West Point စစ်တက္ကသိုလ် ခေါင်းအုံးရိုက်ပွဲ ဗိုလ်လောင်း ၃၀ ဒဏ်ရာရ

West Point စစ်တက္ကသိုလ် နွေရာသီသင်တန်းအပြီး ခေါင်းအုံးရိုက်ပွဲမြင်ကွင်း။

West Point စစ်တက္ကသိုလ် နွေရာသီသင်တန်းအပြီး ခေါင်းအုံးရိုက်ပွဲမြင်ကွင်း။

အမေရိကန်ပြည်ထောင်စုက နာမည်ကျော်စစ်တက္ကသိုလ်မှာ ပြီးခဲ့တဲ့လက အစဉ်အလာ ခေါင်းအုံးရိုက်ပွဲအတွင်း ဦးခေါင်းထိခိုက် ဒဏ်ရာရသူ ၂၄ ဦးအပါအဝင် ဗိုလ်လောင်း ၃၀ ဒဏ်ရာရသွားပါတယ်။

သြဂုတ်လ ၂၀ ရက်နေ့က အဲဒီဖြစ်ရပ်ကို New York Times သတင်းစာက အရင်ဆုံး ရေးသားဖော်ပြတာပါ။ West Point လို့ သိကြတဲ့ စစ်တက္ကသိုလ်မှာ လူသစ် ဗိုလ်လောင်းတွေအတွက် ပြင်းထန်လှတဲ့ နွေရာသီ သင်တန်းကာလ အဆုံးသတ်တဲ့ အထိမ်းအမှတ် နှစ်ပတ်လည် ခေါင်းအုံးရိုက်ပွဲလုပ်တာဖြစ်ပါတယ်။

တချို့ဗိုလ်လောင်းတွေက ဟဲလ်မက်ဦးထုပ်တွေလို့ ယူဆရတဲ့ မာကျောတဲ့ အရာဝတ္ထုတွေကို ခေါင်းအုံးထဲမှာ ထည့်ရိုက်ကြတဲ့အတွက် ပွဲဟာ ထိန်းမနိုင် သိမ်းမရဖြစ်သွားတာလို့ သတင်းစာကရေးပါတယ်။

စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး ဒုတိယဗိုလ်ချုပ်ကြီး Robert Caslen ရဲ့ စနေနေ့နှောင်းပိုင်း ထုတ်ပြန်ချက်ထဲမှာ အဲဒီဖြစ်ရပ် ဖြစ်ခဲ့တယ် ဆိုတာကို အသိအမှတ်ပြု ပြောထားပါတယ်။ ဗိုလ်လောင်း ၂၄ ယောက် ဦးခေါင်းမှာ ထိခိုက်ဒဏ်ရာရသွားပြီး တယောက်မှ မစိုးရိမ်ရဘူးလို့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ နှာခေါင်းကျိုးတာ၊ ပုခုံးလွဲသွားတာ၊ မေးရိုးအက်သွားတာ စတဲ့ တခြားဒဏ်ရာ ရသူတွေလည်းရှိပါတယ်။ ဒဏ်ရာတွေ ဘယ်လိုရကြတယ်ဆိုတာကိုတော့ ထုတ်ပြန်ချက်ထဲမှာ ရှင်းပြမထားပါဘူး။

ဒဏ်ရာရတာကြောင့် စစ်တက္ကသိုလ်ကနေ ထွက်သွားတဲ့သူ ဘယ်သူမှမရှိဘဲ ပါတဲ့လူအားလုံး တာဝန် ဆက်ထမ်းနေကြပြီလို့ ဒုတိယ ဗိုလ်ချုပ်ကြီး Caslen ကပြောသလို စစ်ရဲတပ်ဖွဲ့က အခင်းဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေတယ်လို့လည်း ပြောပါတယ်။