တရားမဝင် ကုန်သွယ်ရေး ထိန်းချုပ်ဖို့လုပ်တာ ဘာကြောင့် မအောင်မြင်သလဲ

ဦးစည်သူအောင်မြင့်။ ။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၀ ရက်နေ့က သမ္မတ ရုံးဟာ မှောင်ခိုဖမ်းတဲ့ “တရားမဝင် ကုန်သွယ်မှု တားဆီး ထိန်းချုပ်ရေး ဗဟိုကော်မတီ” ကို ဖျက်သိမ်းကြောင်း ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီထုတ်ပြန်ကြေညာချက်နဲ့အညီ ဒီကော်မတီကို တာဝန်ယူထားတဲ့ စီးပွား-ကူးသန်း ဝန်ကြီးဌာနကလည်း သူတို့ ဖွဲ့စည်းထားတဲ့ Mobile Team လို့ခေါ်တဲ့ မှောင်ခိုဖမ်းတဲ့ အဖွဲ့တွေကိုလည်း ဖျက်သိမ်းဖို့ တစ်ပြိုင်နက်တည်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ သမ္မတရုံးရဲ့ အမိန့်ကြေညာချက်မှာရော ထပ်ဆင့် အမိန့်ထုတ်တဲ့ စီးပွား-ကူးသန်း ဝန်ကြီးဌာနရဲ့ အကြောင်းကြားစာမှာပါ ဒီ အဖွဲ့ကို ဘာကြောင့်ဖျက်သိမ်းရတယ် ဆိုတာ ဖော်ပြမထားပါဘူး။ ဒါပေမယ့် အဲဒီ Mobile Team တာဝန်ယူတဲ့ အဖွဲ့ဝင်တွေ အဂတိလိုက်စားမှုရှိနေတယ်၊ တိုင်ကြားမှုတွေ များနေတယ်၊ ဒါကြောင့် ဖျက်သိမ်းရတာဆိုပြီး သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ အစိုးရက အကောင်အထည်ဖော်တဲ့ တရားမဝင် ကုန်သွယ်မှု ထိန်းချုပ်ရေး လုပ်ငန်း ဘာကြောင့် မအောင်မြင်သလဲ ဆိုတာ ဒီတစ်ပါတ် ဆွေးနွေးတင်ပြသွားပါ့မယ်။

ခွာညို။ ။ ဒီအဖွဲ့ကို ၂၀၁၂ ဒီဇင်ဘာ ၁၂ ရက်နေ့က စီးပွား- ကူးသန်း ဝန်ကြီး ဦးဝင်းမြင့် ဦးဆောင်ပြီး ဖွဲ့စည်းခဲ့တာမို့ အခုဆိုရင် ၃ နှစ် တာ သက်တမ်းရှိနေပါပြီ။ နဂိုရ် စပြီး ဖွဲ့စည်းရတဲ့ ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံရဲ့ ကုန်သွယ်ရေးစာရင်းဇယားတွေဟာ အိမ်နီးချင်းတွေနဲ့ ကုန်သွယ်ဘက် နိုင်ငံတွေက စာရင်းဇယားတွေနဲ့ ကွာဟမှု အလွန်များနေတယ်၊ ဒါဟာ တရားမဝင် ကုန်သွယ်မှုကြောင့် ဖြစ်တယ်၊ ဒါကို တားဆီးဖို့အတွက် တရားမဝင် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး အဖွဲ့ ဖွဲ့ဖို့ လိုအပ်တယ် ဆိုပြီး ဖွဲ့ခဲ့တာ ဖြစ်ပါတယ်။ စ ဖွဲ့စဉ်ကစ ဒီကနေ့ အချိန်အထိ အဲဒီ ဗဟိုကော်မတီလက်အောက်မှာ မှောင်ခို ကုန်ပစ္စည်းတွေ ဖမ်းဖို့ Mobile Team တွေကို ဖွဲ့စည်းခဲ့ပါတယ်။ အထူးသဖြင့် နယ်စပ်ကုန်သွယ်မှု ပမာဏ များတဲ့ တရုတ်နယ်စပ် မူဆယ်- မန္တလေး ကားလမ်းပေါ်မှာနဲ့ ထိုင်းနယ်စပ် မြဝတီ- ရန်ကုန် ကားလမ်းပေါ်တွေမှာ ဖြစ်ပါတယ်။

