မြန်မာ့ယဉ်ကျေးမှု အရွေ့ (အပိုင်း ၁)

Abstract art by Diaa Bekheet, Virginia, May 14, 2016.

Your browser doesn’t support HTML5

မြန်မာ့ယဉ်ကျေးမှု အရွေ့ (အပိုင်း ၁)


ဒီတပတ် မြန်မာ့ရေးရာ ဆွေးနွေးခန်းမှာ လက်ရှိ globalization နဲ့ internet (on line) မီဒီယာတွေ တွင်ကျယ်လာတဲ့ခေတ်မှာ အစဉ်အလာ မြန်မာ့ယဉ်ကျေးမှုရဲ့ အလားအလာ ဘယ်အခြေအနေမှာ ရှိနေပါသလဲ။ ခေတ်အလိုက် လူငယ်တွေရဲ့အကြိုက်ပြောင်းလဲလာတဲ့ကိစ္စကို အပြစ်မြင်သင့်သလား၊ ထိန်းကျောင်းဖြောင့်မတ်ပေးနိုင်သလား ဆိုတာတွေကို စာရေးဆရာချစ်ဦးညိုနဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံသပ်ချက် ပထမပိုင်းကို တင်ဆက်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော် ဆွေးနွေးချင်တဲ့ အဓိက အကြောင်းအရာကတော့ မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုအရွေ့၊ နိုင်ငံရေး၊ စီးပွားရေးအရွေ့ကိုတော့ အတော်လေး တိုင်းတာရတာ လွယ်ပါတယ်။ နိုင်ငံရေးသမားတွေ၊ စီးပွားရေး ကျွမ်းကျင်တဲ့ ပညာရှင်တွေကို မေးကြပါတယ်။ မြန်မာယဉ်ကျေးမှုနဲ့ ပတ်သက်ပြီးတော့ ဆရာက အသင့်တော်ဆုံး ပုဂ္ဂိုလ်လို့ ထင်ပါတယ်။ ပထမဦးဆုံး မေးချင်တာက မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုက ဘယ်လို ရွေ့နေသလဲ။ ရွေ့တော့ ရွေ့နေမှာပေါ့။ ယဉ်ကျေးမှုတရပ်ဟာ ရပ်နေတော့ ပြောလို့မရဘူး။ ရှေ့ကိုရွေ့သလား၊ ဘေးကိုရွေ့သလား စသည်ဖြင့် ဖြစ်မှာပေါ့။ အကြမ်းမျဉ်း ပထမဦးဆုံး ယေဘုယျ သုံးသပ်ရင် ယဉ်ကျေးမှုက ဘယ်လို ရွေ့နေတယ်လို့ ထင်ပါသလဲ။

ချစ်ဦးညို ။ ။ ဦးကျော်ဇံသာရေ … အရွေ့ကို မပြောခင်မှာ Culture and Civilization ယဉ်ကျေးမှုလို့ ပြောတိုင်း ကျနော်တို့ဆီမှာ Culture နဲ့ Civilization ရောရောနေတယ်။ ဥပမာ အိန္ဒိယဆိုရင် ဆရာပါရဂူစာအုပ်ထဲက ဖတ်ရတာ Culture ဆို Sanskrti – Civilzation ဆို sabhyata . ဂျပန်ဆို ဘယ်လို Culture ကို တမျိုးခေါ်တယ်။ Civilization ကို တမျိုးခေါ်တယ်။ ကျနော်တို့ကတော့ ယဉ်ကျေးမှုလို့ ပြောလိုက်တာနဲ့ အဲဒီထဲမှာ Culture နဲ့ Civilization တို့ ရောပါနေတော့ အဲဒါ သိပ်မကွဲဘူး။ အဲဒီတော့ ရောနေတော့ ဘယ်လို ဖြစ်ကြလဲဆိုတော့ ယဉ်ကျေးမှုလို့ ပြောလိုက်တိုင်းမှာ အများနားလည်တာက ပန်းချီ၊ ပန်းပု ပန်းဆယ်မျိုးပေါ့။ အဆိုအက အရေးအတီး အဲဒီလိုပဲ နားလည်တယ်။ ယဉ်ကျေးမှုဆိုတာ Culture ကိုပဲ သိတယ်။ Civilization ကို သိပ်မသိကြဘူး။ အဲဒီတော့ ယဉ်ကျေးမှုဆိုတာ ကျနော်ကတော့ Culture-Civilization နှစ်ခုစလုံးကို ပြောချင်တာ။

