အမေရိကန်ပြည်နယ်လွှတ်တော် နဲ့ မြန်မာပြည်နယ်လွှတ်တော်

Your browser doesn’t support HTML5

အမေရိကန်ပြည်နယ်လွှတ်တော် နဲ့ မြန်မာပြည်နယ်လွှတ်တော်


မြန်မာ့မျက်မှောက်ရေးရာ သုံးသပ်ချက်အစီအစဉ်မှာ အမေရိကန်ပြည်ထောင်စုမှာပင်လျင် ဖယ်ဒရယ်စနစ်ဟာ စင်းလုံးချောမဟုတ်သေးဘူး လို့ Vermont ပြည်နယ်လွှတ်တော်အမတ် Kesha Khan က ပြောကြားလိုက်ပါတယ်။ ပြီးခဲ့တဲလက မြန်မာနိုင်ငံကို သွားရောက်လေ့လာခဲ့တဲ့ အမေရိကန်ပြည်ထောင်စုက ပြည်နယ်လွှတ်တော်အမတ် Kesha Khan ကို ဦးကျော်ဇံသာ ဆက်သွယ်မေးမြန်း ဆွေးနွေးထားပါတယ်။

ဦးကျော်ဇံသာ ။ ။ Kesha ကိုယ်တိုင် အမေရိကန်ပြည်ထောင်စု ပြည်နယ်တခုက လွှတ်တော်အမတ်ဆိုတော့ အမေရိကန်ပြည်ထောင်စုက လွှတ်တော်အမတ်တွေနဲ့ မြန်မာပြည်က ပြည်နယ်လွှတ်တော်အမတ်တွေရဲ့ အခြေအနေကို နှိုင်းယှဉ်ပါ။

Kesha Khan ။ ။ ပထမဦးဆုံးအချက်က ကျမ သိပ်ကံကောင်းတယ်လို့ ထင်ပါတယ်။ မြန်မာပြည်က လွှတ်တော်အမတ်တွေကတော့ အခုလို ဒီမိုကရေစီ လွှတ်တော်အမတ်တွေအဖြစ် ပါဝင်ခွင့်ရဖို့အတွက် ခက်ခက်ခဲခဲ ကြိုးပမ်းခဲ့ရတယ်ဆိုတာကို ကျမ အထူးတန်းဖိုးထားပါတယ်။ အများအပြားဟာ ထောင်ထဲမှာ နှစ်ပေါင်းများစွာ၊ တချို့က တိုက်ပိတ်ခံနေခဲ့ရတာပါ။ အခုလဲ သူတို့က အကျပ်အတည်းနဲ့ အလုပ်လုပ်နေရတုန်းပါ။ သူတို့နဲ့စာရင် ကျမအလုပ်က ရှင်းရှင်းလေးပါ။ သူတို့အနေနဲ့ အရပ်ဖက်အဖွဲ့တခု ထူထောင်မယ်ဆိုရင်တောင် လွယ်လွယ်ရှင်းရှင်း မဟုတ်ပါဘူး။ ဒါပေမဲ့ သူတို့လုပ်နေတာဟာ သမိုင်းတွင်မယ့်လုပ်ရပ်ပါ။ ကျမ သိပ်ကိုချီးကျူးပါတယ်။ သိပ်အလုပ်လုပ်ပြီးတော့ ကြိုးစားတဲ့ လွှတ်တော်အမတ်တွေလည်း တွေ့ခဲ့ရပါတယ်။ သူတို့လုပ်နေတာဟာ ခြေလှမ်းသေးသေးတခုသာ ဖြစ်နေသေးပေမယ့် ဒီမိုကရေစီစနစ်မှာ လူထုပါဝင်ခွင့်ရစေဖို့ အပြောင်းအလဲကြီး ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ အခုမြန်မာနိုင်ငံမှာ ပြည်နယ်လွှတ်တော်။ ပြည်နယ်ရဲ့ လုပ်ပိုင်ခွင့်တွေ ၂၀၀၈ ဖွဲ့စည်းပုံအရ ပေးထားတဲ့ လုပ်ပိုင်ခွင့်တွေနဲ့ ပတ်သက်ပြီးတော့ ပြောပါအုံး။ ဘယ်လိုမြင်လဲ။ အမေရိကန်ပြည်ထောင်စုရဲ့ ပြည်နယ်တွေရဲ့ လုပ်ပိုင်ခွင့်နဲ့ မြန်မာနိုင်ငံက ပြည်နယ်တွေရဲ့ လုပ်ပိုင်ခွင့် ဘယ်လို ကွာခြားပါလဲ။