စတင်ဖွဲ့စည်းစဉ်ကတော့ စီးပွား-ကူးသန်း ဝန်ကြီးဌာနက အရာရှိတွေ အခြား ဌာနဆိုင်ရာတွေနဲ့ သက်ဆိုင်ရာ ဒေသဆိုင်ရာ အာဏာပိုင်တွေအပြင် သတင်းမီဒီယာက လူတွေကိုပါ ထည့်သွင်းခဲ့တာ တွေ့ရပါတယ်။ တရားမဝင် ကုန်ပစ္စည်း စစ်ဆေး တားမြစ်တယ် ဆိုပေမယ့်လည်း တကယ့်တကယ် ဖမ်းဆီး စစ်ဆေးမိတာတွေဟာ တရုတ်နဲ့ ထိုင်းနိုင်ငံနယ်စပ်ကနေ အကောက်အခွန်မဲ့ တရားမဝင် တင်သွင်းလာတဲ့ အရက်၊ ဘီယာနဲ့ စီးကရက်တွေက အများစု ဖြစ်နေပါတယ်။ ဒါ့အပြင် ရွေ့ရှား (Mobile Team) စနစ်နဲ့ ကြပ်မတ်မယ် ဆိုပေမယ့် နောက်ပိုင်း အဖွဲ့ကိုအထိုင်ချပြီး စစ်ဆေးရေး ဂိတ်သဖွယ် လုပ်လာတဲ့အတွက် အရင်ခေတ်က လုပ်ခဲ့တဲ့ပုံစံအတိုင်း ပြန်ဖြစ်သွားပါတော့တယ်။

အဲလို မှောင်ခိုဖမ်းတဲ့ ကော်မတီဟာ နောက်ပိုင်းမှာ တရားမဝင် ကုန်ပစ္စည်းတွေဟာ နယ်စပ်လမ်းကြောင်းကနေပဲ ဝင်လာတာ မဟုတ်၊ ပင်လယ်ရေကြောင်းကနေလည်း ဝင်တယ်၊ လေဆိပ်တွေကနေလည်း ဝင်တယ်၊ ဒါကြောင့် ပင်လယ် ရေကြောင်းကနေ ဝင်လာတဲ့ ကွန်တိန်နာ တင် သင်္ဘောကြီးတွေကိုလည်း စစ်ရမယ်၊ လေဆိပ်အဝင်အအထွက်ကိုလည်း စစ်ရမယ်ဆိုပြီး အကောင်အထည်ဖော်ဖို့ ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမယ့် အဲလို စစ်ဆေးမယ့်ကိစ္စ သက်ဆိုင်ရာ ရေကြောင်းပို့ဆောင်ရေး၊ ရေတပ်၊ လေကြောင်းပို့ဆောင်ရေး၊ ဒေသအာဏာပိုင်၊ အကောက်အခွန် စတဲ့ လာဘ်ပေး လာဘ်ယူလုပ်တာ အံဝင်ဂွင်ကျ ဖြစ်နေတဲ့ ဌာနဆိုင်ရာတွေဘက်က သဘောမတူတာကြောင့် ကောင်းကောင်း အကောင်အထည်ဖော်လို့ မရခဲ့ပါဘူး။ ရန်ကုန်မှာပဲဝိုင်နဲ့အရက် သိုလှောင်တဲ့ဂိုဒေါင်တွေကို ဝင်စီးတာမျိုး လုပ်နိုင်ခဲ့ ပါတယ်။ ဒါကလည်း တိုင်သူရှိလို့ လုပ်ရတာပါဆိုပြီး နောက်ပိုင်း ပြောဆိုခဲ့ပါတယ်။

ကုန်သွယ်ရေးလမ်းကြောင်းတွေမှာ မှောင်ခိုဖမ်းတဲ့ Mobile Team အဖွဲ့တွေ ရှိနေတော့ မှောင်ခို ကုန်ကူးသူ တွေဟာ အဲဒီ အဖွဲ့တွေ ရှိရာ ဂိတ်ကို ရှောင်ကွင်းပြီး သွားကြတာ၊ လာဘ်ငွေပေးပြီး ဖြတ်သန်းတာ စတာတွေ ဖြစ်လာပါတယ်။ Mobile Team အဖွဲ့တွေအနေနဲ့ကလည်း လာသမျှ ကုန်ကားအားလုံးကို စစ်ဆေးရင် ကုန်စည် စီးဆင်းမှု ကြံ့ကြာစေနိုင်တာမို့ မသင်္ကာတာလောက်ပဲ ဖွင့်ဖေါက် စစ်ဆေးတာမျိုး လုပ်လို့ရတဲ့အခြေအနေကလည်း လာဘ်ပေး လာဘ်ယူ လုပ်ဖို့ အခြေအနေတစ်ခု ဖြစ်ပေါ်စေခဲ့တာမျိုးပါ။ တကယ်တော့ ဒီလို ဖြစ်စဉ်တွေဟာ အဆန်းတကြယ်တော့ မဟုတ်ပါဘူး။ အရင် စစ်အစိုးရ အုပ်ချုပ်ခဲ့တဲ့ အနှစ် ၂၀ ကျော် ကာလမှာလည်း ခုလိုပဲ ဖြစ်ခဲ့ဖူးပြီး မှောင်ခိုဖမ်းဆီးရေး လုပ်ငန်း တစ်ကြိမ်မှ အောင်မြင်မှုရခဲ့တာ မဟုတ်ပါဘူး။

