မြန်မာ့ရွေးကောက်ပွဲ ပြည်သူတွေကို အိမ်ဖြူတော် ချီးကျူး

President Donald Trump speaks with members of the armed forces via video conference at his private club, Mar-a-Lago, on Thanksgiving, Nov. 23, 2017, in Palm Beach, Florida.

မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၂၅ နှစ်အတွင်း လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲလို့ ယူဆနိုင်တဲ့ သမိုင်းဝင် အထွေထွေရွေးကောက်ပွဲကြီး တနင်္ဂနွေနေ့က ပြီးစီးသွားခဲ့ပါပြီ။ ဒီရွေးကောက်ပွဲကြီးအတွင်း မြန်မာပြည်သူတွေ အင်တိုက်အားတိုက် မဲပေးခဲ့ကြသလို အောင်မြင်စွာပြီးဆုံးသွားတဲ့အတွက်လည်း နိုင်ငံတကာက ချီးကျူးတုံ့ပြန်ခဲ့ကြပါတယ်။ ရွေးကောက်ပွဲကျင်းပအပြီး တနင်္ဂနွေနေ့မှာပဲ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနကတုံ့ပြန်ခဲ့သလို တနင်္လာနေ့ကတော့ အိမ်ဖြူတော် သတင်းစာ ရှင်းလင်းပွဲမှာလည်း မြန်မာပြည်သူတွေကို ချီးကျူးလိုက်ပါတယ်။ ဒီအကြောင်းကိုတော့ ဒေါ်လှလှသန်းက တင်ဆက်ပေးထားပါတယ်။

မြန်မာနိုင်ငံမှာ တနင်္ဂနွေနေ့က ကျင်းပပြီးစီးခဲ့တဲ့ သမိုင်းတင် ရွေးကောက်ပွဲမှာ မနက် (၆) နာရီကစ တန်းစီပြီး နိုင်ငံသားတာဝန်ကျေခဲ့ကြတဲ့ မဲဆန္ဒရှင်တွေ အပြင် ရွေးကောက်ပွဲအောင်မြင်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက် ခဲ့ကြသူတွေကို အမေရိကန်ပြည်ထောင်စုက တနင်္လာနေ့က ချီးကျူးလိုက်ပါတယ်။ Josh Earnest က အိမ်ဖြူတော် ပြောခွင့်ရ ပုဂ္ဂိုလ်ဖြစ်ပါတယ်။

“ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံသားတွေကို ချီးကျူးဂုဏ်ပြုပါတယ်။ ငြိမ်းချမ်းတဲ့ သမိုင်းဝင်ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့အတွက် လက်တွဲလုပ်ဆောင်ခဲ့ကြတဲ့ နိုင်ငံတွင်းရှိကြတဲ့ လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများနဲ့ ဌာနအားလုံးတို့ကိုလည်း ချီးကျူးပါတယ်။”

ရွေးကောက်ပွဲရလဒ်တွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တစ်နေ့ သုံးကြိမ်အလျဉ်းသင့်သလို ကြေညာပေးလျှက်ရှိရာမှာ လက်ရှိကြေညာချက်တွေအရတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အမတ်နေရာအများစု အနိုင်ရရှိနေတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း အခုလို ရွေးကောက်ပွဲရလဒ်တွေ ကြေညာနေစဉ်ကာလမှာ စိတ်ရှည်စွာစောင့်စားကြဖို့နဲ့ ရွေးကောက်ပွဲလေ့လာ စောင့်ကြည့်အကဲခတ်ရေး ပြည်တွင်းပြည်ပအဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်ကိုလည်း စောင့်စားကြဖို့ Josh Earnest က တိုက်တွန်းလိုက်ပါတယ်။ ဒါပေမယ့် ဒီ ၂၀၁၅ နိုဝင်ဘာလ (၈) ရက်မှာ ကျင်းပခဲ့တဲ့ ဒီရွေးကောက်ပွဲဟာ မြန်မာနိုင်ငံသားတွေအနေနဲ့ လွတ်လပ်စွာ ပထမဦးဆုံးအကြိမ် မဲပေးခွင့်ရခဲ့ကြတာဖြစ်တယ်လို့ အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ်က ထောက်ပြပါတယ်။