Kesha Khan ။ ။ ကျမတို့ဟာ ဖယ်ဒရယ်စနစ်အကြောင်းကို လူတော်တော်များများနဲ့ ဆွေးနွေးဖြစ်ခဲ့ပါတယ်။ ပြည်နယ် ဒါမှမဟုတ် ဒေသန္တရအစိုးရတွေနဲ့ ဗဟိုအစိုးရကြား အာဏာကို ခွဲဝေသင့်တယ်။ တချိန်ချိန်မှာ ခွဲဝေရမယ်ဆိုတာလည်း ဆွေးနွေးဖြစ်ပါတယ်။ ကျမကတော့ ပြည်နယ်အစိုးရတွေဘက်က ဆွေးနွေးပါတယ်။ ဖယ်ဒရယ်စနစ်က ရှုပ်ထွေးတယ်။ အမေရိကမှာတောင် စင်လုံးချော မဟုတ်သေးပါဘူး။ ဗဟိုအစိုးရ ကြီးကြပ်မှုမရှိဘဲနဲ့ ပြည်နယ်တွေကို ဘာတွေလုပ်ခွင့် ပေးသင့်တယ်ဆိုတာ ကျမတို့ တချိန်လုံး တိုက်နေရတာပါ။ မြန်မာနိုင်ငံမှာလည်း အခုအခါ အာဏာခွဲဝေကျင့်သုံးနိုင်ဖို့ ကြိုးပမ်းနေကြပါတယ်။ ဒီနေရာမှာ အရေးကြီးဆုံးအချက်က သက်ဆိုင်သူတွေဟာ နိုင်ငံသားစိတ်ဓါတ်နဲ့ ထိတွေ့ဆက်ဆံရမယ်ဆိုတာကို သဘောပေါက်လက်ခံကြဖို့ ဖြစ်ပါတယ်။ အမေရိကားမှာတောင် ဆိုကြပါစို့ ပြည်နယ်လွှတ်တော်အကြောင်း မသိနားမလည်သူတွေ အများကြီး ရှိနေပါတယ်။ သူတို့အတွက် တာဝန်ထမ်းဆောင်ပေးနေတဲ့ အစိုးရတာဝန်ရှိသူတွေကို မသိသူတွေ ရှိနေပါတယ်။ ဒါပေမဲ့ ဆုံးဖြတ်ချက်ချရာမှာ လူထုနဲ့ အနီးကပ်ဆုံး ဆုံးဖြတ်ချက်က အကောင်းဆုံး ဖြစ်ပါတယ်။ ဒါကြောင့် ဒေသန္တရအစိုးရတွေ တနည်းပြောရမယ်ဆိုရင် မြို့နယ်အဆင့်၊ ပြည်နယ်အဆင့် အစိုးရတွေဟာ သိပ်ပြီးတော့ အရေးကြီးပါတယ်။ လူထုအတွက် သူတို့ကိုယ်တိုင် တွေ့ဆုံပြောဆိုနိုင်တဲ့ ခေါင်းဆောင်ကို လိုအပ်ပါတယ်။ သူတို့အခြေအနေကို တကယ်သိပြီးတော့ ဖြေရှင်းပေးနိုင်မယ့်ခေါင်းဆောင်မျိုး လိုအပ်ပါတယ်။ ဒါဟာ ဖယ်ဒရယ်စနစ်ရဲ့ အရေးကြီးဆုံးအချက်ပါ။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ အခု မြန်မာနိုင်ငံမှာ ဖယ်ဒရယ်စနစ် အောင်မြင်ဖို့ တနည်းပြောရရင် ဒေသန္တရအစိုးရတွေကို အာဏာပိုမိုခွဲဝေပေးဖို့အတွက် ဘယ်လို အတားအဆီးတွေ ရှိနေတယ်ဆိုတာ တွေ့ခဲ့ရပါလဲ။