ဦးကျော်ဇံသာ ။ ။ ကောင်းပါတယ်။ ဒေါက်တာသန်းထွန်းကတော့ Culture ကို ဓလေ့လို့ ပြန်ပြီးတော့၊ Civilization ကို ယဉ်ကျေးမှုလို့ ပြန်ဆိုတယ်။ နှစ်ခုစလုံးကို ပြောလို့ရတယ်။

ချစ်ဦးညို ။ ။ အဲဒီတော့ ယဉ်ကျေးမှုအရွေ့ကို ဘယ်လို ရွေ့နေသလဲ။ ကျနော့်အမြင်ကတော့ ဘေးဖက်ကို ရွေ့နေတယ်လို့ ကျနော် မြင်တယ်။ ရှေ့လည်းမသွားဘူး။ နောက်ကိုလည်း ပြန်မဆုတ်ပါဘူး။ ဘေးကိုထွက်ပြီးတော့ ရွေ့နေတယ်။ အဲဒါက နည်းနည်းပြန့်ကားနေတယ်။ ကျစ်လစ်မှုမရှိဘူး ဖြစ်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရှေ့ဟောင်းကို ထိန်းသိမ်းချင်တဲ့ ပုဂ္ဂိုလ်များကလည်း ဒီလိုဖြစ်နေတယ်။ ခေတ်သစ်ကိုလိုက်မယ့် ပုဂ္ဂိုလ်များကလည်း ဒီလို ဖြစ်နေတော့ အဲဒီနှစ်ခုက ထိပ်တိုက်ကြီး မတွေ့ဘူး။ ဒါပေမဲ့ ရှေ့မတက် နောက်မဆုတ်ဘဲ အဲဒီလို ဖြစ်နေတယ်လို့ ကျနော် မြင်တယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီတော့ ရှေ့ဟောင်းကို ထိန်းသိမ်းချင်သူတွေက တပိုင်း။ ခေတ်သစ်သွားချင်တဲ့ လူဆိုတဲ့အပိုင်းကတော့ ဒီဟာက အခုပြောလာကြတဲ့ Globalization နိုင်ငံတကာ ယဉ်ကျေးမှု၊ ရောထွေးပျံ့နံ့လာမှုတို့ရဲ့ အကျိုးသက်ရောက်မှုလို့ ပြောလို့ရလား။

ချစ်ဦးညို ။ ။ ရပါတယ်။ ဒါကတော့ Globalization ကတော့ ဘယ်သူမှ ရှောင်လွှဲလို့ မရတဲ့ကိစ္စ။ ဒါက သဘာဝဓမ္မကို ဖြစ်နေပြီ။ ဒီအချိန်မှာ ဒီလိုပဲ ဖြစ်ရမှာ။ ဒီ Globalization အရ ရိုက်ခတ်လာတဲ့ အသစ်အသစ်သော ဖန်တီးမှု၊ ဖြစ်တည်မှုတွေထဲမှာ ကျနော်တို့က Traditional လည်း မပျက်အောင်၊ အသစ်ကိုလည်း Absorb လုပ်နိုင်အောင် ဒီမှာ အရေးကြီးတာက အသိဉာဏ်တရား။ အသိပညာ အရေးကြီးဆုံးပါ။ အသိပညာနဲ့ ရေစစ်သလို စစ်ယူရမယ်။ ကျနော်တို့ အများသိတာတွေ ရှိပါတယ်။ ပြတင်းပေါက် ဖွင့်ထားလိုက်ပြီဆိုရင် အလင်းရောင်ရမယ်။ လေရမယ်။ အမှိုက်တွေလည်း ဝင်လာမယ်။ ပိတ်ထားလိုက်ရင် ဘာမှတော့ ပြဿနာ မရှိဘူး။ မှောင်သွားမယ်။ ဆိုတော့ ကျနော်တို့က ဖွင့်ထားပြီးတော့ သံဇကာ တပ်ရမယ်။ အဲဒီ သံဇကာ က အသိဉာဏ်ပညာ ဖြစ်တယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီ အသိဉာဏ်ပညာကို ဘယ်သူတွေက ဘယ်လို ချမှတ်ပေးမလဲ။ အဲဒီဟာကို ဆရာတို့ အနုပညာသမားတွေ၊ စာပေပညာရှင်တွေ၊ လူထုနဲ့ အမြဲတမ်း ထိတွေ့နေတဲ့ ပုဂ္ဂိုလ်တွေက ဘယ်လို သြဇာလွှမ်းမိုးမှု ရှိနိုင်ပါသလဲ။ မြန်မာနိုင်ငံမှာ။

