအာရုံကို အဓိကထား ရှူမှတ်မလဲ စသည်ဖြင့်။ ဓနနဲ့ ပတ်သက်လို့ရှိရင်လဲ မြတ်စွာဘုရားကိုယ်တိုင် ဟောကြားပြီးထား ကိုယ်စိတ်ကြည်လင်တဲ့နေရာမှာပဲ လှူပါ။ ဘယ်နေရာပဲ လှူရမယ်၊ ဘယ်နေရာတော့ မလှူရဘူး။ ကိုယ်စိတ်ဆန္ဒရှိတဲ့အတိုင်း ကိုယ့်ရဲ့အလှူခံပုဂ္ဂိုလ်ကို လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ရှိတယ်။ နိုင်ငံခေါင်းဆောင်လို့ အမည်ခံထားတဲ့ ပုဂ္ဂိုလ်တွေကလည်း ဒီဗုဒ္ဓဘာသာကို တကယ်ကိုင်းရှိုင်းတယ်။ ဆရာတော်သံဃာတွေကို ကြည်ညိုတယ်ဆိုရင်တော့ ဗုဒ္ဓရဲ့ အဆုံးအမအတိုင်း ကိုယ့်ရဲ့ နိုင်ငံရေး လုပ်ရပ်တွေ၊ နိုင်ငံရေး စိတ်ဓါတ်တွေကို အကောင်းအဆိုး၊ အကျိုးအကြောင်း ဝေဖန်သုံးသပ်တယ်အပေါ်မှာ ကျေကျေနပ်နပ် လက်ခံဖို့ လိုတာပေါ့။ ကိုယ့်ကို အကောင်းပြောတဲ့လူတွေကို လက်ခံမယ်၊ ထောက်ခံမယ်။ ကိုယ့်ကို အကောင်းမပြောတဲ့လူ။ အကောင်းမပြောတဲ့လူဆိုတာ ကိုယ့်က မကောင်းလို့ မကောင်းတဲ့အကြောင်း၊ မှန်မှန်ကန်ကန် ဝေဖန်သုံးသပ်တဲ့ လူတွေကြတော့ ကိုယ့်ရန်သူလို သဘောထားမယ်ဆိုရင်တော့ ဘုန်းကြီးလုပ်ပြီး နိုင်ငံရေးလုပ်တယ်လို့ သတ်မှတ်ရင်တာ့လဲ ဒါကတော့ ဘာသာတရားနဲ့ ဆန့်ကျင်နေတယ်လို့ ပြောရမှာပေါ့။

ဦးကျော်ဇံသာ ။ ။ အခု မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ပြလုပ်ဖို့ဆိုပြီး စီစဉ်နေပါတယ်။ ရွေးကောက်ပွဲကာလကို ဘယ်လို မှန်ကန်တဲ့ သဘောထားမျိုးထားပြီးတော့ ဖြတ်သန်းရမယ်လို့ အရှင်ဘုရား ထင်ပါလဲဘုရား။

ဆရာတော် ။ ။ အခုလောလောဆယ် အရေးကြီးဆုံးကတော့ နိုင်ငံသူနိုင်ငံသားအားလုံး တယောက်မကျန် မဲစာရင်း ကြည့်ဖြစ်အောင် ကြည့်ပါလို့ မှာကြားချင်ပါတယ်။ ဒီမဲစာရင်းမှာ အမှားအယွင်းတွေကို သိပ်ကိုများလွန်အားကြီးနေတယ်ဆိုတာ သိရတဲ့အတွက်ကြောင့် ကိုယ့်ရဲ့ မဲပေးပိုင်ခွင့် မဆုံးရှုံးဖို့အတွက် မဲစာရင်းကြည့်ဖြစ်အောင် ကြည့်ပါလို့ ပြောချင်ပါတယ်။ ဒီလူတစု ကောင်းကျိုးကိုပဲ ဦးစားပေးတဲ့လူတွေ၊ တိုင်းပြည်ကို ဦးမဆောင်ဘဲနဲ့ လူထုကောင်းကျိုးကို