Kesha Khan ။ ။ ကျမ သတိထားမိတာကတော့ အတားအဆီးကတော့ ငြိမ်းချမ်းရေးဖြစ်စဉ် ရှေ့မတိုးနိုင်ခြင်းပါပဲ။ လူတိုင်းက ငြိမ်းချမ်းရေးကို ပြောနေကြပေမယ့် တိုင်းရင်းသားတွေဘက်က ဘေးဖယ်ခံထားရသလို ခံစားနေကြပါတယ်။ အခုအချိန်အထိ ရရှိထားတဲ့ ငြိမ်းချမ်းရေးက ခနော်ခနဲ့ ဖြစ်နေပါတယ်။ ကျမ သတိထားမိတဲ့ နောက်အချက်ကတော့ တရားမမျှတမှုတွေ အများအပြား ရှိနေတာပါ။ တရားမျှတမှု မရှိဘူးဆိုတာ သိရက်သားနဲ့ စစ်တပ်ကို ကြောက်လို့မပြောရဲတာတွေ အများကြီးပါ။ ဘာကိုမှ ကြောက်စရာမလိုဘဲ၊ တရားမျှတရေး နဲ့ ပြန်လည်သင့်မြတ်ရေး ဖော်ဆောင်ဖို့အတွက် ခိုင်မာတဲ့ တရားရုံးတွေနဲ့ တရားဥပဒေ စိုးမိုးမှုရှိဖို့ လိုအပ်ပါတယ်။ ဆိုတော့ တရားမျှတမှု ရှိတယ်လို့ လူထုမခံစားရသမျှ ငြိမ်းချမ်းရေးရဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ပဲ ကျမက ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ တရားဥပဒေ စိုးမိုးရေး နဲ့ တရားမျှတမှု အဲဒီနှစ်ခုအပြင် ငြိမ်းချမ်းရေး ဆွေးနွေးတဲ့နေရာမှာ စစ်တပ်သဘောမတူလို့ ရှေ့မတိုးနိုင်ဖြစ်တယ်ဆိုပြီး သုံးသပ်တာတွေ၊ ပြောဆိုတာတွေ အများကြီး ကြားရပါတယ်။ Kesha လည်း ကြားမယ်လို့ ထင်ပါတယ်။

Kesha Khan ။ ။ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်နေသူ အများအပြားနဲ့ တွေ့ခဲ့ရပါတယ်။ ကျမကိုယ်ကျမ ကျွမ်းကျင်သူတယောက်လို့ မဆိုလိုပါဘူး။ ဒါပေမဲ့ ကျမ သုံးသပ်တာကို ပြောရမယ်ဆိုရင် အစိုးရဘက်က ဆက်ဆံရေးကောင်း တည်ဆောက်ဖို့ လိုအပ်ပါတယ်။ ယုံကြည်ချက် မရှိဘဲနဲ့ ဒီငြိမ်းချမ်းရေး မရှိနိုင်ပါဘူး။ ဒီလို ယုံကြည်မှု တည်ဆောက်ဖို့အတွက် စိတ်ရှည်ရှည်နဲ့ သည်းခံစောင့်ဆိုင်းရအုံးလိမ့်မယ်လို့ ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ တခါ တိုင်းရင်းသားတွေရဲ့ အမျိုးသားရေးစိတ်ဓါတ် Ethnic Nationalism ဆိုကြပါစို့။ အဲဒီအပိုင်းကိုလည်း ပြောပါအုံး။ မြန်မာနိုင်ငံက တိုင်းရင်းသားတွေရဲ့ အမျိုးသားရေးစိတ်ဓါတ်ဟာ သိပ်များပြင်းထန်တက်ကြွနေကြသလား။