အရင် စစ်အစိုးရခေတ်ကဆိုရင် ကုန်ပစ္စည်း အုပ်စု (၁၁) စုက အမျိုးအစားပေါင်း များစွာကို တင်သွင်းခွင့် ကန့်သတ်ခဲ့လို့ တရားမဝင် ကုန်ပစ္စည်း တင်သွင်းမှု အလွန် မြင့်တက်ခဲ့ပါတယ်။ ဒီအခါ စစ်အစိုးရဟာ နယ်စပ် ကုန်သွယ်မှု စစ်ဆေးတာကို အကောက်အခွန် ဌာန တစ်ခုတည်း မလုပ်စေတော့ပဲ ဌာနဆိုင်ရာ အသီးသီးပါတဲ့အဖွဲ့ ဖွဲ့စည်း ဆောင်ရွက် စေတာ၊ နယ်စပ် ကုန်သွယ်ရေး လမ်းတစ်လျှောက် စစ်ဆေးရေးဂိတ် အများအပြား ချထားစစ်ဆေးစေတာ လုပ်ကိုင်ခဲ့ပါ တယ်။ ဒါပေမယ့်လည်း အဂတိ လိုက်စားမှုတွေကြောင့် အောင်မြင်မှု မရခဲ့ပါဘူး။ နောက်ဆုံး ဗိုလ်ချုပ်ကြီးခင်ညွန့်က သူ့ ထောက်လှမ်းရေး တပ်ဖွဲ့တွေ ဦးဆောင်တဲ့ “နစက” အဖွဲ့တွေ ထပ်မံဖွဲ့စည်း တာဝန်ပေးအပ်ခဲ့ပြန်ပါတယ်။ အဲဒီ အဖွဲ့လည်း အဂတိလိုက်စားမှုနဲ့ ပြဿနာတွေပေါ်ပြီး နောက်ပိုင်း စစ်ထောက်လှမ်းရေး အဖွဲ့ကို ဖျက်သိမ်းခံရသည်အထိ ဖြစ်ပျက်ခဲ့တာ တွေ့နိုင်ပါတယ်။

တရားမဝင် ကုန်စည်တင်သွင်းခွင့်နဲ့ ပတ်သက်ရင် ခေတ်အဆက်ဆက် မှောင်ခိုဖမ်းအဖွဲ့ ဖွဲ့ပြီး ဖမ်းတာ၊ ဂိတ်တွေ ဖွင့်ပြီး ဆောင်ရွက်တာ တစ်ကြိမ်မှ အောင်မြင်မှု မရခဲ့ပါဘူး။ အခု အစိုးရအဖွဲ့သစ် လက်ထက်မှာတော့ နဂိုရ်က စစ်ဆေးရေးဂိတ်အားလုံးကို ဖျက်သိမ်းပြီးနောက် သိပ်မကြာခင် Mobile Team တွေပြန်ဖွဲ့ ရွေ့ရှားဂိတ်ဖွင့်ပြီး မှောင်ခို ပြန်ဖမ်းခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီ အဖွဲ့ကိုယ်တိုင်လည်း အဂတိလိုက်စားမှုတွေ ရှိလာ၊ တိုင်တောမှုတွေ များလာတဲ့အတွက် အခုနောက်ဆုံး အရင်အဖွဲ့တွေ၊ ဂိတ်တွေလိုပဲ ဖျက်သိမ်းရတဲ့ အခြေအနေထိ ပြန်ရောက်သွားရတာ ဖြစ်ပါတယ်။

ပြောရရင် မြန်မာနိုင်ငံမှာ အကောက်အခွန်မဲ့ တရားမဝင် မှောင်ခို တင်သွင်းမှု အကြီးအကျယ် လုပ်နေကြသူ တွေဟာ အစိုးရနဲ့ နီးစပ်တဲ့ ခရိုနီအသိုင်းအဝိုင်း၊ လက်နက်ကိုင် အဖွဲ့အစည်းတချို့၊ ကုမ္ပဏီထောင်၊ တရားဝင် ကုန်ပစ္စည်း နည်းနည်းပါးပါး အသွင်းပြပြီး အများစု ခိုးသွင်းနေတဲ့ ကုမ္ပဏီကြီးတွေက အဓိက လုပ်ကိုင်နေကြတာပါ။ သူတို့ကို ဖမ်းရ ဆီးရ ခက်ပါတယ်။ ဖမ်းဖို့ဆီးဖို့ ကြိုးစားသူတွေ ဒုက္ခတောင် ရောက်သွားနိုင်ပါတယ်။ တကယ့်တကယ် ဖြစ်သင့်တာက နယ်စပ်ကုန်သွယ်ရေးကိုရော ပင်လယ်ရေကြောင်း ကုန်သွယ်ရေးကိုပါ ကြပ်ကြပ်မတ်မတ် ထိန်းသိမ်းနိုင်ဖို့ ကြိုးစားတာ၊ အဂတိလိုက်စားမှုကို စနစ်တကျ တိုက်ဖျက်တာတွေ လုပ်မှသာ တရားမဝင် ကုန်သွယ်မှု လျော့နည်းသွားမှာ ဖြစ်ကြောင်းပါ။