ဦးစားပေးတဲ့လူတွေကို ဦးဆောင်စေချင်တယ်ဆိုရင် အခုလောလောဆယ် မဲစာရင်း ကြည့်ဖြစ်အောင်ကြည့်ပါ။ မဲပေးရမယ့် ရွေးကောက်ပွဲရောက်တဲ့အချိန်မှာလည်း မဲပေးခွင့်ရှိသူတွေ မဲပေးဖြစ်အောင် မဲပေးပါလို့ ဦးပဉ္ဇင်းက ပြောချင်ပါတယ်။ ဒီလို ပြောလိုက်လို့ နိုင်ငံရေးစကားထင်မယ်။ ဘာသာရေးစကားဖြစ်အောင် ဘာသာရေးနယ်ပယ်က စကားလုံးပါမှ လက်ခံနိုင်မယ်ဆိုရင်တော့ နိုင်ငံသားတယောက် ဖြစ်နေပြီးတော့ မဲစာရင်းသွားမကြည့်ဘူး။ မဲမပေးဘူးဆိုရင် အဲဒါ အကုသိုလ်ပဲ။ မဲစာရင်း သွားကြည့်တယ်။ မဲပေးတယ်ဆိုရင် ကုသိုလ်ပါပဲလို့ ပြောချင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ မဲလိမ်တဲ့လူတွေရဲ့ အကုသိုလ်လည်း ဘာသာရေးစကားနဲ့ ပြောပါအုံးဘုရား။

ဆရာတော် ။ ။ မဲလိမ်တဲ့လူတွေ၊ မဲခိုးတဲ့လူကတော့ အင်မတန်ကြီးကျယ်တဲ့ အကုသိုလ်ကြီး ဖြစ်သွားပါလိမ့်မယ်။ လူတယောက်ကို လိမ်တယ်ဆိုရင် တယောက်ပဲ ဆိုးကျိုးဖြစ်တယ်ဆိုရင် တယောက်စာ အကုသိုလ်ဆိုးကျိုးကို ခံစားရပါမယ်။ လူပေါင်း သန်း (၅၀) ကျော်ကို လိမ်လည်တယ်ဆိုရင်တော့ ဒီ မဲလိမ်ခြင်းကြောင့် လူပေါင်း သန်း (၅၀) ဆိုးကျိုးတွေ ဖြစ်တဲ့အတွက်ကြောင့်မို့ ကိုယ့်ရဲ့ လိမ်လည်အကုသိုလ်ကလည်း အဆပေါင်းများစွာသော အင်္သချေအနန္တ
အကုသိုလ်တွေ ဖြစ်ပါလိမ့်မယ်။ ကုသိုလ် အကုသိုလ်ဆိုတာ အများပြောတာ သူများအသတ်သတ်တာ၊ သာမန်ဟာမျိုးတွေတင် မဟုတ်ပါဘူး။ နိုင်ငံရေး နယ်ပယ်မှာလည်း မလုပ်သင့် မလုပ်ထိုက်တဲ့အလုပ်၊ တရားမမျှတတဲ့ အလုပ်ကိုလုပ်ရင် အကုသိုလ်ပဲ။ လုပ်သင့်လုပ်ထိုက်တဲ့အလုပ် တရားမျှတတဲ့အလုပ်ကို မှန်မှန်ကန်ကန်လုပ်ရင် ကုသိုလ်ပါပဲလို့ ပြောချင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ သံဃာအဖွဲ့အစည်းကို ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံမှာ သံဃာတော်တွေဟာ ကျေးလက်မိသားစုက ပေါက်ဖွားလာကြတာတယ်ဆိုတာကို သိရပါတယ်။ အခု တဖြည်းဖြည်း မြို့ပေါ်လူတန်းစား များလာတယ်။ အဲဒီက ခေတ်ပညာတတ်တွေ ဖြစ်လာတယ်။ ဆရာတော်ဘုရားဆိုရင် ခေတ်ပညာတတ် မိသားစုက ပေါက်ဖွားလာတယ်။ ခေတ်ပညာတတ်တယ်။ ကျောင်းပညာလည်း ထူးချွန်ပြီးတော့ သံဃာလောကထဲ ရောက်လာတယ်ဆိုတာ အင်မတန် ပါရမီထူးလို့ပေါ့ဘုရား။ ဒါပေမဲ့ အခု ရှေ့ကို မျှော်ကြည့်မယ်ဆိုရင် ဆရာတော်တို့လို ပုဂ္ဂိုလ်တွေ ခေတ်ပညာတတ် အသိုင်းအဝိုင်းက ပေါ်ထွန်းလာမယ်လို့ ထင်ပါသလား။ သမာရိုးကျ ကျေးလက်က ငယ်ငယ်ကတည်းက ဘုန်းကြီးကျောင်းပညာရေးနဲ့ ကြီးပြင်းလာပြီးတော့ ကပ္ပိယလေး၊ ကိုရင်လေးက ဖြစ်လာတဲ့ ရဟန်းတွေ ပိုများလာမလား။ ဘယ်လို အပြောင်းအလဲ ဖြစ်လာမယ်လို့ သုံးသပ်ပါလဲ။

ဆရာတော် ။ ။ အခုနောက်ပိုင်းကတော့ ဘာသာရေးကလည်း နိုင်ငံရေးနဲ့ ဆက်စပ်နေသလို။ နိုင်ငံရေးစနစ်ရဲ့ အားနည်းမှုတွေကြောင့် ကျေးလက်တောရွာမှာရှိတဲ့ လူတွေ တိုင်းတပါးသွားပြီးတော့ အလုပ်လုပ်ကြတယ်။ အမှန်တရားနဲ့ ပြောမယ်ဆိုရင်တော့ သူ့တပါးဆီမှာ ကျွန်ခံရတဲ့သဘောမျိုး အလုပ်ကြမ်းတွေ သွားလုပ်ကြရတယ်။ အဲဒီတော့ နည်းနည်းလေး အရွယ်ရောက်လာတာနဲ့ တခြားတိုင်းတပါးကို ရောက်သွားကြတာ များတဲ့အတွက်ကြောင့် ဒီကျေးလက်ဒေသတွေမှာတော့ ကိုရင်၊ ဦးပဉ္ဇင်း ဆိုတာတော့ အင်မတန် ရှားပါးသွားပြီပေါ့။ ဗုဒ္ဓအဆုံးအမမှာ သက်ဝင်ပြီးတော့ သာသနာ့ဘောင်ဝင်လာတဲ့ ခေတ်ပညာတတ် ပုဂ္ဂိုလ်တွေတော့ ဒီခေတ်ပိုင်းမှာ နည်းနည်းများလာတယ်လို့ ပြောလို့ရပါတယ်။ နောင်တချိန်မှာလဲ အခုလို လောကီနယ်ပယ်မှာလည်း အနည်းဆုံး အခြေခံပညာအဆင့်လောက်အထိ အောင်မြင်ပြီးနောက် အခြေခံအဆင့်လောက်အထိ အောင်မြင်ပြီးနောက် လေ့လာပြီးနောက်ပြီးမှ သာသနာဘောင် ဝင်လာမယ်ဆိုရင်တော့ သိပ်ကောင်းပါတယ်။ ဦးပဉ္ဇင်းရဲ့ သဘောအရတော့ ကလေးကတည်းက သာသနာဘောင်ဝင်တာထက် အနည်းလောက် ဆယ်တန်းလောက်အောင်အောင် လောကီနယ်ပယ်မှာ လေ့လာပြီးမှ ဗုဒ္ဓအဆုံးအမကို တဖက်က လေ့လာပြီးမှ အတိုင်းအတာတခု ရင့်ကျက်ပြီးတဲ့အချိန်ရောက်မှ သာသနာဘောင်ဝင်တာကို ပိုတောင်သဘောကျပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်ဆုံး