Kesha Khan ။ ။ ကျမဟာ မူလအားဖြင့် အိန္ဒိယအမျိုးသမီးပါ။ တိုင်းရင်းသားတွေအားလုံး အတူယှဉ်တွဲ နေထိုင်နိုင်ဖို့ လိုအပ်ပါတယ်။ တိုင်းရင်းသားတမျိုးတည်းက တိုင်းပြည်ကို ကြီးစိုးအုပ်ချုပ်တာမျိုး မဖြစ်သင့်ပါဘူး။ ကျမရဲ့ အဖိုးလေးဟာ ဒလိုင်းလာမားကို တီဘတ်ကနေ အိန္ဒိယကို ထွက်လာနိုင်အောင် ကူညီပေးခဲ့သူ ဖြစ်ပါတယ်။ တိုင်းရင်းသားအုပ်စုတွေကြား အာဏာခွဲဝေ ကျင့်သုံးနိုင်တဲ့ တိုင်းပြည်ဟာ အင်အားပိုပြီးတော့ တောင့်တင်းတယ်လို့ အခိုင်အမာယုံကြည်ထားတာပါ။ ကမ္ဘာပေါ်က အကြီးအကျယ်ဆုံး ဒီမိုကရေစီနိုင်ငံတွေမှာ ဒီလို ခွဲဝေတာတွေကို တွေ့ရပါတယ်။ နောက်ပြီးတော့ စားပွဲမှာ ထိုင်ပြီးတော့ ပြောဆိုကြတဲ့အခါမှာ အချင်းချင်းကွဲပြားခြားနားမှုထက် နီးစပ်တူညီမှုရှိတယ်ဆိုတာကို သိလာရပါတယ်။ ဒီလိုမှပဲ မြန်မာပြည်မှာ ငြိမ်းချမ်းရေးဖြစ်စဉ် ရှေ့တိုးနိုင်မယ်လို့ ကျမက ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်တချက်က မြန်မာပြည်မှာ Kesha တွေ့ခဲ့ရတဲ့ လွှတ်တော်အမတ်တွေရဲ့ အတွေ့အကြုံ အရည်အချင်းစတာတွေကို သုံးသပ်ပါအုံးး။ သူတို့ရဲ့ မဲဆန္ဒရှင်တွေကို သူတို့က ထိထိရောက်ရောက် ကိုယ်စားပြုနိုင်ကြတယ်လို့ ထင်ပါလား။

Kesha Khan ။ ။ ကျမ တွေ့ခဲ့ရတဲ့ လွှတ်တော်အမတ်တွေဟာ စိတ်အားထက်သန်မှု ရှိတယ်။ တကယ်ပညာတတ်တွေပါ။ ဒီမိုကရေစီ တည်ဆောက်ရေးကိစ္စကို ရနိုင်သလောက် လေ့လာတယ်။ ဝေမျှကြတယ်။ ကျမ မြင်မိတာကတော့ သူတို့ရဲ့ အတွေ့အကြုံက သူတို့ကို ဘယ်လိုဖြစ်လာစေမလဲဆိုတာပါ။ ကျမ အတွေ့အကြုံအရ ပြောရမယ်ဆိုရင် လွှတ်တော်အမတ်ကောင်း တယောက်ဖြစ်ဖို့အတွက် ဘယ်ပုံဘယ်နည်း ပြင်ဆင်ရမယ်ဆိုတာ မရှိပါဘူး။ လုပ်ရင်ကိုင်ရင်နဲ့ အတွေ့အကြုံ ရယူရတာမျိုး ဖြစ်ပါတယ်။ ဒီလိုနဲ့ အများရဲ့ ယုံကြည်မှုကို ရအောင်လုပ်ရမှာ ဖြစ်ပါတယ်။ အဲဒါက အခု မြန်မာလွှတ်တော်အမတ်တွေရဲ့ ပြဿနာပါ။ သူတို့ဟာ လွတ်လွတ်လပ်လပ် စကားမပြောရဲကြဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိပ်တိုက်တွေ့မယ့်ကိစ္စတွေကိုလည်း ဘာမှ မပြောရဲကြဘူး။ ဒီလိုနဲ့ ခိုင်မာတဲ့ လွှတ်တော်အမတ်တယောက် ဖြစ်လာနိုင်မယ့် အလုပ်တွေကို မလုပ်နိုင်ကြတာကို တွေ့ရပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒါက အရပ်သားအမတ်တွေကို ပြောတာပေါ့။ စစ်တပ်ရဲ့ ကိုယ်စားလှယ်တွေ၊ အမတ်တော့ မဟုတ်ဘူး။ စစ်တပ်က စစ်ဗိုလ်ချုပ်က ရွေးပြီးတော့ လွှတ်လိုက်တဲ့လူတွေကလည်း သိပါတယ်။ သူတို့ရဲ့ ဒီလို ပါဝင်နေမှုကို ဘယ်လို ပြောလိုပါလဲ။