ချစ်ဦးညို ။ ။ အဲဒီ အသိဉာဏ်ပညာက အားလုံးနဲ့ဆိုင်တဲ့ အသိဉာဏ်ပညာကို ဘယ်မှာရနိုင်သလဲဆိုတော့ အဲဒါ ပညာရေး - Education စနစ် မငြိမ်သမျှ၊ မမှန်သမျှပတ်လုံး အဲဒီ အသိဉာဏ်ပညာ ကယောင်ခြောက်ခြား ဖြစ်နေမယ်လို့ ကျနော် ထင်တယ်။ ကျနော်တို့ ပြောနိုင်ဟောနိုင် ရေးနိုင်တာ ဘယ်လောက်ပျံ့နံ့မလဲ။ ပြောလိုက်ရင် Education ပါလာပြီ။ ကျောင်းက စရမယ်။

ဦးကျော်ဇံသာ ။ ။ Education ဘက်ကို ဆရာလည်း ကျောင်းဆရာ လုပ်ခဲ့တဲ့ ပုဂ္ဂိုလ် - ကျနော်တို့အတူ ဆုံခဲ့ကြတယ်ဆိုတော့ မေးရမည့် Topic တခု။ ကျနော်တို့ ခေတ်ကတည်းက စနစ်သစ်ပညာရေးဆိုပြီးတော့ ကျနော်တို့ ဖြတ်သန်းခဲ့တယ်။ အခုထက်ထိလည်း စနစ်က သစ်တုန်းပဲ။ သစ်ပြီးရင်သစ်နေတာ အဲဒါကို ဘယ်လို ပြောချင်ပါလဲ။ မှတ်ချက်ပေးပါ။

ချစ်ဦးညို ။ ။ တနွယ်ငင် တစင်ပါ … သိတဲ့အတိုင်း အခု မြန်မာပြည်မှာ ပညာရေးစနစ်ကို မကြိုက်တဲ့လူ တော်တော်များတယ်။ ပညာရေးဝန်ကြီးကိုလည်း မကြိုက်တဲ့လူ တော်တော်များတယ်။ အခုလဲ ဟိုဟာစမ်းလိုက်၊ ဒီဟာဖြတ်လိုက်။ ဒီဟာလုပ်လိုက်၊ ဒါဖြတ်လိုက်ဆိုတော့ ဒါဟာ မဖြစ်ကောင်းတဲ့အရာ။ အဲဒီတော့ နိုင်ငံရေး မတည်ငြိမ်မှုတွေ၊ ပြည်တွင်းစစ်တွေ၊ အချင်းချင်းချနေကြတာတွေ အဲဒါတွေလည်း ဖြစ်တာလဲဖြစ်ပေါ့။ တချိန်တည်းမှာ အဲဒါတွေပြီးမှ ပညာရေးကို ကိုင်မယ်ဆိုရင်တော့ ရွှေပြည်တိုင် မျှော်တိုင်းဝေး .. အဲဒီတော့ အဲဒီလိုဖြစ်နေတာတွေလည်းဖြစ်၊ တချိန်တည်းမှာ ဒီပညာရေးကို သေသေချာချာ ကိုင်တွယ်ပြီးတော့ သူငယ်တန်းကစပြီးတော့ မူလတန်းကစပြီး အဲဒီလို လုပ်နိုင်မှ အသိဉာဏ်ပညာဟာ သဘာဝကျစွာ ဖြစ်တည်လာမယ်။ ကျနော်တို့ အရွယ်ကြီးတွေ လေးဆယ်ကျော်၊ ငါးဆယ်ကျော်ကြီးတွေ အဲဒီကြမှ Educate မလုပ်တော့နဲ့ မရတော့ဘူး။ ကျနော်က အဲဒီလိုမြင်တယ်။