လျှောက်ထားချင်တာကတော့ အနာဂတ် ဗုဒ္ဓသာသနာပေါ်မှာ ဆရာတော်ဘုရား ဘယ်လို မြင်ပါလဲ။ ဘုရားဟောတရားနဲ့ ကိုက်ညီတဲ့ဘက်ကို ပိုသွားမလား။ ဘုရားဟောတရားနဲ့ ကိုက်ညီတဲ့ဘက်ကို ပိုသွားမလား။ အဆောင်အယောင် ပကာသနတွေဘက်ကို မျှောပါသွားနိုင်တဲ့ အခြေအနေ ပိုများသလားဘုရား။

ဆရာတော် ။ ။ အဲဒီလိုတော့ ဦပဉ္ဇင်းက ရှေ့ဖြစ်မဟောတတ်တော့ မပြောတတ်ဘူး။ ဒါပေမဲ့လို့ ဗုဒ္ဓဘာသာ ပြန့်ပွားရေးအတွက်ဆိုတာ ဗုဒ္ဓအဆုံးအမကို တကယ်သိဖို့၊ တကယ်ကျင့်ဖို့က အဓိကပဲ။ ဗုဒ္ဓဘာသာ ပြန့်ပွားရေးကို တကယ်လုပ်ချင်တယ်ဆိုရင် ဗုဒ္ဓအဆုံးအမကို သိတဲ့လူတွေ များသထက်များလာအောင် လုပ်ဖို့က အဓိကပဲ။ အဲဒီလို ဗုဒ္ဓဘာသာ ကာကွယ်ချင်တဲ့သဘော၊ တိုးတက်ချင်တဲ့သဘော ရှိတယ်ဆိုရင်လဲ ကိုယ်ကိုယ်တိုင်က ဗုဒ္ဓအဆုံးအမနဲ့အညီ လိုက်နာကျင့်သုံးဖို့ လိုတာပေါ့။ ဥပမာ ဗုဒ္ဓအဆုံးအ မေတ္တာတရားကို ဦးထိပ်ထားတယ်။ ဗုဒ္ဓအဆုံးအမ တကယ်ပြန့်ပွားစေချင်တယ်ဆိုရင် ကိုယ်ကိုယ်တိုင်ကလည်း မေတ္တာလမ်း လွှမ်းတဲ့စကားမျိုး ပြောဖို့။ မေတ္တာသဘော သက်ရောက်တဲ့ စကားလုံး အသုံးအနှုန်းလေးတွေ ပြောဖို့။ မေတ္တာစကားတွေပဲ ဖြန့်ဝေဖို့ အရေးကြီးတာပေါ့။ ကိုယ်ကိုယ်တိုင်က ဒေါသသံလွှမ်းတဲ့ စကားတွေ၊ ဒေါသသံလေသံတွေနဲ့ ဒေါသစကားတွေ ပြောနေမယ်ဆိုရင်တော့ ဗုဒ္ဓအဆုံးအမပေါ် အထင်သေးလာမယ်။ အဲဒါဆိုရင် ခေတ်လူငယ်တွေ၊ ကိုယ်နိုင်ငံအတွင်းမှာရှိတဲ့ ဗုဒ္ဓဘာသာဝင် မိရိုးဖလာ ဗုဒ္ဓဘာသာ သာသနာဝင်ဖြစ်တဲ့ လူငယ်တွေတောင်မှ ဗုဒ္ဓအဆုံးအမအပေါ် သံသယရှိလာမယ်။ ဘာသာရေးခေါင်းဆောင်တွေအပေါ် သံသယ ရှိလာမယ်။ ဒါကြောင့်မို့ ဘာသာတရား ပြန့်ပွားမှုကို တကယ်လုပ်ချင်တယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေက ဗုဒ္ဓအဆုံးအမနဲ့အညီ နူးနူးညံ့ညံ့၊ သိမ်သိမ်မွေ့မွေ့၊ ယဉ်ယဉ်ကျေးကျေး၊ ဉာဏ်ပညာပါပါ ပြောဆိုတတ်ဖို့၊ စဉ်းစားတွေးခေါ်တတ်ဖို့၊ ဖြန့်ဝေတတ်ဖို့ အရေးကြီးတာပေါ့။

ဦးကျော်ဇံသာ ။ ။ အထူးကျေးဇူးတင်ပါတယ် ဘုရား။