Kesha Khan ။ ။ ကျမက စစ်တပ်ဟာ အရပ်သားခေါင်းဆောင် လက်အောက်မှာရှိနေတဲ့ ဒီမိုကရေစီနိုင်ငံက လာတာပါ။ မြန်မာနိုင်ငံရဲ့ ဖြစ်ထွန်းမှုလမ်းကြောင်းက ထူးခြားတယ်။ စစ်တပ်အုပ်စိုးမှုကြောင့်မို့လို့ အခြေခံအဆောက်အအုံ၊ တရားဥပဒေ စိုးမိုးရေးစတာတွေ ဘာမှ တိုးတက်မလာခဲ့ပါဘူး။ တချိန်တည်းမှာပဲ အခု အာဏာရပါတီအနေနဲ့လည်း သတိကြီးစွာနဲ့ ခြေလှမ်းလှမ်းနေရတာကိုလည်း သတိထားမိပါတယ်။ တနေ့နေ့မှာတော့ စစ်တပ်ဟာ လွှတ်တော်ကို အရပ်သားတွေလက်ထဲ လုံးဝအပ်နံှသွားမယ်လို့ ကျမ မျှော်လင့်ထားပါတယ်။ ကြန့်ကြာအုံးမှာ ဖြစ်ပေမယ့် သိပ်ကိုလိုအပ်တဲ့ကိစ္စပါ။

ဦးကျော်ဇံသာ ။ ။ နောက်တခု မေးချင်သေးတာက မြန်မာနိုင်ငံဟာ အမေရိကန်ဘက်ကို ယိမ်းတယ်လို့ အထင်မခံရလေစေဘဲ။ အထူးသဖြင့် တရုတ်တို့က အဲဒီလို မထင်စေဘဲ အမေရိကန်က မြန်မာနိုင်ငံ ဒီမိုကရေစီ ဖော်ဆောင်ရေးကို ဘယ်လို ကူညီနိုင်မယ်လို့ ထင်ပါလဲ။

Kesha Khan ။ ။ ကျမတို့က ဒေါ်အောင်ဆန်းးစုကြည်နဲ့ အာဏာရပါတီတို့ရဲ့ ဦးဆောင်မှုအတိုင်း အမေရိကန်တို့က ဘယ်လိုမျိုး ရင်းနှီးမြုပ်နံှမှုတွေ လုပ်စေချင်သလဲဆိုတာ လိုက်နာဖို့ အရေးကြီးတယ် ထင်ပါတယ်။ Sanctions တွေ ရုတ်သိမ်းလိုက်တဲ့ကိစ္စမှာ အငြင်းပွားမှုတခု ရှိတယ်လို့ ကျမ သိပါတယ်။ ဒါပေမဲ့ ဒီလို Sanctions ရုတ်သိမ်းလိုက်တာကြောင့် မြန်မာ-အမေရိကန် ဆက်ဆံရေးကို အလိုအလျောက် ပြောင်းလဲသွားစေမှာပါ။ ဖြည်းဖြည်းပဲ ပြောင်းလဲမှာ ဖြစ်ပါလိမ့်မယ်။ တချိန်တည်းမှာပဲ လူထုချင်း ထိတွေ့ဆက်ဆံရေး အသိပညာဖလှယ်ရေးတွေ လုပ်ရင်းနဲ့ ဒီမိုကရေစီ တည်ဆောက်ရေး၊ ကမ္ဘာ့နိုင်ငံတွေနဲ့ ဆက်ဆံရေးတွေ ချဲ့ထွင်သွားရမှာပါ။