ဦးကျော်ဇံသာ ။ ။ နောက်တခုက ယဉ်ကျေးမှုနဲ့ ထိတွေ့နိုင်တဲ့ Channel တွေ - ဟိုတုန်းကဆို ဇာတ်သဘင်တို့၊ ရုပ်ရှင်၊ စာပေတို့ အဓိကအားဖြင့် ဒီဟာကို တင်ကြမှာပေါ့။ အခုဆိုရင် ဇာတ်သဘင်ဆိုရင် တော်တော်လေး မှေးမှိန်သွားပြီလို့ ထင်ပါတယ်။ ရုပ်ရှင်ရုံသွားပြီးတော့ ရုပ်ရှင်ကြည့်တဲ့ အလေ့အထ ဘယ်လောက် ရှိသေးလဲ။ အဲဒါကော လွှမ်းမိုးမှု ရှိသေးလား။ စာပေဆိုလို့ စာကော ဖတ်ကြသေးလား။ အခုလူတွေက အင်တာနက် အွန်လိုင်းမှာပဲ တွေ့ကြတယ်ဆိုတော့ ဒီဟာရဲ့ Impact ဂယက်က ဘယ်လောက်ထိ တွေ့ရပါလဲ။

ချစ်ဦးညို ။ ။ စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတ အဲဒီလို branch အနေနဲ့ ခွဲပြောရမယ်ဆိုရင်တော့ ရုပ်ရှင်နဲ့ ဂီတ က လူထုကြားကိုရောက်တာ မြန်တယ်။ ပျံ့တယ်။ ပိုပြီးတော့ effective ဖြစ်တယ်။ အကျိုးသက်ရောက်မှု ပိုရှိတယ်။ ရုပ်ရှင်ရုံတွေမှာ ကြည့်ကြပါတယ်။ ပြီးတော့ မြန်မာပြည်မှာ တခြားနိုင်ငံမှာ မရှိတဲ့ video ရုံလေးတွေနဲ့ အဲဒါတွေကလည်း ပျံ့နံ့တယ်။ ဆိုတော့ ဒါက ရုပ်ရှင်ပေါ့။ ဂီတလည်း ပျံ့နံ့တယ်။ သို့သော် ဂီတမှာ ပြန်ကြည့်လိုက်တော့ မြန်မာ့ဆိုင်ကို ကြည့်ရအောင်။ တဘက်က ခေတ်ပေါ်တေးဂီတ။ ခေတ်ပေါ်တေးဂီတမှာ လက်မှတ်တွေ သောင်းနဲ့သိန်းနဲ့ချီပြီးတော့ ရောင်းတာတောင် ဝယ်ပြီးတော့ နားထောင်ကြတယ်။ မြန်မာ့ဆိုင်ဂီတ က တော်တော်လေး သနားစရာ ကောင်းနေပြီ။ အဲဒါကို ပညာရှင်တွေကိုယ်တိုင်လည်း ကာယကံရှင်တွေကလည်း သိပြီးတော့ ကြိုးစားနေကြပါတယ်။ သို့သော်လဲ ထင်သလောက် ခရီးမပေါက်သေးပါဘူး။ စာပေကတော့ ကျနော်တို့လူမျိုးဟာ နဂိုကတည်းမှ စာဖတ်နည်းရှာတဲ့ လူမျိုး ဖြစ်ပါတယ်။ စာဖတ်တာကို သိပ်ပြီးတော့ အလေ့မထုံကြဘူးပေါ့။ အခုလို အချိန်မှာ စာဖတ်အားက ပိုနည်းသွားတယ်။ ပိုနည်းသွားတာက အခုနပြောတဲ့ အွန်လိုင်းမီဒီယာတွေ (online media) တွေ ပေါ်လာတဲ့အခါကြတော့ ကျနော် ဒီမှာကြည့်တယ် - USA ရောက်တဲ့အခါမှာ ဒီမှာလည်း လုပ်နေကြတာပဲ။ ဒါပေမဲ့ သူတို့ စာဖတ်နေတာ။ အဓိပ္ပါယ်ရှိတာ လုပ်နေကြတယ်။ ဟိုမှာကြတော့ တကယ့်ကို awkward အဓိပ္ပါယ်မရှိတာတွေ လုပ်နေတာ များနေပြီ။ ကျနော်လည်း တတ်နိုင်သလောက် ပြောတာပဲ … ဟောပြောပွဲတွေမှာ။ အဲဒီတော့ မဖတ်ဘူးလား မဟုတ်ဘူး ဖတ်တယ်။ အနည်းစုပဲရှိတယ်။ ကျနော် အဲဒီလို မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီတော့ အနုပညာ၊ စာပေ ဖန်တီးမှု၊ လွတ်လပ်မှုနဲ့ ပတ်သက်ပြီးတော့လည်း မေးချင်ပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေးအားဖြင့် လွတ်လပ်မှုကို တိုင်းတာလို့ရတယ်။ သတင်းလွတ်လပ်ခွင့်ဆိုရင် သိပ်သိသာတယ်။ စာပေအနုပညာ ဖန်တီးမှုက လွတ်လပ်မှု ဘယ်လောက် ရှိပါလဲ။