“ထင်ရှားတဲ့အချက်ကတော့ ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံမှာ လူသန်းပေါင်းများစွာဟာ အဓိပ္ပါယ် လေးနက်ပြီး ယှဉ်ပြိုင်ရတဲ့ ရွေးကောက်ပွဲမှာ မဲပေးခဲ့ကြတဲ့ အတွက်ပါပဲ။ ရွေးကောက်ပွဲအနေအထားနဲ့ စံနစ်မှာ ချို့ယွင်းချက်တွေရှိပေမယ့်လည်း တနင်္ဂနွေနေ့မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲဟာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ဖေါ်ဆောင်မှုမှာ အရေးကြီးတဲ့ ခြေလှမ်းအဖြစ် ကိုယ်စားပြုတယ်လို့ အမေရိကန်ပြည်ထောင်စုက ယုံကြည်ပါတယ်။”

ဒါ့အပြင် ရွေးကောက်ပွဲမတိုင်မီက သမ္မတဦးသိန်းစိန်နဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပြင် ဒေါ်အောင်ဆန်းစုကြည်တို့က ရွေးကောက်ပွဲရလဒ်တွေ မည်သို့ပင်ဖြစ်စေ လက်ခံမှာဖြစ်ပြီး အသိအမှတ်ပြုမယ်လို့ လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့မှုတွေအတွက်လည်း အမေရိကန်အစိုးရက ချီးကျူးလိုက်ပါတယ်။

“ထွက်ပေါ်လာတဲ့ ရွေးကောက်ပွဲရလဒ်ကို လက်ခံပြီး အသိအမှတ်ပြုမှာ ဖြစ်တယ်လို့ သမ္မတ ဦးသိန်းစိန်နဲ့ ကာကွယ်ရေး ဦးစီးချုပ်တို့က လူသိရှင်ကြား ထုတ်ဖေါ်ပြောကြားခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည်ကလည်း ရွေးကောက်ပွဲရလဒ်ကို အေးအေးဆေးဆေးတည်တည်ငြိမ်ငြိမ်နဲ့ လက်ခံကြပါလို့ တိုက်တွန်းခဲ့တာနဲ့ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုက စိတ်အားတက်ရပြီး အစိုးရဖွဲ့စည်းနိုင်ရေးအတွက် နိုင်ငံရေးပါတီခေါင်းဆောင်တွေအားလုံး အတူတကွ လက်တွဲဆောင်ရွက်ပြီး နိုင်ငံမှာ ငြိမ်းချမ်းတည်ငြိမ်ရေး၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက် အရေးပါတဲ့ ပုဂ္ဂိုလ်အားလုံး ကူညီ ဆောင်ရွက်ကြဖို့လည်း တိုက်တွန်းပါတယ်။”

လောလောဆယ် ကနဦးရလဒ်တွေအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အနေနဲ့ ရွေးကောက်ပွဲမှာ ၇၀ % ကျော် အနိုင်ရနိုင်ခြေများပေမယ့်လို့လည်း ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အစိုးရဖွဲ့နိုင်တောင်မှ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတဖြစ်လာနိုင်စရာ မရှိပေမယ့်လို့လည်း အပြောင်းအလဲကို ဖော်ဆောင်ရာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့အခန်းကဏ္ဍဟာ အရေးကြီးတယ်လို့ ပြောခွင့်ရပုဂ္ဂိုလ်က ထောက်ပြခဲ့ပါတယ်။

“တည့်တည့်ပဲ ပြောရမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မြန်မာနိုင်ငံတွင်းမှာ တကယ့်ကိုလိုအပ်နေတဲ့ ပြုပြင်ပြောင်းလဲရေးဖေါ်ဆောင်ဖို့နဲ့ နိုင်ငံရေးစနစ်အပြောင်းအလဲ လုပ်နိုင်ဖို့ လွှမ်းမိုးမှုရှိဖို့ဆိုတာကတော့ ရှင်းတယ်ဆိုတာ ကျနော် ပြောလိုပါတယ်။ ဒါပေမယ့်လို့ အဆုံးမှာတော့ သူ့အနေနဲ့ ဘယ်လိုတရားဝင်တာဝန်တွေ ယူရမလည်းဆိုတာကိုတော့ မြန်မာနိုင်ငံသားတွေနဲ့မြန်မာအစိုးရက အဆုံးအဖြတ်ပေးရမှာ ဖြစ်ပါတယ်။”

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်လို့ ပီပြင်တဲ့ဒီမိုကရေစီဖော်ဆောင်ရေးဖြစ်လာဖို့အတွက် ပြင်ဆင်ရမယ့် နောက်တစ်ချက်ကိုလည်း Josh Earnest က ထောက်ပြခဲ့ပြီး အမေရိကန်ပြည်ထောင်စုအနေနဲ့ကတော့ မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးအတွက် အတူရပ်တည်သွားမယ်လို့ ဆိုပါတယ်။

“ဖွဲ့စည်းပုံစည်းမျဉ်းတွေနဲ့ ပါတ်သတ်လို့ လက်ရှိမှာ ထောက်ပြလိုတဲ့ အချက်တချက်က လွှတ်တော်မှာ အမတ်နေရာ ၂၅ ရာခိုင်နှုန်းကို စစ်တပ်အတွက် အာမခံချက်ပေးထားတဲ့အချက်ပါပဲ။ ဒါကြောင့် ပြင်ဆင်စရာအချို့ ရှိတယ်လို့ ကျနော် ထောက်ပြလိုပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာ သိတ်ကို ထူးခြားလှတဲ့ အပြောင်းအလဲတွေ တွေ့နေပြီးဆိုတာကို ဘယ်သူကမှ မငြင်းနိုင်ပါဘူး။ အဲဒီလိုအပြောင်းအလဲဖြစ်ဖို့နဲ့ မြန်မာနိုင်ငံသားတွေ ကိုယ့်နိုင်ငံ အုပ်ချုပ်ရေးမှာ ပိုမိုပြောနိုင် ဆိုနိုင်ခွင့်ရှိဖို့ ကြိုးပမ်းမှုမှာ အမေရိကန်ပြည်ထောင်စုက အရေးပါတဲ့ အခန်းဂဏ္ဍက ပါဝင်ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံသားတွေအနေနဲ့ အမေရိကန်ပြည်ထောင်စုကို မိတ်ဆွေအဖြစ် ဆက်လက် အားကိုးနိုင်ပြီး မိမိတို့နှစ်သက်ရာ အစိုးရမျိုးပေါ်ထွန်းရေးအတွက် ကြိုးပမ်းမှာကို အမေရိကန်ပြည်ထောင်စုက အားပေးထောက်ခံသွားမှာဖြစ်ပါတယ်။”

သမ္မတအိုဘားမားအစိုးရတက်လာပြီးနောက်ပိုင်း နိုင်ငံတကာက ဝိုင်းကျဉ်ထားတဲ့ မြန်မာအစိုးရနဲ့ထိတွေ့ဆက်ဆံခဲ့ပြီး အပြောင်းအလဲကိုဖော်ဆောင်ဖို့ ထောက်ခံအားပေးခဲ့ရာမှာ မြန်မာနိုင်ငံဟာ အိုဘားမားအစိုးရ နိုင်ငံခြားရေးပေါ်လစီ အောင်မြင်မှုတရပ်အဖြစ် မကြာခဏထောက်ပြခြင်း ခံခဲ့ရတာလည်းဖြစ်ပါတယ်။ လက်ရှိရွေးကောက်ပွဲရဲ့အောင်မြင်မှုအတိုင်းအတာပေါ်မူတည်ပြီး မြန်မာနိုင်ငံအပေါ်ချမှတ်ထားတဲ့ ပြစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုတချို့ကို ရုပ်သိမ်းပေးဖို့ စဉ်းစားဖွယ်ရာရှိတယ်လို့ သမ္မတအမျိုးသားလုံခြုံရေး လက်ထောက်အကြံပေး ဘန်ရိုဒ်စ် က မကြာသေးမီကပြောကြားခဲ့ပါတယ်။

သမ္မတအိုဘားမား မြန်မာနိုင်ငံကို ၂၀၁၂ နဲ့ ၂၀၁၄ တို့က သွားရောက်ခဲ့တာကိုကြည့်ခြင်းအားဖြင့်လည်း နှစ်နိုင်ငံဆက်ဆံရေးပိုမိုခိုင်မာအောင် ထားရှိလိုတဲ့ဆန္ဒ အမေရိကန်ပြည်ထောင်စုမှာ ရှိတယ်ဆိုတာကိုလည်း ပြသရာရောက်တယ်လို့ Josh Earnest က ဖြေကြားခဲ့ပါတယ်။