ဦးကျော်ဇံသာ ။ ။ နောက်ဆုံးအနေနဲ့ မေးချင်တာက မြန်မာပြည်က ပြန်လာပြီးတော့ Kesha ရဲ့ မဲဆန္ဒနယ်မြေက လူထုကို အထူးသဖြင့် ရင်းနှီးမြုပ်နံှသူ ဖြစ်လာနိုင်တဲ့ လူတွေကို ဘယ်လို Message မျိုး သတင်းစကားမျိုး ပြောချင်ပါလဲ။

Kesha Khan ။ ။ ပထမဆုံးကတော့ ကျမတို့ဟာ ရှုပ်ထွေးပေမယ့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ စုဝေးခွင့် စသည်ဖြင့် ဒီမိုကရေစီဟာ အလိုက်သင့် ရရှိပြီးသား ဖြစ်နေတဲ့အတွက် ဒါကို ပြန်တွေးရမှာ ဖြစ်ပါတယ်။ မြန်မာပြည်သူတွေဟာ ဒီအခွင့်အရေး ရရှိဖို့အတွက် ဖိနှိပ်ချုပ်ချယ်မှုမျိုးစုံကို ကြန့်ကြန့်ခံပြီး ကြိုးစားနေကြတာကိုကြည့်ရင် သဘောပေါက်လာရပါတယ်။ ဒါဟာ ကျမ မဲဆန္ဒရှင်နယ်မြေက လူတွေကို ပြောချင်တဲ့ ပထမအချက်ပါ။ နောက်တချက်က မြန်မာပြည်ဟာ ခရီးသွား၊ လေ့လာဖို့ အင်မတန်မှ သင့်တော်တဲ့နေရာပါ။ အထူးသဖြင့် စိတ်အေးချမ်းသာ ရနိုင်မယ့် နေရာမျိုးပါ။ ဘယ်သူမဆို သွားသင့်ပါတယ်။ ပြီးတော့ စီးပွားရေးအဆက်အသွယ်လုပ်ဖို့ လမ်းရှာသင့်ပါတယ်။

ဦးကျော်ဇံသာ ။ ။ တချို့က ပြောကြတယ် မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နံှဖို့အတွက် Infrastructure အခြေခံအဆောက်အအုံတွေ မကောင်းဘူး၊ မသင့်တော်ဘူးလို့ ပြောကြတယ်။ အဲဒီကိစ္စကို ဘယ်လိုပြောချင်လဲ။

Kesha Khan ။ ။ အမေရိကန်က အဓိက လုပ်ဆောင်နိုင်တာကတော့ စွမ်းအင်ကဏ္ဍမှာ ကူညီရေး ဖြစ်ပါတယ်။ ရေအားစွမ်းအင်၊ နေစွမ်းအင် လုပ်ငန်းတွေဟာ ကျမတို့ရဲ့ ဒေသမှာ အများအပြား ရှိပါတယ်။ မြန်မာနိုင်ငံဟာ တည်ငြိမ်စိတ်ချရတဲ့ စွမ်းအင်အထူးသဖြင့် လိုအပ်ပါတယ်။ ဒီကဏ္ဍတွေမှာ ကူညီနိုင်ဖို့ ကျမတို့မှာ အခြေအနေ အများကြီး ရှိနေပါတယ်။