ချစ်ဦးညို ။ ။ လွတ်လပ်မှုဆိုတဲ့ နေရာမှာ စာပေစီစစ်ရေးတော့ မရှိတော့ဘူး။ ရေးလို့ ရပါပြီ။ ဒါပေမဲ့ အရေးကြီးတာက Freedom .. လွတ်လပ်မှုက Responsibility နဲ့ တွဲနေပါတယ်။ စာရေးဆရာတယောက်ရဲ့ စိတ်အားဖြင့် လွတ်လပ်မှု ပိုအရေးကြီးပါတယ်။ အခုနလို ပုံနှိပ်တာတွေ၊ တားတာတွေ အဲဒီလွတ်လပ်မှုက တခြား။ စာရေးဆရာရဲ့ စိတ်ကိုက လွတ်မြောက်နေရမယ်။ လွတ်လပ်နေရမယ်။ ဘာအနေနဲ့ လွတ်မြောက်နေရမလဲ။ ပုဂ္ဂိုလ်စွဲ၊ ဝါဒစွဲ၊ စနစ်စွဲ၊ ဒေသစွဲ စတဲ့ အဲဒီအစွဲတွေ Bias and Prejudice က လွတ်မြောက်ပြီးတော့ စာရေးဆရာရဲ့ ရင်ထဲမှာ သူ့ရဲ့လွတ်လပ်တဲ့ စိတ်ကြီးက အဲဒီလိုကို ဖြစ်နေရမယ်။ အဲဒါမှ Creativity က ထွက်လာမှာ။

ဦးကျော်ဇံသာ ။ ။အဲဒီ Creativity ကို လွတ်လွတ်လပ်လပ် ရှိလား။ ဥပမာ Satire သရော်စာရေးလို့ အဖမ်းခံရတာတို့၊ တရားစွဲခံရတာမျိုး ကြားတော့ အဲဒါကို ကန့်သတ်ထားတာမျိုး။

ချစ်ဦးညို ။ ။ အဲဒါကတော့ Satire ဟာ Satire ကြောင့် အဖမ်းခံရတယ်။ တရားစွဲခံရတယ်ဆိုတာ မရှိကောင်းတဲ့ ကိစ္စပါ။ မရှိသင့်တဲ့ ကိစ္စပါ။ Satire ဆိုတာ ဘယ်သူမဆို လှောင်လို့ရတယ်။ ကမ္ဘာမှာလည်း Satire စာပေက အင်မတန် ထွန်းကားတယ်။ ဒါပေမဲ့ အဲဒါကို ဆတ်ဆတ်ထိ မခံဘဲနဲ့ အဲဒီအပေါ်မှာ အပြစ်ယူတယ်ဆိုတာတော့ မဖြစ်သင့်ဘူး။ လွတ်လပ်မှုကို တိုင်းတာကြည့်မယ်ဆိုရင်တော့ အဲဒီဘက်မှာ လွတ်လပ်မှု မရှိဘူး။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ အခုလောလောဆယ်မှာ အနုပညာပုံစံ aesthetic form ဘယ်လိုပုံစံမျိုးဟာ အခုလူငယ်တွေကြားမှာ မြန်မာနိုင်ငံမှာ တွင်ကျယ်နေတယ်လို့ ပြောနိုင်လဲ။ ဆရာ အခုနပြောတဲ့ ဂီတလား၊ ရုပ်ရှင်လား။

