အနောက် ဗာဂျီးနီးယား ပြည်နယ် အရေးပေါ် အခြေအနေကျရောက်

အမေရိကန်ပြည်ထောင်စု၊ အနောက်ဗာဂျီးနီးယားပြည်နယ် အတွင်း 4-methylcyclohexane methanol ၄ သောင်း၊ ၈ ထောင် ဂါလံ ယိုဖိတ်ပြီး Elk မြစ်ထဲကို စီးဝင်နေ။ (ဇန်နဝါရီ ၁၁၊ ၂၀၁၄)

အမေရိကန်ပြည်ထောင်စု အနောက်ဗာဂျီးနီးယားပြည်နယ်မှာ ဓာတုယိုဖိတ်မှု ဖြစ်ခဲ့ပြီးတဲ့နောက် သမ္မတအိုဘားမားက အနောက်ဗာဂျီးနီးယား ပြည်နယ်ကို အရေးပေါ် အခြေအနေ ကြေညာလိုက်ပါတယ်။

အဲဒီလို ဓာတုဗေဒ ယိုဖိတ်မှုကြောင့် ကျောင်းတွေနဲ့အလုပ်တွေကို ပိတ်ထားရပြီး လူပေါင်း ၃ သိန်း လောက်လည်း သောက်ရေမရှိဘဲ ဖြစ်နေပါတယ်။ ပြည်နယ် အတွင်းမှာ နေထိုင်နေကြတဲ့သူတွေဟာ ဆိုင်တွေမှာရှိတဲ့ သောက်စရာတွေ အားလုံး ဘာမှမကျန်အောင် ဝယ်ယူတဲ့အထိ ဖြစ်နေပါတယ်။

အခြေအနေက မယုံနိုင်လောက်အောင်ဖြစ်နေပြီး ဆိုင်တွေမှာလူတွေ ပြည့်သိပ်နေပြီး အချိုရည်တွေ၊ ရေပုလင်းတွေ ဘာမှမကျန်တဲ့အထိအောင် ဖြစ်နေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။ ကျောက်မီးသွေးစက်ရုံံတွေမှာ အသုံးပြုတဲ့ အန္တရာယ်ရှိတဲ့ ဓာတုဗေဒပစ္စည်းတွေဟာ အနောက်ဗာဂျီးနီးယား ပြည်နယ်မြို့တော် Charleston မြို့က Elk မြစ်အတွင်းကို ကြာသာပတေးနေ့က ရေပေးဝေရေးစခန်းနားမှာ ယိုဖိတ်ခဲ့တာဖြစ်ပါတယ်။

ဒီအဖြစ်အပျက်ဖြစ်ပြီးချိန်ကစပြီး ပြည်နယ်အတွင်းမှာ နေနေတဲ့သူတွေအနေနဲ့ ဘုံပိုင်ကလာတဲ့ ရေတွေကို မသောက်ဖို့ ပြီးတော့ ရေချိုးတာတွေ၊ လျှော်ဖွပ် တာတွေ မလုပ်ကြဖို့ ပြည်နယ်တာဝန်ရှိသူတွေက အကြံပေးထားပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဗဟိုအစိုးရအာဏာပိုင်တွေက စုံစမ်းစစ်ဆေးမှုတွေကို လုပ်နေပြီဖြစ်တယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။