ချစ်ဦးညို ။ ။ ပြောရမယ်ဆိုရင်တော့ ဂီတ။ ဒါပေမဲ့ ဂီတ .. ရေးတဲ့စာဆိုတွေလည်း တော်ပါတယ်။ ဆိုတဲ့လူလည်း တော်ကြတယ်။ တီးတဲ့ Band လည်း တော်ကြတယ်။ ကျနော်တို့ ဟိုတုန်းကလို အပျော်နားထောင်တဲ့၊ အပျော်တီး မဟုတ်ကြတော့ဘူး။ တကယ်လေးနက်တဲ့ အဓိပ္ပါယ်ရှိတဲ့ စာသားတွေနဲ့ တကယ်ကောင်းတဲ့ သံစဉ်တွေနဲ့ Melody တွေနဲ့ အဲဒီလို ဆိုကြတီးကြ လုပ်တဲ့အတွက် ဒီနေ့လူငယ်တွေက အဲဒါကို ခံစားလို့ရတယ်။ ကျနော်တို့လည်း ခံစားလို့ရတယ်။ ဂီတကတော့ aesthetic form အနေနဲ့ ပြောမယ်ဆိုရင်တော့ advance အဖြစ်ဆုံးလို့ ကျနော်ထင်တယ်။ ရုပ်ရှင်ကတော့ အခြေအနေအရ ငြင်းကြခုန်ကြတုန်း ရှိသေးတယ်။ လည်ထွက်နေတယ်။ ဇာတ်သဘင်ကတော့ Sorry မှာ ပြနေတယ်။

ဦးကျော်ဇံသာ ။ ။ လူတွေရဲ့ အနုပညာပုံစံ နှစ်သက်မှု - ပါးစပ်နဲ့စားတဲ့ taste လိုပေါ့။ စားပါများရင် တခြားတခုခု ပြောင်းလဲပြီးတော့ ကြိုက်သွားတာမျိုးတွေ ရှိမယ်။ အဲဒီတော့ လူငယ်တွေရဲ့အကြိုက် နည်းနည်းတစုံတခု ပြောင်းလဲမှု ရှိလာတဲ့ ရုပ်ရှင်တို့ ဘာတို့မှာဆိုရင်ကော အဲဒါကို ဝေဖန်စရာလား။ အပြစ်ပြောသင့်သလား။

ချစ်ဦးညို ။ ။ မပြောသင့်ဘူးဗျ။ လူငယ်တွေကို ကျနော်တို့ အပြစ်ပြောတာ ကျနော် မကြိုက်ဘူး။ ပြောကြတယ် လူငယ်တွေ စာဖတ်အားနည်းတယ်။ စာမဖတ်ဘူးလို့။ ကျနော် က ပြန်ပြန်မေးလေ့ရှိတယ်.. အဲဒါဆိုရင် လူကြီးတွေကော ဘယ်လောက် စာဖတ်လို့လဲလို့။ လူငယ်တွေက သူတို့ အသစ်ကို လိုချင်ကြတာပဲ။ ဒီ taste က ဒါမှန်တယ်လေ … လူငယ် သဘာဝ။ အဲဒါကို မှန်မှန်ကန်ကန် ပေးဖို့ အရေးကြီးတယ်။ မှန်မှန်ကန်ကန် ပေးဖို့က ပေးကြပါတယ်။ ပေးတော့ လူငယ်တွေကို ကျနော်တို့က လူငယ်ဆိုပြီးတော့ ခေတ်ပေါ် တေးဂီတ ဘယ်နဲ့က ဘာညာပြောလို့ မရဘူး။ လူငယ်တွေထဲမှာလည်း classic တွေ မြန်မာ့ဆိုင်၊ မြန်မာသံ၊ မြန်မာသီချင်း ကြိုက်တဲ့လူငယ်တွေ အများကြီးရှိတယ်။ အဲဒီတော့ လူငယ်တွေရဲ့ ခံစားနိုင်မှု စွမ်းအားဟာ မသေးပါဘူး။ ပေးတဲ့လူတွေ မပေးနိုင်လို့ ဖြစ်ပါလိမ့်မယ်။ အဲဒီလို ကျနော် မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ကျေးဇူးတင်ပါတယ်။ ကျနော်တို့ ပထမပိုင်း ဒီမှာ နားလိုက်ပါမယ်။